Skip to main content

(ဂ)ဒေါက်တာစိန်မြအေး (ဒလမဲဆန္ဒနယ်) ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာ ကျောင်းများ ဆောက်လုပ်ရာတွင် နိုင်ငံတော်မှ ပျဉ်းကတိုး ကျည်းပေါင်၊ ကျွန်းတံခါးရွက်များဖြင့် ပြုလုပ်ရန် ချမှတ်ထားသော ပြတင်းပေါက်များ အစား PVC ပြောင်းလဲတပ်ဆင်ခြင်းကို တရားဝင် ခွင့်ပြုခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပညာရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများ ဆောက်လုပ်ရာ တွင် နိုင်ငံတော်မှ ပျဉ်းကတိုးကျည်းပေါင်၊ ကျွန်းတံခါးရွက်များဖြင့် ပြုလုပ်ရန် ချမှတ်ထားသည့် ပြတင်းပေါက်များအစား PVC ပြောင်းလဲတပ်ဆင်ခြင်းကို တရားဝင် ခွင့်ပြုခြင်း ရှိ/မရှိနှင့် ရှိပါက မည်သည့်အတွက်ကြောင့် တပ်ဆင်ခွင့်ပြုရသည်ကို သိရှိလိုခြင်းနှင့် ထိုသို့ တန်ဖိုးနည်း PVC နှင့် ပြောင်းလဲတပ်ဆင်ခြင်းကြောင့် ပိုထွက်လာသည့် နိုင်ငံတော် ဘဏ္ဍာများ မဆုံးရှုံးစေရန် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက် စီမံထားသည်ကို သိရှိလိုသည့်အတွက် မေးမြန်းခြင်း ဖြစ်ကြောင်း၊ ပြောင်းလဲတပ်ဆင်ခြင်းကြောင့် ပိုထွက်လာသည့် နိုင်ငံ့ဘဏ္ဍာများကို မည်ကဲ့သို့ ဆက်သုံးမည် ဆိုသည်နှင့် ပြောင်းလဲတပ်ဆင်းခြင်းကို တရားဝင် ခွင့်ပြုစာ ရှိ/မရှိ အဓိကထားပြီး မဲဆန္ဒရှင် ပြည်သူများကိုယ်စား သိရှိလိုသည့်အတွက် ဖြစ်ကြောင်း၊

ရန်ကုန်တိုင်းဒေသကြီး ခွင့်ပြု ဈေးနှုန်းနှင့် တွက်ချက်ထားသည့် ပစ္စည်းဖိုး၊ လက်ခပါ ပျဉ်းကတိုး တံခါး‌ပေါင် ကျွန်းတံခါးရွက်၏ တန်ဖိုးသည် ၃၇၉၅၀၀ ကျပ်ဖြစ်ပြီး PVC ပြတင်းပေါက် တစ်ပေါက်၏ တန်ဖိုးသည် ၁၄၇၈၄၀ ကျပ်နှင့် ယှဉ်မည်ဆိုပါက အလွန်ကွာခြားနေသည့်အပြင် ခိုင်ခံ့သည့် နေရာတင် တစ်ခြားစီ ဖြစ်နေသည်ကို အားလုံးက သိပြီး ဖြစ်ပါကြောင်း၊ ပြည်သူလူထု နားလည်သည်က နိုင်ငံတော်က ပျဉ်းကတိုး တံခါး‌ပေါင် ကျွန်းတံခါးရွက်အတွက် ဘဏ္ဍာရန်ပုံငွေ ချထားပြီးမှ PVC ပြတင်းပေါက်များကို တင်ဒါအောင်သူများက တပ်ဆင်လာခြင်းကြောင့် ပြတင်း တံခါး တစ်ခုပေါ်တွင် ၂၃၁၆၆၀ ကျပ် သက်သာလာပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးအတွက် ပြတင်းပေါက် ၁၀၀၀ သာဆိုပါက နိုင်ငံ့ဘဏ္ဍာငွေ မြောက်များစွာ ၂၃၁.၆၆ သန်း သက်သာလာမည်ဆိုသည့် အကြောင်းဖြစ်ပါကြောင်း၊ ၎င်းငွေတန်ဖိုးများသည် ဆုံးရှုံးမှု ဖြစ်မည် ဆိုပါက နိုင်ငံပိုင်ဘဏ္ဍာ များစွာ နစ်နာနိုင်သည့်အတွက် မိမိ အပါအဝင် အားလုံးက စိုးရိမ်နေကြခြင်း ဖြစ်ပါကြောင်း၊ ထိုကြောင့် သက်ဆိုင်ရာ ဌာနက ရှင်းပြရန် လိုပါကြောင်း၊

