Law Database | Mail | English Version

မြန်မာနိုင်ငံ၏အာမခံလုပ်ငန်းဝန်ဆောင်မှုများ

အကျဉ်းချုပ်

မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးလုပ်ငန်းများကို ကျင့်သုံးဆောင်ရွက်ရာတွင် အာမခံ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသည့်ကဏ္ဍတစ်ခုဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွား ရေးကဏ္ဍတွင် အာမခံလုပ်ငန်းသည် အရေးပါသကဲ့သို့ နိုင်ငံ့ငွေကြေးစနစ်၏ သော့ချက်တစ်ခု လည်းဖြစ်ပါသည်။

မြန်မာ့အာမခံလုပ်ငန်းကို ၁၉၅၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပါသည်။ အာမခံအမျိုးအစား များစွာကို နိုင်ငံတော်ပိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်း ခဲ့သော မြန်မာ့အာမခံဥပဒေ ပုဒ်မ ၁၂ အရ ပုဂ္ဂလိကအာမခံလုပ်ငန်း (၁၂) ခုကိုလုပ်ကိုင်ခွင့်ပေး ခြင်းဖြင့် မြန်မာ့အာမခံလုပ်ငန်းသမိုင်းကို တစ်ခေတ်ဆန်းသစ်စေခဲ့ပါသည်။

၂၀၁၃ ခုနှစ်မှစ၍ (၄) နှစ်ကာလအတွင်း မြန်မာ့အာမခံလုပ်ငန်းနှင့် ပုဂ္ဂလိကအာမခံ လုပ်ငန်းတို့တွင် အာမခံထားရှိမှုများအပေါ် လျော်ကြေးငွေ (၁၈၉၁၈.၀၄)ကျပ်သန်းကို ပေးလျော် ခဲ့ပါသည်။

မိမိတို့နိုင်ငံတွင် သဘာဝဘေးအန္တရာယ်များနှင့်အတူ လူတို့၏အပြုအမူများကြောင့် ဖြစ် ပေါ်သောဆုံးရှုံးမှုများစွာအတွက် အာမခံထားခြင်းဖြင့် ကာကွယ်နိုင်ရန် မြန်မာ့အာမခံလုပ်ငန်း နှင့်ပုဂ္ဂလိကအာမခံလုပ်ငန်းများက အသိပညာပေးနေမှုများ၊ အာမခံပေးလျော်မှုအခြေအနေများ၊ ကမ္ဘာ့နိုင်ငံအချို့၏ အတုယူဖွယ်ရာအာမခံဝန်ဆောင်မှုဆောင်ရွက်ချက် အချက်အလက်အချို့ တို့ကို လေ့လာနိုင်ရန်အတွက် ဤစာတမ်းတိုအား ရေးသားတင်ပြရခြင်းဖြစ်ပါသည်။

နိဒါန်း

၁။ အာမခံလုပ်ငန်းသည် သဘာဝဘေးဒဏ်ကြောင့်ဖြစ်စေ၊ မတော်တဆတစ်စုံတစ်ရာကြောင့် ဖြစ်စေ၊ အစားထိုးမရနိုင်သည့်အရာများအတွက် ဆုံးရှုံးနစ်နာသူများကို နှစ်သိမ့်ပေးလျော်သည့် လုပ်ငန်းဖြစ်ပါသည်။ 

၂။ ယခင်က မြန်မာနိုင်ငံတွင် နိုင်ငံတော်ပိုင် မြန်မာ့အာမခံလုပ်ငန်းတစ်ခုသာရှိခဲ့ပြီး အာမခံ လုပ်ငန်း သဘောတရားများ၊ အကျိုးကျေးဇူးများကို တိကျစွာနားလည်သိရှိသူ နည်းပါးခဲ့ပါ သည်။

၃။ ယခုအခါ မြန်မာနိုင်ငံရှိ အာမခံလုပ်ငန်းများသည် ပြည်သူများအတွက် အသစ်အဆန်းဖြစ် ပြီး အာမခံလုပ်ငန်းများအပေါ် ယုံကြည်မှုနှင့် စိတ်ဝင်စားမှုမှာ အားနည်းလျက်ရှိပါသည်။

အာမခံလုပ်ငန်း၏သဘောတရား

၎။ အာမခံထားခြင်းဟုဆိုရာတွင် ပိုင်ဆိုင်မှုများကိုဆုံးရှုံးခြင်းမှ ကုစားမိစေရန်အတွက် စိတ်ချရသည့် အာမခံပဋိဉာဉ်များပြုလုပ်ခြင်းနှင့် အပေါင်အာမခံများပြုလုပ်ခြင်းတို့ဖြစ်ပါသည်။  တစ်စုံတစ်ရာသောအန္တရာယ် ကျရောက်ခြင်းကြောင့် ဆုံးရှုံးမှုဖြစ်ပေါ်လာပါက ဆုံးရှုံးသည့် တန်ဖိုးကို အာမခံကုမ္ပဏီမှ ပေးလျော်ရန် တာဝန်ရှိပါသည်။

၅။ တစ်နည်းအားဖြင့်လူတစ်ဦးချင်းဖြစ်စေ၊ လုပ်ငန်းတစ်ခုချင်းဖြစ်စေ၊ အဖွဲ့အစည်းများ ဖြစ်စေ၊ ၎င်းတို့ကြုံတွေ့နိုင်မည့် အန္တရာယ်အမျိုးမျိုးတို့ကို အာမခံကုမ္ပဏီသို့လွှဲပြောင်းပေးခြင်း ဖြစ်ပါသည်။

အာမခံလုပ်ငန်းနှင့် လူမှုစီးပွားဘဝပိုင်ဆိုင်မှုတို့၏ ဆက်စပ်မှုများ

၆။ ယခုအခါ မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များကို မကြာခဏကြုံတွေ့ရခြင်း ကြောင့် ပြည်သူတို့သည် ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေးနှင့် ပိုင်ဆိုင်မှုများလုံခြုံရေးတို့ကို              အကာအကွယ်ပေးနိုင်ရန်အတွက်  အာမခံထားရှိရန် မရှိမဖြစ်လိုအပ်လျက်ရှိပါသည်။ 

