Law Database | Mail | English Version

အာဆီယံပါလီမန်များညီလာခံ (AIPA) ဆိုင်ရာအချက်အလက်များ

အကျဉ်းချုပ်

         အာဆီယံပါလီမန်များညီလာခံ (ASEAN Inter-Parliamentary Assembly - AIPA) ဆိုသည်မှာ အာဆီယံနိုင်ငံများ၏လွှတ်တော်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပါ သည်။ အာဆီယံဒေသတွင်းပါလီမန်များဆိုင်ရာ အဖွဲ့အစည်းတစ်ခုအဖြစ်သာမက အာဆီယံ ပါလီမန်များအကြား သတင်းအချက်အလက်ဖလှယ်ရေးနှင့် ဆက်သွယ်ဆောင်ရွက်ရေးဆိုင်ရာ ဗဟိုဌာနတစ်ခုလည်းဖြစ်ပါသည်။ AIPA အဖွဲ့ဝင်ပါလီမန်များအနေဖြင့် ၎င်းတို့အချင်းချင်း ကွန်ယက်ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်၍ စွမ်းဆောင်ရည်တိုးတက်လာစေ ခြင်းက အာဆီယံဒေသအတွင်းရှိ ပြည်သူများ၏ကောင်းကျိုးကို ဖြစ်ပေါ်စေပါသည်။

ဤစာတမ်းတိုတွင် AIPA အဖွဲ့ကြီး စတင်ပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်၊ AIPA ဖွဲ့စည်းပုံ၊ အဓိကအရေးပါသည့် အာဆီယံပါလီမန်များအထွေထွေညီလာခံ (General Assembly of ASEAN Inter-Parliamentary Assembly) ကျင်းပပုံ၊ အမြဲတမ်းကော်မတီ နှင့်ယာယီကော်မတီများဖွဲ့စည်းဆောင်ရွက်ပုံ၊ AIPA နှင့် ASEAN ပူးပေါင်းဆောင်ရွက်မှု၊ (၃၇) ကြိမ်မြောက် AIPA အစည်းအဝေးအား မြန်မာနိုင်ငံတွင်အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပုံများ၊ AIPA အဖွဲ့ကြုံတွေ့နေရသော အခက်အခဲနှင့်စိန်ခေါ်မှုများ စသည်တို့ကိုလေ့လာဖော်ပြထားပါသည်။

အာဆီယံပေါင်းစည်းရေးရည်မှန်းချက် ပြည့်မြောက်စေရန်အတွက် ဒေသဆိုင်ရာလွှတ်တော် များ၏အဖွဲ့ဖြစ်သည့် AIPA ၏ အခန်းကဏ္ဍ၊ အရေးပါမှုနှင့်ဆက်စပ်မှုတို့ကိုလည်းကောင်း၊ လုပ်ငန်းဆောင်ရွက်ပုံကိုလည်းကောင်း လွှတ်တော်ကိုယ်စားလှယ်များ လေ့လာဖတ်ရှုသိရှိနိုင်စေ ရန်ရည်ရွယ်၍ ခြုံငုံရေးသားထားပါသည်။ ဤစာတမ်းတိုအား စက်တင်ဘာလ ၂ ရက်နေ့တွင် ကျရောက်မည့် နှစ် (၄၀) ပြည့် AIPA နှစ်ပတ်လည်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရေးသားထုတ်ဝေခြင်းဖြစ်ပါသည်။


နိဒါန်း

၁။ အာဆီယံဒေသတွင်းနိုင်ငံများနှင့်သက်ဆိုင်သောရည်မှန်းချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိရန်နှင့် မူဝါဒရေးရာနယ်ပယ်အားလုံးတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရန်၊ နိုင်ငံအသီးသီးရှိအစိုးရများနှင့် ပြည်သူများအကြား ကောင်းမွန်သောပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်နိုင်စေရန်နှင့် အာဆီယံအဖွဲ့၏လွှတ်တော်ဆိုင်ရာ သွင်ပြင် လက္ခဏာ အားကောင်းလာစေရေးအတွက် အာဆီယံပါလီမန်များညီလာခံ (ASEAN Inter-Parliamentary Assembly - AIPA) အဖွဲ့ကို ဖွဲ့စည်းတည်ထောင်ဆောင်ရွက်ခဲ့ပါသည်။ အာဆီယံပါလီမန်များညီလာခံ (AIPA) သည် အာဆီယံဒေသတွင်းပါလီမန်များဆိုင်ရာ အဖွဲ့ အစည်းတစ်ခုအဖြစ်သာမက အာဆီယံပါလီမန်များအကြား သတင်းအချက်အလက်ဖလှယ်ရေး နှင့် ဆက်သွယ်ဆောင်ရွက်ရေးဆိုင်ရာ ဗဟိုဌာနတစ်ခုလည်းဖြစ်ပါသည်။

အာဆီယံပါလီမန်များညီလာခံ (ASEAN Inter-Parliamentary Assembly - AIPA) စတင်ပေါ်ပေါက်လာပုံ

၂။       အာဆီယံဒေသအတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုမြှင့်တင်နိုင်ရန် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ထွန်းလာရေးကိုရည်ရွယ်၍ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကို ၁၉၆၇ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင်ဖွဲ့စည်းခဲ့ပါသည်။ အာဆီယံကိုဖွဲ့စည်းခဲ့ပြီး နောက် အာဆီယံ၏ပြင်းပြသည့် ရည်မှန်းချက်၊ ရည်ရွယ်ချက်တို့ကို အောင်မြင်စွာအကောင် အထည်ဖော်နိုင်ရန် အာဆီယံပါလီမန်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့်  ဥပဒေပြု လွှတ်တော်များအချင်းချင်းအကြားခိုင်မာသောနားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးသော ဆက်ဆံရေးထူထောင်ရန်ရည်ရွယ်ချက်များဖြင့်  အရှေ့တောင်အာရှနိုင်ငံ (၅) နိုင်ငံဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းစသည့်နိုင်ငံတို့ပူးပေါင်းကာ ၁၉၇၅ ခုနှစ်၊ ဇန်နဝါရီလတွင်  အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ပထမအကြိမ်ပါလီမန်ဆိုင်ရာအစည်းအဝေး (The First ASEAN Parliamentary Meeting – APM) ကိုကျင်းပ၍ ပါလီမန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တစ်ခုထူထောင်ရန် ဆွေးနွေးခဲ့ကြပါသည်။  ၁၉၇၅ ခုနှစ်၊ ဩဂုတ်လ တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင်ကျင်းပသော ဒုတိယအကြိမ် APM အစည်းအဝေး၌  အာဆီယံပါလီမန်များအဖွဲ့ (ASEAN-Inter Parliamentary Organization-AIPO) ဟု အမည်သတ်မှတ်ရန် သဘောတူညီခဲ့ကြပါသည်။ ထို့နောက် ၁၉၇၇ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပသော တတိယအကြိမ်  APM အစည်းအဝေးတွင် AIPO  ဖွဲ့စည်းပုံစည်းမျဉ်း (AIPO Statute)  ကို အထက်ဖော်ပြပါငါးနိုင်ငံရှိ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များက လက်မှတ်ရေး ထိုးခဲ့သဖြင့် အရှေ့တောင်အာရှပါလီမန်များအဖွဲ့  (AIPO) စတင်ပေါ်ပေါက်လာခဲ့ပါသည်။ AIPO  အဖွဲ့သည် ၁၉၉၅ ခုနှစ်တွင် ဗီယက်နမ်၊ ၁၉၉၇ ခုနှစ်တွင် လာအို၊ ၁၉၉၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံတို့ကို အဖွဲ့ဝင်အဖြစ်လက်ခံခဲ့ပါသည်။ ဘရူနိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှာ ထိုစဉ်ကဥပဒေပြုလွှတ်တော်မရှိသေးသဖြင့် အထူးလေ့လာသူအဖွဲ့ဝင်အဖြစ်သာရှိနေခဲ့ပါသည်။ ထို့နောက် ၂ဝဝ၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့၌ကျင်းပသည့် (၂၇) ကြိမ်မြောက် AIPO အစည်းအဝေးတွင် ပိုမိုထိရောက်ပြီး နီးကပ်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အာဆီယံအဖွဲ့ဝင် နိုင်ငံ (၈) နိုင်ငံဖြင့် (AIPO) ကို အာဆီယံပါလီမန်များညီလာခံ (AIPA) အဖြစ် ပြောင်းလဲ ပြင်ဆင်သတ်မှတ်ခဲ့ပြီး AIPO ဖွဲ့စည်းပုံစည်းမျဉ်းကိုလည်း AIPA ဖွဲ့စည်းပုံစည်းမျဉ်းဟု ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါသည်။

