Law Database | Mail | English Version

အမေး ၊ အဖြေများ

(င)-ဗန်းမောက်မြို့နယ်အတွင်းအုပ်စုဖွဲှ့သစ်ခိုးထုတ်မှု များအားမည်သို့တားဆီးအရေးယူဆောင်ရွက်မည်နှင့် စနစ်တကျစီမံကိန်းချ၍စုံစမ်းဖော်ထုတ်ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဗန်းမောက်မြို့နယ်အတွင်းအုပ်စုဖွဲှ့ သစ်ခိုးထုတ်နေမှုများအား မည်သို့တားဆီးအရေးယူ ဆောင်ရွက်ပေးမည်နှင့် စနစ်တကျစီမံကိန်းချ၍ သစ်ခိုးထုတ်နေမှုအား စုံစမ်းဖော်ထုတ်အရေးယူ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

မိမိတို့မြို့နယ်သည် ၁၃၁၉.၇၇၉ စတုရန်းမိုင်ကျယ်ဝန်းပြီး တောတောင်ထူထပ်သည့်မြို့နယ်ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်း ဗန်းမောက်၊ ပင်လည်ဘူးမြို့နယ်များတွင် ကျွန်း၊ တမလန်း၊ အင်ကြင်းများ များစွာပေါက်ရောက်ပြီှး ကျွန်းသစ်နှင့် တမလန်းများ ခိုးထုတ်ခြင်းခံနေရပါကြောင်း၊ ဗန်းမောက်မြို့နယ်တွင် သစ်တောကြိုးဝိုင်း ၂၁ ခု၊ ကြိုးပြင်ကာကွယ်တော ၂ ခု၊ အဆိုပြုကာကွယ်တော ငါးခုရှိပါကြောင်း၊ နမ့်ခပ်ဦးကြိုးဝိုင်းအတွင်း၌ ဇလုံတောင်တောအုပ်ဟု နာမည်ကြီးသည့် သဘာဝအမျိုးသားဥယျာဉ်အဖြစ် ထိန်းသိမ်းထားသည့် သစ်တောများသည်လည်း သစ်ထုတ်လုပ်ရေး လုပ်ငန်းများ မဆောင်ရွက်သေးသည့် သစ်တောကောင်းများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏အကြီးဆုံးပျိုးကြီးရှိရာ ဒေသလည်း ဖြစ်ပါကြောင်း၊ သစ်တောကြီးများထူထပ်ပြီး အဖိုးတန်ကျွန်းသစ်များ၊ တမလန်းများ ပေါများသည့်အတွက် သစ်ခိုးထုတ်မှုများစွာရှိခဲ့ပါကြောင်း၊

မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ သစ်တောဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ စသည့်အဖွဲ့များ ပူးပေါင်းပြီး ဖမ်းဆီးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ၁၁၉ မှု ဖမ်းဆီးရမိပြီး ပိုင်ရှင်နှင့်အတူ ဖမ်းဆီးရမိသည့် အမှု ၁၃ ခု၊ ပိုင်ရှင်မဲ့ ၁၀၆ မှု ဖြစ်ပါကြောင်း၊ အတွင်းစည်းထဲတွင် သစ်ကုန်သည်များနှင့် ပူးပေါင်းပါဝင် ပတ်သက်နေခြင်း၊ ဗန်းမော်၊ ကသာ၊ မိုးညှင်း၊ မိုးကောင်းစသည့် နယ်ပေါင်းစုံမှလာသည့် ဝိသမလောဘသားများနှင့် ပူးပေါင်းပြီး သစ်ရရှိရေး စရန်ပေးဆောင်ရွက်နေသည့် အုပ်စုများနှင့် ဆောင်ရွက်နေပါကြောင်း၊

