Skip to main content

မြန်မာနိုင်ငံနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် လုပ်ငန်းများအား လေ့လာခြင်းစာတမ်းတို

 

နိဒါန်း

၁။    နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟူသည် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အလွန်အရေး ပါသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ ရင်းနှီးမြှုပ်နှံမှုဆိုသည်မှာ ရင်းနှီးမြှုပ်နှံသူက မြန်မာ နိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေနှင့်အညီ ပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်သည့်ပစ္စည်းများကို ဆိုလို  ခြင်းဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားသားရင်းနှီး မြှုပ်နှံမှုဟူ၍ရှိပါသည်။ ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု နှင့် ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရင်းနှီးမြှုပ်နှံမှုဟူ၍လည်း၂ မျိုးခွဲခြားထားပါသည်။ 

၂။    မြန်မာနိုင်ငံသည် ၁၉၈၈ ခုနှစ်နောက်ပိုင်းမှစ၍ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲ ကျင့်သုံးခဲ့ရာ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်ပေးခဲ့ပါသည်။ ထိုအချိန်မှစ၍ နိုင်ငံ တကာမှလာရောက် ရင်းနှီးမြှုပ်နှံခဲ့ရာ ယခုအခါ နိုင်ငံပေါင်း (၄၉) နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံ သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအထိ အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၇,၅၈၈ ပမာဏအထိ ရင်းနှီးမြှုပ်နှံခဲ့ပါသည်။ 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက်အခွင့်အလမ်းနှင့် အားသာချက်များ

၃။    မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အတွက် အခွင့်အလမ်းများနှင့် အားသာချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က)    ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၆ (ဃ) တွင် နိုင်ငံတော်က စီးပွားရေးလုပ်ငန်းများကို မည်သည့်အခါမျှ ပြည်သူပိုင်မသိမ်းဟု ပြဋ္ဌာန်းထားခြင်း၊
(ခ)    နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ  ဥပဒေအတိုင်းဆောင်ရွက်နေသရွေ့ ၎င်းလုပ်ငန်း အား တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း မပိတ်သိမ်း၊ မရပ်စေရဟု အာမခံထားခြင်း၊  
(ဂ)    အကယ်၍ နိုင်ငံအတွက်/ တိုင်းပြည်အတွက် လိုအပ်လာပါက ယင်းလုပ်ငန်းအား ပိတ်သိမ်းရမည့်အခါ ဘက်မလိုက်ဘဲ ဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် အားလုံးကို နစ်နာမှုမရှိအောင် အမြန်ဆုံး ပေးလျော်ရခြင်း၊
(ဃ)    ယင်းသို့ ကာကွယ်ပေးမှုများသည် ရင်းနှီးမြှုပ်နှံသူအား ကာကွယ်ပေးခြင်း မဟုတ် ဘဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကိုသာ အကာအကွယ်ပေးခြင်း၊
(င)    နိုင်ငံတော်ပိုင်မြေအပြင် ပုဂ္ဂလိကပိုင်မြေကို ငှားရမ်းခွင့်ရှိလာသည့်အပြင် သက်တမ်း ပြည့်ငှားရမ်းခွင့်ကာလ နှစ် ၅၀ အထိ သတ်မှတ်ထားပြီး နောက်ထပ် ၁၀ နှစ် သက်တမ်း (၂) ကြိမ်တိုးနိုင်ကာ ကာလရှည်မြေငှားရမ်းခွင့်ရှိခြင်း၊
(စ)    မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ( Myanmar Investment Commission-MIC) သို့ လာရောက်ရန်မလိုအပ်ဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရင်းနှီး မြှုပ်နှံမှုကော်မတီများတွင် အတည်ပြုမိန့် လျှောက်ထားနိုင်ခြင်း၊
(ဆ)    ယခင် (MIC) ၏ ခွင့်ပြုမိန့်ရရန် ရက်ပေါင်း (၉၀) စောင့်စားရပြီး ယခုအခါ ရက်ပေါင်း (၆၀) အတွင်းရရှိနိုင်ပြီး အတည်ပြုမိန့်ဖြစ်ပါက ရက်ပေါင်း ၃၀ အတွင်း ခွင့်ပြုခြင်း၊
(ဇ)    ဖြေလျှော့ပေးခြင်း/အမြတ်ခွန်ကင်းလွတ်ခြင်းတွင် ဇုန် (၃) ခုခွဲကာ (၃) နှစ်၊ (၅) နှစ်၊ (၇) နှစ်ဟူ၍ ဒေသအသီးသီးတွင် ခွဲခြားသတ်မှတ်ပေးထားခြင်း၊
(ဈ)    လုပ်ငန်းလုပ်ကိုင်ခွင့်အမျိုးအစားများတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုကို (၁၀၀) ရာခိုင်နှုန်း လုပ်ခွင့်ပြုပြီး၊ ဖက်စပ်လုပ်ငန်းများကိုလည်း ၈၀ ရာခိုင်နှုန်း လုပ်ခွင့် ပြုခြင်း၊
(ည)    ဦးစားပေးမြှင့်တင်မည့်လုပ်ငန်း (၁၀) မျိုးကို သတ်မှတ်ထားပြီး ယင်းလုပ်ငန်း များကို အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်ပေးထားခြင်း စသည်တို့ဖြစ်ပါသည်။ 

ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်းသည့် ဥပဒေများ၊ နည်းဥပဒေများနှင့် ညွှန်ကြားချက်များ

၄။    မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ ဆက်စပ်ဥပဒေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
    (က)    အထူးကုန်စည်ခွန်ဥပဒေ
    (ခ)    ၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေးဥပဒေ
    (ဂ)    ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ
    (ဃ)    အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေ
    (င)    အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ
    (စ)    ယှဉ်ပြိုင်မှုဥပဒေ
    (ဆ)    ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ
    (ဇ)    မြန်မာအထူးစီးပွားရေးဇုန်နည်းဥပဒေ 
    (ဈ)    ဝင်ငွေခွန်နည်းဥပဒေများ၊ စည်းမျဉ်းများ
   (ည)    ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်းများ
    ဋ)    ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်း
   (ဌ)    စားသုံးသူအကာအကွယ်ပေးရေးဥပဒေ
   (ဍ)    ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းဥပဒေများ
   (ဎ)    မြန်မာနိုင်ငံတော်ဗဟိုဘဏ်အမိန့်ကြော်ငြာစာ (နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း)
  (ဏ)    ၂၀၁၄ ခုနှစ်၊ မြန်မာ့အထူးစီးပွားရေးဇုန်ဥပဒေ
  (တ)    ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ
  (ထ)    အသိဉာဏမူပိုင်ခွင့်ဥပဒေ
  (ဒ)    အသေးစားငွေရေးကြေးရေးလုပ်ငန်းဆိုင်ရာညွှန်ကြားချက်များ စသည်တို့ဖြစ်ပါ သည်။ 

ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရမှ ချမှတ်ထားသည့် မူဝါဒ (၇) ချက်