နိုင်ငံ့ဘဏ္ဍာငွေများ မဆုံးရှုံးစေရန် လိုလားကြသည့်အတိုင်း ကျောင်းအကျိုးတော်ဆောင်နှင့် မိဘဆရာ အသင်းဝင်များ ပါဝင်သည့် ကျောင်းဆောက်လုပ်ရေး ကြီးကြပ်ရေးအဖွဲ့များသည် သူတို့ ရပ်ရွာတွင် ရှိသည့် ကျောင်းများ အရည်အသွေး ပြည့်ဝစေလိုသည့် ဆန္ဒသည် ထာဝရဆန္ဒ သဘာဝ ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ ချထားရန်ပုံငွေအရ ရွာလူထုက ရွာတွင် ပျဉ်းကတိုး ကျည်းပေါင် ကျွန်းပြတင်းတံခါး‌များ၏ လုပ်ပေးမည်ဟု ယုံကြည်ပြီးမှ ရပ်ရွာလူထုကို U-PVC ပြတင်းတံခါးများသို့ ပြောင်းလဲတပ်ဆင်ရမည် ဖြစ်ကြောင်း ရှင်းပြသည့်အဆင့်ဖြင့် မလုံသည်ဟု မထင်ပါကြောင်း၊ မိမိတို့ ရပ်ရွာများ ဆင်းပြီး ဆောက်လက်စကျောင်းများကို ကွင်းဆင်း ကြည့်ကြသည့်အချိန်တွင် မည်သည့်အတွက် PVC ပြတင်းတံခါးများ ‌ပြောင်းလဲ တပ်ရသနည်းဟု မေးပါက U-PVC Chowket-Detail  စာရွက်ကို ထုတ်ပြပြီး တိုင်းဒေသကြီး ဆုံးဖြတ်ချက်အရ ပြောင်းလဲရကြောင်း ဖြေကြားကြပါကြောင်း၊ ပြောင်းလဲရခြင်း ကိစ္စအတွက် ဌာနက တရားဝင် ထုတ်ပြန်ပေးသည့် စာရှိသလား ဟု မေးသည့်အချိန်တွင်  မဖြေနိုင်ကြကြောင်း၊ ထိုကဲ့သို့ ဌာနက တရားဝင် ရှင်းလင်းခွင့်ပြုစာ မတွေ့ရသည့်အတွက် တန်ဖိုးနည်း PVC ပြတင်းပေါက်များဖြင့် အစားထိုးထားခြင်းသည် ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် ရပ်ရွာလူထုအတွက် ဌာနက တမင်တန်ဖိုး လျှော့ ဆောင်ရွက်သလား တင်ဒါအောင်သည့် လူများနှင့် ပူးပေါင်းပြီး အမြတ်ထုတ်ကြ သလားဟု  ကြီးကြပ်ရေး အဖွဲ့ဝင်များနှင့် ရပ်ရွာလူထုအတွက် ထင်ယောင်ထင်မှား သံသယများ ပွား နိုင်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များကို တင်ပြလာသည့် ဒလမြို့နယ်၊ ပျော်ဘွယ်ကြီးစံပြ ကျေးရွာမှ တင်ပြစာကို နမူနာဖြင့် ဖော်ပြထားသည့်အတွက်  ကြည့်ရှုနိုင်ကြောင်း၊ ကိုယ်စားလှယ် များသည် မလိုလားအပ်သည့် ပြဿနာများ မဖြေရှင်းရခြင်းသည် သက်ဆိုင်ရာဌာနနှင့် ရပ်ရွာလူထုကြားတွင် စီမံကိန်းပါအတိုင်း မဆောင်ရွက်နိုင်မှုအပေါ် ပွင့်လင်းမြင်သာစွာ ဖြေရှင်းချက် ပေးနိုင်ရန် အကြံပေးအပ်ပါကြောင်း၊ သို့မှသာ ပညာရေးဝန်ကြီးဌာန၏ စေတနာနှင့် လုပ်ဆောင်ချက် များအပေါ် ပြည်သူလူထုက နားလည်ပူးပေါင်း ဆောင်ရွက်လာမည် ဖြစ်ပါကြောင်း၊ အလားတူ တင်ပြစာများကို မိမိတို့ ဒလမြို့နယ် လွှတ်တော်ရုံးကို ထပ်မံ ရောက်ရှိလာသော်လည်း ယခုလို မေးခွန်းမေးမြန်းရန် အချက်အလက် လုံလောက်နေပြီ ဖြစ်သည့်အတွက် ပျော်ဘွယ်ကြီးရွာ၏ တင်ပြစာကို နမူနာပြပြီး ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းပါသည်။