၃။       မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်မှစ၍ AIPO အစည်းအဝေးများကို တက်ရောက်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် အမြဲတမ်းလေ့လာသူ ဖြစ်လာခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံသည် ၂၀၁၁ခုနှစ်၊ စက်တင်ဘာလတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ကျင်းပသည့် (၃၂) ကြိမ်မြောက် အထွေထွေညီလာခံတွင် တင်းပြည့်အဖွဲ့ဝင်ဖြစ်လာခဲ့ပါသည်။ 

ရည်ရွယ်ချက်

၅။       အာဆီယံပါလီမန်များညီလာခံအား အဖွဲ့ဝင်လွှတ်တော်များအချင်းချင်းအပြင် လေ့လာသူ လွှတ်တော်များနှင့် အခြားသောလွှတ်တော်အဖွဲ့အစည်းများအကြား ခိုင်မာသောနားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးသောဆက်ဆံရေးတည်ထောင်ရန်၊ ၂၀၁၅ ခုနှစ်အာဆီယံ အသိုက်အဝန်းတစ်ရပ် ပေါ်ပေါက်လာရေးကိုရည်ရွယ်သော မူဝါဒများနှင့်အတူ အာဆီယံပြည်သူ များအချင်းချင်း ရင်းနှီးသောဆက်ဆံမှုကို တည်ထောင်ရန်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။ 

ဖွဲ့စည်းပုံ

၆။       AIPA ဖွဲ့စည်းတည်ဆောက်ပုံမှာ အထွေထွေညီလာခံ (General Assembly)၊ အမှုဆောင်ကော်မတီ (Executive Committee) နှင့် အခြားကော်မတီများ၊ အမြဲတမ်းကော်မတီ၊ လေ့လာရေးကော်မတီနှင့် ယာယီကော်မတီများ၊ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး (WAIPA)၊ အထွေထွေအတွင်းရေးမှူးချုပ်ရုံး (Secretariat)၊ AIPA  ဥက္ကဋ္ဌ (President of AIPA) စသည်တို့ဖြင့် ပါဝင်ဖွဲ့စည်းထားပါသည်-

(က)    အထွေထွေညီလာခံ။ အာဆီယံပါလီမန်များအထွေထွေညီလာခံ (General Assembly of ASEAN Inter-Parliamentary Assembly) သည် အရှေ့တောင်အာရှဒေသနိုင်ငံများမှ ဥပဒေပြုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထား သော ဒေသဆိုင်ရာဥပဒေပြုအဖွဲ့များညီလာခံဖြစ်ပါသည်။ အထွေထွေညီလာခံ သည် AIPA ၏ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်ပြီး အမှုဆောင်ကော်မတီမှအခြားနည်း ဖြင့်ဆုံးဖြတ်ထားသည်မှအပ AIPA ဖွဲ့စည်းပုံစည်းမျဉ်း ပုဒ်မ ၁၀ အရ အထွေထွေ ညီလာခံကို တစ်နှစ်လျှင်အနည်းဆုံးတစ်ကြိမ် ကျင်းပရပါသည်။ ပုဒ်မ ၁၁ အရ အဖွဲ့ဝင်ပါလီမန်များအနေဖြင့် အက္ခရာစဉ်အလိုက် အလှည့်ကျတာဝန်ယူ ဆောင်ရွက် ရပါသည်။ ယခုအချိန်အထိ အထွေထွေညီလာခံ (၃၇) ကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါ သည်။ အထွေထွေညီလာခံသည် AIPA ၏ ရည်မှန်းချက်များ အောင်မြင်ဖြစ်ထွန်း စေရေးအတွက် မူဝါဒရေးဆွဲရေးအဖွဲ့ဖြစ်ပြီး အဖွဲ့ဝင်ပါလီမန်များအကြား အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်သည့် ဆုံမှတ်တစ်ခုလည်းဖြစ်ပါသည်။ AIPA ၏ ဖွဲ့စည်းပုံ စည်းမျဉ်း ပုဒ်မ ၁၂ အရ အထွေထွေညီလာခံတွင်ဆွေးနွေးမည့် ကိစ္စရပ်များကို အမှုဆောင်ကော်မတီကဆုံးဖြတ်ပေးပါသည်။ သို့သော်လည်း အမှုဆောင်ကော်မတီ တွင်ဆုံးဖြတ်ခဲ့သည့် အကြောင်းအရာနှင့်စပ်လျဉ်းပြီး လိုအပ်ပါက ယင်းကိစ္စရပ် များကို အထွေထွေညီလာခံတွင် ထပ်မံဆွေးနွေးဆုံးဖြတ်နိုင်ပါသည်။ AIPA အထွေထွေညီလာခံကို AIPA အဖွဲ့ဝင်လွှတ်တော်များ၊ AIPA လေ့လာသူ လွှတ်တော်များမှ အနည်းဆုံးအဖွဲ့ဝင် (၁၅) ဦးထက်မပိုသော ကိုယ်စားလှယ်အဖွဲ့ များ တက်ရောက်ရပါသည်။

(ခ)     အမှုဆောင်ကော်မတီ (Executive Committee)။ အမှုဆောင်ကော်မတီ (Executive Committee) သည်အထွေထွေညီလာခံ၏ လမ်းညွှန်မှုအောက်တွင် ရှိသော အုပ်ချုပ်မှုဆိုင်ရာအဖွဲ့အစည်းဖြစ်ပါသည်။ အမှုဆောင်ကော်မတီကို AIPA အဖွဲ့ဝင်ပါလီမန်များမှ ကိုယ်စားလှယ် ၃ ဦးဖြင့်ဖွဲ့စည်းပြီး ၎င်း ၃ ဦးအနက်တစ်ဦး သည် လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ၎င်းကိုယ်စားတက်ရောက်သူဖြစ်ရမည်။ AIPA ဥက္ကဋ္ဌသည် အမှုဆောင်ကော်မတီဥက္ကဋ္ဌလည်းဖြစ်ပါသည်။ ဥက္ကဋ္ဌအနေဖြင့်လိုအပ်ပါက သင့်တော်သည့်နေရာနှင့်အချိန်တို့၌ အမှုဆောင်ကော်မတီအစည်းအဝေး ခေါ်ယူရန်လုပ်ပိုင်ခွင့်အာဏာရှိပါသည်။

