Skip to main content

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်)

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၁၉  ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၉၁ )ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

(က)    တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၃)ဦး ကတိသစ္စာပြုခြင်းနှင့် ကတိ သစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊

( ခ )   ပြည်သူ့လွှတ်တော် ကော်မတီများတွင် ကော်မတီဥက္ကဋ္ဌ ပြောင်းလဲတာဝန်ပေး အပ်ခြင်း၊ ကော်မတီအဖွဲ့ဝင် ပြောင်းရွှေ့ခြင်း၊ အစားထိုးလဲလှယ်ဖွဲ့စည်းခြင်းနှင့်        ပယ်ဖျက်ခြင်း။ ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားသော ကော်မတီများတွင် အောက် ဖော်ပြပါ ကိုယ်စားလှယ်များအား ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ထပ်မံထည့် သွင်းဖွဲ့စည်းခြင်းကို လွှတ်တော်က အတည်ပြုခဲ့သည် -

(၁)     တရားစီရင်ရေးနှင့်ဥပဒေရေးရာကော်မတီတွင် ဦးတင်ထွေး၊ ဝေါမဲဆန္ဒနယ်အား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊

(၂)    ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ အဖွဲ့ဝင် ဒေါက်တာ ဒေါ်သက်သက်ခိုင်၊ ဒဂုံမဲဆန္ဒနယ်အား ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုး တိုးတက်မှုကော်မတီ၏အဖွဲ့ဝင်အဖြစ်လည်းကောင်း၊

(၃)    နိုင်ငံတကာဆက်ဆံရေးကော်မတီတွင် အဖွဲ့ဝင် ဗိုလ်မှူးချုပ်ဝင်းကိုကို (အစား) ဗိုလ်မှူးချုပ်ဇော်ဝင်းအားလည်းကောင်း၊

(၄)    နိုင်ငံသားများ၏မူလအခွင့်အရေးဆိုင်ရာကော်မတီတွင် အဖွဲ့ဝင် ဗိုလ်မှူးချုပ် ဇော်ဝင်း (အစား) ဗိုလ်မှူးကြီးစိုးလွင်အားလည်းကောင်း၊

(၅)    တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီမှ ဥက္ကဋ္ဌ ဦးအောင်တင်လင်း၊ နတ်မောက် မဲဆန္ဒနယ်၊ နိုင်ငံသားများ၏မူလအခွင့်အရေးဆိုင်ရာကော်မတီမှ အဖွဲ့ဝင် ဦးမြင့်လွင်၊ ပုဇွန်တောင်မဲဆန္ဒနယ်နှင့် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီမှ အဖွဲ့ဝင် ဦးစောသလေးစော၊ ရွှေကျင်မဲဆန္ဒနယ်တို့အား သီးခြားတာဝန် ပေးအပ်ရန် ရှိပါသဖြင့် ၎င်းတို့အား ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ်မှ ပယ်ဖျက်ခြင်း။

( ဂ )   ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာကော်မတီဖွဲ့စည်းရေး နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း။

(ဃ)    ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက တိုင်ကြားစာနှင့်အသနားခံစာဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ဖတ်ကြားတင်ပြခြင်း။

( င )   ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တိုင်ကြားစာနှင့်အသနားခံစာဆိုင်ရာကော်မတီတွင် ပါဝင်ရန် လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏အမည်စာရင်း၊ ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အပါအဝင် အဖွဲ့ဝင် (၁၆) ဦးဖြင့် ဖွဲ့စည်းရန်တင်ပြခြင်း။