 

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနသည် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ရန်ကုန် တိုင်းဒေသကြီး၊ ဒလမြို့နယ် ပျော်ဘွယ်ကြီး-အခြခံပညာ အထက်တန်းကျောင်းတွင် ၆၀ x ၃၀ ပေ RCC တစ်ထပ်ဆောင်ကို PAE ၂၄၀၀၀ နှုန်းဖြင့် ခွင့်ပြုငွေကျပ် ၄၃၂ သိန်း ခွင့်ပြုခဲ့ပါကြောင်း  ဦးစွာ တင်ပြလိုပါကြောင်း၊ အဆိုပါ ကျောင်းဆောင်အတွက် ပြတင်းပေါက် ၁၂ ပေါက်ပါရှိပြီး ကျွန်းဖြင့် ဆောင်ရွက်ပါက တစ်ပေါက်လျှင် ပျမ်းမျှကျပ် ၃၆၀,၀၀၀ ခန့် ကုန်ကျနိုင်မည်ဖြစ်ပြီး ၎င်းအစား ပလပ်စတစ် မဟုတ်သည့် သစ်အစားထိုးပစ္စည်း Unplasticised Polyvinyl Chloride -UPVC ဖြင့် ဆောင်ရွက်ရာတွင် ကုန်ကျငွေသည် ပြတင်းပေါက် တစ်ပေါက်လျှင် ကျပ် ၁၆၀,၀၀၀ ခန့်ကုန်ကျ ပါကြောင်း၊ ကျွန်းသစ်အသုံးပြုခြင်းတွင် ပလပ်စတစ် မဟုတ်သည့် သစ်အစားထိုးပစ္စည်း UPVC  ပြင်တင် အသုံးပြုခြင်းနှင့် ငွေကျပ် ၂၄ သိန်းခန့် ပိုမိုကုန်ကျပါကြောင်း ၎င်းပိုမို ကုန်ကျသည့် ငွေသည် လုပ်ငန်းတစ်ခုနှုန်း၏ ကုန်ကျစရိတ်၏ ၅.၅ ရာခိုင်နှုန်းခန့် ရှိပါကြောင်း၊ ထိုကဲ့သို့ ပြောင်းလဲ သုံးစွဲမှုများအတွက် နိုင်ငံတော် ဘဏ္ဍာငွေ ဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဖွဲ့စည်းတာဝန်ပေးထားသည့် တည်ဆောက်ရေး လုပ်ငန်း စိစစ်ရေးကော်မတီမှ ဒေသဈေးနှုန်းများနှင့် စိစစ်ပြီး သက်ဆိုင်ရာ စာရင်းစစ် အဖွဲ့များမှ ထပ်မံစစ်ဆေးပြီး ခန့်မှန်းခြေစာရင်းနှင့် မြေပြင်ပကတိ အခြေအနေတို့ကို အသေးစိတ် ထပ်မံစိစစ် ပြီး ပိုလျံငွေများကို နိုင်ငံတော်ဘဏ္ဍာသို့ ပြန်လည်ပေးသွင်း စေခဲ့ပါကြောင်း၊