၇။ မိမိတို့နိုင်ငံသည် ပြုပြင်ပြောင်းလဲမှုများနှင့်အတူ စီးပွားရေးလုပ်ငန်းများတွင် ပြည်တွင်း၊ ပြည်ပမှရင်းနှီးမြှုပ်နှံမှုများ များပြားလာခြင်းကြောင့် အဆိုပါရင်းနှီးမြှုပ်နှံမှုများအတွက် အာမခံ အကာအကွယ်ထားရှိရန် လိုအပ်ပါသည်။

၈။ အာမခံထားခြင်း၏ ကောင်းကျိုးများမှာ အာမခံဝယ်ယူ၍ ကြိုတင်ကာကွယ်ထားခြင်းဖြင့် စီးပွားရေးလုပ်ငန်းများကို ကောင်းမွန်စွာလုပ်ကိုင်နိုင်ခြင်း၊ စွန့်စားတိုးချဲ့တီထွင် ဆောင်ရွက်လာ နိုင်ခြင်းတို့ ဖြစ်ပါသည်။

အာမခံထားရာတွင် ဆောင်ရွက်ရမည့်အချက်များ

၉။ အာမခံထားမည့်ပုဂ္ဂိုလ်သည် အာမခံကုမ္ပဏီသို့ အာမခံအမျိုးအစားအလိုက် သတ်မှတ် ထားသည့် ပရီမီယံကြေးငွေကိုပေးသွင်းရပါသည်။ ကုမ္ပဏီကအာမခံထားသူများပေးသွင်းလာ သည့် ပရီမီယံငွေကို ရန်ပုံငွေတစ်ရပ်(Fund)အဖြစ် ထူထောင်ထားပြီး ဆုံးရှုံးမှုကြုံတွေ့ရသည့် ပုဂ္ဂိုလ်ကို အဆိုပါရန်ပုံငွေထဲမှ ပေးလျော်ခြင်းဖြစ်ပါသည်။

၁၀။ အာမခံထားခြင်းအားဖြင့် “ဆုံးရှုံးမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာလျှင် အာမခံကုမ္ပဏီမှ လျော်ကြေးပေးရမည့်ကတိ” တစ်ခုကိုထားရှိရပါသည်။ ထိုကတိကဝတ်ပြုထားသည့်စာချုပ်ကို “Policy”ဟုခေါ်ပါသည်။ ၎င်းပေါ်လစီ (ခေါ်)စာချုပ်တွင်နှစ်ဦးနှစ်ဖက်လိုက်နာရမည့်စည်းမျဉ်း စည်းကမ်းများပါရှိပါသည်။

အခြေခံအာမခံလုပ်ငန်းအမျိုးအစားများ

၁၁။ အာမခံလုပ်ငန်းတွင် အခြေခံအမျိုးအစား (၃) မျိုးခွဲခြားထားပါသည်။ ၎င်းတို့မှာ-

(က) အသက်အာမခံ (Life Insurance) ။         အသက်အာမခံထားခြင်းသည် အသက်၊ ကျန်းမာရေးတို့နှင့် သက်ဆိုင်သည့် အာမခံမှုများဖြစ်ပြီး နှစ်ရှည်၊ နှစ်တို ဆောင်ရွက်ခြင်း ဖြစ်ပါ သည်။ နှစ်ရှည်အာမခံအမျိုးအစားများသည် သတ်မှတ်ထား သောနှစ်ကုန်ဆုံးသည့် အချိန်အထိ ဆက်စပ်၍ ပေးသွင်းရပါသည်။

 သတ်မှတ်ထားသောနှစ်မစေ့မီ ထိုသူသေဆုံးခဲ့လျှင် သတ်မှတ်သောငွေကို ကုမ္ပဏီက ပေးလျော်ရသည်။ အကယ်၍ သတ်မှတ်ထားသည့်နှစ်အပိုင်း အခြား ကုန်ဆုံးသွား၍ ငွေကိုအပြည့်ပေးသွင်းပြီးလျှင် ထိုငွေကိုအာမခံထား သူ ကိုယ်တိုင်ပြန်လည် ထုတ်ယူနိုင်ခွင့် ရှိပါသည်။

    လူတစ်ယောက်သည် ကျပ်သိန်း (၂ဝ) ကိုသတ်မှတ်၍ နှစ် (၂ဝ) အာမခံ ထားပါက နှစ်စဉ် (၁) သိန်းကျပ် ပေးသွင်းရပါသည်။ သတ်မှတ်သော   နှစ်မစေ့မီထိုသူသေဆုံးပါက ကျန်ရစ်သောသူများအားကုမ္ပဏီက ကျပ်သိန်း (၂ဝ) အပြည့် ပေးလျော်ရသည်။ အကယ်၍ထိုသူမသေဆုံးပဲ အနှစ် (၂ဝ) ပြည့်အောင် နှစ်စဉ်ကြေးပေးသွင်းပြီးဖြစ်လျှင် ကျပ်သိန်း(၂ဝ)ကို ထိုသူ အားပြန်၍ ထုတ်ပေးရပါသည်။

(ခ) အထွေထွေအာမခံ (General Insurance) ။      အထွေထွေအာမခံလုပ်ငန်း အမျိုး အစားသည် နှစ်တို (သို့မဟုတ်) နှစ်ချင်း(Short Term) အာမခံ အမျိုးအစားများဖြစ်ပြီး မီးအာမခံ၊ ရေအာမခံ၊ အိမ်အာမခံ၊ ကားအာမခံ၊ ခရီးသွားအာမခံ၊ ရေကြောင်းကုန်ပစ္စည်း အာမခံ၊ အင်ဂျင်နီယာအာမခံ စသည့်အမျိုးမျိုးသော အာမခံအမျိုးအစားတို့ ဖြစ်ပါ သည်။