( စ )  ကြယ်ပွင့်ပြမေးခွန်း(၇)ခုမေးမြန်းဖြေကြားခြင်း

(၁)    ဦးမြင့်လွင်၊ တွံတေးမဲဆန္ဒနယ်က မေးမြန်းသော ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ စာအုပ်ကို ရေးသားပြုစုထုတ်ဝေရန်  အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ (၁၉၁၅-၁၉၄၇)ကို ထုတ်ဝေနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် စာမူကြမ်းအဖြစ်ရေးသားပြုစု ထားရှိပြီးဖြစ် ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၂)    ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ်မဲဆန္ဒနယ်က မေးမြန်းသော တောင်သူဦးကြီးများ မိသားစုအလိုက် ဝင်ငွေပိုမိုတိုးတက်ရရှိရေးအတွက် အဖိုးတန်နှစ်ရှည်သီးနှံ တစ်မျိုးဖြစ်သော လျှော်ဖြူပင်ခေါ် ဆေးကုလားမပင် စိုက်ပျိုးထုတ်လုပ်ခြင်းကို နည်ပယ်ဒေသအသီးသီးတွင် စိုက်ပျိုးလုပ်ကိုင်နေကြပြီဖြစ်သဖြင့် နိုင်ငံတော် အစိုးရမှ ဈေးကွက်ခိုင်မာသည့် နိုင်ငံခြားပို့ကုန်အဆင့်အထိ ရောက်ရှိအောင် မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ခိုင်မာသော ဈေးကွက်ရှာဖွေနိုင်ရေးအတွက် မြန်မာသံရုံး၊ စီးပွားရေးသံရုံးများမှလည်းကောင်း၊ နိုင်ငံတကာကုန်စည်ပြပွဲများတွင် ပါဝင်ပြသခြင်းဖြင့်လည်းကောင်း၊ ထုတ်ကုန် ဆိုင်ရာအသင်းအဖွဲ့များဖွဲ့စည်းခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့်လည်း ကောင်း၊ ဈေးကွက်အခြေအနေများ စုံစမ်းထောက်လှမ်းခြင်းနှင့် ဈေးကွက်ရရှိရေး အတွက် ညှိနှိုင်းဆွေးနွေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဈေးကွက် ဆိုင်ရာ သတင်းအချက်အလက်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန Website တွင် ဖော်ပြပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၃)    ဦးဉာဏ်ဟိန်း၊ သံဖြူဇရပ်မဲဆန္ဒနယ်က မေးမြန်းသော သံဖြူဇရပ်မြို့လယ်ခေါင်၊ ပြည်ထောင်စုလမ်းမနံဘေးရှိ ကုန်သွယ်လယ်ယာနှင့် သမဝါယမအသင်းစုပိုင် ဂိုဒေါင်မြေနေရာတွင် မြို့တော်ခန်းမဆောက်လုပ်ပေးရန်  အစီအစဉ် ရှိ၊ ရှိ မေးခွန်း နှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သံဖြူဇရပ်မြို့နယ်၊ ဖောင်စိန် ကျေးရွာရှိ စက်မှုဝန်ကြီးဌာနက စွန့်လွှတ်မြေဧက (၄၀)နေရာတွင် မြို့နယ်ခန်းမ တည်ဆောက်ရန်အတွက် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ညှိနှိုင်း၍ မြို့စီမံကိန်း ရေးဆွဲရာတွင် ထည့်သွင်းရေးဆွဲထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၄)    ဒေါ်ချိုချို၊ အုတ်တွင်းမဲဆန္ဒနယ်က မေးမြန်းသော အုတ်တွင်းမြို့နယ်၊ ဘန်ဘွေး ကုန်းကျေးရွာအုပ်စုရှိ ရပ်ဆိုင်းထားသော ချဉ်ပေါင်ပျော့ဖတ်စက်ရုံအား BOT စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းအနေဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က B.O.T သို့မဟုတ် ဆီလျှော်ညီညွတ်မည့် နိုင်ငံခြား/ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ရပ် ဆောင်ရွက်သွားနိုင်ရန်တွက် ပြည်ထောင်စု အစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီသို့ တင်ပြဆုံးဖြတ်ချက်ခံယူပြီး အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၅)    ဦးညွန့်အောင်၊ မုံရွာမဲဆန္ဒနယ်က မေးမြန်းသော  မုံရွာမြို့နယ်၊ ကြီးအုပ်ကျေးရွာ အုပ်စု၊ ကြီးအုပ်ချောင်းအားပိတ်၍ ရေလှောင်တမံ အကောင်အထည်ဖော်ဆောင် ရွက်ပေးရန်  အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှ လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း စစ်ကိုင်းတိုင်း         ဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပြန်လည်ဖြေကြားခဲ့သည်။

(၆)    ဒေါက်တာဒေါ်ခင်စည်သူ၊ လွိုင်ကော်မဲဆန္ဒနယ်က မေးမြန်းသော လွိုင်ကော်မြို့နယ် တွင် တည်ရှိသော ဒေါပေါ်ကလဲရွာငယ်မှ ဘုရားနီရွာအထိ အလျား(၈၅၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၁၂)လက်မရှိ လယ်ယာကုန်ထုတ်မြေသားလမ်းအား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကယားပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပြန်လည် ဖြေကြားခဲ့သည်။

(၇)    ဦးမျိုးဇော်အောင်၊ ကောလင်းမဲဆန္ဒနယ်က မေးမြန်းသော ကောလင်းမြို့နယ် အတွင်း ဖြစ်ပွားခဲ့သော ဝက်နားရွက်ပြာနှင့် အခြားပူးတွဲရောဂါများကြောင့် ဝက်များ ထောင်ချီသေဆုံးကာ စီးပွားရေးပျက်စီးသွားသော မွေးမြူရေးသမားများအတွက် နိုင်ငံတော်မှ ထောက်ပံ့ကူညီပေးနိုင်မှု  ရှိ၊ မရှိ ၊ မွေးမြူရေးပြန်လည်ထူထောင်ရန် ငွေကြေးနှင့်နည်းပညာ ပံ့ပိုးနိုင်ခြင်း ရှိ၊ မရှိ၊ ကူးစက်ရောဂါဖြစ်ပွားလာပါက ထိန်းချုပ်ရေးအစီအစဉ်များ မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပညာပေးလုပ်ငန်းများ၊ ထိန်းချုပ်မှုဆိုင်ရာ လုပ်ငန်းများကို စီမံဆောင် ရွက်ပြီး ဖြစ်သည့်အလျှောက် မွေးမြူထားသည့် ဝက်များ သေဆုံးမှု၊ ဈေးလျှော့ ရောင်းချရမှုတို့ကြောင့် ဖြစ်ပေါ်သည့် ဆုံးရှုံးမှုများအပေါ်တွင် ထောက်ပံ့ပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။  

(ဆ)           အဆို(၁)ခုတင်သွင်းခြင်း

ဦးအောင်ကြည်သိန်း၊ ချောင်းဆုံမဲဆန္ဒနယ်က နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးအတွက် ပင်မအရင်းအမြစ်တစ်ခုဖြစ်သည့် မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး နှင့် လက်တွေ့ကျကျ အကျိုးရှိထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် တင်ဆောင်ရွက်ပေးပါရန်  ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆို တင်သွင်းပြီး ဦးခင်မောင်သီ၊ လွိုင်လင်မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက် ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ် များက ၂၂-၁-၂၀၁၉ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

(ဇ)    ဥပဒေကြမ်း (၂) ခု လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးခြင်း

(၁) အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၃.၁.၂၀၁၉ (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

(၂)     အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော စားသုံးသူ ကာကွယ်ရေးဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၂၃.၁.၂၀၁၉ (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

၃။       ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၂၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပမည့်ရက်ကို ၂၂.၁.၂၀၁၉ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။