Law Database | Mail | English Version

အမေး ၊ အဖြေများ

(ဂ)-မြန်မာနိုင်ငံသစ်တောဝန်ထမ်းများ၏လုံခြုံရေးအ တွက်ယခင်ကကဲ့သို့ဥပဒေ၊စည်းမျဉ်း၊စည်းကမ်းများ သတ်မှတ်ကာလက်နက်များပြန်လည်တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

မြန်မာနိုင်ငံသစ်တောများကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ထိန်းသိမ်းနေရပါကြောင်း၊  ထိန်းသိမ်းနေရသည့်သစ်တောများမှာ ကြိုးဝိုင်းတော ၈၂၉ ခု၊ ဧက ၂၉ သန်း ကျော်၊ ကြိုးပြင်ကာကွယ်တော ၃၅၄ ခု၊ ဧက ၁၁ သန်းကျော် စုစုပေါင်း ၄၁ သန်းကျော် စတုရန်းမိုင် ၆၄၀၀၀ ကျော်၊ သဘာဝနယ်မြေ ၄၀ ခု၊ ဧက ၉၆၀၀၀၀၀ ကျော် စတုရန်းမိုင် ၁၅၀၀၀ ကျော်ကို ထိန်းသိမ်းစောင့်ရှောက်နေသည့် ဝန်ထမ်းများမှ ကွင်းဆင်းသစ်တောဝန်ထမ်း ၅၈၇၂ ဦးရှိသည့်အတွက် သစ်တောဝန်ထမ်းတစ်ဦးလျှင် ဧက ၈၀၀၀ ကျော် ၁၀ စတုရန်းမိုင်ကို ထိန်းသိမ်းစောင့်ရှောက်နေရပါကြောင်း၊     ထို့အပြင် သစ်တောဝန်ထမ်းများ အနေဖြင့်‌ မြန်မာနိုင်ငံ သစ်တောများ ပြုစုပျိုးထောင်နေရမည့် စိုက်ခင်းများကတော့ သစ်တောစိုက်ခင်း ၃၅၀၀၀၀ ကျော်၊ ပုဂ္ဂိကသစ်တောစိုက်ခင်း ၂၈၀၀၀၀ ကျော် ကိုလည်းပြည့်မီအောင်စိုက်ပျိုးနေကြရပါကြောင်း၊ သစ်တောများ၊ သဘာဝနယ်မြေများ ထိန်းသိမ်းကြရာ၌ ပြုစုပျိုးထောင်ခြင်း လုပ်ငန်းများ လုပ်ဆောင်ရာတွင် အဓိကအခက်အခဲများမှ သစ်ခိုးထုတ်မှု အန္တရာယ်နှင့် ကန့်သတ်တိရိစ္ဆာန်များ သတ်ဖြတ်ခံရမှုဖြစ်ပါကြောင်း၊ ၁.၄. ၂၀၁၆ ရက်နေ့မှ ယနေ့အချိန်ထိ သစ်တန် ၅၀၀၀၀ ကျော် ဖမ်းဆီးရရှိပါကြောင်း၊  တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ဖော်ထုတ်ဖမ်းဆီး ဆောင်ရွက် နေစဉ် ဝန်ထမ်းများအား ရန်ပြုတိုက်ခိုက်ခြိမ်းခြောက်ခံရသည့်ဖြစ်စဉ်များလည်း ရှိပါကြောင်း၊ ပဲခူးရိုးမတစ်ခုတည်းတွင် ၁၆ ကြိမ်တိုက်ခိုက်ခံရပြီး တစ်နိုင်ငံလုံးအနေဖြင့်ကတော့ အရာထမ်းတစ်ဦး၊ အမှုထမ်းရှစ်ဦး နိုင်ငံတော်အတွက်အသက်စွန့်လွှတ်ခဲ့ပြီးတော့ ၄၀ ဦးကပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ ပါကြောင်း၊

သစ်ခိုးထုတ်မှုအပြင် တောရိုင်းတိရိစ္ဆာန်များ ဆင်၊ ကျား၊ ကျားသစ်၊ ရွှေသမင်နှင့် ကန့်သတ် ရှားပါးတိရိစ္ဆာန်များ သတ်ဖြတ်ခံရမှုဟာလည်းရှိနေပါကြောင်း၊ ၂၀၁၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်ထိ ဆင် သတ်ဖြတ်သေဆုံးမှုအကောင်ရေက ၁၄၇ ကောင်ရှိပါကြောင်း၊ ယခင်က သစ်တောဝန်ထမ်းများ လုံခြုံရေးနှင့် သစ်တောထိန်းသိမ်း စောင့်ရှောက်ရေးအတွက် လက်နက်များတပ်ဆင်ပေးခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ပြန်လည်အပ်နှံခဲ့ရသဖြင့် သစ်တောဝန်ထမ်းများ လုံခြုံမှုအားနည်းခဲ့ကြရပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ အချိန်ကာလတွင် အမှန်တကယ်လိုအပ်နေသော မြန်မာနိုင်ငံသစ်တောများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ တာဝန်ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံ သစ်တောဝန်ထမ်းများ အတွက် ယခင်ကကဲ့သို့ စနစ်တကျလေ့ကျင့်၍ ဥပဒေလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ကာ သေနတ်၊ လက်နက်များ ပြန်လည်တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန် ကာလတွင် တပ်ဆင်ပေး၍ အစီအစဉ်မရှိပါက မည်ကဲ့သို့သစ်တောဝန်ထမ်းများလုံခြုံရေးကို ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားချက် 

