Skip to main content

(ခ)လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ဖွင့်လှစ်ထားသော မူကြိုကျောင်းများနှင့်  ပြင်ပပုဂ္ဂလိက မူကြိုကျောင်းများတွင် သင်ရိုးညွှန်းတမ်း စနစ်တကျရေးဆွဲ ထားခြင်း ရှိ/မရှိနှင့် ပြင်ပ မူကြိုကျောင်းများကို မည်သည့် ဌာနက၊ မည်သို့ ကြီးကြပ်ထိန်းသိမ်း ဆောင်ရွက်နေသည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

မူကြိုကျောင်းများနှင့်ပတ်သက်ပြီး မေးမြန်းသွားမည် ဖြစ်ကြောင်း၊ မိဘတွေ အလုပ် မအားလပ်ခြင်း၊ ကိုယ့်ကလေးများကို ငယ်စဉ်ကတည်းက တော်စေချင်သည့်အတွက်ကြောင့် မိဘများ၏ စေတနာ အရ မူကြိုကျောင်းပညာရေး ပေါ်ထွန်းလာခဲ့ကြောင်း၊ မြို့ကြီးများ သာမက မြို့ငယ် လေးများနှင့် တချို့ကျေးရွာများထိ မူကြိုကျောင်း ယဉ်ကျေးမှုသည် ပြန့်နှံ့လာခြင်း ဖြစ်ကြောင်း၊ ပဲခူးတိုင်း ဒေသ ကြီး၊ မင်းလှမြို့နယ်တွင် မူကြိုကျောင်းအတွက် မြေနေရာ အခက်အခဲကြောင့် အစိုးရမူကြို ကျောင်းဖွင့်ရန် မလွယ်ကူဖြစ်နေပါကြောင်း၊ သို့သော် မင်းလှမြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက် ရေးအသင်းမှ ကမအထပြုပြီး မြို့မိမြို့ဖ၊ ဌာနဆိုင်ရာများနှင့် မြို့နေ ပြည်သူလူထုတို့၏ ကြိုးစားမှုကြောင့် လူမှုဝန်ထမ်း ဦးစီးဌာန အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူကြို ကျောင်းငယ် တစ်ခု ဖွင့်ထားပါကြောင်း၊ မူကြိုပညာရေးသည် မူလတန်း၊ သူငယ်တန်းကို တက်ရန်အတွက် ခြေဆင်း၊ အကြိုလေ့ကျင့်ရေးကွင်းဖြစ်ကြောင်း၊ ကလေးများ၏ အများနှင့် နေတတ်မှု၊ ၎င်းတို့ လိုက်နာနိုင်သည့် စည်းကမ်း၊ ကိုယ့်ကိုယ်ကို အားကိုးနိုင်မှု၊ ပညာရေးဝန်ကြီးဌာန၏ သူငယ်တန်းအတွက် အခြေခံ ရရှိစေမှုများအတွက် အထောက်အကူ ဖြစ်ပါကြောင်း၊ မူကြိုကျောင်း များတွင် အစိုးရမူကြိုကျောင်းများနှင့်  ပြင်ပမူကြိုကျောင်းများကို ဖွင့်လှစ်ထားပါကြောင်း၊ ရင်ခွင်ပိုက်မူကြိုများလည်း တွေ့ရပါကြောင်း၊ မူကြိုပညာရေး သင်ကြားရာတွင် ကိုယ့်ကျောင်းနှင့် ကိုယ် အဆင်ပြေသလို သင်ကြားပေးနေသည်ကို တွေ့ရကြောင်း၊ တချို့ကျောင်းများတွင် တိုင်းတစ်ပါး ယဉ်ကျေးမှုဖြစ်သည့် ဟောလိုးဝင်းပွဲများ ကျင်းပနေသည်ကို တွေ့ရပါကြောင်း၊ ကလေးဘဝကအစ ကိုယ့်နိုင်ငံကို ယ့်ယဉ်ကျေးမှုကို မြတ်နိုးတတ်စေရန်၊ ရင်းနှီးအကျွမ်းဝင်နေစေရန် ထိတွေ့မှုများ လုပ်လုပ်ပေးမှ နိုင်ငံချစ်စိတ်၊ ယဉ်ကျေးမှုကို မြတ်နိုးသည့် စိတ်များကို ကလေးများ၏ ရင်ထဲတွင် ငယ်စဉ်မှစပြီး ကိန်းအောင်းလာနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် မူကြိုကလေးများ၏ သင်ရိုး အညွှန်းဘောင်များသည် ပညာရေးဝန်ကြီးဌာန သူငယ်တန်း သင်ရိုးများနှင့် လိုက်လျော ညီထွေဖြစ်ရန် လိုပါကြောင်း၊ မူကြိုပညာရေးသည် အလွန်မြင့်ပြီး KG ပညာရေးက အလွန်နိမ့်နေ ပါက အကူးအပြောင်း ရောက်ရှိလာသည့် ကလေးများ စိတ်မဝင်စားနိုင် ပျင်းရိငြီးငွေ့နေမည် ဖြစ်သည့်အပြင် မူကြိုပညာရေးသည် အလွန်နိမ့်နေပြီး KG ပညာရေးကို လိုက်မမီနိုင် ဖြစ်နေပါက ပညာသင်ကြား‌ရေး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်ပါကြောင်း၊ ထို့ကြောင့် မူကြို ပညာရေး သင်ရိုးအညွှန်းဘောင်များကို အစိုးရ မူကြိုများနှင့် ပြင်ပ မူကြိုများအတွက်ပါ စနစ်တကျ ရေးဆွဲပြဋ္ဌာန်းခြင်း ရှိ/မရှိနှင့် ပြင်ပမူကြိုကျောင်းများကို မည်သည့်ဌာနက မည်ကဲ့သို့ ကြီးကြပ် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။


