Skip to main content

ဗီယက်နမ်နိုင်ငံလွှတ်တော်

အကျဉ်းချုပ်

ဤစာတမ်းတိုသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သော ဗီယက်နမ်နိုင်ငံလွှတ်တော်နှင့်စပ်လျဉ်း သော အချက်အလက်များကို ပြုစုတင်ပြ ထားပါ သဖြင့် နိုင်ငံတကာလွှတ်တော်များအား လေ့လာသည့် ကိုယ်စားလှယ်များအတွက်&nbsp; အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်ပါသည်။<br />
ဗီယက်နမ်နိုင်ငံလွှတ်တော်သည်ဗီယက်နမ်နိုင်ငံ၊ဟနွိုင်းမြို့တော်တွင်တည်ရှိပြီးလွှတ်တော် တစ်ရပ်သာ ရှိ၍&nbsp; National Assembly ဟုခေါ် ပါသည်။ ပြဋ္ဌာန်းဥပဒေအရ ကိုယ်စားလှယ် ၅၀၀ ဦး ဖြစ်သော်လည်း လက်ရှိမှာ ကိုယ်စားလှယ် ၄၉၈ ဦး ဖြစ်ပါသည်။ အမျိုးသမီးကိုယ်စားလှယ်&nbsp; ၁၂၁ ဦး ပါဝင်ပြီး၊&nbsp; ၂၄.၃ ရာခိုင်နှုန်းဖြစ်ပါသည်။<br />
၂၀၁၁ ခုနှစ်တွင်ကျင်းပခဲ့သောရွေးကောက်ပွဲတွင် ကွန်မြူနစ်ပါတီမှကိုယ်စားလှယ် ၄၅၄ ဦး၊ ကွန်မြူနစ်ပါတီဝင်မဟုတ်သောကိုယ်စားလှယ် ၄၂ ဦးနှင့် တသီးပုဂ္ဂလကိုယ်စားလှယ် ၄ ဦးတို့ အားရွေးချယ်တင်မြှောက်၍ လွှတ်တော်ကိုဖွဲ့စည်းခဲ့ပါသည်။<br />
တိုက်ရိုက်ရွေးချယ်တင်မြှောက်သောစနစ်ဖြစ်ပါသည်။ လွှတ်တော်၏သက်တမ်းမှာ ၅ နှစ် ဖြစ်ပါသည်။ ၁၃ ကြိမ်မြောက် ရွေးကောက်ပွဲအား ၂၂-၅-၂၀၁၁ ရက်နေ့တွင် နောက်ဆုံး ကျင်းပခဲ့ပါသည်။


ဗီယက်နမ်လွှတ်တော်

၁။    ဗီယက်နမ်နိုင်ငံလွှတ်တော်သည်ဗီယက်နမ်နိုင်ငံ၊ဟနွိုင်းမြို့တော်တွင်တည်ရှိပြီးလွှတ်တော် တစ်ရပ်သာရှိ၍  National Assembly ဟုခေါ်သည်။ ပြဋ္ဌာန်းဥပဒေအရ ကိုယ်စားလှယ် ၅၀၀ ဦး ဖြစ်သော်လည်း လက်ရှိမှာ ကိုယ်စားလှယ် ၄၉၈ ဦး ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသက် ၂၁ နှစ်ပြည့်လျှင် ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံနိုင်ပါသည်။ အမျိုးသမီး ကိုယ်စားလှယ်  ၁၂၁ ဦး ပါဝင်ပြီး၊  ၂၄.၃ ရာခိုင်နှုန်းဖြစ်ပါသည်။
၂။    နှစ်ကျော့ပြန်စနစ် (Two Round System) အား ကျင့်သုံးပါသည်။ မဲဆန္ဒနယ်မြေ ၁၈၂  နယ် ခွဲခြားထားပြီး မဲဆန္ဒနယ်မြေ အကြီးအသေးအပေါ်မူတည်၍ မဲဆန္ဒနယ်မြေ တစ်ခုလျှင် ကိုယ်စားလှယ် ၆ ယောက်မှ ၂၆ ယောက်ထိ ရွေးချယ်တင်မြှောက်ပါသည်။ အထွေထွေရွေးကောက်ပွဲ တစ်ခုနှင့်တစ်ခုကြားတွင် လွှတ်တော်သက်တမ်း  ၂ နှစ်ထက်ပိုသော ကာလအတွင်း၌ ကိုယ်စား လှယ်နေရာ လစ်လပ်မှုပေါ်ပေါက်ခဲ့သော် ကြားဖြတ်ရွေးကောက်ပွဲဖြင့် ပြန်လည်ဖြည့်သွင်းပါသည်။ ၁၃ ကြိမ်မြောက်ရွေးကောက်ပွဲအား ၂၂-၅-၂၀၁၁ရက်နေ့ တွင် နောက်ဆုံးကျင်းပခဲ့ပါသည်။
၃။    ၂၀၁၁ ခုနှစ်တွင် ကျင်းပခဲ့သောရွေးကောက်ပွဲတွင် ကွန်မြူနစ်ပါတီမှကိုယ်စားလှယ် ၄၅၄ ဦး၊ ကွန်မြူနစ်ပါတီဝင်မဟုတ်သောကိုယ်စားလှယ် ၄၂ ဦးနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ၄ ဦး တို့ ရွေးချယ်တင်မြှောက်၍ လွှတ်တော်ကို ဖွဲ့စည်းခဲ့ပါသည်။ တိုက်ရိုက်ရွေးချယ် တင်မြှောက် သော စနစ် ဖြစ်ပါသည်။ လွှတ်တော်၏သက်တမ်းမှာ  ၅နှစ်ဖြစ်ပါသည်။  
၄။    ၂၀၁၃ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဗီယက်နမ်နိုင်ငံသည် ဗဟိုဦးစီးသောဒီမိုကရေစီ စနစ် (Democratic Centralism) ကိုကျင့်သုံးသည့် ပါလီမန်စနစ်ဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော်အကြီးအကဲသည် သမ္မတဖြစ်ပြီး သမ္မတကို လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ် များအတွင်းမှ ရွေးချယ်တင်မြောက်ပါသည်။ သမ္မတသည် လွှတ်တော်ကို တာဝန်ခံရပါသည်။ လက်ရှိသမ္မတသည် ကွန်မြူနစ်ပါတီပေါ်လစ်ဗျူရို (Politburo)အဖွဲ့၏အဆင့်အမြင့်ဆုံးအဖွဲ့ဝင် ဖြစ်ပါသည်။ လွှတ်တော်မှ အတည်ပြုသောဥပဒေများကို သမ္မတမှ ပြဋ္ဌာန်းရပါသည်။ သမ္မတ သည် တပ်ဖွဲ့အားလုံး၏ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပါသည်။ သမ္မတသည်ဒုတိယသမ္မတ၊ ဝန်ကြီး ချုပ်တို့၏ အမည်စာရင်းအားတင်သွင်းနိုင်သည်။  သမ္မတသည် ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်တို့အားလွှတ်တော်၏အတည်ပြုချက်ဖြင့် ရွေးချယ်တင်မြှောက်ခြင်း၊ ရာထူးမှ ဖယ်ရှားခြင်း တို့ပြုလုပ်နိုင်ပါသည်။
၅။    ၂၀၁၃ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ  ပိုဒ်မ ၇၀ ပိုဒ်မခွဲ ၂ တွင် လွှတ်တော်သည် သမ္မတ အပါအဝင်နိုင်ငံတော်အဖွဲ့အစည်းများမှ တင်သွင်းသည့် အစီရင်ခံစာများကို စိစစ်သုံးသပ်ရပါသည် ဟု ဖော်ပြပါရှိပါသည်။
၆။    လွှတ်တော်ဥက္ကဋ္ဌမှာ Mr. Nguyen Sinh Hung ဖြစ်ပြီး  ဒုတိယဥက္ကဋ္ဌများမှာ  Mr.   Tong Thi Phong, Nguyen Thi Kim Nong, Uong Chu Luu နှင့်Huynh Ngoc Son တို့ဖြစ်ပါသည်။