မိမိတို့ဝန်ကြီးဌာန လက်အောက်မှာရှိသည့် သစ်တောဦးစီးဌာနသည် နိုင်ငံတော်၏ သစ်တောသယံ ဇာတများကို စဉ်ဆက်မပြတ်အသုံးပြုနိုင်ရန် သစ်တောစီမံ အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး တရားမဝင်သစ်ခိုးထုတ်မှု၊ သယ်ဆောင်မှုများကို ကာကွယ်ခြင်းပေးသည့် လုပ်ငန်းများကို ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြင့် တပ်မတော်အပါအဝင် ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ကာကွယ်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် တရားမဝင်သစ် ၅၀၀၂၆ တန်၊ တရားခံ ၂၁၈၈ ဦးနှင့် ယာဉ်/ယန္တရားပေါင်း ၉၇၃ စီးတို့ကို ဖမ်းဆီးခဲ့ပါကြောင်း၊  ဝန်ထမ်းနှင့် ကာကွယ်စောင့်ရှောက်ရတာ မျှမျှတတမရှိပါကြောင်း၊ ဝန်ထမ်း တစ်ဦးကို ဧက ၈၀၀၀ ကျော် စောင့်ရှောက်ရပါကြောင်း၊ ထို့ကြောင့်‌ တရားမဝင်သစ်မှောင်ခိုများ၏  အုပ်စုဖွဲ့ပြီး ရန်ပြုတိုက်ခိုက်ခံရမှုများ၊ တရားမဝင်သစ်ခိုးထုတ်လုပ်ငန်းတွင် ပတ်သက်နေသည့် အဖွဲ့အစည်းများ၏ ပစ်ခတ်ခြင်း၊ ပြန်ပေးဆွဲခြင်းများကိုလည်း ခံရပါကြောင်း၊  ထို့ကြောင့် ဝန်ထမ်း အင်အားကို တိုးချဲ့ဖွဲ့စည်းခွင့်ရရန်အတွက် အထက်ဌာနအဆင့်ဆင့်  တင်ပြထားပြီး ခွင့်ပြုချက်ရရှိရန် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများ၏ အနီးကပ်လုံခြုံရေး ဆောင်ရွက်နိုင်ရန် အတွက် ပြည်ထဲရေးဝန်ကြီးဌာနမှ သစ်တောလုံခြုံရေးရဲတပ်ရင်းနှစ်ရင်းဖွဲ့ပြီး ရဲတပ်ဖွဲ့ဝင်များကို အရေးတကြီးလိုအပ်လျက်ရှိသည့် ခရိုင် ၁၇ ခုတွင် ၂၄၀ ဦး ကို လုံခြုံရေးအရ ပူးပေါင်း ဆောင်ရွက် လျက်ရှိပါကြောင်း၊

သဘာဝနယ်မြေအတွင်းရှိ ဝန်ထမ်းများ လုံခြုံရေးအတွက် အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်နှင့် ချပ်သင်းဘေးမဲ့တောဝန်ထမ်းများကို စစ်သင်တန်းနှင့် လက်နက်ငယ်သင်တန်းများကို သက်ဆိုင်ရာတိုင်းဌာနချုပ် အစီအစဉ်နှင့်လေ့ကျင့်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ၊ ညွှန်ကြားရေးမှူးလက်အောက်ရှိ ပြည်သူ့စစ်(ဌာနေ)ဝန်ထမ်းများအဖြစ် ပြည်သူ့စစ် ကိုယ်ပိုင်နံပါတ်ပေးအပ်ပြီး ပြည်သူ့စစ်လက်နက်ငယ်များ တပ်ဆင်ပေးပြီး ထိန်းသိမ်း ကာကွယ် စောင့်ရှောက်လျက်ရှိပါကြောင်း၊

