Skip to main content

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၀၁၉  ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင ရှိသူ လွှတ်တော်ကိုယ်စားလှယ်( ၄၃၃ ) ဦးအနက် ( ၃၇၉ ) ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)   ကြယ်ပွင့်ပြမေးခွန်း(၇)ခုမေးမြန်းဖြေကြားခြင်း

(၁)    ဦးမောင်မြင့်၊ မင်းကင်းမဲဆန္ဒနယ်က မေးမြန်းသော  ၂၀၁၈ ခုနှစ်၊ သြဂုတ်လ   (၁၀)ရက်နေ့က သင်္ဂဟဟိုတယ်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့အကြား ဝန်ကြီးအဆင့် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ရာ အစည်းအဝေးတွင် သဘောတူညီချက် (၈) ချက် ချမှတ်ခဲ့ပြီး၊ အချက် (င) တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား နိုင်ငံတကာနယ်နိမိတ်နှင့် မြန်မာပိုင်နက် နယ်မြေပေါ်တွင် တည်ဆောက်ထားသည့် ခြံစည်းရိုးအကြား နေထိုင်သူများဟု ဖော်ပြထားပါသဖြင့် နှစ်နိုင်ငံ နယ်နိမိတ်ဟု သုံးနှုန်းသင့်ပါသော်လည်း နိုင်ငံတကာနယ်နိမိတ်ဟု မည်သည့်အတွက်ကြောင့် သုံးစွဲခဲ့ရသည်၊ အကယ်၍ မှားယွင်းသုံးနှုန်းခဲ့သည်ဆိုပါက ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နယ်နိမိတ်ကို ရည်ညွှန်းပြောဆိုခဲ့ရာတွင် နိုင်ငံတကာနယ်နိမိတ်ဟူ၍ သုံးနှုန်း       ခဲ့ခြင်းမှာ မှားယွင်းခြင်းမရှိဘဲ နိုင်ငံတကာကျင့်ထုံးအရ မှန်ကန်တိကျသည့်အသုံး အနှုန်းဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၂)    ဦးစတီဖန်၊ ကျိုင်းတုံမဲဆန္ဒနယ်က မေးမြန်းသော ကျိုင်းတုံမြို့ အထွေထွေရောဂါကု ဆေးရုံကြီးနှင့် လွယ်မွေတိုက်နယ်ဆေးရုံတို့၌ လစ်လပ်လျက်ရှိသော အထူးကု ဆရာဝန်နှင့် လက်ထောက်ဆရာဝန်များ အမြန်ဆုံးခန့်ထားပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံကြီးအတွက် လိုအပ်သောဆရာဝန်များကို မကြာခင်အချိန်တွင် ခန့်ထားပေးမည်ဖြစ်ပြီး လွယ်မွေ တိုက်နယ်ဆေးရုံတွင် လိုအပ်သောဆရာဝန်များအား သေချာစိစစ်၍ ၂၀၁၉ ခုနှစ် ဧပြီလအတွင်းတွင် ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၃)    ဦးအုန်းလွင်၊ ညောင်တုန်းမဲဆန္ဒနယ်က မေးမြန်းသော ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ကုသရေးဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်ခဲ့သော ညောင်တုန်းပြည်သူ့ဆေးရုံ (၃)ထပ် လူနာဆောင်အသစ်အား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ မည်သည့်အချိန် ကာလတွင် ပြီးစီးအောင်တည်ဆောက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက  အင်ဂျင်နီယာများ၊ QAQC Team၊ တိုင်းဒေသကြီးအစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ အားလုံးပူးပေါင်း၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အမြန်ဆုံးပြီးအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