ဗီယက်နမ်လွှတ်တော်၏သမိုင်း
၇။    ဗီယက်နမ်နိုင်ငံသည် ၁၆-၈-၁၉၄၅ ရက်နေ့တွင် ကိုလိုနီနယ်ချဲ့တို့၏ လက်အောက်မှ လွတ်မြောက်ရန်အတွက် ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ဦးဆောင်မှုအောက်တွင် Mr. Ho Chi Minh(ဟိုချီမင်း)၏ခေါင်းဆောင်မှုဖြင့် ပြည်လုံးကျွတ်အမျိုးသားစည်လုံးညီညွတ်မှုကို ပြသ သော “National People’s Congress” အစည်းအဝေးအား တန်တရာအိုမြို့တွင်ကျင်းပ ခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံသည် ကိုလိုနီလက်အောက်မှ ၂-၉-၁၉၄၅ ရက်နေ့တွင် လွတ်လပ်ရေး ရရှိခဲ့သည်။ ၆-၁-၁၉၄၆ ရက်နေ့တွင် ပထမဆုံးအကြိမ် အထွေထွေရွေးကောက်ပွဲ ကြီးကိုကျင်းပ၍ လွှတ်တော်အား ဖွဲ့စည်းခဲ့ပါသည်။ ထိုလွှတ်တော်သည် ဗီယက်နမ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၉-၁၁-၁၉၄၆ ရက်နေ့တွင်အတည်ပြုခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၅၉၊ ၁၉၈၀၊ ၁၉၉၂ ခုနှစ်များတွင်ပြင်ဆင်ရေးဆွဲခဲ့ပါသည်။  ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွဲ၍အသစ်ပြဋ္ဌာန်းခဲ့ပါသည်။
၈။    ဗီယက်နမ်နိုင်ငံလွှတ်တော်သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူအရ ကမ္ဘာ့နိုင်ငံ များနှင့် ဆက်သွယ်ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။  အပြည်ပြည်ဆိုင်ရာ ပါလီမန် အဖွဲ့(International Parliamentary Union-IPU) အာဆီယံနိုင်ငံများဆိုင်ရာပါလီမန်အဖွဲ့ အစည်း (ASEAN Inter- Parliamentary Association -AIPA) နှင့် ပြင်သစ်ဘာသာအသုံး ပြုသော နိုင်ငံများပါဝင်သောပါလီမန်အသင်းအဖွဲ့ (Association of Francophone Parliamentarians -APF) များတွင် အဖွဲ့ဝင်အဖြစ်ပါဝင်သည်။  ဗီယက်နမ်နိုင်ငံလွှတ်တော် သည် အခြားသောပါလီမန်ဆိုင်ရာလှုပ်ရှားမှုများနှင့်စပ်လျဉ်း၍ အာရှပစိဖိတ်ပါလီမန်အဖွဲ့ (Asia-Pacific Parliamentary Union-APPU)နှင့် အာရှပစိဖိတ်ပါလီမန်ဆွေးနွေးပွဲ  (Asia-Pacific Parliamentary Forum -APPF) များတွင် တက်ကြွစွာဆောင်ရွက်လျက်ရှိပါသည်။


ဗီယက်နမ်နိုင်ငံလွှတ်တော်၏ဖွဲ့စည်းပုံ
၉။    ဗီယက်နမ်လွှတ်တော်၏ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

table

 

 

 

 

 

 

 

 

 

 

 

