Law Database | Mail | English Version

အမေး ၊ အဖြေများ

(ဃ)-ပင်လည်ဘူးမြို့နယ်၊ကြိုးဝိုင်းကြိုးပြင်ကွယ်တော အတွင်းကျရောက်နေသောလယ်ယာမြေများကိုစွန့် လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

ယခုမေးမည့်မေးခွန်းနှင့်ပတ်သက်၍    ၆-၅-၂၀၁၆ ရက်နေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဖြေကြားခဲ့သည့်အခါ  ပင်လည်ဘူးမြို့နယ်အတွင်းရှိ ဘိုးဘေးဘီဘင် လက်ထက်မှစ၍ စိုက်ပျိုးလုပ်ကိုင်ခဲ့သော လယ်ယာမြေများသည် သစ်တောကြိုးဝိုင်း ကာကွယ်တော အတွင်း ကျရောက်နေပါသဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အနေဖြင့် သစ်တောမြေအဖြစ်က ပယ်ဖျက်ပြီးမှသာ လယ်ယာမြေပုံစံ(၇)ကို သက်ဆိုင်ရာလယ်ယာ လုပ်ကိုင်သူများအား ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း ကို ဖြေကြားခဲ့ပါကြောင်း၊

မိမိတို့မြို့နယ်တွင် သစ်တော ကြိုးဝိုင်း ၁၂ ခု၊ ကြိုးပြင်ကာကွယ်တော ၁၁ ခု၊ အဆိုပြုကာကွယ်တော ၁၀ ခု စုစုပေါင်းဧရိယာဧက ၆၈၉၃၇၂ ဧကရှိပါကြောင်း၊ သစ်တောဖုံးလွှမ်းဧရိယာသည် မြို့နယ်၏ ၈၄.၉ ရာခိုင်နှုန်း ဖုံးလွှမ်းနေပြီး တောင်သူ ၂၄၀၉ ဦး မှ လယ်ယာမြေဧက ၇၁၂၅ ဧကကို ဘိုးဘွားစဉ်ဆက်လုပ်ကိုင်ခဲ့ကြပါကြောင်း၊ လယ်ယာမြေအချို့မှာ မြို့နယ်မြေစာရင်းဦးစီးဌာန၏ ၁၉၇၄-၇၅ ခုနှစ်မှစပြီး မူလအတိုင်း ကွင်းမြေပုံများရှိခဲ့ကြပြီး ၂၀၁၁ ခုနှစ်အထိ မြေခွန် စည်းကြပ်ခဲ့ပါကြောင်း၊ ၎င်းလယ်ယာမြေများကို သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် ၃-၆-၂၀၁၁ ရက်စွဲပါကြေညာစာအမှတ်(၁၂၄/၂၀၁၁)အရ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခဲ့ ခြင်းဖြစ်ပါကြောင်း၊ ယင်းသတ်မှတ်ချက်များကို ပယ်ဖျက်ပေးနိုင်ရန် မြို့နယ်လယ်ယာ မြေစီမံ ခန့်ခွဲမှုကော်မတီအဆင့်ဆင့်မှ သက်ဆိုင်ရာသစ်တောဦးစီးဌာနအဆင့်ဆင့်သို့ ဆက်သွယ် ဆောင်ရွက် ခဲ့သော်လည်း ယခုအချိန်အထိ ပယ်ဖျက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ အထက် ဖော်ပြပါကိစ္စများနှင့် စပ်လျဉ်းပြီး မိမိတို့မြို့နယ်အတွင်းသို့ ပြင်ပ CSO အဖွဲ့တစ်ခုမှ လာရောက်ပြီး တောင်သူများ အတွက် ပုံစံ(၇)ရရှိရေးဆောင်ရွက်ပေးမည်ဟု ပြောဆိုစည်းရုံးပြီး ငွေကြေးတစ်စုံ တစ်ရာကောက်ခံ နေသည် ကိုလည်းသိရှိရပါကြောင်း၊ ပင်လည်ဘူးမြို့နယ်အတွင်းရှိ ရှေးဘိုးဘွားစဉ် ဆက်လုပ်ကိုင်ခဲ့ကြပြီး ယခုအခါ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောအတွင်းကျရောက်နေသော လယ်ယာမြေများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ လယ်ယာမြေအဖြစ် စွန့်လွှတ် ပေးနိုင်ရန်အစီအစဉ်ရှိ/မရှိ ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်တွင် ကြိုးဝိုင်းပေါင်း ၁၂ ခု၊ ကြိုးပြင်ကာကွယ်တော ၁၃ ခုနှင့် ဧကပေါင်း သုံးသိန်းကျော်နှင့် ကြိုးပြင်ကာကွယ် တောရှစ်ခုကိုလည်း အဆိုပြုထား တာရှိပါကြောင်း၊ ၄င်းကြိုးဝိုင်းတောများသည် ၁၉၈၄ ခုနှစ်မှ ၁၉၁၅ ခုနှစ်အထိ ကိုလိုနီခေတ်အတွင်း ဖွဲ့စည်းခဲ့သည့် ကြိုးဝိုင်းကြီးများဖြစ်ပါကြောင်း၊ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောကို ဖွဲ့စည်းရာတွင် ဧရိယာအတွင်း ပိုင်ဆိုင်ခွင့်ရှိသူများနှင့် တောင်ယာစိုက်ပျိုးလုပ်ကိုင်လျက်ရှိသူများ၏ အခွင့်အရေး များကို မဆုံးရှုံးစေရန်စိစစ်ပြီး ဆောင်ရွက်လျက်ရှိပြီး ကြိုးဝိုင်း/ကြိုးပြင် မဖွဲ့ခင်ကတည်းက လယ်ယာ လုပ်ကိုင်သူများကို ဖွဲ့စည်းပြီးသည့်အခါတွင် လုပ်ကိုင်ခွင့်ရအောင် ဆက်လက်ပေးလျက်  ရှိပါကြောင်း၊ ပင်လည်ဘူးမြို့နယ်အတွင်း ဖွဲ့စည်းခဲ့သည့် ကြိုးဝိုင်းများသည် နှစ်ပေါင်းရာ နှင့်ချီပြီးကြာသည့် အတွက် ဘိုးဘွားဘီဘင်လက်ထက်က လုပ်ကိုင်လာကြသူများ မဟုတ်ဘဲ တစ်ဖြည်းဖြည်း ကျူးကျော်လုပ်ကိုင် လာကြသူများဖြစ်ကြောင်းကို တွေ့ရှိရပါကြောင်း၊ ပင်လည်ဘူး မြို့နယ်အတွင်း ၂၀၁၁ ခုနှစ်မှ ကြိုးပြင် ကာကွယ်တောများ ဖွင့်သည့်အခါ  တောင်သူပေါင်း ၉၁၁ ဦးကို ဧကပေါင်း ၃၉၀၉.၁ ဧက ပိုင်ဆိုင်ခွင့်ပေးထားခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအရ ကြိုးဝိုင်းများထဲမှ လယ်ယာမြေများကို အဆင့်(၄)ဆင့်နှင့် ပယ်ဖျက်ပေးပါ ကြောင်း၊  ပြည်ထဲရေး အမည်ပေါက် အိမ်ခြေ ၅၀ နှင့်အထက်၊ အိမ်ခြေ ၅၀ အောက်၊ ပြည်ထဲရေးအမည်မပေါက် အိမ်ခြေ ၅၀ နှင့်အထက်၊ အိမ်ခြေ ၅၀ အောက်ဖြစ်ပြီး  အိမ်ခြေ ၅၀ အောက် ပြန့်ကျဲအိမ်ထောင်စုများ၏ လယ်ယာမြေများကို ဆက်လက် စိစစ်ပြီး ဖွဲ့စည်းနေရာချထားပေး ပြီ့း သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးမည်ဖြစ်ပါကြောင်း၊