 နှစ်တို (သို့မဟုတ်) နှစ်ချင်းအာမခံအမျိုးအစားများသည် တစ်နှစ်တစ်ကြိမ် သက်တမ်း (Renew) ဆက်လက်ထားရှိရပါသည်။ နှစ်ချင်းအာမခံ အမျိုးအစားများသည် ဆုံးရှုံးမှုဖြစ်လျှင် လျော်ကြေးပေးရပါသည်။ ဆုံးရှုံးမှုမဖြစ် လျှင် မိမိပေးသွင်းထားရသည့် ပရီမီယံကြေးကို ပြန်လည် မရရှိနိုင်ပါ။

 မီးအာမခံနှင့် ရေကြောင်းအာမခံတို့သည် အသက်အာမခံစနစ်များကဲ့သို့ နှစ်စဉ်ကြေးပေးသွင်းပြီး တစ်စုံတစ်ရာဆုံးရှုံးနစ်နာမှုရှိလျှင်အာမခံ ကုမ္ပဏီ က ပေးလျော်ရပါသည်။

(ဂ) တစ်ဆင့်ခံအာမခံ (Resurance) ။    တစ်ဆင့်ခံအာမခံခြင်းဆိုသည်မှာ အာမခံသူ က မိမိတာဝန်ယူထားသော အာမခံအားလုံးကိုသော်လည်းကောင်း၊ တစ်စိတ် တစ်ဒေသ ကို သော်လည်းကောင်း၊ အခြားအာမခံသူထံတွင် ထပ်ဆင့်အာမခံထားခြင်း ဖြစ်ပါသည်။

အစိုးရမှအာမခံနှင့် စပ်လျဉ်း၍ ဥပဒေပြဋ္ဌာန်းခြင်း

၁၂။ မြန်မာနိုင်ငံတွင် အာမခံနှင့်စပ်လျဉ်း၍ ၁၉၇၅ ခုနှစ်တွင် “အာမခံလုပ်ငန်းဥပဒေ”ကို ပြဋ္ဌာန်းကျင့်သုံးခဲ့ပါသည်။ သို့သော် ၁၉၉၃ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့မှ “မြန်မာ့အာမခံဥပဒေ”ကို ထုတ်ပြန်ပြဋ္ဌာန်းပြီး ယခင်ကထုတ်ပြန်ခဲ့သည့် “အာမခံ လုပ်ငန်းဥပဒေ”ကို ရုပ်သိမ်းခဲ့ပါသည်။ ယခု တည်ဆဲဥပဒေဖြစ်သည့် မြန်မာ့အာမခံဥပဒေတွင် အခန်းပေါင်း (၉) ခန်းနှင့် ပုဒ်မပေါင်း ၄၂ ခု ပါဝင်ပါသည်။ မြန်မာ့အာမခံဥပဒေ၏ ရည်ရွယ်ချက် မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) ဖြစ်ပျက်တတ်သော ဘေးအန္တရာယ်များကြောင့် ပြည်သူများကြုံတွေ့နိုင်သည့်  လူမှု စီးပွားဘဝနစ်နာဆုံးရှုံးမှုများကို အာမခံထားခြင်းဖြင့်ငွေကြေးပြေလည်မှု ရရှိစေရန်၊

(ခ) ပြည်သူများ အသက်အာမခံထားခြင်းဖြင့် ငွေစုဆောင်းသည့် အလေ့အထတိုးပွား စေပြီး နိုင်ငံတော်၏ အရင်းအနှီးစုဆောင်းမှုကို အထောက်အကူပြုစေရန်၊

(ဂ) လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ လိုအပ်လာမည့်အာမခံ အကာအကွယ်အမျိုးမျိုးကို ထိရောက်စွာဆောင်ရွက်ပေးနိုင်ခြင်းဖြင့် အာမခံစနစ် အပေါ် ပြည်သူများ ယုံကြည်ကိုးစားမှု ရှိလာစေရန်တို့ဖြစ်ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၏ ဆောင်ရွက်ချက်များ

၁၃။ မြန်မာ့အာမခံလုပ်ငန်းသည် နိုင်ငံပိုင်အာမခံအဖွဲ့အစည်းတစ်ခုအဖြစ် စတင်ဆောင်ရွက်ခဲ့ ပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၁၅-၁၁-၂၀၁၃ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် ၂၁၁၇/၂၀၁၃ အရ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခဲ့ပါသည်။

၁၄။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံ၏ အာမခံဈေးကွက် ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်မှုရှိစေရန်၊ အာမခံဝယ်ယူသူပြည်သူများနှင့်  အာမခံကုမ္ပဏီများ၏ အခက်အခဲ ပြဿနာများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖြေရှင်းပေးခြင်း၊ အာမခံအမျိုးအစား စုံလင်စွာ ရရှိနိုင်စေခြင်း၊ မြန်မာနိုင်ငံအာမခံကဏ္ဍအတွင်း လွယ်ကူစွာဝင်ရောက်နိုင်မှု/ထွက်ခွာနိုင်မှု အခြေ အနေဖန်တီးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

၁၅။ မြန်မာ့အာမခံလုပ်ငန်းတွင် ပမာဏများပြားသော အရံ ရန်ပုံငွေများ (အသက်အာမခံရန်ပုံ ငွေ ကျပ်သန်း (၁၂၁၈၃.ဝ၂၅)၊ အထွေထွေအာမခံရန်ပုံငွေ ကျပ်သန်း (၈၂၈၅၈.၉၆၅)၊ အထွေထွေ သီးသန့် ရန်ပုံငွေကျပ်သန်း (၆၃၅၅.၇၈၅)နှင့် တစ်ဆင့်အာမခံများလည်းရှိပါသည်။

၁၆။ မီးနှင့်ရေကြောင်းအာမခံ ဆုံးရှုံးမှုစာချုပ်များ၊ စွမ်းအင်အာမခံစာချုပ်များ၊ မော်တော်ကား စိတ်ကြိုက်တာဝန်ယူမှုစာချုပ်များလည်း အခိုင်အမာချုပ်ဆိုဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ တစ်ဆင့်အာမခံစာချုပ်များကို ကမ္ဘာ့ထိပ်တန်း တစ်ဆင့်အာမခံကုမ္ပဏီကြီးများနှင့် ချုပ်ဆို ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။

၁၇။ ယခုအခါမြန်မာ့အာမခံလုပ်ငန်းမှ အောက်ဖော်ပြပါအာမခံအမျိုးအစား (၂၉) ခုဖြင့် အာမခံ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်-

(က)    ပြည်သူ့ဝန်ထမ်းအသက်အာမခံ

(ခ)     တပ်မတော်ဝန်ထမ်းအသက်အာမခံ

(ဂ)     ပြည်သူပြည်သားအသက်အာမခံ

(ဃ)    စုပေါင်းအသက်အာမခံ

(င)     သင်္ဘောသားအသက်အာမခံ

(စ)     မြန်မာနိုင်ငံသား (တရားဝင်) ပြည်ပလုပ်သားအသက်အာမခံ

(ဆ)    အားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံ

(ဇ)     မြွေအန္တရာယ်အသက်အာမခံ

(ဈ)     ကျန်းမာရေးအာမခံ

(ည)    မီးနှင့်အပိုအန္တရာယ်အကာအကွယ်များ

(ဋ)     ဖောက်ထွင်းခိုးယူမှုအာမခံ

(ဌ)     သမာဓိအာမခံ

(ဍ)     ငွေသားလုံခြုံမှုအာမခံ

(ဎ)     ငွေပို့ငွေသယ်အာမခံ

(ဏ)    ကိုယ်အင်္ဂါထိခိုက်မှုနှင့် ရောဂါဘယအာမခံ

(တ)    အလုပ်သမားလျော်ကြေးအာမခံ

(ထ)    ပေးလျော်ရန်တာဝန်ရှိမှုအာမခံများ

(၁)     မြေသယံဇာတတူးဖော်ရေးလုပ်ငန်းရှင်တာဝန်ရှိမှုအာမခံ

(၂)     Third Party Liability Insurance/Public Liability Insurance/

Comprehensive General Liability Insurance

(ဒ)     ကန်ထရိုက်တာလုပ်ငန်းနှင့် စက်ပစ္စည်းများအာမခံ

(၁)     ကန်ထရိုက်တာအလုံးစုံအန္တရာယ်အာမခံ

(၂)     တည်ဆောက်မှုအလုံးစုံအန္တရာယ်အာမခံ

(၃)     အီလက်ထရွန်းနစ်ပစ္စည်းအာမခံ

(၄)     စက်ပစ္စည်းအာမခံ

(ဓ)      အပ်ငွေအာမခံ

(န)     ရေကြောင်းကုန်ပစ္စည်းအာမခံ

(ပ)     ရေယာဉ်ကိုယ်ထည်အာမခံ

(ဖ)     လေယာဉ်ကိုယ်ထည်အာမခံ

(ဗ)     လေကြောင်းပေးလျော်ရန်တာဝန်ရှိမှုအာမခံ

(၁)     လေယာဉ်အမှုထမ်းများ အသက်နှင့်ကိုယ်အင်္ဂါထိခိုက်မှုအာမခံ

(၂)     လေယာဉ်ကိုယ်ထည်ဆုံးရှုံးမှု/နှုတ်ဖြတ်မှုအာမခံ   

(၃)     လေယာဉ်ကိုယ်ထည် စစ်မက်ဘေးအန္တရာယ်အာမခံ

(ဘ)    ခရီးသွားအာမခံ

(မ)     ရေယာဉ်လုပ်ငန်းရှင်တာဝန်ရှိမှုအာမခံ

(ယ)    ကျားဖောင်လုပ်ငန်းရှင်တာဝန်ရှိမှုအာမခံ

(ရ)     ရေနံနှင့်သဘာဝဓါတ်ငွေ့အာမခံ

(လ)    သူတစ်ပါးထိခိုက်မှုအာမခံ

(ဝ)     အလုံးစုံမော်တော်ယာဉ်အာမခံ

၁၈။ မြန်မာ့အာမခံဥပဒေအရ မြန်မာ့အာမခံ၏ ပေးလျော်ရန်တာဝန်ကိုနိုင်ငံတော်မှ တာဝန်ယူ ထားပါသည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း လျော်ကြေးစုစုပေါင်းကျပ်သန်း (၂၉၈၁.၆၁၂) ပေးလျော်ခဲ့ပါသည်။

၁၉။ ၂၀၁၇ ခုနှစ်တွင် ကုန်ပစ္စည်း၊ မော်တော်ယာဉ်၊ အဆောက်အအုံနှင့် အသက်ဆုံးရှုံးမှုများ၏ အာမခံ (၄) မျိုးအတွက် ဆုံးရှုံးနစ်နာမှုလျော်ကြေးတို့ကိုကျပ်သန်းပေါင်း (၂၃၀၀) ကျော် ပေးလျော်ခဲ့ရပါသည်။ ပေးလျော်ခဲ့ရသည့် အာမခံအမျိုးအစားများနှင့် လျော်ကြေးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

• သင်္ဘောသားအသက်အာမခံမှ အသက်အာမခံသက်တမ်းအတွင်း ကွယ်လွန်သူ သင်္ဘောသား တစ်ဦးလျှင် ငွေကျပ်သိန်း (၅၀) နှင့် သုံးဦးအတွက် အကျိုးခံစားခွင့် ငွေကျပ် (၁၅) သန်း၊

• အလုံးစုံမော်တော်ယာဉ်အာမခံ ထားရှိသော မော်တော်ယာဉ်တစ်စီးအတွက် လျော်ကြေးငွေ (၈၀၂၅၀၀)ကျပ်၊

• မီးအာမခံထားရှိသူ တစ်ဦးအတွက် မီးလောင်ဆုံးရှုံးမှု လျော်ကြေးငွေ (၂၉၅) သိန်း ကျပ်

• ရေကြောင်းပို့ဆောင်ရေးပစ္စည်းအာမခံ ထားရှိခြင်း (၉) ဦးအတွက် လျော်ကြေးငွေ ကျပ်သိန်းပေါင်း (၁၈၀၀) ကျော် စုစုပေါင်းလျော်ကြေးငွေ ကျပ်သိန်းပေါင်း (၂၃၀၀) ကျော်တို့ကို မြန်မာ့အာမခံလုပ်ငန်းမှ ပေးလျော်ခဲ့ပါသည်။