လွှတ်တော်ဥက္ကဋ္ဌ
၁၀။    ပထမဆုံးသောလွှတ်တော်အစည်းအဝေးတွင်လွှတ်တော်ဥက္ကဋ္ဌအားလွှတ်တော်ကိုယ်စားလှယ် အားလုံးမှရွေးကောက်တင်မြှောက် ပါသည်။ ယခင်လွှတ်တော်၏ အမြဲတမ်းကော်မတီမှ တင်သွင်းပသည်။ လွှတ်တော်ဥက္ကဋ္ဌကို လျှို့ဝှက်ရွေးချယ်၍  အများစုမဲဆန္ဒဖြင့် ရွေးချယ် တင်မြှောက်ပါသည်။ ယခင်လွှတ်တော်၏ဥက္ကဋ္ဌနှင့်အမြဲတမ်းကော်မတီမှ ကြီးကြပ် ဆောင်ရွက်ပါသည်။


လွှတ်တော်ဥက္ကဋ္ဌ၏လုပ်ပိုင်ခွင့်
၁၁။    လွှတ်တော်ကိုကိုယ်စားပြုသော လုပ်ပိုင်ခွင့်ရှိပြီး အမြဲတမ်းကော်မတီ၏ဥက္ကဋ္ဌ ဖြစ် ပါ သည်။ နိုင်ငံတကာနှင့်ဆက်ဆံရာတွင် လွှတ်တော်ကို ကိုယ်စားပြုပါသည်။


လွှတ်တော်ဥက္ကဋ္ဌ၏လုပ်ငန်းတာဝန်များ
၁၂။    လွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က)    လွှတ်တော်ကျင်းပရန်နေ့ရက်နှင့် လွှတ်တော်၏အစီအစဉ်များကို ရေးဆွဲခြင်းနှင့်   ပြင်ဆင်ခြင်း၊
(ခ)    လွှတ်တော်တွင်း အပြန်အလှန်ဆွေးနွေးခြင်းများကို ကြီးကြပ်ခြင်း၊
(ဂ)    ဆွေးနွေးချိန်များကို သတ်မှတ်ပေးခြင်း၊
(ဃ)    လွှတ်တော်နှင့်ပတ်သက်သည့်ကြေညာချက်များ ထုတ်ပြန်ခြင်း၊
(င)    လွှတ်တော်တွင်း ဆွေးနွေးပြောကြားမည့်သူစာရင်းကို သတ်မှတ်ပြီး ပြောဆိုခွင့်ပြု ခြင်းနှင့် ရုပ်သိမ်းခြင်း
(စ)    လွှတ်တော်တွင်းနှောက်ယှက်မှုပြုလုပ်သူများကို စည်းကမ်းအရအရေးယူခြင်း၊
(ဆ)    ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတော်မှထုတ်ပြန်ထားသည့် အမိန့်များကိုလေးစား လိုက်နာရန်အတွက် ကြီးကြပ်ခြင်း၊
(ဇ)    ဥပဒေကြမ်းများနှင့်ဥပဒေများပြင်ဆင်ခြင်းကို လွှတ်တော်တွင်း ဆွေးနွေးရန်ခွင့်ပြုခြင်း၊
(ဈ)    ဥပဒေကြမ်း တင်သွင်းခွင့်နှင့် ဥပဒေပြင်ဆင်ချက် တင်သွင်းခွင့်ရှိခြင်း၊
(ည)    ဥပဒေပြုရေးအတွက် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးနိုင်ခွင့်ရှိခြင်း၊ ဆွေးနွေး သည့် အကြောင်းအရာနှင့်ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆိုခြင်းနှင့် စကားလုံးရွေးချယ် သတ်မှတ်ခြင်း၊
(ဋ)    ဥပဒေပြင်ဆင်ရေးအတွက် အစီအစဉ်များရေးဆွဲခြင်းနှင့် ဆွေးနွေးမည့်ပြင်ဆင် ချက်ကို ရွေးချယ်သတ်မှတ်ခြင်း၊
(ဌ)  လွှတ်တော်တွင်း လိုက်နာကျင့်သုံးသည့် ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများသည် မှန် ကန်မှု ရှိမရှိ ယခင်လွှတ်တော်များ ၏ ဆောင်ရွက်ချက် များနှင့်နှိုင်းယှဉ်၍ ဆုံးဖြတ်ခြင်း၊
(ဍ)    လွှတ်တော်၏ ရသုံးမှန်းခြေငွေစာရင်းနှင့် ပတ်သက်၍ အတည်ပြုရာတွင် ပါဝင် ဆောင်ရွက်ခြင်း၊
(ဎ)    ဆုံးဖြတ်ချက်များနှင့် ဆွေးနွေးချက်မှတ်တမ်းများ မှန်ကန်မှု ရှိ မရှိ စစ်ဆေးခြင်း၊
(ဏ)    လွှတ်တော်ကော်မတီများအား တာဝန်ပေးအပ်ခြင်း၊
(တ)  ကော်မတီများနှင့်စုံစမ်းစစ်ဆေး‌ရေးကော်မတီများဖွဲ့စည်းခြင်း၊ ၎င်းကော်မတီများ ဖွဲ့စည်းရန်အတွက် တင်ပြခြင်းများကို စိစစ်ခွင့်ပြုခြင်း၊ လွှတ်တော်စတင်ခြင်း၊ ရွှေ့ဆိုင်းခြင်းနှင့် ပိတ်သိမ်းခြင်း၊
(ထ)    မဲခွဲရာတွင်ပါဝင်မဲပေးနိုင်ခြင်း၊
(ဒ)    မဲခွဲရန်ဆုံးဖြတ်ခြင်း၊ မဲခွဲမည့်နည်းလမ်းကိုသတ်မှတ်ခြင်း၊ မဲခွဲမည့်အစီအစဉ်ကို ရှင်းလင်း ပြောကြားခြင်းနှင့် စည်းကမ်းချက်နှင့်မညီသောမဲများကို ပယ်ဖျက်ခြင်း၊
(ဓ)    မဲခွဲရာတွင်အထမြောက်ရန်သတ်မှတ်ထားသည့် ကိုယ်စားလှယ်အရေအတွက် ပြည့် မီခြင်း ရှိ မရှိစစ်ဆေးခြင်း၊
(န)    နိုင်ငံခြားရေးရာကိစ္စများနှင့် ကာကွယ်ရေးဆိုင်ရာကိစ္စများတွင် အထူးပြုသတ်မှတ် ထားသည့် တာဝန်အား ပါဝင်ဆောင်ရွက်ခြင်း၊
(ပ)    နိုင်ငံခြားလွှတ်တော်များနှင့် ဆက်ဆံရေးအတွက် တာဝန်ရှိခြင်း၊
(ဖ)    လွှတ်တော်၏ လုံခြုံရေးအတွက် တာဝန်ရှိပြီး လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များ အား ခေါ်ယူနိုင်ခွင့်ရှိခြင်း၊
(ဗ)    လွှတ်တော်မှအစိုးရအဖွဲ့အပေါ် စောင့်ကြည့်ထိန်းညှိခြင်းများအပေါ် ညွှန်ကြား ကြီးကြပ်နိုင်ခွင့်ရှိခြင်း၊
(ဘ)    အစိုးရအဖွဲ့ ဖျက်သိမ်းခြင်းနှင့် အစိုးရအဖွဲ့ အကြီးအကဲခန့်အပ်ခြင်း စသောကိစ္စရပ် များတွင် ပါဝင်ဆောင်ရွက်ခွင့်ရှိခြင်း၊