(ဂ)     အမြဲတမ်းကော်မတီ၊ လေ့လာရေးကော်မတီနှင့်ယာယီကော်မတီများ။               အထွေထွေ  ညီလာခံ၏အတည်ပြုချက်နှင့်အတူ အမှုဆောင်ကော်မတီမှအဆိုပြုခဲ့သောအစည်း အဝေးအစီအစဉ်ကို အထွေထွေညီလာခံမှဖွဲ့စည်းခဲ့သည့် ကော်မတီများက ဆွေးနွေးရပါသည်။ အထွေထွေညီလာခံကာလအတွင်း အမြဲတမ်းကော်မတီများမှာ နိုင်ငံရေးကိစ္စရပ်များကော်မတီ၊ စီးပွားရေးကိစ္စရပ်များကော်မတီ၊ လူမှုရေး ကိစ္စရပ်များကော်မတီ၊ အဖွဲ့အစည်းဆိုင်ရာကိစ္စရပ်များကော်မတီ၊ ပူးတွဲသတင်း ထုတ်ပြန်ရေးကော်မတီနှင့် လေ့လာသူနိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးမှုဆိုင်ရာ ကော်မတီတို့ဖြစ်ပါသည်။ ဖွဲ့စည်းပုံစည်းမျဉ်း ပုဒ်မ ၁၈ အရ အထွေထွေညီလာခံ တိုင်းတွင် ကျင်းပမြဲဖြစ်သော အမြဲတမ်းကော်မတီများအပြင် အဖွဲ့ဝင်ပါလီမန် များအကြား ပိုမိုပူးပေါင်းဆောင်ရွက်မှုကိုဖြစ်စေသည့် အထူးသဖြင့်ဥပဒေပြုရေး ကဏ္ဍတွင် အဖွဲ့ဝင်လွှတ်တော်များ၏ အများစိတ်ဝင်စားသော ကိစ္စရပ်များအပေါ် ဆွေးနွေးနိုင်ရန်အတွက် လေ့လာရေးကော်မတီနှင့် ယာယီကော်မတီများကို ဖွဲ့စည်းနိုင်ခွင့်အာဏာသည် အထွေထွေညီလာခံတွင်ရှိပါသည်။

(ဃ)    AIPA အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များအစည်းအဝေး (WAIPA) ။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များအစည်းအဝေး (WAIPA) ကို AIPA အထွေထွေညီလာခံအစည်းအဝေးကြီး၌ ၁၉၉၈ ခုနှစ်မှစတင်၍ ထည့်သွင်းကျင်းပ ခဲ့ပါသည်။ ယင်းအစည်းအဝေးကို အထွေထွေညီလာခံလက်ခံကျင်းပသည့် အိမ်ရှင် ကိုယ်စားလှယ်အဖွဲ့ဝင်များ၏ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သဘာပတိအဖြစ်ဆောင်ရွက်ရပါသည်။

(င)     အထွေထွေအတွင်းရေးမှူးချုပ်ရုံး။           အထွေထွေအတွင်းရေးမှူးချုပ်ရုံး (Secretariat) ကို AIPA ဖွဲ့စည်းပုံစည်းမျဉ်းပုဒ်မ ၇ အရ (၁၁) ကြိမ်မြောက် အထွေထွေညီလာခံ၏အတည်ပြုဆုံးဖြတ်ချက်ဖြင့်၁၉၉၀ ပြည့်နှစ်တွင်တည်ထောင် ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ရုံးစိုက်ပါသည်။ AIPA အထွေထွေအတွင်း ရေးမှူးချုပ်ရုံးသည် AIPA ၏ လုပ်ငန်းဆောင်ရွက်မှုများကို အားဖြည့်ကူညီပြီး လေ့လာစောင့်ကြည့်ထိန်းကျောင်းသည့် အုပ်ချုပ်မှုအဖွဲ့သာမက ဆက်သွယ်ပြန် ကြားရေး ဗဟိုဌာနလည်းဖြစ်ပါသည်။

(စ)     AIPA ဥက္ကဋ္ဌ။    အထွေထွေညီလာခံကျင်းပသော အိမ်ရှင်နိုင်ငံ၏ လွှတ်တော် ဥက္ကဋ္ဌသည်  AIPA ဥက္ကဋ္ဌဖြစ်ပြီး အထွေထွေညီလာခံ၏ သဘာပတိအဖြစ် ဆောင်ရွက်ရပါသည်။ အထွေထွေညီလာခံသို့တက်ရောက်သော အခြား AIPA အဖွဲ့ဝင်လွှတ်တော်များမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် ဒုတိယ သဘာပတိအဖြစ်ဆောင်ရွက်ရပါသည်။ AIPA ဖွဲ့စည်းပုံစည်းမျဉ်းအရ AIPA အထွေထွေညီလာခံကို လက်ခံကျင်းပနိုင်သောအိမ်ရှင်နိုင်ငံက ၎င်းညီလာခံတွင် သဘာပတိအဖြစ် ဆောင်ရွက်မည်ဟုဖော်ပြထားသော်လည်း သဘာပတိအဖြစ် ဆောင်ရွက်နိုင်ခြင်းမရှိပါက အိမ်ရှင်နိုင်ငံ၏ ကိုယ်စားလှယ်အဖွဲ့ဝင်များအနက်မှ အဖွဲ့ဝင်တစ်ဦးကို သဘာပတိအဖြစ်အစားထိုးနိုင်ပါသည်။ AIPA ဥက္ကဋ္ဌ၏ သက်တမ်းကာလသည် လက်ရှိအထွေထွေညီလာခံပြီးဆုံးသည်နှင့် တပြိုင်နက် စတင်ပြီး နောက်ထပ်အထွေထွေညီလာခံ ပြီးဆုံးသည့်အချိန် အထိဖြစ်ပါသည်။ 

AIPA အဖွဲ့ဝင်ပါလီမန်များ

၇။       အောက်ဖော်ပြပါ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ဥပဒေပြုလွှတ်တော်များသည် AIPA အဖွဲ့ဝင်ပါလီမန်များဖြစ်ကြပါသည်-

          (က)    ဘရူနိုင်းဒါရူဆလမ်နိုင်ငံဥပဒေပြုကောင်စီ

          (ခ)     ကမ္ဘောဒီးယားဘုရင့်နိုင်ငံအမျိုးသားလွှတ်တော်

          (ဂ)     အင်ဒိုနီးရှားသမ္မတနိုင်ငံအမျိုးသားလွှတ်တော်

          (ဃ)    လာအိုအမျိုးသားလွှတ်တော်

          (င)     မလေးရှားနိုင်ငံဒီဝန်နီဂရာနှင့် ဒီဝန်ရာကျတ်လွှတ်တော်

          (စ)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုလွှတ်တော်

          (ဆ)    ဖိလစ်ပိုင်နိုင်ငံကွန်ဂရက်လွှတ်တော်

          (ဇ)     စင်ကာပူနိုင်ငံပါလီမန်

          (ဈ)     ထိုင်းဘုရင့်နိုင်ငံအမျိုးသားလွှတ်တော်

          (ည)    ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံအမျိုးသားလွှတ်တော်

AIPA လေ့လာသူအဖွဲ့ဝင်ပါလီမန်များ

၈။       AIPA ၏ လေ့လာသူအဖွဲ့ဝင်ပါလီမန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

          (က)    ဩစတြေးလျပါလီမန်

          (ခ)     ဘယ်လာရုစ်အမျိုးသားလွှတ်တော်

          (ဂ)     ကနေဒါပါလီမန်

          (ဃ)    တရုတ်ပြည်သူ့သမ္မတနိုင်ငံအမျိုးသားပြည်သူ့ကွန်ဂရက်

          (င)     ဥရောပပါလီမန်

          (စ)     အိန္ဒိယပါလီမန်

          (ဆ)    ဂျပန်အမျိုးသားဥပဒေပြုလွှတ်တော် (ဒိုင်းယက်လွှတ်တော်)