(၄)    ဦးခင်မောင်သီ၊ လွိုင်လင်မဲဆန္ဒနယ်က မေးမြန်းသော လွိုင်လင်ခရိုင်၊ အထွေထွေ ရောဂါကု ခုတင်(၂၀၀)ဆံ့ ဆေးရုံကြီးတွင် မေ့ဆေးဆရာဝန်ကြီးများ အလျင်အမြန် ခန့်အပ်တာဝန်ပေးရန်နှင့် သူနာပြုဆရာမများအတွက် ဝန်ထမ်းအိမ်ရာဆောက်လုပ် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပါမောက္ခချုပ်၊ ပါမောက္ခ ဌာနမှူးများနှင့် ဆွေးနွေးပြီး လာမည့်နှစ်တွင် များစွာခေါ်ယူမည်ဖြစ်၍ လစ်လပ်သော ဆရာဝန်နေရာများတွင် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ဝန်ထမ်းအိမ်ရာများလည်း ဆောက်လုပ်ရန်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၅)    ဒေါက်တာဦးသန်းအောင်စိုး၊ မင်းလှမဲဆန္ဒနယ်က မေးမြန်းသော ဆေးဝါးတက္ကသိုလ် များမှ ဘွဲ့ရရှိသူဦးရေ၊ အစိုးရဌာန ပုဂ္ဂလိက လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင် နေမှုအခြေအနေနှင့် အလုပ်အကိုင်အခွင့်အလမ်းများ မည်သို့စီစဉ်ဆောင်ရွက်ထား သည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရန်ကုန်ဆေးဝါးတက္ကသိုလ်နှင့် မန္တလေးဆေးဝါးတက္ကသိုလ်တို့တွင် ၂၀၁၈ ခုနှစ် အထိ ဘွဲ့ရရှိသူ ၁၃၇၇၈ ဦးရှိပြီး FDA၊ လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ကုသရေးဦးဌာနနှင့် ဆေးသုတေသန ဦးစီးဌာနများတွင် လစ်လပ်သော ဝန်ထမ်းနေရာများအတွက် လျှောက်လွှာကို အမြန်ဆုံးခေါ်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၆)    ဒေါ်ခင်စောဝေ၊ ရသေ့တောင်မဲဆန္ဒနယ်က မေးမြန်းသော ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းကူတောင် တိုက်နယ်ဆေးရုံတွင် လစ်လပ်လျက်ရှိသော ဝန်ထမ်းများ နေရာတွင် အချိန်မီဖြည့်တင်းခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ၂၀၁၉ ခုနှစ် ဧပြီလတွင် ဆရာဝန်တစ်ဦး ခန့်ထားပေးမည်ဖြစ်ပြီး ရခိုင်ပြည်နယ်၏ ခက်ခဲသော ဒေသအခြေအနေများကို သိသည့်အတွက် ဦးစားပေး အနေဖြင့် ရှေ့ဆက်လက်ပြီး စဉ်းစားပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

(၇)    ဦးနေလင်းအောင်၊ မင်းတပ်မဲဆန္ဒနယ်က မေးမြန်းသော မင်းတပ်မြို့နယ်ရှိ မကွီအိမ်နူးမြို့ စံကိုက်(၁၆)ခုတင်ဆံ့ ဆေးရုံတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆေးရုံဆောက်မည့် မြေနေရာနှင့် ရေရရှိပါက ဦးစားပေးအနေဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

( ခ )  အဆို (၁) ခုတင်သွင်းခြင်း

ဒေါက်တာစိန်မြအေး၊ ဒလမဲဆန္ဒနယ်က နိုင်ငံတော်၏ မျိုးဆက်သစ်လူငယ်များအား ကျန်းမာလန်းဆန်း ဖြောင့်မတ်သော မျိုးဆက်သစ်များအဖြစ် ကြီးပြင်းလာကြစေရေး၊ လုပ်ငန်းခွင်ရောက် ပြည်သူများ၏ ကာယစိတ္တ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သက်ကြီး နိုင်ငံသားများ ကျန်းမာနုပျိုစေရေးတို့နှင့်အတူ မူးယစ်ဆေးဝါးနှင့် အခြားမလိုလားအပ်သော အာရုံများမှ ကင်းလွတ်သက်သာနိုင်သည့် အားကစားကဏ္ဍကို စီမံကိန်းနှင့် ရန်ပုံငွေများ ချမှတ်၍ တိုက်တွန်းအားပေး ဖော်ဆောင်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်းအဆို တင်သွင်းပြီး ဦးကျော်ဆွေဝင်း(ခ)ဦးအာလူး၊ ကော့မှူးမဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက် ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၈-၁-၂၀၁၉ (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

( ဂ )          ဥပဒေကြမ်း(၁)ခု လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးခြင်း

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ၂၀၁၇ ခုနှစ်၊ မြေသိမ်း ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး အဆိုပါ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၉.၁.၂၀၁၉ (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်း ရန်ဖြစ်သည်။

၃။       ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပမည့်ရက်ကို ၂၈-၁-၂၀၁၉ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။