လွှတ်တော်ဒုတိယဥက္ကဋ္ဌ
၁၃။    လွှတ်တော်ဥက္ကဋ္ဌအကြောင်းအမျိုးမျိုးကြောင့်ပျက်ကွက်ပါက ဒုတိယဥက္ကဋ္ဌသည် ၎င်း၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရပါသည်။


အမြဲတမ်းကော်မတီ (Standing committee)
၁၄။    အမြဲတမ်းကော်မတီဝင်များသည် အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ခွင့် မရှိပါ။ အများစု သည် လွှတ်တော်တွင်အချိန်ပြည့်တာဝန်ထမ်းဆောင်ကြရပါသည်။ ကော်မတီ၏သက်တမ်း သည် လွှတ်တော်၏သက်တမ်းအတိုင်းဖြစ်ပါသည်။ လွှတ်တော်အသစ်တွင် အမြဲတမ်းကော်မတီ ရွေးချယ် ပြီးချိန်အထိ တာဝန်ယူ ဆောင်ရွက်ရပါသည်။ ၁၉၉၂ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမြဲတမ်းကော်မတီ၏လုပ်ငန်းတာဝန် ၁၂ ခုရှိပါသည်။ လုပ်ငန်းတာဝန်များမှာ လွှတ်တော်ခေါ် ယူရန်၊ လွှတ်တော်ကျင်းပရန်၊ လွှတ်တော်အား ဦးစီးရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေများနှင့် အမိန့်များကို အဓိပ္ပါယ်ဖွင့်ဆိုရန်နှင့် လွှတ်တော်မှတာဝန်ပေးသည့်ကိစ္စရပ်များအတွက် အမိန့်များ ထုတ်ပြန်ရန်ဖြစ်ပါသည်။ အမြဲတမ်းကော်မတီသည် ပြည်သူ့ကောင်စီ၊ လူမျိုးစုရေးရာကောင်စီ နှင့်ကော်မတီများ၏ ဆောင်ရွက်မှုများကို လမ်းညွှန်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက် ရပါသည်။


လူမျိုးစုရေးရာကောင်စီ(Ethnic council)
၁၅။    လူမျိုးစုရေးရာကောင်စီကို လွှတ်တော်မှ ရွေးချယ်တင်မြှောက်ပါသည်။ ၎င်းတွင် လူမျိုးစု ရေးရာ ကောင်စီဥက္ကဋ္ဌသည်  လူမျိုးစုရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လွှတ်တော်မှ ချမှတ် ထားသည့် မူဝါဒများအတိုင်း ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ပါသည်။ တောင်တန်းဒေသနှင့် လူမျိုးစုများ အများစုနေထိုင်သောဒေသများ၏ လူမှုရေးနှင့်စီးပွားရေးတိုးတက်ရန်အတွက် အစီ အစဉ်များ၊ စီမံကိန်းများရေးဆွဲချမှတ်ခြင်း၊ မူဝါဒချမှတ်ခြင်းများ ဆောင်ရွက်ပါသည်။ အစိုးရ အဖွဲ့သည် လူမျိုးစုရေးရာများနှင့် ပတ်သက်၍ မူဝါဒများထုတ်ပြန်ခြင်းမပြုမီ လူမျိုးစုရေးရာ ကောင်စီအား ကြိုတင်ညှိနှိုင်းမှု ပြုလုပ်ရပါသည်။ လူမျိုးစုရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ အစိုးရမှ ကျင်းပပြုလုပ်သည့် အစည်းအဝေးတိုင်းသို့ လူမျိုးစုရေးရာကောင်စီ၏  ဥက္ကဋ္ဌအား ဖိတ်ကြားရပါသည်။ လူမျိုးစုရေး ရာကောင်စီသည် အထက်ဖော်ပြပါ တာဝန်များအပြင်လွှတ်တော်၏ အခြားသောကော်မတီများ ဆောင်ရွက်ရသည့် အလားတူလုပ်ငန်းများ ကိုလည်း တာဝန်ယူ ဆောင်ရွက် ရပါသည်။ (မှတ်ချက်။  ဗီယက်နမ်နိုင်ငံတွင် လူမျိုးစုပေါင်း ၅၄ မျိုးရှိပါသည်။)