ယခင်ကိုင်ဆောင်ခဲ့သည့် လက်နက်ပေါင်း ၃၇၁ လက်ကို ၁၉၉၈ ခုနှစ်တွင်  နိုင်ငံတော်၏ ခွင့်ပြုချက် အရ ပြန်အပ်ခဲ့ရပါကြောင်း၊  Forest Arm သည် လွတ်လပ်ရေးရပြီးကတည်းကရှိပါကြောင်း၊ ၁၉၆၂ ခုနှစ်တွင် ပြန်လည်ပြီး ဖျက်သိမ်းခြင်းခံရပါကြောင်း၊ လက်ရှိအခြေအနေတွင် သစ်တောဝန်ထမ်းများ လက်နက်တပ်ဆင်ပေးရန်နှင့် ပတ်သက်ပြီး (က) ၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၇) ပုဒ်မ ၃၃၈ တွင် နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကာကွယ်မှုအောက်တွင်ရှိရမည်ဟု ပြဋ္ဌာန်းထားခြင်း၊ (ခ) လက်ရှိ ရိုင်ဖယ်နှင့် စလင်း လက်နက်များ တပ်ဆင်ထားသည့် ချပ်သင်းလက်နက်ဘေးမဲ့တောနှင့် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ရှိ သစ်တောဝန်ထမ်းများကို ပြည်သူ့စစ်(ဌာနေ)ဝန်ထမ်းအဖြစ် တပ်မတော်မှ သတ်မှတ်ကာ လက်နက်များထုတ်ပေးကိုင်ဆောင်ခွင့်ပြုပြီး လက်နက်ကိုင်ဆောင်ခြင်း နှင့် ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေခံတပ်ရင်း၏ ကွပ်ကဲမှုအောက်တွင်ဖြစ်ခြင်း၊ (ဂ) လက်နက်ကိုင် အဖွဲ့အစည်းတစ်ရပ်အဖြစ် ဆောင်ရွက်လိုပါက ဥပဒေ၊ နည်းဥပဒေအသစ်ပြင်ဆင်ရေးဆွဲရန် လိုအပ် မည် ဖြစ်သည့်အပြင် လက်နက်ကိုင်အဖွဲ့အစည်းများ၏ အခြေခံလိုအပ်မည့်ဖွဲ့စည်းပုံကိုလည်း ပြန်လည်ဖွဲ့စည်းရန် လိုအပ်မည်ဖြစ်ပါကြောင်း (ဃ) လက်နက်နှင့်ပတ်သက်ပြီး ကိုင်ဆောင်မှု၊ ထိန်းသိမ်းမှု၊ သိုလှောင်မှုစသည့် ကျွမ်းကျင်မှုများနှင့်ပတ်သက်ပြီး ဝန်ထမ်းများကို အချိန်ယူ လေ့ကျင့်သင်ကြားပေးရန် လိုအပ်သည့် အပြင် ဗဟိုကင်း/လက်နက်တိုက်အစ အခြေခံ အဆောက် အဦများကိုလည်း ကြိုတင်ဆောက်လုပ်ရန် လိုအပ်မည် ဖြစ်ပါကြောင်း (င) လက်နက်ကိုင် ဆောင်မယ့် ဝန်ထမ်းများရဲ့စွမ်းဆောင်ရည်မြှင့်တင်ရန်၊ လေ့ကျင့်သင်ကြားပေးရန်နှင့် အခြားအကျိုးဆက်များကို လည်း လေ့လာဆန်းစစ်ရန်လိုအပ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ဝန်ကြီးဌာနအနေဖြင့် သစ်တောဝန်ထမ်းများအား သေနတ်၊ လက်နက်ပြန်လည် တပ်ဆင် ပေးရန်ကိစ္စနှင့်ပတ်သက်၍ ချပ်သင်းဘေးမဲ့တောနှင့် အလောင်းတော်ကဿပအမျိုးသား ဥယာဉ်ရှိ သစ်တောဝန်ထမ်းများကို ပြည်သူ့စစ် (ဌာနေ)ဝန်ထမ်းအဖြစ် တပ်မတော်က သတ်မှတ်ပေး၍ လက်နက်များထုတ်ပေးကိုင်ဆောင်ခွင့်ပြုထားသကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပေါင်းစပ် ညှိနှိုင်းပြီး မိမိတို့ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် သစ်တောဝန်ထမ်းများ၏ လုံခြုံရေးနှင့် ပတ်သက်ပြီး  (က) နယ်မြေဧရိယာ ကျယ်ဝန်း၍ ပြည်သူ့စစ်အသွင်ဖြင့် စဉ်ဆက်မပြတ် လှုပ်ရှား စိုးမိုးရန် လိုအပ်သည့်နယ်မြေများတွင် သက်ဆိုင်ရာတိုင်းဌာနချုပ်များနှင့်ညှိနှိုင်းပြီး ပြည်သူ့စစ်(ဌာနေ) ဝန်ထမ်းများလိုအပ်ပါက ထပ်မံတိုးချဲ့ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း (ခ) ပုံမှန် သစ်တောထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စေရန် သစ်တောရဲတပ်ဖွဲ့များနှင့် ပိုမိုပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည့်နေရာများတွင် တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိပြီး လက်ရှိဖြန့်ဝေ ပေးထားသည့်အင်အားထက် ပိုမိုလိုအပ်ပါက ပြည်ထဲရေးဝန်ကြီးဌာနနှင့်ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း (ဂ) တပ်မတော်လုံခြုံရေး အကာအကွယ်ရယူရန်အတွက် လိုအပ်သည့်နယ်မြေ များတွင် သက်ဆိုင်ရာ တိုင်းဌာနချုပ်များ၊ နယ်မြေခံတပ်ရင်းများသို့ အကူအညီတောင်းခံပြီး ပေါင်းစပ်ညှိနှိုင်းသွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။

ဖြေကြားသည့် ဌာန 
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း
မေးမြန်းသူ 
ဦးအေးနိုင် (ဒဂုံမြို့သစ်-တောင်ပိုင်း)