          (ဇ)     ကိုရီးယားအမျိုးသားလွှတ်တော်

          (ဈ)     နယူးဇီလန်ပါလီမန်

          (ည)    ပါပူဝါနယူးဂီနီအမျိုးသားလွှတ်တော်

          (ဋ)     ရုရှားဖက်ဒရယ်အမျိုးသားလွှတ်တော်

          (ဌ)     တီမောအမျိုးသားလွှတ်တော်

AIPA နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အဖွဲ့အစည်းများ

၉။       အောက်ပါအဖွဲ့အစည်းများသည် AIPA နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မိတ်ဖက် အဖွဲ့အစည်းများဖြစ်ကြပါသည်-

          (က)    အာဆီယံအတွင်းရေးမှူးချုပ်ရုံး (AIPA Secretariat)

          (ခ)     နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU)

          (ဂ)     ဂျာမန်ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (GIZ)

          (ဃ)    Hanns Seidel Foundation

          (င)     FREELAND

          (စ)     ASEAN FOUNDATION

          (ဆ)    ASEAN-WEN

          (ဇ)     PIC-Parliamentary Institute of Cambodia

          (ဈ)     UN WOMEN

          (ည)    ERIA-Economic Research Institute for ASEAN and East Asia

          (ဋ)     Asia Pacific Forum on Women, Law and Development

၁၀။     အထွေထွေညီလာခံအစည်းအဝေးတိုင်းတွင် ဆွေးနွေးဖက်နိုင်ငံများဖြစ်သော ဩစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်၊ ပါပူဝါနယူးဂီနီ၊ ရုရှား၊ ဥရောပပါလီမန်တို့နှင့် တွေ့ဆုံဆွေးနွေးလေ့ရှိပါသည်။ ထိုအထွေထွေညီလာခံသို့ ဆွေးနွေးဖက်နိုင်ငံများကတက်ရောက် ခြင်း၊ အပြန်အလှန်ခရီးစဉ်များ သွားရောက်လည်ပတ်ခြင်းဖြင့် ပါလီမန်အမတ်များအကြား ပိုမိုနီးကပ်သည့် ဆက်သွယ်ဆောင်ရွက်မှုများ၊ ကွန်ယက်ချိတ်ဆက်ဆောင်ရွက်မှုများအတွက် အထောက်အကူဖြစ်စေခဲ့ပါသည်။

အာဆီယံပါလီမန်များညီလာခံ (AIPA) ၏ အဓိကပြောကြားလိုသည့်အချက်များ/   AIPA ၏ သတင်းစကား

၁၁။     အာဆီယံပါလီမန်များညီလာခံ (AIPA) ဆိုင်ရာ ဆက်သွယ်ရေးမဟာစီမံကိန်းမူကြမ်း (AIPA Communication Master Plan) ရေးဆွဲခြင်းသည် အာဆီယံပြည်သူများအား AIPA ဆိုသည်မှာ ဥပဒေပြုရေးကဏ္ဍတွင် ၎င်းတို့အားလုံးကို အပြည့်အဝကိုယ်စားပြုပေးသော တစ်ခုတည်းသောအဖွဲ့အစည်းဖြစ်ကြောင်း သိစေလိုခြင်းဖြစ်ပါသည်။ ပြည်သူများနှင့် ထိရောက်သော ထိတွေ့ဆက်ဆံမှုရှိစေရန် AIPA အနေဖြင့် ၎င်း၏လုပ်ငန်းဆောင်ရွက်မှုများကို အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းမှုပေးနိုင်မည့် ချဉ်းကပ်မှုပုံစံတစ်ခုချမှတ်ရန် လိုအပ်လျက်ရှိပါသည်။ ထို့အပြင် AIPA သည် ပါလီမန်အမတ်များ၏ အတွေးအမြင်အယူအဆမျိုးစုံဖြင့် အာဆီယံ၏ ရည်ရွယ်ချက်အောင်မြင်မှုရရှိရန်နှင့် အာဆီယံအကျိုးအတွက် စိတ်အားထက်သန်စွာ အတူတကွ ပူးပေါင်းဆောင်ရွက်ရန် AIPA အဖွဲ့ဝင်ပါလီမန်များကို လမ်းညွှန်ပေးနိုင်မည့်၊ စည်းလုံးညီညွတ် သော အင်အားစုတစ်စုအဖြစ် တက်လှမ်းရန်အခွင့်အလမ်းရှိနေပြီဖြစ်ပါသည်။

၁၂။     AIPA Theme ဖြစ်သော “ကျွန်ုပ်တို့ရဲ့အိုင်ပါ၊ ကျွန်ုပ်တို့ရဲ့အာဆီယံ” ဆိုသည်မှာ ပြည်သူများကို အလေးအနက်ကိုယ်စားပြုထားခြင်းဖြစ်ပါသည်။ အဆိုပါဆောင်ပုဒ်သည် ဆက်သွယ်ရေး မဟာစီမံကိန်း၏အခြေခံအုတ်မြစ်ဖြစ်ပြီး AIPA နှင့်ပတ်သက်သောအသိအမြင် များ ဆက်လက်တိုးပွားစေရန်နှင့် ထပ်မံတည်ဆောက်ရန် ဆက်သွယ်ရေးအစီအစဉ်များနှင့် AIPA နှင့် သက်ဆိုင်သောအဓိကပုဂ္ဂိုလ်များအကြား သက်ရောက်မှုရှိသင့်သည်။ သို့ဖြစ်၍ အဓိက ပုဂ္ဂိုလ်များနှင့် ထိထိရောက်ရောက် ထိတွေ့ဆက်ဆံနိုင်စေရန် ဆက်သွယ်ရေးဆိုင်ရာ မဟာဗျူဟာ အပေါ်အခြေခံသည့် AIPA ဆိုင်ရာအကြောင်းအရာများကို ပုံဖော်ပြောကြားပေးနိုင်မည့် မဏ္ဏိုင် တစ်ခုလည်း ဖွဲ့စည်းတည်ဆောက်ရန် လိုအပ်လျက်ရှိပါသည်။ ထို့အပြင် မိမိပြောကြားလိုသည့် အချက်တစ်ခုချင်းစီအလိုက် တိကျသောအကျိုးကျေးဇူး၊ အထောက်အထားများ၊ သက်သေခံချက် များနှင့် အချိတ်အဆက်များကို ဖော်ပြရန်လိုအပ်ပါသည်။ 

AIPA အကြောင်းအသိပညာပေးအစီအစဉ် (AIPA Awareness Programme)

၁၃။     အာဆီယံနှင့် AIPA တွင် တူညီသောရည်မှန်းချက်ပန်းတိုင်များစွာရှိပါသည်။ ASEAN ပဋိဉာဉ်အခန်း (၁၄)၊ ပုဒ်မ ၁ နှင့် AIPA ဖွဲ့စည်းပုံစည်းမျဉ်း၏ နိဒါန်းတွင်ဖော်ပြချက်အရ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် Awareness program တစ်ခုကိုဖန်တီးရန်ဖြစ်ပါသည်။ AIPA ၏ ရည်မှန်းချက်ပန်းတိုင်များအပေါ် အာဆီယံပြည်သူများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် သိစေရန်ရည်ရွယ်၍ AIPA Awareness Programme ကို ၂၀၁၃ ခုနှစ်တွင်စတင်ဆောင်ရွက်ခဲ့ပါသည်။