၂၀။ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၁) ရက်မှ မေလ (၈) ရက်အထိ စက်တပ်ယာဉ်ထိခိုက်မှုကြောင့် သေဆုံးသူ (၁၁၁) ဦးနှင့် ဒဏ်ရာရရှိသူ (၁၃) ဦးတို့အတွက် သူတစ်ပါးထိခိုက်မှု အာမခံနစ်နာကြေး ကျပ်သိန်းပေါင်း (၁၀၀၀) ကျော်၊ အလုံးစုံမော်တော်ယာဉ်အာမခံထားရှိခဲ့မှု မော်တော်ယာဉ် အစီး (၈၀) ထိခိုက်ပျက်စီးမှု အတွက် ကျပ်သိန်းပေါင်း (၄၀၀) ကျော် တို့ကို လည်း ပေးလျော်ခဲ့ပါသည်။

၂၁။     မြန်မာ့အာမခံလုပ်ငန်းသည် နိုင်ငံတော်ပိုင် အာမခံကုမ္ပဏီဖြစ်သည်နှင့်အညီ ဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် လိုအပ်သောအာမခံအကာအကွယ်များကို မြန်မာ့အာမခံ လုပ်ငန်းမှသာ ဝယ်ယူရမည်ဖြစ်ပါသည်။

ပြည်တွင်းပုဂ္ဂလိကအာမခံလုပ်ငန်းများ၏ လုပ်ကိုင်နေမှုများ

၂၂။     မြန်မာ့အာမခံဥပဒေ၏ အခန်း (၅) ပုဒ်မ ၁၂ အရ ၂၀၁၃ ခုနှစ်တွင် ပုဂ္ဂလိကအာမခံ ကုမ္ပဏီ (၁၂) ခုကို လုပ်ကိုင်ခွင့်ပြု၍ လိုင်စင်ထုတ်ပေးခဲ့ပါသည်။ ၎င်းကုမ္ပဏီများသည် အာမခံ အမျိုးအစား (၆) မျိုးအား ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး အသက်အာမခံနှင့် အထွေထွေအာမခံ နှစ်မျိုး ဆောင်ရွက် ခဲ့ပါသည်။

၂၃။     လုပ်ပိုင်ခွင့်လိုင်စင်ရထားသည့် ကုမ္ပဏီ (၁၂) ခုသည် ရန်ကုန်၊ မန္တလေးမြို့များတွင်ရုံးချုပ်၊ ရုံးခွဲများဖွင့်လှစ်၍ အာမခံလုပ်ငန်းအမျိုးအစား (၆) မျိုးအား လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါ သည်။ ၎င်းအာမခံလုပ်ငန်း အမျိုးအစားများမှာ (၁) အသက်အာမခံလုပ်ငန်း၊ (၂) မီးအာမခံ လုပ်ငန်း၊ (၃) သမာဓိအာမခံလုပ်ငန်း၊ (၄) ငွေပို့ငွေသယ်အာမခံလုပ်ငန်း၊ (၅) ငွေသားလုံခြုံမှု အာမခံလုပ်ငန်း၊ (၆) အလုံးစုံအာမခံလုပ်ငန်း စသည့်တူညီသည့် အာမခံအမျိုးအစားများကိုသာ တစ်ပြေးညီလုပ်ကိုင်ခွင့်ပေး၍ အာမခံဝန်ဆောင်မှုများဖြင့် ယှဉ်ပြိုင်၍ ပြည်သူများစိတ်ဝင်စားလာ စေရန် ဆောင်ရွက်လျက်ရှိပါသည်။           

၂၄။ တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ကြည့်ပါက မီးလောင်ဆုံးရှုံးမှုတွင် အမှန်တကယ်ဖြစ်ပွား ဆုံးရှုံးမှုမှာ ကျပ်သန်းပေါင်း (၅၁၁၇၃) ရှိခဲ့သော်လည်း အာမခံထားရှိမှုနည်းပါးသဖြင့် လျော် ကြေး (၉၀၅၅.၂၄) သန်း (၁.၇၇) ရာခိုင်နှုန်းသာ ပေးလျော်ခဲ့ရပြီး မော်တော်ယာဉ် တိုက်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုးငွေ သန်း (၄၉၂၄၆) ကျပ် အနက် သန်း (၉၈၆၂.၈) ကျပ် သာ ပေးလျော်ခဲ့ရသဖြင့် (၂၀) ရာခိုင်နှုန်းခန့်သာရှိခဲ့ကြောင်း စာရင်းဇယားများအရ သိရပါသည်။

၂၅။ လတ်တလောကာလများတွင် အာမခံထားရှိမှုအရေအတွက် နည်းပါးသဖြင့် ပုဂ္ဂလိက အာမခံကုမ္ပဏီများ အာမခံလုပ်ငန်းလုပ်ပိုင်ခွင့်ရရှိပြီး (၃)နှစ်ကျော်(၄)နှစ်အတွင်းတွင် လျော်ကြေး ပေးလျော်သည့် ရာခိုင်နှုန်းနည်းပါးလျက်ရှိပါသည်။

ကျန်းမာရေးအာမခံစနစ်ဖြစ်ထွန်းရေးအတွက် လွှတ်တော်တွင်းဆောင်ရွက်နေမှုများ

၂၆။ အာမခံစနစ်များအနက် ပြည်သူလူထုအတွက် မရှိမဖြစ်လိုအပ်သည့် ကျန်းမာရေး အာမခံ စနစ်ဖြစ်ထွန်းလာစေရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဦးစံရွှေဝင်းက ၂၃-၆-၂၀၁၇ ရက်နေ့တွင် အောက်ပါအတိုင်း တင်သွင်း ဆွေးနွေးခဲ့ပါသည်။