ကော်မတီများ(Committees)
၁၆။    လွှတ်တော်၏ကော်မတီများကို လွှတ်တော်မှရွေးချယ်ဖွဲ့စည်းရပါသည်။ လွှတ်တော်၏ ကော်မတီများသည် ဥပဒေကြမ်းများအား စစ်ဆေးခြင်း၊ ဥပဒေများထုတ်ပြန်နိုင်ရန် စတင် ဆောင်ရွက်ခြင်း၊ အမိန့်များနှင့် အခြားသောဥပဒေကြောင်းနှင့် ပတ်သက်သည့် အစီရင်ခံစာများ နှင့်ပတ်သက်၍ လွှတ်တော် သို့မဟုတ် လွှတ်တော်၏အမြဲတမ်းကော်မတီမှ တာဝန်ပေးသည့် အတိုင်း ဆောင်ရွက်ရပါသည်။ လွှတ်တော်နှင့် လွှတ်တော်၏အမြဲတမ်းကော်မတီသို့ ဥပဒေရေး ဆွဲရေးအစီအစဉ်များနှင့်ပတ်သက်၍ ၎င်းတို့၏သဘောထားမှတ်ချက်များကို ပေးပို့ရပါသည်။ ကော်မတီများသည် ၎င်းတို့တာဝန်ယူထားသည့် ကိစ္စများနှင့်ပတ်သက်၍ ကြီးကြပ်ခြင်း၊ စုံစမ်း စစ်ဆေးခြင်းများကို ဆောင်ရွက်ရသည့်အပြင် အခြားသောဥပဒေတွင် ဖော်ပြထားသည့် တခြား သောတာဝန်များကိုလည်း ဆောင်ရွက်ရပါသည်။ ၎င်းတို့အား တာဝန်ပေးထားသည့် ကိစ္စရပ် များနှင့်ပတ်သက်၍ သဘောထားမှတ်ချက်များပေးရသည်။ ဗီယက်နမ်နိုင်ငံလွှတ်တော်ကော်မတီ များအား လွှတ်တော်မှ ရွေးချယ်ပါသည်။


ဗီယက်နမ်နိုင်ငံမှဥပဒေရေးရာစနစ်
၁၇။    ဗီယက်နမ်နိုင်ငံမှဥပဒေရေးရာစနစ်သည် ဆိုရှယ်လစ်ဥပဒေရေးရာအယူအဆများကိုအခြေ ခံပြီး ပြင်သစ်မြို့ပြဥပဒေစနစ်မှ ဆင်းသက်လာပါသည်။ ဗီယက်နမ်နိုင်ငံလွှတ်တော်သည် ဥပဒေ ပြုသောလုပ်ဆောင်ချက်များအတွက် တာဝန်ရှိသော အမြင့်ဆုံးအဖွဲ့အစည်းဖြစ်ပါသည်။ ဥပဒေပြု ရေးလုပ်ငန်းစဉ်ကို ဥပဒေရေးရာကော်မတီနှင့် အမျိုးမျိုးသောလက်အောက်ခံရုံးများသည် ဥပဒေ ပြုခြင်းလုပ်ငန်းအဆင့်ဆင့်အား ကူညီပေးပါသည်။ သက်ဆိုင်ရာဥပဒေမူကြမ်းပြုစုခြင်းလုပ်ငန်း စဉ်သည် ဝန်ကြီးဌာနများ သို့မဟုတ် ဝန်ကြီးဌာနများ၏လက်အောက်ခံဌာနများမှ သက်ဆိုင် သောလုပ်ငန်းတာဝန်ဖြစ်သည်။ အခြေခံဥပဒေတွင်ပြဋ္ဌာန်းထားသည့်အတိုင်း ဥပဒေအမျိုးအစား ပေါ်မူတည်၍ စိစစ်သုံးသပ် အတည်ပြုရမည့် အဆင့်များအတိုင်း ဆောင်ရွက်ရပါသည်။
၁၈။    ဗီယက်နမ်တွင်အမြင့်ဆုံးဥပဒေသည် ၁၉၉၂ခုနှစ်တွင် ဗီယက်နမ်နိုင်ငံလွှတ်တော်မှပြဋ္ဌာန်း ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အောက်တွင်   ဥပဒေများ၊   ဥပဒေကဲ့သို့အာဏာတည်သောအမိန့်များ၊ အမိန့်များနှင့် အခြားသော လူမှုရေးနယ်ပယ် အသီးသီး နှင့်သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းများ ဖြစ်ပါသည်။