၁၄။     AIPA အဖွဲ့ဝင်လွှတ်တော်များတွင် AIPA Awareness Programme ကို စတင်ဆောင် ရွက်ရန်အတွက် AIPA အဖွဲ့ဝင်ပါလီမန်စာကြည့်တိုက်များ၌ AIPA corner သို့မဟုတ် AIPA ဌာနစိတ်တည်ထောင်ရန် Awareness Programme ကော်မတီက AIPA အဖွဲ့ဝင်များ အား တိုက်တွန်းခဲ့ပါသည်။ Awareness ကော်မတီသည် AIPA မှ ထုတ်ဝေသည့် လက်ကမ်းစာ စောင်၊ စာအုပ်ငယ်များ၊ သတင်းလွှာများကို AIPA Website မှတစ်ဆင့် AIPA အဖွဲ့ဝင်ဆိုင်ရာ ပါလီမန်များထံ သတင်းအချက်အလက်များ ထောက်ပံ့ပေးလျက်ရှိပါသည်။ 

AIPA ဆိုင်ရာအကြောင်းအရာများကို ပိုမိုရင်းနှီးသိရှိရမည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ/ AIPA ကို ပိုမိုရင်းနှီးသိရှိရမည့်ပရိသတ်များ

၁၅။     AIPA အတွက်စိန်ခေါ်မှုတစ်ရပ်မှာ ဒေသတွင်းရှိအာဆီယံနိုင်ငံများအကြား အမျိုးမျိုး ကွဲပြားလျက်ရှိသော ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ဘာသာစကားများ၊ အပြုအမူအလေ့အကျင့်နှင့် ရေမြေသဘာဝပတ်ဝန်းကျင်အခြေအနေများကြောင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်များ မြန်ဆန်စွာသိရှိနိုင်မှုတို့နှင့်ပတ်သက်သော အခက်အခဲပင်ဖြစ်ပါသည်။ AIPA ဆိုင်ရာ အကြောင်း အရာများကို သိသင့်သိထိုက်သော အဓိကအရေးပါသည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက သိရှိ နားလည်သဘောပေါက်၍ AIPA နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အတွက် သီးသန့်နည်းဗျူဟာ များရေးဆွဲချမှတ်၍ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ပြည်တွင်းအဆင့်နှင့် ဒေသဆိုင်ရာအဆင့်တို့မှ AIPA ကို ပိုမိုရင်းနှီးသိရှိရမည့်အဓိကပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က)    အုပ်ချုပ်ရေးအဖွဲ့များ။          ကက်ဘိနက် (Cabinet) အဖွဲ့သည် သမ္မတ သို့မဟုတ် ဝန်ကြီးချုပ်ဦးဆောင်သည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပါဝင်ဖွဲ့စည်း ထားသော အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ဖြစ်ပါသည်။ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး၊ ဥပဒေများအတည်ပြုရေးတို့နှင့် ပတ်သက်လျက်ရှိသောကြောင့် အုပ်ချုပ်ရေးအဖွဲ့ သည် AIPA နှင့်မပြတ်ဆက်သွယ်ဆောင်ရွက်ရမည့်၊ AIPA ဆိုင်ရာအကြောင်း အရာ၊ အချက်အလက်များကိုသိရှိရမည့် အရေးအကြီးဆုံးသောအဖွဲ့ဖြစ်ပါသည်။

(ခ)     အာဆီယံနိုင်ငံများမှ လွှတ်တော်ကိုယ်စားလှယ်များ။            လွှတ်တော်ကိုယ်စား လှယ်များသည် ဆုံးဖြတ်ချက်ချမှတ်ပိုင်ခွင့်ရှိသူများဖြစ်ပြီး AIPA နှင့် အဓိက သက်ဆိုင်သူများဖြစ်ကြပါသည်။

(ဂ)     အခြားအာဆီယံအဖွဲ့အစည်းများ။          အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံဖောင်ဒေးရှင်းကဲ့သို့သော အာဆီယံဆိုင်ရာအဖွဲ့အစည်းများဖြစ်ပါသည်။ AIPA ၏အကျိုးကို ကျယ်ကျယ်ပြန့်ပြန့်ကူညီဆောင်ရွက်လျက်ရှိပြီး AIPA အား အဓိကထောက်ခံသည့်၊ ထောက်ပံ့သည့်ဒေါက်တိုင်များဖြစ်ပါသည်။

(ဃ)    နိုင်ငံတကာအဖွဲ့အစည်းများ။               ကုလသမဂ္ဂ၊ Inter-Parliamentary Union-IPU ကဲ့သို့သော အဖွဲ့အစည်းများဖြစ်ပါသည်။

(င)     အဓိကဩဇာသက်ရောက်မှုရှိသူများ။ ပညာရေးနယ်ပယ်မှအဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များနှင့် နိုင်ငံတကာ အသိုက်အဝန်းစသည်တို့ဖြစ်ပါသည်။

(စ)     လူငယ်ခေါင်းဆောင်များ။          AIPA ဆိုင်ရာများကို သိရှိနားလည်နေရမည့် ဒုတိယအကြီးဆုံးအုပ်စုဖြစ်ပါသည်။ ၎င်းအုပ်စုတွင် လူငယ်များ၊ ကျောင်းသားများ နှင့် အသက် ၁၈ နှစ်မှ ၄၀ နှစ်အကြားရှိ လူမှုကွန်ယက်၊ မိုဘိုင်းနည်းပညာ ကျွမ်းကျင်သူများ၊ အာဆီယံ၏ စွမ်းအားပြည့်အနာဂတ်ခေါင်း ဆောင်များဖြစ် သော အရွယ်ရောက်လူငယ်များဖြစ်ပါသည်။ 

(ဆ)    မီဒီယာ။        ပြည်တွင်းမီဒီယာ၊ ဒေသတွင်းမီဒီယာ၊ နိုင်ငံတကာမီဒီယာ၊ သမာရိုးကျမီဒီယာနှင့် အွန်လိုင်းမီဒီယာ စသည်တို့ဖြစ်ပါသည်။ 

AIPA - ASEAN ပူးပေါင်းဆောင်ရွက်မှုများ

၁၆။     ၂၀၁၄ ခုနှစ်၊ မေလတွင် မြန်မာနိုင်ငံ၊ နေပြည်တော်၌ကျင်းပခဲ့သည့် (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးဖြစ်သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံ၊ နိုင်ငံ တော်အကြီးအကဲများ/အစိုးရအကြီးအကဲများနှင့် အဖွဲ့ဝင်နိုင်ငံလွှတ်တော်များအကြား ပြုလုပ်ခဲ့ သည့် AIPA – ASEAN မျက်နှာစုံညီအစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်နှင့် AIPA အထွေထွေအတွင်းရေးမှူးချုပ်ရုံးတို့ပူးပေါင်း၍ ၂၀၁၄ ခုနှစ်၊ မေလ (၉) ရက်နေ့မှ (၁၁) ရက်နေ့ အထိ ကျင်းပခဲ့ပါသည်။ 

၁၇။     AIPA - ASEAN အဖွဲ့အစည်းနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် နားလည်မှု၊ ချစ်ခင်ရင်းနှီးမှုရှိစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ AIPA - ASEAN အဖွဲ့ များ၏ ပြောရေးဆိုခွင့်ရှိသူများအား နှစ်ဘက်အဖွဲ့အစည်း၏ တရားဝင်ဆွေးနွေးပွဲများသို့ ဖိတ်ကြားဆွေးနွေးလေ့ရှိကြပါသည်။  သို့သော် AIPA - ASEAN တို့အကြား ကူးလူးဆက်ဆံ ရေးဆိုင်ရာ ပုံမှန်ရုပ်သံလိုင်းများထူထောင်နိုင်ခြင်းမရှိသေးသည့်အတွက် အကောင်အထည် ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ ASEAN - AIPA ပူးပေါင်းဆောင်ရွက်မှု ပိုမို အားကောင်းစေရေးအတွက်ရည်ရွယ်၍ အောက်ပါတို့အားအကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်-