ယခင်အစိုးရလက်ထက်တွင် ဖမ်းဆီးရမိသည့်သူများရှိပါကြောင်း၊ လက်ရှိတွင် နေ့စဉ်ဆောင်ရွက်နေပြီး သစ်ခိုးထုတ်မှုများရပ်တန့်မသွားပါကြောင်း၊ သစ်ခိုးထုတ်မှုများကို ကာကွယ်ရန် အစီအစဉ်များ လိုအပ်လာပြီ ဖြစ်ပါကြောင်း၊ သစ်ခိုးထုတ်မှုများတွင် အသုံးပြုနေသည့်ကားများသည် လိုင်စင်မဲ့ကားများဖြစ်ပြီး မြို့တွင်းသို့ ဝင်ရောက်လာသည့်ကားများအား မှတ်တမ်းတင်ပြုစုစောင့်‌ကြည့်ပြီး စစ်ဆေးခြင်း၊ သစ်ကုန်သည်များကို စုံစမ်း ဖော်ထုတ်ခြင်း၊ သစ်ဖမ်းဆီးရာတွင် ကွင်းဆက်လိုက်စုံစမ်းဖော်ထုတ်ခြင်း၊ ဘဏ်ငွေလွှဲဌာနများ ဖုန်းအဆက်အသွယ်မှ စုံစမ်းစစ်ဆေးပြီး ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း၊ သစ်တောဦးစီးဌာန တစ်ခုတည်း အနေဖြင့် ဆောင်ရွက်၍မရနိုင်ပါကြောင်း၊ ဗန်းမောက်မြို့နယ်အတွင်း အုပ်စုဖွဲ့ သစ်ခိုးထုတ်နေမှုအား မည်ကဲ့သို့ တားဆီးဆောင်ရွက်ပေးမည်နှင့် စနစ်တကျစီမံကိန်းချ၍ သစ်ခိုးထုတ်နေမှုအား စုံစမ်းဖော်ထုတ် အရေးယူ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်သည် ကြိုးဝိုင်း ၂၁ ခု၊ ကြိုးပြင် ကာကွယ်တော ၇ ခု ရှိပြီး ကသာခရိုင်တွင် သစ်တောဧရိယာအကျယ်ဆုံးဖြစ်ပါကြောင်း၊ မြို့နယ်ဧရိယာ၏ ၆၄ ရာခိုင်နှုန်း ရှိပါကြောင်း၊၊ ဗန်းမောက်မြို့နယ်တွင် လက်ရှိသစ်တောဝန်ထမ်း ၁၈ ဦး သာရှိ၍ ကြိုးဝိုင်းဧရိယာနှင့် တွက်မည်ဆိုပါက သစ်တောဝန်ထမ်းတစ်ဦးသည် ဧက ၃၀၀၀၀ ကျော်ကို စီမံအုပ်ချုပ် နေရပါကြောင်း၊ တရားမဝင်သစ်ခိုးထုတ်မှုများ၊ အခြားဥပဒေနှင့် မလွတ်ကင်းသည့်သစ်တောထွက်ပစ္စည်းများ ထုတ်လုပ်မှုမရှိစေရန် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ မြို့နယ်သစ်တောဦးစီးဌာန၊ တပ်မတော် စစ်ကြောင်းနှင့်ပူးပေါင်းပြီး သစ်ခိုးထုတ်မှုများအား အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်ဖမ်းဆီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကသာခရိုင်၊ ရွှေဘိုခရိုင်၊ မုံရွာခရိုင်နှင့် ကလေးခရိုင်များတွင် သစ်တော လုံခြုံရေးရဲတပ်ဖွဲ့အင်အား ၅၀ ဦး တာဝန်ချထားပြီး ခရိုင်သစ်တောဦးစီးဌာန၏အစီအစဉ်ဖြင့် လိုအပ်သည့်မြို့နယ်များတွင် သစ်တောဝန်ထမ်းများနှင့်ပူးပေါင်းပြီး တရားမဝင်သစ်များကို စဉ်ဆက်မပြတ် ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် သြဂုတ်လ ၇ ရက် အထိ ဗန်းမောက်မြို့နယ်အတွင်း ဖမ်းဆီးရမိသည့်စာရင်းအား မိမိတင်ပြထားပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် တန်ပေါင်း ၆၁၃ တန်နှင့် တရားခံ ၃၆ ဦး၊ ယာဉ် ၈ စီး၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် သြဂုတ်လ ၇ ရက်အထိ စုစု‌ပေါင်း တန် ၁၅၀ နှင့် တရားခံ ၇ ဦးနှင့် ယာဉ် ၇ စီးဖြစ်ပါကြောင်း၊

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် အဖိုးတန် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန် တိုင်းဒေသကြီး/ပြည်နယ်များတွင် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းအား သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး နည်းလမ်းမျိုးစုံနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားမဝင်သစ်ခုတ်လှဲထုတ်လုပ် သယ်ဆောင်ဝယ်ရေးကို ပိုမိုထိရောက်စွာကာကွယ် နိုင်ရန် သတင်းပို့ခြင်းစနစ် (Community Monitoring and Reporting System)နှင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် Hotline တယ်လီဖုန်းနံပါတ်များကို လူမှုကွန်ရက် စာမျက်နှာများ၊ သတင်းမီဒီယာများတွင် ဖော်ပြပြီး သတင်းရယူဆောင်ရွက်ခြင်း၊ တားဆီးကာကွယ်ခြင်း ဖမ်းဆီး ရရှိမှုသတင်းများကို နေ့စဉ်သတင်းစာများ၊ လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြဆောင်ရွက်လျက်ရှိသည့် နည်းတူ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် အတွင်း တရားမဝင်သစ်ခိုးမှု ထုတ်လုပ်နေသည့်သတင်းများကို သစ်တောဦးစီးဌာနအား ပေးပို့ခြင်းဖြင့် ပိုမိုထိရောက်စွာ ကာကွယ်တားဆီးနိုင်မည်ဖြစ်ပါကြောင်း၊

ထို့အပြင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့ (၁၃-၇-၂၀၁၇)ရက်နေ့ တွင် အဆိုတင်သွင်းခဲ့သော စေတုတ္တရာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင် ၏ နိုင်ငံတစ်ဝန်းတွင် ကြီးမားစွာဖြစ်ပွားလျက်ရှိသော သစ်မှောင်ခိုမှုများ၊ သစ်ခိုးထုတ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာဖြေရှင်းဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ၂၈-၇-၂၀၁၇ ရက်နေ့တွင် ဝန်ကြီးဌာနအနေဖြင့် အတည်ပြုခဲ့ပြီး အရှိန်အဟုန်မြှင့်  ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။

ဖြေကြားသည့် ဌာန 
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
မေးမြန်းသူ 
ဦးကျော်စိုး (ဗန်းမောက်)