Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ၏ ၂၀၂၀ ခုနှစ်၊ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံး နှစ်သစ်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုမောင်နှမများ ခင်ဗျာ

ယနေ့အချိန်အခါသည် ကျွန်တော်တို့နိုင်ငံအတွက် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ရင်ကြားစေ့ ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့ဟာ မရှိမဖြစ် အရေးတကြီး လိုအပ်နေတဲ့ အရာများဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ မှန်ကန်မျှတတဲ့ သဘောထား အမြင်များကို အခြေခံပြီး နားလည်မှု၊ ယုံကြည်မှုတို့ဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြ မည်ဆိုရင် ငြိမ်းချမ်း သာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် ကြီးကို မလွဲမသွေ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့လွှတ်တော်သည်လည်း တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေ သော ထာဝရငြိမ်းချမ်းရေး ရရှိနိုင်ဖို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး တို့မှတဆင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများကို အသိပေးတင်ပြအပ်ပါတယ်။

တိုင်းရင်းသားပြည်သူများအနေနဲ့လည်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ကျွန်တော်တို့ လွှတ်တော်နဲ့အတူကျရာ အခန်းကဏ္ဍမှနေပြီး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြပါစေ။ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲဖို့အတွက် မလျှော့သော ဇွဲ၊လုံ့လ၊ဝီရိယနဲ့ကိုယ်စွမ်း ဉာဏ်စွမ်းရှိ သမျှ ကြိုးပမ်းအားထုတ်နိုင်ကြပါစေ။

၂၀၂၀ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး လိုအင်ဆန္ဒများ ပြည့်ဝနိုင်ကြ ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျား။

အားလုံးကို ကျေးဇူးတင်ပါတယ်။

 

ရုပ်သံဖိုင်ကြည့်ရှုရန်

 

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်