(က)    Communication Master Plan ရေးဆွဲဆောင်ရွက်ခြင်း၊

(ခ)     အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် ဆုံးဖြတ်ချက်

များအား AIPA – ASEAN ပူးတွဲကြေညာစာတမ်းများထုတ်ပြန်ဆောင်ရွက်ခြင်း၊

(ဂ)     ၂၀၂၅ အာဆီယံမျှော်မှန်းချက်အောင်မြင်စေရေးအတွက် AIPA - ASEAN အဖွဲ့

များ၏ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးများ သို့မဟုတ် အထွေထွေ  

အတွင်းရေးမှူးချုပ်ရုံး အစည်းအဝေးများအား ပုံမှန်ကျင်းပဆောင်ရွက်ခြင်း၊

(ဃ)    AIPA Communication Master Plan နှင့် ASEAN Communication

Master Plan တို့တွင် ဆောင်ရွက်ရန်ဖော်ပြထားသည့်လုပ်ငန်းများ၊

နည်းဗျူဟာများအတိုင်း AIPA အထွေထွေအတွင်းရေးမှူးချုပ်ရုံးနှင့် ASEAN

အထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ လိုက်နာဆောင်ရွက်ခြင်း၊

(င)     AIPA - ASEAN အဖွဲ့အစည်းနှစ်ခုကြား လေ့လာရေးခရီးများ၊ အလုပ်ရုံ

ဆွေးနွေးပွဲများ၊ ညီလာခံများ ကျင်းပဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။ 

၁၈။     AIPA - ASEAN အဖွဲ့အစည်းတို့သည် အာဆီယံဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်း နှစ်ခုဖြစ်ပါသည်။ AIPA သည် ASEAN အသိုက်အဝန်း၏အရေးပါပုံနှင့် အကျိုးကျေးဇူးများ အား ASEAN ဒေသတွင်းပြည်သူလူထုများ သိရှိနားလည်စေရန်အတွက် လွှတ်တော် ကိုယ်စားလှယ်များမှတစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ AIPA - ASEAN ပူးပေါင်းဆောင်ရွက်မှုသည် အာဆီယံဒေသ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အာဆီယံအသိုက်အဝန်းရည်မှန်းချက် ၂၀၂၅ အောင်မြင်စေရေးအတွက် မရှိမဖြစ်အရေးပါလျက် ရှိပါသည်။ 

AIPA Communication Master Plan ရေးဆွဲဆောင်ရွက်လျက်ရှိသည့်အခြေအနေ

၁၉။     AIPA Communication Master Plan အား အကောင်အထည်ဖော်နိုင်ရေးအတွက် အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပုံမှန်ညှိနှိုင်း အစည်းအဝေးများကျင်းပ၍ ဆောင်ရွက်လျက်ရှိပါသည်။ AIPA Communication Master Plan နှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    AIPA ကို လူအများသိရှိလာစေရန်ဆောင်ရွက်နိုင်မည့်ပုဂ္ဂိုလ်များအားသတ်မှတ် နိုင်ရေး။       AIPA - ASEAN ၏ အရေးပါပုံနှင့်အကျိုးကျေးဇူးများအား လူအများသိရှိလာစေရန် ဆောင်ရွက်နိုင်မည့်ပုဂ္ဂိုလ်များအား သတ်မှတ် ဆောင်ရွက်ရန်ဖြစ်ပါသည်။ (ဥပမာ- လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စီးပွားရေးပညာရှင်များ၊ နည်းပညာ ကျွမ်းကျင်ပညာရှင်လူငယ်များ၊ မီဒီယာသမားများ)

(ခ)     နှစ် (၄၀) ပြည့် AIPA နှစ်ပတ်လည်နေ့ကျင်းပနိုင်ရေး။      နှစ် (၄၀) ပြည့် AIPA နှစ်ပတ်လည်နေ့ အခမ်းအနားသည် သမိုင်းဝင်အခမ်းအနားတစ်ခုဖြစ်သည်နှင့် အညီ အာဆီယံအဖွဲ့ဝင်ပါလီမန်တစ်ရပ်ချင်းကပါ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ရန်ဖြစ်ပါသည်။

(ဂ)     နှစ်စဉ် စက်တင်ဘာလ (၂) ရက်နေ့အား AIPA Day အဖြစ် သတ်မှတ်နိုင်ရေး။           နှစ်စဉ်စက်တင်ဘာလ (၂) ရက်နေ့အား AIPA Day အဖြစ် သတ်မှတ်ဆောင် ရွက်ခြင်းဖြင့် တစ်နှစ်တာအတွင်း AIPA ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အောင် မြင်မှုများအား လူအများသိရှိစေရန် ဆောင်ရွက်နိုင်ခွင့်ရရှိမည်ဖြစ်ပါသည်။

(ဃ)    AIPA အဖွဲ့ဝင်ပါလီမန်များအလိုက် ပြောရေးဆိုခွင့်ရှိသူများအား သတ်မှတ် ဆောင်ရွက်ရေး။ ပြောရေးဆိုခွင့်ရှိသူသည် AIPA အကြောင်းအား စိတ်ဝင်စားပြီး ကျယ်ပြန့်စွာ သိရှိနားလည်ထားသူဖြစ်ရမည့်အပြင် အများပြည်သူနှင့်လည်း ညှိနှိုင်းဆောင်ရွက်နိုင်သူ ဖြစ်ရပါမည်။

(င)     AIPA - ASEAN ဆိုင်ရာကိစ္စရပ်များအား အများပြည်သူသိရှိနိုင်ရန် မီဒီယာ မှတစ်ဆင့် ဆောင်ရွက်နိုင်ရေး။ AIPA - ASEAN ဆိုင်ရာကိစ္စရပ်များအား အများပြည်သူသိရှိ နိုင်ရန် ရည်ရွယ်၍ တီဗွီ၊ ရေဒီယို၊ သတင်းစာနှင့် မဂ္ဂဇင်းတို့မှ တစ်ဆင့်ဖော်ပြရမည် ဖြစ်ပါသည်။

(စ)     ဒီဂျစ်တယ်နှင့် Online ဆက်သွယ်ရေး။    အွန်လိုင်းတွင် AIPA ဝက်ဘ်ဆိုဒ်နှင့် နိုင်ငံအလိုက်ဝက်ဘ်ဆိုဒ်များချိတ်ဆက်၍ အပြန်အလှန်ဆက်သွယ်မှုလမ်းကြောင်း များဖြစ်ပေါ်လာစေရေးနှင့် အဓိကဆက်သွယ်မှုဆုံမှတ် ဖြစ်ပေါ်လာစေရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

(ဆ)    လူမှုကွန်ယက်များအသုံးပြုနိုင်မည့်အစီအစဉ်ရေးဆွဲရေး။    လူမှုကွန်ယက်မီဒီယာ၊ စာတိုပေးပို့မှုစနစ်များနှင့် မိုဘိုင်းကိရိယာများသည် ဆက်သွယ်ရေးလုပ်ငန်း အတွက် အဓိကကျသည့်အတွက် AIPA Facebook၊ Twitter များမှတစ်ဆင့် လူအများသိရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