 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန သည်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေရန် ရည်ရွယ်ပြီး တင်ပြပါ လုပ်ငန်း ခုနစ်ရပ်ကို ချမှတ်လုပ်ဆောင်လျက်ရှိပြီး ကလေးသူငယ် ဗဟိုချက်ဌာန ဖြစ်သည်နှင့်အညီ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊

ထိုသို့ဆောင်ရွက်ရာတွင် ဌာနအခြေပြု လုပ်ငန်းအနေဖြင့် အသက်သုံးနှစ်ပြည့်ပြီး အသက် ခြောက်နှစ် မပြည့်သည့် ရှေးဦးအရွယ် ကလေးသူငယ်များနှင့် အသက်ငါးနှစ် ပြည့်ပြီးသော်လည်း သူငယ်တန်းသို့ အပ်နှံခြင်း မပြုနိုင်သည့်  ရှေးဦးအရွယ် ကလေးသူငယ်များအား ဘက်စုံဖွံ့ဖြိုးမှု ရရှိစေရန် ဌာနပိုင်မူလတန်းကြို ကျောင်းများ ဖွင့်လှစ်ပေးခြင်း၊ ရပ်ရွာအခြေပြု လုပ်ငန်းအနေဖြင့် ကိုယ့်အားကိုယ်ကိုးနှင့် ပုဂ္ဂလိက မူလတန်းကြိုကျောင်းများကို သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ တည်ထောင်ခွင့်ပြုမိန့်များ ရရှိရန် ဆောင်ရွက်ပေးခြင်းနှင့် မိခင်ဝိုင်းများ ဖွင့်လှစ်ပေးခြင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် ၁၉၅၃ ခုနှစ်တွင် စတင်ပြီး နေ့ကလေးထိန်းဌာနများ၊ မူလတန်းကြို ကျောင်းများကို ဖွင့်လှစ်ပြီး မူကြိုအရွယ် ကလေးသူငယ်များကို ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ပြီး မူလတန်းကြိုကျောင်းများကို ဖွင့်လှစ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် လက်ရှိတွင် မြို့နယ် ၁၀၇ မြို့နယ်တွင် မူလတန်း ကြိုကျောင်း ၁၃၃ ကျောင်းကို ဖွင့်လှစ်၍ မူလတန်းကြိုအရွယ် ကလေးသူငယ်များကို ပြုစုပျိုးထောင် ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ရှေးဦးအရွယ် ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နည်းစနစ်များနှင့်အညီ စနစ်တကျ ပြုစုပျိုးထောင်ရန်အတွက် အသက်သုံးနှစ်မှ ငါးနှစ်အရွယ် ကလေးငယ်များအတွက် မူကြိုသင်ရိုးညွှန်းတမ်းနှင့် သင်ရိုး မာတိကာများကို ခေတ်ကာလနှင့် လျော်ညီစွာပြုစု ပြုဋ္ဌာန်းနိုင်ရန်နှင့် တစ်နိုင်ငံလုံးရှိ မူလတန်းကြိုကျောင်းများအား တစ်ပြေးညီ ဖြစ်စေရန် ရည်ရွယ်ပြီး ၂၀၀၇ ခုနှစ်တွင် အသက်သုံးနှစ် မပြည့်မီကလေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လမ်းညွှန်နှင့် မူလတန်းကြို အရွယ်ကလေးများ ဘက်စုံဖွံ့ဖြိုးရေး သင်ရိုးညွှန်းတမ်းနှင့် သင်ရိုး မာတိကာ၊ ၂၀၀၉ ခုနှစ်တွင် အသက်သုံးနှစ်မှ ငါးနှစ် အရွယ်ကလေးများ ဘက်စုံဖွံ့ဖြိုးရေးဆရာ လမ်းညွှန်တို့ကို ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် စင်္ကာပူနိုင်ငံ Singapore International Foundation(SIF) အဖွဲ့မှ ကျွမ်းကျင်ပညာရှင်များနှင့် နည်းပညာပံ့ပိုးမှုဖြင့် ကလေးလူငယ် ပြုစုပျိုးထောင်ရေးဆိုင်ရာ လုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည့် ဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းရေးဆွဲထားသည့် မူကြိုဆရာမများအတွက် အရင်းအမြစ် စာအုပ်ကို ၂၀၁၅ ခုနှစ်တွင် ဖြန့်ဝေ ပေးနိုင်ခဲ့ပါကြောင်း၊