၅။    နိုင်တော်အစိုးရမှ ချမှတ်ထားသော ရင်းနှီးမြှုပ်နှံမှုမူဝါဒသည် နိုင်ငံတော်အစိုးရ၏ စီးပွား   ရေးမူဝါဒ (၁၂) ရပ်နှင့် အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် အတွက်ချမှတ်ထားခြင်း ဖြစ်ပါသည်။ ယင်းရင်းနှီးမြှုပ်နှံမှုမူဝါဒ (၇) ရပ်မှာ -
(က)    တာဝန်ယူမှုရှိပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များကို ကြိုဆိုမည်။
(ခ)    မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းများ သည် ပွင့်လင်းမြင်သာမှုရှိပြီး ရှင်းလင်းလွယ်ကူ၍ မြန်ဆန်သွက်လက်စွာ ဆောင် ရွက်နိုင်သော လုပ်ထုံးလုပ်နည်းများဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်မည်။
(ဂ)    မက်ခရိုစီးပွားရေးတည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှု၊ အငြင်းပွားမှုများအတွက် ယုံကြည်ကိုးစားရသော ဖြေရှင်းရေး လုပ်ထုံးလုပ်နည်းများ၊ အခြေခံစီးပွားရေး အဆောက်အဦကောင်းမွန်စွာလည်ပတ်ဆောင်ရွက်နိုင်မည့် ယုံကြည်စိတ်ချရသည့် ဘဏ္ဍာရေးစနစ်တို့ဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် အထောက်အပံ့ဖြစ်စေရန် ဆောင်ရွက်မည်။
(ဃ)    နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါ သည့် အားလျော်စွာ နိုင်ငံတော်အစိုးရသည်-
(၁)    နိုင်ငံခြားနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအကြား ခွဲခြားဆက်ဆံမှု မရှိသော ကြိုတင်ခန့်မှန်းသိမြင်နိုင်သည့် ထိန်းကျောင်းကြပ်မတ်မှု ဝန်းကျင် တစ်ရပ်ကို ထူထောင်မည်။
(၂)    စီးပွားရေးလုပ်ငန်းများကို အငြင်းပွားဖွယ်သိမ်းယူခြင်းမှ ကာကွယ်ပေး မည်။
(၃)    အခွန်အကောက်များနှင့် အခြားပေးဆောင်ရန်ရှိသည်များကို ပေးဆောင်ပြီး နောက်ရရှိသည့် အကျိုးအမြတ်များအပြင် ဥပဒေနှင့်အညီ ပေးချေရမည့် ကိစ္စများ ပြန်လည်လွှဲပြောင်းခွင့်များကို ကာကွယ်ပေးမည်။
(၄)    အတည်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ကာလရှည် မြေငှားရမ်းခွင့်ရရှိရေးဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည်။
(င)    ပြည်တွင်းနှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ပတ်ဝန်းကျင်နှင့်သဘာဝအရင်း အမြစ်ဆိုင်ရာ ကိစ္စရပ်များအပါအဝင် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ကျင့်ထုံးများကို ခွဲခြားမှုမရှိဘဲ တစ်ပြေးညီအစဉ် လိုက်နာရမည်။
(စ)    နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ နယ်ပယ်များနှင့် ဆက်နွယ်သည့် အချို့သော စီးပွားရေးလုပ်ငန်းများကို နိုင်ငံခြားသားများအား လုပ်ဆောင်ခွင့်မပြု။ အဆိုပါခွင့်ပြုနိုင်ခြင်းမရှိသည့် လုပ်ငန်းများကို ပွင့်လင်း မြင်သာစွာ ထုတ်ပြန်မည်။
(ဆ)    အောက်ဖော်ပြပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ကြိုဆိုအားပေးမည်-
(၁)    ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုကွင်းဆက်တွင် ချိတ်ဆက် ထားသည့် ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်သော၊ တန်ဖိုးမြှင့် လယ်ယာထုတ် ကုန်များ ထုတ်လုပ်နိုင်သော လုပ်ငန်းများ။
(၂)    နည်းပညာလွှဲပြောင်းနိုင်မှုနှင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများအပေါ် အကျိုးဖြစ်ထွန်းမှုရရှိစေမည့်လုပ်ငန်းများ။
(၃)    အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက်စေ နိုင်မည့် လုပ်ငန်းများ။
(၄)    အခြေခံစီးပွားရေးအဆောက်အဦများအား လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေ နိုင်မည့် လုပ်ငန်းများ။
(၅)    အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ပြီး၊ ကျွမ်းကျင်မှု မြင့်မား တိုးပွားရေးအတွက် အထောက်အကူပြုသော အသက်မွေးဝမ်းကျောင်း ပညာများ လေ့ကျင့်သင်ကြားပေးနိုင်မည့် လုပ်ငန်းများ။
(၆)    စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျအားနည်းသော ဒေသများတွင် ရင်းနှီး မြှုပ်နှံလုပ်ကိုင်ဆောင်ရွက်မည့် လုပ်ငန်းများ။
(၇)    စက်မှုမြို့များနှင့် အထူးစီးပွားရေးလုပ်ငန်းများ စုဖွဲ့ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ။
(၈)    ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စသည်တို့ ဖြစ်ပါသည်။ 

နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများဆောင်ရွက်ခွင့်မရှိသော လုပ်ငန်းများ