ဗီယက်နမ်လွှတ်တော်၏ဥပဒေပြုရေးလုပ်ငန်း
၁၉။    ၂၀၁၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံလွှတ်တော်သည် ဥပဒေစုစုပေါင်း ၂၉ခုကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး ဆုံးဖြတ်ချက် ၁၁ ခုကိုချမှတ်နိုင်ခဲ့ပါသည်။ ၈ ကြိမ်မြောက်လွှတ်တော်တွင် ၁၈ ခုပြဋ္ဌာန်းနိုင်ခဲ့ပြီး ၎င်းအရေအတွက်သည် အများဆုံးဖြစ်ပါသည်။
၂၀။    ဥပဒေပြုခြင်းလုပ်ငန်းသည် ဗီယက်နမ်လွှတ်တော်၏အဓိကလုပ်ငန်းဖြစ်ပြီး အထူးသဖြင့် ၂၀၁၄ ခုနှစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ပထမဦးဆုံးအကောင်အထည် ဖော်ရသောနှစ် ဖြစ်ပါသည်။ ၎င်းသည် ဆိုရှယ်လစ်စနစ်နှင့်နွယ်သော ဈေးကွက်စီးပွားရေးစနစ်သို့ ထူးခြားစွာ ပြောင်းလဲ သည့် မဟာဗျူဟာတစ်ရပ် ဖြစ်ပါသည်။ ဥပဒေစိုးမိုးသောဆိုရှယ်လစ်နိုင်ငံတည်ဆောက် ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်သည် လူ့အခွင့်အရေးနှင့်နိုင်ငံသားတို့၏ အခွင့်အရေးအား လေးစားခြင်း၊ အာမခံထားခြင်းနှင့်ကာကွယ်ခြင်း၊ တရားစီရင်ရေးရာ ပြုပြင်ပြောင်းလဲခြင်းများ ကို လုပ်ဆောင်ခြင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးအား ကြံ့ခိုင်မှုရှိစေခြင်း၊ နိုင်ငံတကာ ၏လုပ်ငန်းစဉ်အား ပေါင်းစပ်ရန်တွန်းအားပေးခြင်း တို့ပါဝင်ပါသည်။ ၂၀၁၄ ခုနှစ်တွင် သတ်မှတ် ထားသောဥပဒေ အရေအတွက်အား ဆွေးနွေးပြဋ္ဌာန်းနိုင်ခဲ့ပါသည်။ ၎င်းသည် ဥပဒေပြုခြင်း လုပ်ငန်း၏ သစ်ဆန်းပြီးခိုင်မာသော သရုပ်ကို ပြသနိုင်ခြင်းပင်ဖြစ်ပါသည်။ ထိုဥပဒေများသည် များသောအားဖြင့် လူ့အခွင့်အရေး၊ အခြေခံအခွင့်အရေးများနှင့် နိုင်ငံသားများ၏တာဝန် ဝတ္တရား များ၊စီးပွားရေးအဖွဲ့အစည်းများအား ပို၍ကောင်းမွန် တိုးတက်ရေး ၊ နိုင်ငံတော်ယန္တရားအဖွဲ့အစည်း များ၊ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုများ၊ ပညာရေးနှင့်သင်တန်းပေးခြင်း အား ထပ်မံကြိုးစားမှု၊ အသက်မွေးဝမ်းကျောင်းသင်တန်းပေးခြင်း၊ သိပ္ပံနည်းပညာနှင့် သဘာဝ ပတ်ဝန်းကျင်၊ လူမှုဖူလုံရေး အာမခံချက်၊ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့်လူမှုရေးဆိုင်ရာ တည်ငြိမ်မှုနှင့်လုံခြုံမှု၊ နိုင်ငံတကာနှင့်ပေါင်းစပ်ခြင်းအား တိုးမြှင့်ခြင်းတို့နှင့် စပ်လျဉ်းသော ဥပဒေများ ဖြစ်ပါသည်။
၂၁။    ဗီယက်နမ်နိုင်ငံလွှတ်တော်သည် ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် စီးပွားရေးလုပ်ငန်းများဥပဒေ တို့အား အချိန်ကိုက်ပြန်လည် သုံးသပ်ရန် ပြဋ္ဌာန်းခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းများအဖွဲ့အစည်း များကြားတွင် လွတ်လပ်စွာယှဉ်ပြိုင်မှုနှင့်ညီမျှမှုများကို တိုးမြှင့်လာခဲ့ပြီး ကန့်သတ်တားမြစ်ထား သော လုပ်ငန်းများ၏ နယ်ပယ်နှင့်ကုန်သွယ်မှုများကိုလည်း လူအများထင်ရှားစွာ သိရှိစေပြီး ပွင့်လင်းမြင်သာမှုဖြစ်စေခဲ့ပါသည်။ ဗီယက်နမ်လွှတ်တော်သည် အခွန်နှင့်ပတ်သက်သော စည်း မျဉ်းစည်းကမ်းများကိုလည်း ပြင်ဆင်ခဲ့ပါသည်။ ထိုသို့ပြင်ဆင်ခြင်းအားဖြင့် စီးပွားရေးလုပ်ငန်း များတွင်အခက်အခဲများအား ဖယ်ရှားနိုင်သည့်အပြင် နိုင်ငံဘဏ္ဍာအခွန်ဝင်ငွေအား တိုးမြှင့်ရရှိခဲ့ ပါသည်။


လွှတ်တော်ရုံးအဖွဲ့
၂၂။    လွှတ်တော်ရုံး၏ညွှန်ကြားရေးမှူးချုပ် သို့မဟုတ် အထွေထွေအတွင်းရေးမှူးသည်လွှတ်တော် ၏ အမြဲတမ်းကော်မတီနှင့်လွှတ်တော်ဥက္ကဋ္ဌအား တာဝန်ခံရပါသည်။ ဒုတိယညွှန်ကြားရေးမှူး ချုပ်သည် ညွှန်ကြားရေးမှူးချုပ်ကို အထောက်အကူပြုရပါသည်။ လွှတ်တော်၏ အမြဲတမ်း ကော်မတီ သည် ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်ကို ခန့်အပ်ခြင်း သို့မဟုတ် ရာထူးမှ ဖယ်ရှားခြင်း အား ဆောင်ရွက်နိုင်ပါသည်။


လွှတ်တော်ရုံးအဖွဲ့၏ဖွဲ့စည်းပုံ
၂၃။    လွှတ်တော်ရုံးအဖွဲ့အား အထူးဌာန ၁၃ ဌာနနှင့် ဌာနခွဲ ၁၉ ဌာန ဖွဲ့စည်းထားပါသည်။
အထူးဌာနများ
၂၄။    အထူးဌာန (၁၃) ဌာန မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က)    လူမျိုးစုရေးရာဌာန (Ethnic Department)
(ခ)    ဥပဒေရေးရာဌာန (Law Department)
(ဂ)    တရားစီရင်ရေးရာဌာန (Judicial Department)
(ဃ)    စီးပွားရေးရာဌာန (Economic Department)
(င)    ဘဏ္ဍာရေးနှင့်ရသုံးမှန်းခြေငွေစာရင်းဌာန (Department for Finance and Budget)
(စ)    နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးဌာန (Department  for National Defense and Security)
(ဆ)    ယဉ်ကျေးမှု၊ ပညာရေး၊ လူငယ်နှင့် ကလေးသူငယ်များဆိုင်ရာဌာန (Department for Culture, Education, Youth and Minors)
(ဇ)    လူမှုဆက်ဆံရေးဌာန (Department for Social Affairs)
(ဈ)    သိပ္ပံ၊နည်းပညာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဌာန (Department for Science Technology and Environment)
(ည)    နိုင်ငံခြား‌ရေးရာဌာန (Department for Foreign Affairs)
(ဋ)    ကိုယ်စားလှယ်ရေးရာဌာန (Department for the Deputy Affairs)
(ဌ)    ကိုယ်စားလှယ်အသစ်များလေ့ကျင့်ရေးဌာန (Training Center for Elected Representatives (TCER))
(ဍ)    ပြည်သူများ၏တိုင်ကြားစာများနှင့်အသနားခံစာများဌာန (Department for Public Complaints and Petitions)