ကလေးများအား ပြုစုပျိုးထောင်ရေး နည်းစနစ်များတွင် ကလေးကို ဗဟိုပြုသော၊ ကလေး ကိုယ်တိုင် ပါဝင်စေသော သင်ယူမှုနည်းစနစ်ကို အခြေခံပြီး စိတ်ချလုံခြုံမှု ရှိသည့်ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် သင်ယူရန် နေရာများ ထားရှိစေခြင်း၊ ကလေးများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး ကစားခြင်း နည်းလမ်းများဖြင့် သင်ကြား လေ့ကျင့်ပေးလျက် ရှိပါကြောင်း၊ တစ်နေ့တာအတွက် မနက် ၉:၃၀ မှ ညနေ ၃:၃၀ အချိန်ထိ ခြောက်နာရီကြာ သင်ကြားမှု အချိန်ဇယားအရ နေ့စဉ် ကလေးများ စုပေါင်းသီချင်းဆိုခြင်း၊ ကစားခြင်း၊ ကိုယ်လက်သန့်စင်ခြင်း၊ နေ့လယ်စာနှင့် ဖြည့်စွက်စာကျွေးခြင်း၊ အိပ်စက်ခြင်းတို့အပြင် သတ်မှတ်နေ့အလိုက် အခြေခံသင်္ချာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ဘာသာစကား၊ ပတ်ဝန်းကျင် လေ့လာမှု၊ ပုံပြင်၊ ကဗျာ၊ လက်မှု၊ ပန်းချီတို့ကိုလည်း သင်ကြားပေးလျက် ရှိပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ်တွင် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ မူဝါဒနှင့်ဥပဒေကိုလည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် နည်းဥ‌ပဒေကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ပြင်ဆင်သည့် ဥပဒေဖြစ်သည့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုး‌ထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဥပဒေကိုလည်း အတည်ပြု ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ပြင်ဆင်သည့် ဥပဒေအရ ပုဂ္ဂလိက မူလတန်းကြိုကျောင်းများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများမှ ဖွင့်လှစ်လျက်ရှိသည့် မူလတန်းကြိုကျောင်းများကိုလည်း ဥပဒေနှင့်အညီ တည်ထောင် ခွင့်ပြုမိန့်များ ထုတ်ပေးခြင်း၊ နည်းပညာများ ဖြန့်ဝေခြင်း၊ စွမ်းရည်မြှင့်တင်ခြင်း သင်တန်းများ ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထို့ပြင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းပေးခဲ့သည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပါ ရည်ရွယ်ချက် များဖြစ်သည့် ကလေးသူငယ်များအတွက် အကောင်းဆုံး အကျိုးစီးပွားကို ဆောင်ရွက်ပေးရန်နှင့် ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံ ကျန်းမာရေး၊ အာဟာရ ပြည့်ဝရေး၊ ပညာသင်ယူမှု အခွင့်အလမ်း ရရှိရေးများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန(ရန်ကုန်)နှင့် တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းရုံများတွင် အသက် ခြောက်လမှ သုံးနှစ် အရွယ်နှင့် အသက်သုံးနှစ်မှ ငါးနှစ်အရွယ် ကလေးပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း၊ မွမ်းမံသင်တန်း၊ နည်းပြသင်တန်းများကို ဌာနမူကြိုဆရာမများနှင့် ကိုယ့်အား ကိုယ်ကိုး မူကြိုဆရာမများကို နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေဖြင့် လည်းကောင်း၊ ပြင်ပမှ ပုဂ္ဂလိက မူကြိုဆရာများနှင့် ကလေးပြုစု စောင့်ရှောက်သူများကို အခပေးသင်တန်းများဖြင့် နှစ်စဉ် ဖွင့်လှစ်ပေးပြီး မူလတန်းကြိုကျောင်းများရှိ ဆရာဆရာမများ၏ အရည်အချင်းများနှင့် စွမ်းဆောင် ရည်များကို မြှင့်တင်ပေးလျက် ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း စုစုပေါင်း သင်တန်း ၃၀၈ ကြိမ် ဖွင့်လှစ်ခဲ့ရာတွင် သင်တန်းသားစုစုပေါင်း ၁၁၉၆၂ ဦးကို စွမ်းဆောင်ရည် မြှင့်တင် ပေးနိုင်ခဲ့ပါကြောင်း၊ မူလတန်းကြို ကျောင်းများအား