၆။    နိုင်ငံတကာတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ခွင့်ပြုသည့်အခါ မိမိနိုင်ငံသားများလုပ် နိုင်သည့် လုပ်ငန်းများ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ယဉ်ကျေးမှုနှင့်ပတ်သက်သည့်  လုပ်ငန်းအမျိုးအစားများကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား လုပ်ခွင့်မပြုပါ။ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများမှ ဆောင်ရွက်ခွင့်မရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစား (၁၀) မျိုးကို သတ်မှတ်ထားပါသည်။ ၎င်းတို့မှာ-
(က)    မြန်မာအပါအဝင် တိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေသော အချိန်မှန်ထုတ် စာနယ်ဇင်း ပုံနှိပ်ဖြန့်ချိခြင်းဆိုင်ရာလုပ်ငန်းများ၊
(ခ)    ရေချိုငါးဖမ်းလုပ်ငန်း၊ ၎င်းလုပ်ငန်းနှင့် ဆက်နွယ်သည့် ဝန်ဆောင်မှုလုပ်ငန်းများ၊
(ဂ)    ပြည်ပသို့ တင်ပို့ခြင်းနှင့် ပြည်တွင်းသို့ တင်သွင်းရန် အလို့ငှာ တိရိစ္ဆာန်ထိန်းသိမ်း စစ်ဆေးရေးစခန်း တည်ထောင်ခြင်းလုပ်ငန်း၊
(ဃ)    အိမ်မွေးတိရိစ္ဆာန် ထိန်းသိမ်းရေး ဝန်ဆောင်မှုလုပ်ငန်း၊
(င)    သစ်တောနယ်မြေနှင့် သစ်တောဖုံးလွှမ်းလျက်ရှိသည့် အစိုးရက စီမံခန့်ခွဲခွင့်ရှိသော မြေအတွင်းရှိ သဘာဝသစ်တောများမှ သစ်တောထွက်ပစ္စည်းထုတ်လုပ်ခြင်း လုပ်ငန်း၊
(စ)    သတ္တုတွင်းဥပဒေနှင့်အညီ ဓာတ်သတ္တုအလတ်စားနှင့် အသေးစားထုတ်လုပ်ရန် အတွက် ရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်း၊ ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်းများ၊
(ဆ)    ဓာတ်သတ္တုအလတ်စားနှင့် အသေးစားကျိုချက်ခြင်း၊ သန့်စင်ခြင်းလုပ်ငန်း၊
(ဇ)    ရေနံတွင်းတိမ် တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း၊
(ဈ)    ဗီဇာစတစ်ကာများ၊ နိုင်ငံခြားသား ပြည်တွင်းနေထိုင်ခွင့်လက်မှတ်များ၊ ပုံနှိပ် ထုတ်ဝေခြင်းဆိုင်ရာလုပ်ငန်းများ၊
(ည)    ကျောက်စိမ်း/ကျောက်မျက်ရတနာ ရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်းနှင့် ထုတ် လုပ်ခြင်းလုပ်ငန်း၊
(ဋ)    ဧည့်လမ်းညွှန်လုပ်ငန်း၊
(ဌ)    မီနီမားကတ်၊ Convenience Store စသည်တို့ဖြစ်ပါသည်။ 

ဦးစားပေးမြှင့်တင်သည့် လုပ်ငန်းများ

၇။    မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အမိန့်ကြော်ငြာစာ (၁၃/၂၀၁၇) အရ ဆေးရွက်ကြီး ဗာဂျီးနီးယားဆေးများ စိုက်ပျိုးထုတ်လုပ်ခြင်းမှအပ အောက်ဖော်ပြပါ လုပ်ငန်းများကို ဦးစား ပေးမြှင့်တင်မည့် လုပ်ငန်းများအဖြစ်သတ်မှတ်ပြီး အဆိုပါလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၇၅ အရ လုပ်ငန်းများဆောင်ရွက်သည့်အပေါ်/ ဒေသပေါ်မူတည်၍ ဝင်ငွေခွန်ကင်းလွတ်ခွင့် ၃ နှစ်မှ ၇ နှစ်အထိ သက်သာခွင့်ပြုထားပါသည်။ ယင်းလုပ်ငန်းများမှာ- 
(က)    လယ်ယာကဏ္ဍစိုက်ပျိုးထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် စိုက်ပျိုးရေးအခြေခံတန်ဖိုး မြှင့်ကုန်ထုတ်လုပ်ငန်းများ၊
 (ခ)    တိရိစ္ဆာန်မွေးမြူထုတ်လုပ်ခြင်းနှင့် ရေထွက်ပစ္စည်း မွေးမြူထုတ်လုပ်ခြင်း လုပ်ငန်းများ၊
 (ဂ)    ပို့ကုန်မြှင့်တင်နိုင်မည့် ကုန်ထုတ်လုပ်ငန်းများ၊
(ဃ)    သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်ငန်းများ၊
(င)    လျှပ်စစ်ဓါတ်အားပေးရေးကဏ္ဍဆိုင်ရာလုပ်ငန်းများ၊
(စ)    ထောက်ပံ့ပို့ဆောင်မှုဆိုင်ရာ လုပ်ငန်းများ၊
(ဆ)    ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၊
(ဇ)    ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊
(ဈ)    တန်ဖိုးနည်းအိမ်ယာ တည်ဆောက်ခြင်းလုပ်ငန်းများ၊
(ည)    စက်မှုမြို့တော်တည်ဆောက်မှု လုပ်ငန်းများစသည်တို့ဖြစ်ပါသည်။ 