ဌာနခွဲများ
၂၅။    ဌာနခွဲ (၁၉) ဌာန မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
    (က)    စီမံရေးရာဌာန (Department for Administration)
    (ခ)    အထွေထွေရေးရာဌာန (Department for General Affairs)
(ဂ)    အဖွဲ့အစည်းနှင့်ဝန်ထမ်းရေးရာဌာန (Department for Organization and Personnel)
(ဃ)    ထောက်ပံ့ရေးဌာန (Department for Logistics)
(င)    ဘဏ္ဍာရေးနှင့် စီမံကိန်းရေးဆွဲရေးဌာန (Department for Finance and Planning)
(စ)    ပြန်ကြားရေး၊ စာကြည့်တိုက်နှင့်သုတေသနဌာန (Center for Information, Library and Research Services )
(ဆ)    နည်းပညာ အဖွဲ့ (IT Center)
(ဇ)    တောင်ပိုင်းရေးရာဌာန (Department for Southern Affairs)
(ဈ)    မြေပြန့်နှင့်တောင်တန်းရေးရာဌာန (Department for Central and Highland Affairs)
(ည)    ငွေစာရင်းဌာနစိတ် (Accounting Division)
(ဋ)    လုံခြုံရေးဝန်ဆောင်မှုဌာန (Security Services)
(ဌ)    “ပြည်သူ့ကိုယ်စားလှယ်”နေ့စဉ်သတင်းစာဌာန (“The People’s Representative” Daily Newspaper)
(ဍ)    ဥပဒေများဆန်းစစ်လေ့လာရေးဌာန (Legislative Studies Review)
(ဎ)    အပြည်ပြည်ဆိုင်ရာစီမံကိန်းများစီမံခန့်ခွဲရေးဌာန (Division for International Project  Management )
(ဏ)    ဆောက်လုပ်ရေးစီမံကိန်းများစီမံခန့်ခွဲရေးအဖွဲ့ (Construction Project Management Unit)
(တ)    နည်းပညာစီမံကိန်းများစီမံခန့်ခွဲရေးအဖွဲ့ (IT Project Management Unit)
(ထ)    Parliamentary Dormitory (165 Nam Ky Khoi  Nghia, Ho Chi Minh City)
(ဒ)    Parliamentary Dormitory ( 27 A Tran Hung Dao, Ha Noi City)
(ဓ)    Parliamentary Dormitory (Hoang Cau, Ha Noi City)

လွှတ်တော်ရုံးအဖွဲ့၏ လုပ်ငန်းတာဝန်များ
၂၆။    လွှတ်တော်ရုံးအဖွဲ့သည် လွှတ်တော်ကို အထောက်အကူပြုရသည့် အဖွဲ့အစည်းဖြစ်ပါ သည်။ ၎င်းတို့သည် သုတေသနပြုခြင်း၊ အကြံပေးခြင်းနှင့် အထောက်အပံ့ပေးခြင်းတို့ကို လွှတ်တော်၏ အမြဲတမ်းကော်မတီ၊ လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ဒုတိယက္ကဋ္ဌ၊ လူမျိုးစုရေး ရာ ကောင်စီနှင့် ကော်မတီများအတွက် ဆောင်ရွက်ရပါသည်။

ဗီယက်နမ်နိုင်ငံလွှတ်တော်မှ သုတေသနဌာန၏ ဆောင်ရွက်မှုများ
၂၇။    ဗီယက်နမ်လွှတ်တော်သည် ၎င်းတို့၏ဥပဒေရေးရာစနစ်အား ပို၍ကောင်းမွန်လာစေရန် ၎င်း တို့၏ လူမှုစီးပွားရေးအခြေအနေနှင့် ရည်မှန်းချက်အား ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ်တွင် ဗီယက်နမ်လွှတ်တော်ကို သတင်းအချက်အလက်များပြည့်စုံရန် မူဝါဒများ ချမှတ်ရာ တွင်ခိုင်မာရန်နှင့်အုပ်ချုပ်ရေးအဖွဲ့ကိုစောင့်ကြည့်လေ့လာသည့်အခါတွင် ပို၍ထိရောက်ရန်အတွက် ဗီယက်နမ်လွှတ်တော်၏ အမြဲတမ်းကော်မတီသည် ဥပဒေပြုမှုလေ့လာရေးဆိုင်ရာတက္ကသိုလ်ကို တည်ထောင်ခဲ့ပါသည်။
၂၈။    ဗီယက်နမ်နိုင်ငံလွှတ်တော်၏ကိုယ်စားလှယ်များနှင့် ဥပဒေပြုဝန်ထမ်းများသည် ဥပဒေပြု စောင့်ကြည့်လေ့လာခြင်းအပေါ် အမျိုးသားဆွေးနွေး ပွဲများကိုစုပေါင်း၍ပြုလုပ်ကြပါသည်။ ဥပဒေ ပြုမှုလေ့လာရေးဆိုင်ရာတက္ကသိုလ်သည် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဗီယက်နမ် နိုင်ငံလွှတ်တော်အနေဖြင့် တွေ့ကြုံရမည့် သဘောတရားရေးရာအရလည်းကောင်း၊ လက်တွေ့အရ လည်းကောင်း တွေ့ကြုံရမည့်ပြဿနာ များကို သုတေသနပြုပါသည်။ သတင်းအချက်အလက်များ ထောက်ပံ့ပေးပြီး လွှတ်တော်များ၏လှုပ်ရှားမှုများ၊ အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ် များလုပ်ကိုင်နိုင်ရန်အတွက် ထောက်ပံ့ပေးပါသည်။ တိကျမှန်ကန်ကန်သော သတင်းအချက် အလက်များကို လွှတ်တော် ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများအတွက် စီစဉ်ဆောင်ရွက်ပေးခြင်း ဖြင့်လုပ်ငန်းပြီးမြောက်စေပါသည်။ လွှတ်တော်မှ ဆုံးဖြတ်ချက် ချမှတ်မည့် ဝေဖန်မှုများသော ဥပဒေများနှင့် မူဝါဒဆိုင်ရာသုံးသပ်ချက်များကိုလည်း ဆောင်ရွက်ပေးပါသည်။ တက္ကသိုလ်၏ အင်အား မြှင့်တင်ရေး အတွက် ဆွေးနွေးပွဲများနှင့် တွေ့ဆုံပွဲများပြုလုပ်ပါသည်။ ၎င်းတို့မှာ ဆက်သွယ်မှု မူဝါဒနှင့်မဟာဗျူဟာ၊ ရသုံးမှန်းခြေငွေစာရင်းအား ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်း၊ စောင့်ကြည့် လေ့လာကြားနာခြင်း၊ ကိုယ်စားလှယ်များမှ အထောက်အပံ့အတွက်တောင်းခံသည့် အချက်အလက် များကို ချက်ချင်းပေးရသော ဝန်ဆောင်မှုများဖြစ်ပါသည်။
၂၉။    အမေရိကန်နိုင်ငံ၏အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီ (U.S. Agency for International Development-USAID) စီမံကိန်း၏ လေ့ကျင့်မှုအစိတ်အပိုင်း တစ်ခုအနေဖြင့်  ဥပဒေပြုမှုလေ့လာရေးဝန်ထမ်းများသည် တောင်းခံမှုကြောင့် ဖြေဆိုပေးရသော ရာခိုင်နှုန်းမှာ  ၁၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၈၁ ရာခိုင်နှုန်းမှ ၂၀၁၃ ခုနှစ်တွင် ၉၅ ရာခိုင်နှုန်း တိုးတက်ဖြေကြားနိုင်ခဲ့ပါသည်။