(ဇ)     ကျွမ်းကျင်ပညာရှင်များနှင့် အကြံပေးများ ခန့်အပ်ရေး။        AIPA နှင့် အာဆီယံ အဖွဲ့ဝင်ပါလီမန်များအနေဖြင့် AIPA ကို အထူးစိတ်ဝင်စားပြီး ဟောပြောရေးသား နိုင်သူ၊ ခွဲခြမ်းစိတ်ဖြာနိုင်သူများနှင့် ပညာရှင်များကဲ့သို့အရေးပါပြီး သြဇာရှိန်ဝါ ကြီးသူများအား ရွေးချယ်ခန့်ထားပေးရမည်ဖြစ်ပါသည်။

(ဈ) ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုးတက်မှုအား မျှဝေပေးရေး။     အာဆီယံအဖွဲ့သည် အောင်မြင်သည့်အဖွဲ့အစည်းတစ်ခုဖြစ်သည့်အတွက် အာဆီယံ အသိုက်အဝန်း၏ ဖွံ့ဖြိုးတိုးတက်မှုများမှာ အမြင့်ဆုံးသို့ရောက်ရှိလျက်ရှိပြီး အာဆီယံနှင့်အာဆီယံအဖွဲ့ဝင်   လွှတ်တော်များအကြားချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးအား တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ပါသည်။

(ည)    Theme သတ်မှတ်ရေး။  ယခင်သတ်မှတ်ထားသော Theme ဖြစ်သည့် “Your AIPA, Our ASEAN” အစား “Our AIPA, Our ASEAN” ဟုပြောင်းလဲသတ်မှတ်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

(ဋ)     AIPA အဖွဲ့ဝင် ပါလီမန်များအလိုက် Communication Master Plan တွင် ပါရှိသည့် လုပ်ဆောင်ချက်များ၊ နည်းဗျူဟာများအတိုင်း လိုက်နာဆောင်ရွက်ရေး။ ယခု ရေးဆွဲထားသော Communication Master Plan တွင် ပါရှိသည့် လုပ်ဆောင်ချက်များ၊ နည်းဗျူဟာများနှင့် နည်းပညာများအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပါလီမန်များအလိုက် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ 

AIPA စွမ်းရည်ဖွံ့ဖြိုးမှုစီမံကိန်း (AIPA Capacity Development Project)

၂၀။     AIPA စွမ်းရည်ဖွံ့ဖြိုးမှုအစီအစဉ်ကို ၂၀၁၂ ခုနှစ်မှစတင်၍ အထွေထွေအတွင်းရေးမှူးချုပ်ရုံး နှင့် ဂျာမနီနိုင်ငံခြားရေးဌာနတို့အကြား သဘောတူညီမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ဂျာမန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (GIZ) နှင့် ဟန်းဆိုက်ဒယ်ဖောင်ဒေးရှင်း တို့သည် AIPA ၏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် အကူအညီပေးလျက်ရှိသည့် ဂျာမနီအစိုးရ၏ ငွေကြေးအထောက်အပံ့ဖြင့် တည်ထောင် ထားသော အဖွဲ့အစည်းများဖြစ်ပါသည်။

၂၁။     AIPA စွမ်းဆောင်ရည်ဖွံ့ဖြိုးမှုစီမံကိန်းသည် အောက်ပါလုပ်ငန်းစဉ်များဖြင့် AIPA အဖွဲ့ဝင် လွှတ်တော်များသို့ ကူညီထောက်ပံ့ပေးလျက်ရှိပါသည်-

(က)    လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု၊ သတင်းအချက်အလက်များဖလှယ်မှုနှင့် AIPA အဖွဲ့ဝင်လွှတ်တော်များ၏ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းများတွင် ကူညီပေးခြင်း၊

(ခ)     လူသားစွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်း၊

(ဂ)     အာဆီယံအသိုက်အဝန်းပေါ်ပေါက်လာစေရေးအတွက် AIPA အထွေထွေအတွင်း ရေးမှူးချုပ်ရုံး၏ ကြိုးပမ်းမှုများကို အထောက်အကူပြုခြင်း။

AIPA အတွက်အခက်အခဲများ

၂၂။     AIPA လွှတ်တော်များသည် နယ်မြေဒေသဆိုင်ရာကိစ္စရပ်တိုင်းတွင် တိကျခိုင်မာသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် အဓိကစိန်ခေါ်မှုနှစ်ခုအတွက် ပြင်ဆင်ထားရမည်ဖြစ်ပါ သည်။ AIPA ပူးပေါင်းဆောင်ရွက်မှုနှင့်ပါဝင်မှုတွင် ASEAN အစည်းအဝေး၌ နိုင်ငံ့အစိုးရ များ၏ ဆောင်ရွက်မှုများကို အမှုကိစ္စများမဆောင်ရွက်ခင်စစ်ဆေးခြင်းနှင့် ဆောင်ရွက်ပြီးနောက် စစ်ဆေးခြင်းတည်းဟူသော ပိုမိုကောင်းမွန်သည့် စစ်ဆေးဆောင်ရွက်ခြင်းများကို ဖြည့်စွက်ရန် လိုအပ်ပါသည်။ အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC-ASEAN Economic Community) ပေါ်ပေါက်လာသောကြောင့် AIPA ၏ ပူးပေါင်းဆောင်ရွက်မှုသည် အထူး အရေးပါလာပြီး ပိုမိုများပြားသော ဆုံးဖြတ်ချက်များသည် လူထုဘဝအပေါ် ကြီးမားသည့်အကျိုး သက်ရောက်မှုရှိစေပါသည်။ ဒုတိယမြောက်အရေးကိစ္စတစ်ခုမှာ လွှတ်တော်များအကြား စွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပါသည်။ သိပ္ပံဆိုင်ရာဝန်ဆောင်မှုများနှင့် အရည်အသွေးမြင့်မားသော ကော်မတီများသည် ASEAN အရေးကိစ္စများကို ထည့်သွင်းစဉ်းစားကာ ဆောင်ရွက်ကြပါ သည်။ ASEAN အရေးကိစ္စများဆောင်ရွက်ရန်အတွက် လွှတ်တော်တစ်ခုချင်းစီအလိုက် ၎င်းတို့၏ လုပ်ဆောင်နိုင်စွမ်းနှင့်လိုအပ်ချက်များကို ပိုင်းခြားသုံးသပ်ရမည့်အခန်းကဏ္ဍပါဝင်ပါသည်။ 

ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားရှိသည့် အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီ (Joint Committee on ASEAN Inter-Parliamentary Assembly)

၂၃။     အာဆီယံဒေသတွင်းလွှတ်တော်များနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုး တက်စေရေးအတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရ ဥပဒေပုဒ်မ ၇-ခ နှင့်အညီ ပြည်သူ့လွှတ် တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်ဦးရေ တူညီစွာပါဝင်သည့် အာဆီယံပါလီမန် များညီလာခံဆိုင်ရာ ပူပေါင်းကော်မတီကို ၁.၃.၂၀၁၆ ပြည်ထောင်စုလွှတ်တော်က ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ် (၃၁/၂၀၁၆) ဖြင့်ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါပူးပေါင်းကော်မတီတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၈ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၈ ဦး၊ စုစုပေါင်း ၁၆ ဦး ပါဝင်ပါသည်။