၂၇။ ပြည်သူများ လက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များ (Universal Health Coverage) ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ဆင်းရဲနွမ်းပါးသူ များ အပါအဝင် နိုင်ငံသားတိုင်းထိရောက်သည့် ကျန်းမာရေးဝန်ဆောင်မှုများ အချိန်မီရရှိစေရေး ၊ ယင်းကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းစဉ်များအတွက် ကဏ္ဍပေါင်းစုံ ပူးပေါင်းပါဝင်ဆောင်ရွက် သည့် အမျိုးသား ကျန်းမာရေးအာမခံစနစ် (National Health Insurance System) အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တင်သွင်းခြင်းဖြစ်ပါသည်။

၂၈။ အထက်ပါအဆိုကို ပြည်ထောင်စုဝန်ကြီးက အမျိုးသားကျန်းမာရေးအာမခံစနစ် ဖြစ်ထွန်း ရန်နှင့် အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် အစီအစဉ်များ ချမှတ်သွားမည်ဟု ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

သက်ဆိုင်ရာဌာနများမှ ပြည်သူများသိရှိနိုင်ရေးအတွက်ဆောင်ရွက်နေမှုများ

၂၉။ မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ရွှေကျင် မြို့နယ်တွင် မြန်မာ့အာမခံလုပ်ငန်းမှ ပြည်သူများသို့အသိပညာပေးရာတွင် ပြည်သူ့ဝန်ထမ်း အသက်အာမခံ၊ မြွေအန္တရာယ်အသက်အာမခံ၊ မော်တော်ယာဉ်အလုံးစုံထိခိုက်မှုအာမခံ၊  မီးနှင့် အထွေထွေအာမခံ၊ ခရီးသွားအာမခံ စသည်တို့ ထားရှိကြရန်အဓိကရှင်းလင်းပြီး အကျိုးခံစားခွင့် များကိုလည်းသိရှိအောင်ပညာပေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။

၃၀။ တောင်ငူခရိုင်ရုံးမှ မြန်မာ့အာမခံလုပ်ငန်းတာဝန်ခံအဖွဲ့သည် ရေတာရှည်မြို့နယ် အတွင်းရှိ မော်တော်ကားနှင့် ဆိုင်ကယ်လိုင်စင်လျှောက်ထားသူ (၅၀၀) ခန့်အား အာမခံလုပ်ငန်း အသိပညာပေးခြင်းနှင့် သူတစ်ပါးထိခိုက်မှု အာမခံလုပ်ငန်းများ၏ သိကောင်းစရာများအား သိရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

၃၁။ ကလေးမြို့ စုပေါင်းရုံးတွင် အများပြည်သူများအား ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်း လိုင်စင်သက်တမ်းတိုးပြီး အာမခံကြေးပေးဆောင်ထားလျှင် ယာဉ်မတော်တဆတိုက်မိ၍ ထိခိုက် ဒဏ်ရာရခဲ့ပါက  ဆေးထောက်ခံစာဖြင့် မြန်မာ့အာမခံလုပ်ငန်းမှ လျော်ကြေးတောင်းခံနိုင်ပြီး သေဆုံးမှုများအတွက် ငွေကျပ် (၁၀) သိန်းလျော်ကြေးရရှိနိုင်ကြောင်းကို ရှင်းလင်းဆွေးနွေးပညာ ပေးခဲ့ပါသည်။

၃၂။ ထို့အပြင် အဝေးပြေးခရီးသည် တစ်ဦးလျှင်အာမခံကြေး ငွေကျပ် (၃၀၀) ထားရှိခြင်း ကြောင့် ယာဉ်မတော်တဆမှုမှ ဒဏ်ရာနစ်နာမှုအလိုက်သော်လည်းကောင်း၊ ယာဉ်မတော်တဆမှု ဖြင့်သေဆုံးခဲ့ပါက တစ်ယူနစ် ကျပ် (၃၀၀) ထားရှိပြီးသောသူများသည် ငွေကျပ်သိန်း (၃၀) နှင့် သူတစ်ပါးထိခိုက်မှု အာမခံကြေးအပါအဝင် ငွေကျပ်သိန်း (၄၀) လျော်ကြေးရရှိနိုင်ကြောင်း စသည်ဖြင့် မြန်မာ့အာမခံလုပ်ငန်းမှ အသေးစိတ်ရှင်းလင်း၍ ခရီးတို၊ ခရီးရှည်များအတွက် နိုင်ငံတော်ပိုင်မြန်မာ့အာမခံလုပ်ငန်းနှင့် ချိတ်ဆက်ရန် နိုင်ငံတော်ပိုင်မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက အာမခံအကြောင်းသိကောင်းစရာများ ဆွေးနွေးပြောကြားသည်။

၃၃။ အာမခံလုပ်ငန်းနှင့်ပတ်သက်၍ အများပြည်သူများသိရှိနိုင်စေရန် လူထုအသိပညာပေး ခြင်းများကို ပိုမိုလုပ်ဆောင်ရမည်ဖြစ်ကြောင်း အာမခံလုပ်ငန်းအသိုင်းအဝိုင်းမှ သိရပါသည်။

ထိုင်းနိုင်ငံ၏ အာမခံဆောင်ရွက်မှုများ

၃၄။ ထိုင်းနိုင်ငံတွင် အာမခံလုပ်ငန်းအမျိုးအစားကို (၃) မျိုး ခွဲခြားထားပြီး အသက်အာမခံ မဟုတ်သည့် အာမခံလုပ်ငန်း (Non- life Insurance)၊ ကျန်းမာရေးအာမခံ (Health Insurance) လုပ်ငန်း၊ တစ်ဆင့်ခံအာမခံ (Reinsurer) လုပ်ငန်းတို့ဖြစ်သည်။ ၂၀၁၆ ခုနှစ် မေလ ၏စာရင်းအရ ထိုင်းနိုင်ငံတွင် အာမခံကုမ္ပဏီပေါင်း (၆၁) ခုဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