 ပြန့်ကျဲနေသည့် အိမ်ထောင်စုများအတွက် ချိန်ယူပြီးဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရ မှ ပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပင်လည်ဘူးဒေသ မြို့နယ် ကြိုးဝိုင်း/ကြိုးပြင်အတွင်း ကျူးကျော်နေသည့် လယ်ယာမြေများနှင့် သာသနာမြေ စာရင်းများကို တင်ပြထားပါကြောင်း၊ ၄င်းတွင် အိမ်ခြေ ၅၀ နှင့် ပြည်ထဲရေး အမည်ပေါက် အိမ်ခြေ ၅၀ နှင့်အထက် ငါးရွာ အတွက်ကို လယ်မြေပေါင်း ၅၂၁.၇၂၃ ဧက၊ သာသနာမြေအဖြစ်လည်း ၆၈၁.၂ ဧကကို ပယ်ဖျက်ပြီးပါကြောင်း၊  သို့သော်  ကြိုးဝိုင်းနှင့်နီးစပ်ရာတွင်နေပြီး သစ်တောကြိုးဝိုင်းအတွင်းသို့  ဝင်ရောက်သည့် လယ်မြေဧက ၃၁၉၉.၂၁ ဧကရှိပါကြောင်း၊  ထို့ကြောင့် ကြိုးဝိုင်းအတွင်း မူလရှိခဲ့ သည့် လူများ၏ လယ်များကို ပယ်ဖျက်ပြီး ယာများကို သီးနှံသစ်တောရောနှော စိုက်ပျိုး နည်းစနစ်နှင့် ဆက်လက်လုပ်ကိုင်စေခဲ့ပါကြောင်း၊ အဲဒီနည်းတူပဲ ပင်လည်ဘူးတွင် ဥယျာဉ်ခြံမြေ ၁၀ ဧကကို သစ်တောစည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေနှင့်အညီ စာချုပ်ပြီး ဆက်လက်ဆောင်ရွက်စေခဲ့ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် သစ်တောမြေမှ ပယ်ဖျက်ပေးမည့် လယ်များကို လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇) ထုတ်ပေးခြင်းနှင့် ပတ်သက်၍ တောင်သူပေါင်း ၂၄၁ ဦး၊ ဦးပိုင်(၂၀၉)၊ ဧရိယာ ၅၂၂ ဧကအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပုံစံ(၇)များ ထုတ်ပေးပြီးဖြစ်ပါ ကြောင်းနှင့် ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောတွင် ပုံစံ(၇)ရရန်အတွက် စည်းရုံးပြီး ငွေကြေး တောင်းခံခြင်း နှင့်‌ပတ်သက်ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနမှ မသိရှိ ပါကြောင်း နှင့် ပါဝင်ပတ်သက်မှု မရှိပါကြောင်း၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ကျင်းပသည့် ရာသီဥတု ပြောင်းလဲမှုအတွက် မြန်မာနိုင်ငံမှနေပြီး နိုင်ငံတော်ဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို ကြိုးဝိုင်း၊ ၁၀ ရာခိုင်နှုန်းကို သဘာဝနယ်မြေအဖြစ် ကတိ ပြုထားပါကြောင်း၊

 ထို့ကြောင့် ယခု ၂၄.၈၃ ကို ကြိုးဝိုင်းအနေဖြင့်လည်းကောင်း၊ သဘာဝနယ်မြေအဖြစ် ၅.၇၉ ဖြစ်ပါကြောင်း၊ ဆက်လက်လုပ်ကိုင်ရန်အတွက် ကျန်ပါသေးကြောင်း၊ ထို့ကြောင့် လယ်ယာများကို လောလောဆယ်အားဖြင့် ပယ်ဖျက်ပေးနိုင်ခြင်းမရှိသေးပါကြောင်းနှင့် သင့်လျော်သည့် အချိန်ရောက် သည့်အခါ ပယ်ဖျက်ပေးနိုင်ရေးကို အမြန်ဆုံး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။ 

ဖြေကြားသည့် ဌာန 
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း
မေးမြန်းသူ 
ဦးမင်းနောင်၊ (ပင်လည်ဘူး)