အာဆီယံဘက်စုံရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်

၈။    မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ  ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများအတွက် ရည်ရွယ်၍ အာဆီယံဘက်စုံရင်းနှီးမြုပ်နှံမှုသဘောတူစာချုပ်ကို (၂၉-၃-၂၀၁၂) ရက်နေ့တွင် သဘောတူချုပ်ဆိုခဲ့ပါသည်။  စာချုပ်ပါရည်ရွယ်ချက်သည် အာဆီယံ ဒေသအတွင်း အာဆီယံစီးပွားရေးအသိုက်အဝန်းတစ်ခု ပေါ်ပေါက်လာစေရေး ရည်မှန်းချက် ပန်းတိုင်နှင့်အညီ လွတ်လပ်၍ ပွင့်လင်းမြင်သာမှုရှိသော စုပေါင်းရင်းနှီးမြှုပ်နှံမှုစနစ် ဖြစ်ထွန်း လာရေးအတွက် ထောက်ပံ့ပေးနိုင်ရန်ဖြစ်ပါသည်။
၉။    အာဆီယံစီးပွားရေးအသိုက်အဝန်း၏ အသေးစိတ်စီမံချက်အရ အာဆီယံအဖွဲ့ဝင်နိုင်ငံ အချင်းချင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် အာဆီယံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာ စေရန် ဆွဲဆောင်ရာတွင် အာဆီယံ၏ ယှဉ်ပြိုင်နိုင်စွမ်းအား တိုးတက်ကောင်းမွန်စေရေးအတွက် ထောက်ပံ့ပေးနိုင်ရန် အစီအစဉ်များချမှတ်ခဲ့ခြင်းလည်းဖြစ်ပါသည်။
၁၀။    အဆိုပါစာချုပ်သည် မဏ္ဍိုင်လေးခုအပေါ်မူတည်၍ ချမှတ်ထားပြီး အဆိုပါ မဏ္ဍိုင်လေးခု သည် စည်းမျဉ်းနှင့် ကန့်သတ်ချက်များလျှော့ပေါ့ပေးရန်၊ အကာအကွယ်ပေးရန်၊ မြှင့်တင်ပေးရန် နှင့် ပံ့ပိုးပေးရန်တို့ဖြစ်ပါသည်။ ထို့ပြင် ယင်းစာချုပ်တွင် ပင်မစီးပွားရေးနယ်ပယ် (၅) ခုရှိပြီး အဆိုပါနယ်ပယ် (၅) ခုမှာ ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ သစ်တောလုပ်ငန်း၊ သတ္တုတွင်း တို့ဖြစ်ပါသည်။ 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (MIPP)