စစ်‌ဆေးမှုနှင့် ပတ်သက်ပြီး လူမှုဝန်ထမ်း ဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးအဖွဲ့သည် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဥပဒေနှင့်အညီ နေ့ကလေးထိန်း ဌာနများတွင် အသက်ခြောက်လမှ သုံးနှစ်အရွယ်ကလေးသူငယ် များကိုလည်းကောင်း၊ မူလတန်းကြို ကျောင်းများတွင် အသက်သုံး နှစ်ပြည့်ပြီး အသက်ခြောက်နှစ် မပြည့်သေးသော ရှေးဦးအရွယ် ကလေးသူငယ်များကိုလည်းကောင်း အသက်အရွယ်များသတ်မှတ်၍ လက်ခံပြုစု စောင့်ရှောက် စေပြီး သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများနှင့် နေ့စဉ် တစ်နေ့တာ သင်ကြားမှုအချိန် ဇယားများနှင့်အညီ စနစ်တကျ သင်ကြားစေရေး၊ နေ့ကလေးထိန်းဌာနများနှင့် မူလတန်း ကြိုကျောင်းများရှိ ကလေးများအား သင်ကြားလေ့ကျင့်မှုများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်ကိုက်ညီစေရေးနှင့် ငယ်ရွယ်စဉ်ကတည်းက လေးစားလိုက်နာပြီး မိမိ ပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးခြင်းမှတစ်ဆင့် နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးသည့် အခြေခံစိတ်ဓာတ်များ ရရှိစေရေး၊ ရိုးရာယဉ်ကျေးမှုနှင့် မကိုက်ညီမှုများကို ရှောင်ကြဉ်စေရေးတို့ကို အဓိကထား စစ်ဆေး ကြီးကြပ်ပြီး အမြဲကြပ်မတ် အကြံပြုပေးလျက် ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးခွန်းနှင့်ပတ်သက်၍ ပြည်တွင်း/ပြည်ပမှ ပုဂ္ဂလိကနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများက တည်ထောင်ဖွင့် လှစ်ထားသော နေ့ကလေးထိန်း ဌာနနှင့် မူလတန်းကြို ကျောင်းများအား ကြီးကြပ်ကွပ်ကဲနိုင်ရန်အတွက် ရှေးဦးအရွယ်ကလေး သူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဥပဒေအရ မိမိတို့ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌနှင့် လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူး အဖြစ်ပါဝင်သည့် ဗဟိုကြီးကြပ်ရေး အဖွဲ့နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန် ပေးအပ်သော ဝန်ကြီးတစ်ဦးဦးက ဥက္ကဋ္ဌနှင့် လူမှုဝန်ထမ်း ဦးစီးဌာန တိုင်ဒေသကြီး/ပြည်နယ် ဦးစီးမှူးတို့ ပါဝင်ဖွဲ့စည်းထားသည့် တိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်ရေးအဖွဲ့တို့က ပြည်တွင်း/ပြည်ပမှ ပုဂ္ဂလိကနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများက တင်ပြလာသည့် လျှောက်ထားချက်များကို ဥပဒေနှင့်အညီ စိစစ်ပြီး ခွင့်ပြုချက် သက်တမ်းနှင့် စည်းကမ်းချက်များ သတ်မှတ်၍ ခွင့်ပြုချက် ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်းများ ပြုလုပ်ဆောင်ရွက် နေပါကြောင်း၊ ပြည်တွင်း/ပြည်ပမှ ပုဂ္ဂလိကနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများက တည်ထောင် ဖွင့်လှစ်ထားသည့် နေ့ကလေးထိန်း ဌာနနှင့် မူလတန်းကြိုကျောင်းများ၊ ရပ်ရွာအခြေပြုလုပ်ငန်းနှင့် အိမ်အခြေပြု လုပ်ငန်းများကို ကြီးကြပ်ခြင်း နှင့် စစ်ဆေးခြင်း လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေပါကြောင်းနှင့် လူမှုဝန်ထမ်း ဦးစီးဌာနသည့် အဆိုပါကျောင်းများကို သင်ရိုးညွှန်းတမ်းများနှင့်အညီ စနစ်တကျ လေ့ကျင့်ပြုစု ပျိုးထောင်ရေး အတွက် ကြီးကြပ်ဆောင် ရွက်ပေးနေပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်