၃၅။ ၁၉၉၂ ခုနှစ်တွင် ထိုင်းနိုင်ငံအစိုးရမှ “အသက်နှင့်ဆိုင်သောအာမခံဥပဒေ”ကို ပြဋ္ဌာန်း ခဲ့ပါသည်။ ယင်းဥပဒေတွင် ပုဒ်မပေါင်း (၁၃၁) ခုပါဝင်ပြီး အသက်နှင့်ဆိုင်သည့် အာမခံ လုပ်ငန်းအမျိုးမျိုးကို ထိုဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၃၆။ ၂၀၀၇ ခုနှစ်တွင် ပုဒ်မပေါင်း (၅၂) ခု ပါဝင်သည့် “လုပ်ငန်းများဆိုင်ရာအာမခံဥပဒေ”ကို ပြဋ္ဌာန်းခဲ့ပြီး ထိုဥပဒေနှင့်အညီ အာမခံလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

၃၇။ ထိုင်းနိုင်ငံအာမခံလုပ်ငန်းများနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ယာဉ်မတော် တဆဖြစ်သည့်အချိန်တွင် ကားနှစ်စီးလုံးသည် ၎င်းတို့၏သက်ဆိုင်ရာအာမခံကုမ္ပဏီများသို့ ဖုန်း ဆက်၍ သက်ဆိုင်ရာကုမ္ပဏီများက လာရောက်ဖြေရှင်းပေးကြသည်။ ၎င်းနိုင်ငံရှိ ရဲတပ်ဖွဲ့ဝင်များ မလိုအပ်ဘဲ အာမခံလုပ်ငန်းများက ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

ဂျပန်နိုင်ငံရှိ အာမခံပေးလျော်မှုများ

၃၈။ ဂျပန်နိုင်ငံရှိ ပြည်သူအများစုသည် သဘာဝဘေးအန္တရာယ်များကြောင့် အာမခံပိုမိုထားရှိ ကြပြီး ငလျင်အာမခံစနစ်အောက်တွင် အဆောက်အဦများ၊ အိမ်များကို အာမခံထားခြင်းကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သောအဆောက်အဦများ၏ အလုံးစုံဆုံးရှုံးမှု၊ တစ်ဝက်ဆုံးရှုံးမှု၊ အနည်းငယ် ဆုံးရှုံးမှုတို့အပေါ်မူတည်၍ အာမခံလျော်ကြေးပေးလျော်မှုများ ကွဲပြားလျက်ရှိပါသည်။

၃၉။ ငလျင်အာမခံကုမ္ပဏီများသည် တစ်ဆင့်အာမခံစနစ်များအတွက် အစိုးရသို့အာမခံကြေး ပေးသွင်းကြပါသည်။ အစိုးရ၏တစ်ဆင့်အာမခံဌာနသည် ကောက်ခံရရှိသောအာမခံကြေးများကို ရန်ပုံငွေတည်ထောင်ခြင်း၊ စီမံခန့်ခွဲခြင်းတို့ပြုလုပ်ကြပါသည်။ အင်အားပြင်းငလျင်များ လှုပ်ခတ် သည့်အခါတွင် ပုဂ္ဂလိကအာမခံကုမ္ပဏီများက အစိုးရ၏တစ်ဆင့်အာမခံဌာနသို့ အာမခံလျော်ကြေး များတောင်းခံကြပါသည်။ အစိုးရ၏တစ်ဆင့်အာမခံစနစ်သည် အမှန်တကယ်ပျက်စီးဆုံးရှုံးမှုများ ကိုသာ ချမှတ်ထားသည့် မူဝါဒများနှင့်အညီ ပေးလျော်သည့်စနစ်ဖြစ်ပါသည်။

၄၀။     တိုက်ခန်း (သို့မဟုတ်) သစ်သားဖြင့်ပြုလုပ်ထားသောအိမ်များသည် အာမခံကြေးပေး သွင်းရသော ပမာဏများပို၍များပါသည်။ အိုဆာကာမြို့တွင် အခြားအဆောက်အဦများအတွက် နှစ်စဉ်အာမခံပေးသွင်းရသောပမာဏမှာ ယမ်း (၁၀) မီလီယံဖြစ်ပြီး သစ်သားဖြင့်ဆောက်လုပ် ထားသောအိမ်များအတွက် ယမ်း ( ၁၈၈၀၀) ဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံ၏ အာမခံထားဆောင်ရွက်မှုများ

၄၁။     ဗီယက်နမ်အစိုးရသည် အာမခံလုပ်ငန်းများကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကသော့ချက် တစ်ခုအဖြစ်သတ်မှတ်၍ အာမခံလုပ်ငန်းကို အစိုးရကိုယ်တိုင်လုပ်ကိုင်ခဲ့ပါ သည်။ ၁၉၉၉ ခုနှစ် တွင် နိုင်ငံခြားအာမခံလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုပေးခဲ့ပြီး ၎င်းလုပ်ငန်း များသည် တစ်ရှိန်ထိုး တိုးတက်ခဲ့ပါသည်။ ၂၀၀၀ ခုနှစ်တွင် “အာမခံလုပ်ငန်းဥပဒေ”ကို ပြဋ္ဌာန်းကျင့်သုံးခဲ့ပါသည်။

၄၂။     ဗီယက်နမ်နိုင်ငံတွင် အာမခံလုပ်ငန်းသည် ဘဏ္ဍာရေးအတွက်အဓိကကျပြီး အလုပ်အကိုင် အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်ခဲ့ပါသည်။ ဗီယက်နမ်ရှိ ပုဂ္ဂလိကအာမခံလုပ်ငန်းဖြစ်သော Prudential ကုမ္ပဏီကြီးတွင်  အာမခံကျွမ်းကျင်ပညာရှင်ပေါင်း (၂၂၀၀) ကျော်ဖြင့် အာမခံ အကျိုးဆောင်တစ်သိန်းခန့်ကို အလုပ်ခန့်အပ်ပေးနိုင်ခဲ့ပါသည်။ ၎င်းအာမခံကုမ္ပဏီကြီးသည် ဗီယက်နမ်ရှိမြို့ပေါင်း (၆၃) မြို့တွင် အာမခံရုံးခွဲပေါင်း (၃၀၀) ကျော်ဖွင့်လှစ်၍ ဘဏ် (၇)ခုနှင့် ချိတ်ဆက်ပြီး အာမခံဝန်ဆောင်မှု များပေးလျက်ရှိပါသည်။ ဗီယက်နမ်ပြည်သူ တစ်သန်းခွဲခန့် သည် Purdential ကုမ္ပဏီတွင် စိတ်ချယုံကြည်မှု အပြည့်အဝဖြင့် အာမခံထားလျက်ရှိပါသည်။