ပြည်ထောင်စုလွှတ်တော်နှင့် ဗီယက်နမ်နိုင်ငံလွှတ်တော်တို့၏ လွှတ်တော်အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု
၃၀။    ၂၄-၇-၂၀၁၃ ရက်နေ့တွင် ဗီယက်နမ်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Nguyen Sinh Hung ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု လွှတ်တော်နှင့် ဗီယက်နမ်သမ္မတနိုင်ငံလွှတ်တော်တို့ကြား လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးပွဲကို ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌတို့က အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ လွှတ်တော် ၂ ရပ်ကြား ပိုမိုပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများ၊ မြန်မာနိုင်ငံတွင် ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များ ပိုမိုလာရောက် ရင်းနှီးမြှုပ်နှံ ရေးဆိုင်ရာများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် နယ်ပယ်ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင် ဆောင်ရွက်သွားရေးဆိုင်ရာများ ဆွေးနွေးကြခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၌ ကဏ္ဍအသီးသီးတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုပြုနေကြသည့် ကမ္ဘာ့နိုင်ငံများနှင့် ဗီယက်နမ်နိုင်ငံ မှ လာရောက်ရင်းနှီးမြှုပ်နှံမှုပမာဏ အခြေအနေများ၊ မြန်မာနှင့် ဗီယက်နမ် ၂ နိုင်ငံကြား အပြန် အလှန် ကုန်စည်စီးဆင်း တင်ပို့ရောင်းချမှုနှင့် ကုန်သွယ်မှုအခြေအနေများ၊ ၂၀၁၅တွင် ရည်မှန်း ထားသည့်အတိုင်း ကုန်သွယ်မှုပမာဏမြင့်မားလာရေးအတွက် ဆောင်ရွက်ရန်ကိစ္စရပ်များ အပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြကြောင်း ၂၅-၇-၂၀၁၃ ရက်နေ့ကြေးမုံသတင်းစာတွင်ဖော်ပြထား ပါသည်။
နိဂုံး
၃၁။    ဗီယက်နမ်နိုင်ငံလွှတ်တော်သည်ပြည်သူများမှ ရွေးချယ်တင်မြှောက်သည့်ကိုယ်စားလှယ်များ ဖြင့်ဖွဲ့စည်းထားသော ဗဟိုဦးစီးသောဒီမိုကရေစီစနစ် (Democratic Centralism) ကိုကျင့်သုံး သည့် ပါလီမန်စနစ်ဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံလွှတ်တော်သည် အောက်ပါ ကောင်းမွန်သော အချက်အလက်များကို ညွှန်ပြနေကြောင်းတွေ့ရှိရပါသည်-
-    ပြည်သူ့ကိုယ်စားလှယ်များကို အသက် ၂၁ နှစ်နှင့် ရွေးချယ်တင်မြှောက်ခံနိုင်သဖြင့် လူငယ်လွှတ်တော်ကိုယ်စားလှယ်များ ပိုမိုပါဝင်နိုင်ခြင်း၊
-    လွှတ်တော်တွင်းအမျိုးသမီးကိုယ်စားလှယ် ပါဝင်မှု အရေအတွက် များသောကြောင့် အမျိုးသမီးသမီးထုကို ပိုမို၍ ကိုယ်စားပြုနိုင်ခြင်း၊
-    ဖွဲ့စည်းပုံအခြေခံဥပဒေအား ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လေ့ရှိ ကြောင်း တွေ့ရှိရခြင်း၊
၃၂။    ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ် သော ဗီယက်နမ်နိုင်ငံလွှတ်တော် သည် လေ့လာ သင့်သောလွှတ်တော် တစ်ရပ်ဖြစ်ကြောင်း ရေးသား တင်ပြအပ်ပါသည်။


သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့် တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာ အကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက် အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သော အကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်း မရှိပါ။