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများ ဆောက်လုပ် ရာတွင် ပျဉ်းကတိုးကျည်းပေါင်၊ ကျွန်းတံခါးရွက်များ တပ်ဆင်အသုံးပြုရန် သတ်မှတ် စံချိန် စံညွှန်းများဖြင့် ပုံစံများ ဖြန့်ဝေ ဆောင်ရွက်ထားပါကြောင်း၊ သို့သော် ယခုအချိန်တွင် သစ်မာအုပ်စုဝင်ဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး အသုံးပြုရာတွင် နိုင်ငံတော်အစိုးရ၏ ထောက်ခံထား သည့် ဥပဒေများအရ အကန့်အသတ်များ ရှိလာသည့်အတွက် သစ်အစားထိုး ပစ္စည်း (Polyvinyl Chloride –PVC) မဟုတ်သည့် ပလပ်စတစ် မဟုတ်သည့် သစ်အစားထိုး ပစ္စည်း Unplasticised Polyvinyl Chloride –UPVC ပြတင်း၊ တံခါးရွက် ကျည်းပေါင်များကို အသုံးပြု လာနိုင်စေ ရေးအတွက်  Drawing များလည်း ပြုစု ဖြန့်ဝေပေးထားခဲ့ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မှစတင်၍ ဈေးနှုန်း သင့်လျော်ပြီး ပိုမိုခိုင်ခန့်ကောင်းမွန်သည့်  အလူမီနီယံကို ပေါင်းဆေးဖြင့် သုတ်လိမ်းထားသည့် တံခါးဆံ (Aluminum Powder Coated Panel) ကို သစ်မာရှားပါး ခက်ခဲမရလွယ်သည့် ဒေသများအတွက်နှင့် သစ်မာအသုံးပြုနိုင်ရန် အခွင့်အလမ်း ရှိသော  ဒေသများ အတွက် သစ်သားတံခါးဆံ (Timber Frame Panel) များ အသုံးပြုနိုင်ရန် ပုံစံနှစ်မျိုးဖြင့် Drawing များ ပြုစုရေးဆွဲ ဖြန့်ဝေထားပါကြောင်း တင်ပြပါသည်။


ဒေါက်တာစိန်မြအေး(ဒလမဲဆန္ဒနယ်)မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးမှ အသေးစိတ် ဖြေကြားသွားသည့်အတွက် ကျေးဇူးတင် ပါကြောင်း၊ သို့သော် ဆက်စပ်မေးခွန်း မေးမြန်းလိုသည်က ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အနေဖြင့် အမြင့်ဆုံး အရည်အသွေးဈေးဖြစ်သည့်အကြောင်း အကြောင်းပြသည့် အချိန်တွင် မိမိတို့ ၎င်း PVC ပြတင်းတံခါးများကို အစားထိုးရခြင်းသည် သစ်သားကျည်းပေါင်များနှင့် တွက်ချက် မည်ဆိုပါက အမြင့်ဆုံးဈေး ဖြစ်နေသည့်အတွက် PVC ကို အစားထိုးရသည်ဟု ၁၁ သိန်းကျော်ဟု မိမိကြားလိုက်ပါကြောင်း၊ ထို့ကြောင့် ၎င်းတွက်ချက်မှုများကို ယခင်ကတည်းက ဆောင်ရွက်ထားမှု ရှိစေလိုပါကြောင်း၊ မဟုတ်ပါက ရပ်ရွာမှ ယခုကဲ့သို့ မေးခွန်းမေးလိုက်ပြီ ဖြစ်ပါကြောင်း၊ မိမိမေးခွန်းတွင် ပါသည့်အတိုင်း ၎င်းကိစ္စနှင့်ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ခြင်းဖြင့် မပြီးပါ ကြောင်း၊ ထို့ကြောင့် မိမိမှ ပညာရေးဝန်ကြီးဌာနအနေဖြင့် ၎င်းကိစ္စနှင့်ပတ်သက်ပြီး ပြည်သူလူထု ကို ရှင်းလင်းစေရန် စာနှင့်ပေနှင့် ရှင်းလင်းပြောကြားနိုင်ခြင်း ရှိ/မရှိ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

 

ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

မိမိ ရှင်းပြမှုတွင် ပါပြီးပြီ ဖြစ်ပါကြောင်း၊  ယခုနှစ် ၂၀၂၀-၂၀၂၁ မှစပြီး ဈေးနှုန်းကို Option နှစ်မျိုးဖြင့် တရားဝင်သတ်မှတ်ထားပေးမည် ဖြစ်ပါကြောင်း၊ မိမိတို့ လိုချင်သည်က ကိုယ်စားလှယ်တော်ကြီး ပြောသည့် အတိုင်း အရည်အသွေးကောင်းသည့် ပျဉ်းကတိုး ကျည်းပေါင် သစ်သားတံခါးဆံရလိုခြင်း ဖြစ်ကြောင်း၊ သို့သော် သစ်မာထုတ်လုပ်မှုတွင် အင်မတန်မှ ခက်ခဲလာသည့်အတွက် ယခုကဲ့သို့ နှစ်မျိုးတရားဝင် ထုတ်ပြန်ရခြင်း ဖြစ်ပါကြောင်း တင်ပြပါသည်။

 

 

 

ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း