Law Database | Mail | English Version

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ H.E. Mr. Zhang Dejiang နှင့် တွေ့ဆုံဆွေးနွေး

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ H.E. Mr. Zhang Dejiang ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် လွှတ်တော်ရေးရာကော်မတီအဖွဲ့ဝင်များ လိုက်ပါလျက် စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၅ နာရီခွဲချိန်တွင် ပေကျင်းမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့ခန်းမဆောင်ကြီးသို့ ရောက်ရှိရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ H.E. Mr. Zhang Dejiang က ကြိုဆိုနှုတ်ဆက်သည်။ ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီဥက္ကဋ္ဌ တို့သည် ပြည်သူ့ခန်းမဆောင်ကြီး ၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာတွင် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်နှင့် မြန်မာနိုင်ငံလွှတ်တော်တို့အကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ အကျိုးစီးပွားဖြစ်ထွန်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၊ အနာဂတ်ကာလတွင် တရုတ် - မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီဥက္ကဋ္ဌ တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ လဲလှယ်ကြသည်။

ထို့နောက် ပြည်သူ့ခန်းမဆောင်ကြီး၊ ထမင်းစားခန်းမဆောင်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ H.E. Mr. Zhang Dejiang က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲနှင့် ညစာစားပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ လွှတ်တော်ရေးရာကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသော မန်းညွန့်သိန်း၊ ဦးသန်းညွန့်၊ ဦးခွန်သန်းထူး၊ ဒေါ်ဝင့်ဝါထွန်း၊ ဦးတင်နု (ခ)ဦးတင်နုအောင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာ  ၇ ရက်