ကျွမ်းကျင်သူများ၏အမြင်

၄၃။     မြန်မာနိုင်ငံရှိ ပြည်သူများသည် အသက်အာမခံနှင့် အလုံးစုံအာမခံတို့အတွက် ငွေပိုငွေလျှံ ရှိသူများနှင့် စီးပွားရေးသမားများသာ လုပ်ရသည့်အလုပ်ဟု သိမှတ်နေခြင်းကြောင့် ကိုယ်ပိုင်ဆိုင် သည့် အိမ်နှင့်ဇိမ်ခံကား အစရှိသည့်ပစ္စည်းများကို  အာမခံထားရှိရန် အနည်းငယ်မျှသာ ဆန္ဒရှိကြ ပါသည်။

၄၄။     ပုဂ္ဂလိကအာမခံကုမ္ပဏီများ ဖွင့်လှစ်ခြင်းနှင့်အတူ ပြည်သူများကိုကွင်းဆင်း အသိပညာ ပေးခြင်း၊ အာမခံအကြောင်းရှင်းပြခြင်းများ ဆောင်ရွက်လာကြသည့်အတွက် ပြည်သူများသည် ယခင်ကထက် အာမခံထားရန် ပိုမိုစိတ်ဝင်စားကြသည်ဟု International KBZ Insurance (IKBZ) မှတာဝန်ရှိပုဂ္ဂိုလ်က ၎င်း၏အမြင်ကိုပြောကြားခဲ့ပါသည်။

၄၅။     ဖွံ့ဖြိုးပြီးနိုင်ငံများသည် အာမခံကိုမဖြစ်မနေထားကြသည်။ ၎င်းနိုင်ငံများတွင် မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိစီးပွားရေးတွင်သော်လည်းကောင်း တစ်ခုခုပျက်စီးဆုံးရှုံးမှုရှိပါက မည်သူ့ ကိုမှအားကိုး၍မရသဖြင့် အာမခံအကာအကွယ်မထားလျှင် နောက်ဆက်တွဲပြဿနာများများစွာ ပေါ်ပေါက်လာနိုင်ခြင်းကြောင့် အာမခံမဖြစ်မနေထားရှိကြပါသည်။

၄၆။     ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr Shimba Kazuya က မြန်မာ နိုင်ငံတွင် အာမခံလုပ်ငန်းများ ခိုင်မာရန်လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင် မည့်၊ ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားသားလုပ်ငန်းရှင်များ၊ ပညာရှင်များအတွက် အသက်အာမခံ သီးသန့်မရှိသေးသည့်အတွက် ၎င်းတို့အနေဖြင့်မြန်မာနိုင်ငံကို လာရောက်အလုပ်လုပ်ကိုင်ရန် စိုးရိမ်ပူပန်မှုများ ဖြစ်နေရသည်ဟု ပြောကြားခဲ့ပါသည်။

၄၇။     မြန်မာနိုင်ငံတက္ကသိုလ်များတွင် အာမခံဘာသာရပ်ကို အသက်မွေးဝမ်းကျောင်း ပညာရပ် တစ်ခုအနေဖြင့် သင်ကြားပေးမည်ဆိုလျှင် အာမခံလုပ်ငန်းသည် နိုင်ငံတကာတွင် အောင်မြင် သကဲ့သို့ မျှော်လင့်ထားသည့်အတိုင်းအတာတစ်ခုအထိ ရောက်ရှိလာနိုင်သည်ဟု ပညာရှင်အချို့က သုံးသပ်ကြပါသည်။     မြန်မာနိုင်ငံမှ လူအများစုသည် အာမခံထားခြင်းနှင့်ပတ်သက်၍ အာမခံ အသိပညာနည်း နေသေးသည်ဟု ပုဂ္ဂလိကအာမခံလုပ်ငန်းလုပ်ကိုင်သူ တစ်ချို့ကလည်း သုံးသပ် ကြပါသည်။

နိဂုံး

၄၈။     နိုင်ငံတွင်းအာမခံလုပ်ငန်းများ များစွာလည်ပတ်လာပါက ပြည်သူတို့၏ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးတို့တွင် ကောင်းမွန်သော အကျိုးသက်ရောက်မှုများစွာကိုရရှိပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း များစွာအထောက်အကူပြုစေမည်ဖြစ်ပါသည်။ နိုင်ငံတော်၏ စီးပွား ရေးလုပ်ငန်းအသီးသီးအတွက် အန္တရာယ်အမျိုးမျိုးမှ ကြုံတွေ့နိုင်သောဆုံးရှုံးမှုများအား နည်းပါး စေရေး၊ အများပြည်သူများ ကြုံတွေ့ရနိုင်သော သဘာဝဘေးအန္တရာယ်အသီးသီးမှ ဆုံးရှုံးမှု များအား လျော့နည်းသက်သာစေရေးတို့ကိုရည်ရွယ်၍ လွှတ်တော်ကိုယ်စားလှယ်များကို အထောက်အကူပြု နိုင်ရန် ဤအာမခံလုပ်ငန်းဆိုင်ရာစာတမ်းတိုအား ရေးသားပြုစုခြင်းဖြစ်ပါသည်။


သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာတာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရ သတင်းဖြစ်မည်ဟု သတ်မှတ်မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင် ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော်သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေး မှုများ ပြုလုပ်ခြင်းမရှိပါ။

Date issused 
Thursday, September 14, 2017 - 09
Research File 
Researcher name 
သုတေသနဌာန၊ ပြည်သူ့လွှတ်တော်ရုံး