၂၄။     ပူးပေါင်းကော်မတီ၏သက်တမ်းမှာ စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ တစ်နှစ်ဖြစ်သဖြင့် ကော်မတီသက်တမ်းတိုးခြင်းကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၏ အတည်ပြုချက်ရယူ ၍ ဆောင်ရွက်ရပါသည်။ အာဆီယံပါလီမန်ညီလာခံများဆိုင်ရာ ပူးပေါင်းကော်မတီသည် ပြည်ထောင်စုလွှတ်တော်နှင့် AIPA ဒေသတွင်းလွှတ်တော်များ၊ လေ့လာသူလွှတ်တော်များ အကြားဆက်သွယ်ဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှု၊ နားလည်မှု၊ ချစ်ကြည်ရင်းနှီးစွာဆက်ဆံ မှုတိုးတက်ရေးတို့ကို တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထို့အပြင် AIPA အထွေထွေ ညီလာခံက ချမှတ်လိုက်သည့်မူဝါဒများ၊ ဥပဒေပြုရေးကနဦးဆောင်ရွက်ချက်များ၊ ဆုံးဖြတ်ချက် များနှင့် အစီရင်ခံစာများကိုလည်း ပြည်ထောင်စုလွှတ်တော်သို့ လေ့လာတင်ပြရပါသည်။ ပူးပေါင်း ကော်မတီ၏ ရုံးလုပ်ငန်းဆိုင်ရာကိစ္စအဝဝကို ပြည်ထောင်စုလွှတ်တော်ရုံးက တာဝန်ယူဆောင် ရွက်ရပါသည်။ 

မြန်မာနိုင်ငံတွင်အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၃၇) ကြိမ်မြောက် AIPA အထွေထွေ ညီလာခံ

၂၅။     (၃၇) ကြိမ်မြောက်အာဆီယံပါလီမန်များ အထွေထွေညီလာခံကို နေပြည်တော်၌ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၃ ရက်အထိ “Vibrant AIPA for a Progressive ASEAN Community” ခေါင်းစဉ်ဖြင့် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ အဆိုပါ ညီလာခံသို့ AIPA အဖွဲ့ဝင်လွှတ်တော်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ AIPA အထွေထွေအတွင်း ရေးမှူးချုပ်ရုံး၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံး၊ နိုင်ငံတကာပါလီမန်များသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ်ရုံး၊ Freeland foundation, ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP၊ ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၊ ကမ္ဘောဒီးယားပါလီမန်ရေးရာ အင်စတီကျု၊ အင်္ဂလန်အောက်လွှတ်တော်၊ အာဆီယံနှင့် အရှေ့အာရှစီးပွားရေးရာသုတေသန  အင်စတီကျုစသည့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။

၂၆။     ထိုသို့အစည်းအဝေးကျင်းပနိုင်ရန်အတွက် ကော်မတီများ၊ အထောက်အကူပြု အဖွဲ့များကို ဖွဲ့စည်းခဲ့ပါသည်။ ဖွဲ့စည်းခဲ့သော ကော်မတီများမှာ ကျင်းပရေးဦးစီးကော်မတီ၊ အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းကော်မတီနှင့် အထောက်အကူပြုအဖွဲ့များဖြစ်ပါသည်။ ထို့နောက် ညီလာခံတက်ရောက် ရန်လာရောက်ကြသည့် ကိုယ်စားလှယ်အဖွဲ့များအားကြိုဆိုခြင်း၊ AIPA ဥက္ကဋ္ဌတာဝန်လွှဲ ပြောင်း/လက်ခံခြင်း၊ AIPA အထွေထွေအတွင်းရေးမှူးချုပ်တာဝန်လွှဲပြောင်းလက်ခံခြင်း၊ အမှုဆောင်ကော်မတီအစည်းအဝေးကျင်းပခြင်း၊ ညီလာခံဖွင့်ပွဲအခမ်းအနားကျင်းပခြင်း၊ ပထမ စုံညီအစည်းအဝေး (First Plenary Session) ကျင်းပခြင်း၊ Committee on WAIPA အစည်း အဝေးကျင်းပခြင်း၊ Committee on Organizational Matters အစည်းအဝေးကျင်းပခြင်း၊ Committee on Political Matters အစည်းအဝေးကျင်းပခြင်း၊ Committee on Economic Matters အစည်းအဝေးကျင်းပခြင်း၊ Committee on Social Matters အစည်းအဝေး ကျင်းပခြင်း၊ Committee on Joint Communique အစည်းအဝေးကျင်းပခြင်း၊ AIPA အထွေထွေအတွင်းရေးမှူးချုပ်နှင့် AIPA အဖွဲ့ဝင် ပါလီမန်အတွင်းဝန်ရုံးတာဝန်ရှိသူများ တွေ့ဆုံ သည့်အစည်းအဝေးကျင်းပခြင်း၊ AIPA အထွေထွေအတွင်းရေးမှူးချုပ်နှင့် AIPA အဖွဲ့ဝင် ပါလီမန်အတွင်းဝန်ရုံး တာဝန်ရှိသူများတွေ့ဆုံသည့်အစည်းအဝေးကျင်းပခြင်း၊ ဒုတိယစုံညီ အစည်းအဝေးကျင်းပခြင်း၊ ညီလာခံပိတ်ပွဲအခမ်းအနားကျင်းပခြင်းနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်းကို ပထမနေ့မှ ပဉ္စမနေ့အထိ အစီအစဉ်တကျ ကျင်းပခဲ့ပါသည်။ 

နိဂုံး

၂၇။     အာဆီယံ၏ကုန်လွန်ဖြတ်သန်းခဲ့သည့် ဆယ်စုနှစ်ကာလများသည် အာဆီယံလူမှုအဖွဲ့ အစည်းအတွင်း အပေါင်းလက္ခဏာဆောင်သည့် တိုးတက်မှုများစွာဖြစ်ထွန်းခဲ့ပါသည်။ ယင်းမှာ ဖြစ်ရပ်တစ်ခုတည်းအနေဖြင့် တိုးတက်မှုမဟုတ်ဘဲဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် စံတန်ဖိုးများ အပေါ် လွှမ်းမိုးအခြေပြုသည့် လူမှုအသိုက်အဝန်းကြီးတစ်ခုပေါ်ထွန်းလာခြင်းဖြစ်စဉ်ဟု ရှုမြင်နိုင် ပါသည်။ ယင်းမှာ အာဆီယံ၏ မဟာဗျူဟာ မိတ်ဘက်အဖွဲ့အစည်းဖြစ်သည့် အာဆီယံပါလီမန် များညီလာခံ AIPA ၏ ထိရောက်သည့် ဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ၏ အကျိုးရ လဒ်ပင်ဖြစ်ပါသည်။ ကမ္ဘာ့သတ္တမမြောက် ဒေသဆိုင်ရာ စီးပွားရေးအင်အားစုကြီးတစ်ခုအဖြစ် အနာဂတ်တွင် ပေါ်ထွန်းလာဖွယ်ရှိသည့် အာဆီယံနှင့် AIPA တို့၏ ဆောင်ပုဒ်ဖြစ်သော “စိတ်တူကိုယ်တူသွင်ပြင်တူသည့် တစ်ခုတည်းသော အာဆီယံအသိုက်အဝန်းဆီသို့” ဟူသည်နှင့် အညီ ပြည်သူကိုဗဟိုပြုသည့် လူမှုအဖွဲ့အစည်းတစ်ရပ်အဖြစ် ပြောင်းလဲဖြစ်ပေါ်လာစေရေးအတွက် အာဆီယံပါလီမန်များညီလာခံသည် အာဆီယံ၏ပါလီမန်ရေးရာရှုထောင့်အနေဖြင့် ခိုင်မာစွာရပ်တည်လျက်ရှိပါကြောင်း ရေးသားတင်ပြအပ်ပါသည်။


သတိပြုရန်
ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော် ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

Date issused 
Thursday, September 14, 2017 - 10
Research File 
Researcher name 
သုတေသနဌာ၊ ပြည်သူ့လွှတ်တော်ရုံး