၁၁။    အစိုးရမှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (Myanmar Invesement Promotion Plan- MIPP) ကို ယခင်အစိုးရလက်ထက်တွင် ရေးဆွဲခဲ့သော နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းအား ပြန်လည်သုံးသပ်ကာ လက်ရှိအခြေအနေနှင့် ကိုက်ညီစေရန် ပြန်လည်ပြင်ဆင်ရေးဆွဲထားခြင်းဖြစ်ပါသည်။ အဆိုပါစီမံကိန်းသည် နှစ် ၂၀ အတွင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာဘီလီယံ (၂၂၀) ရရှိရန် ရည်မှန်းထားပါသည်။ ၎င်း စီမံကိန်းတွင်  အောက်ဖော်ပြပါ ရည်မှန်းချက် (၅) ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပါသည်-
(က)    မျှတ၍ ပွင့်လင်းမြင်သာသော ရင်းနှီးမြှုပ်နှံမှုဖြစ်ရေး၊ 
(ခ)    ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် လိုအပ်သော အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးရေး၊ 
(ဂ)    အခြေခံအဆောက်အဦဖွံ့ဖြိုးရေး၊ စီးပွားရေးလုပ်ငန်းများအတွက် မဖြစ်မနေလိုအပ် သော  ဆက်စပ်ဥပဒေ ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများဖော်ဆောင်ရေး၊
(ဃ)    ယှဉ်ပြိုင်နိုင်စွမ်းရှိသောအမျိုးအမည်စုံထုတ်လုပ်နိုင်သည့် စက်မှုကဏ္ဍဖြစ်ရေး၊
 (င)    လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးစသည့်တို့ဖြစ်ပါသည်။
၁၂။    ထို့ပြင် အဆိုပါရည်မှန်းချက်များ ပြည့်မီစေရေးအတွက် မဟာဗျူဟာတစ်ရပ်ကိုလည်း ချမှတ်ထားပြီးဖြစ်ပါသည်။ ယင်းတို့မှာ ပို့ကုန်ဦးစားပေးလုပ်ငန်း၊ ပြည်တွင်းဈေးကွက်ဦးစားပေး လုပ်ငန်း၊ သဘာဝရင်းမြစ်သယံဇာတအခြေခံလုပ်ငန်းနှင့် နည်းပညာအတတ်ပညာအရင်းပြု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ဆောင်ရွက်ခြင်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ 

၁၃။    ယင်းစီမံကိန်းသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ မှ ၂၀၃၅-၂၀၃၆ ဘဏ္ဍာနှစ်အထိ သတ်မှတ်ထားပြီး အဆိုပါ နှစ် (၂၀) စီမံကိန်းအားကာလတို (၅) နှစ် စီမံကိန်းအဖြစ် အပိုင်း (၄) ပိုင်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယင်းတို့မှာ ပထမ (၅)နှစ်ကာလ တွင် အမေရိကန်ဒေါ်လာ (၂၉) ဘီလီယံ၊ ဒုတိယ (၅) နှစ်ကာလတွင် အမေရိကန်ဒေါ်လာ (၄၂.၅) ဘီလီယံ၊ တတိယ (၅) နှစ်ကာလတွင် အမေရိကန်ဒေါ်လာ (၆၁.၅) ဘီလီယံနှင့်  စတုတ္ထ (၅) နှစ် ကာလတွင် မေရိကန်ဒေါ်လာ (၈၈) ဘီလီယံ စသည်တို့ကိုရရှိရန် ရည်မှန်းထားပါသည်။ 

နှစ်အလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ

၁၄။    ၁၉၈၈-၁၉၈၉ ခုနှစ်မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလအထိ နှစ်အလိုက် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ပမာဏအား Line Chart ဖြင့် အောက်ပါအတိုင်း ဖော်ပြထားပါသည်။

a

 

 

 

 

 

 

 

 

 

 

 

 

 

 

၁၅။    အထက်ဖော်ပြပါ ဂရပ်အရ ၁၉၈၈ ခုနှစ်စ၍ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအထိ မြန်မာနိုင်ငံ သို့ နှစ်စဉ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက်ရင်းနှီးမြှုပ်နှံခဲ့ရာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလစတင်ချိန်ဖြစ်ပြီး စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု  များကြောင့် အဆိုပါဘဏ္ဍာနှစ်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံးဖြစ်ခဲ့ကြောင်း တွေ့ရှိရပါ သည်။ 
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏအများဆုံးနိုင်ငံ
၁၆။    ၁၉၈၈ ခုနှစ်မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလအထိ မြန်မာနိုင်ငံသို့ နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံရာ၌ နိုင်ငံပေါင်း ၄၉ နိုင်ငံရှိရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏအများဆုံးနိုင်ငံ (၆) နိုင်ငံအား တစ်ဖက်ပါ Bar Chart တွင် လေ့လာတွေ့ရှိနိုင်ပါသည်-

a

 

 

 

 

 

 

 

 

 

 

 

 

 

 

 

a

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

၁၇။    အထက်ဖော်ပြပါ ဂရပ်အရလက်ရှိမြန်မာနိုင်ငံ၌ တည်ရှိဆဲလုပ်ငန်းများအနက် ကဏ္ဍ အလိုက်ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှပ်နှံမှုတို့ကို နှိုင်းယှဉ်ဖော်ပြထားခြင်းဖြစ်ပါသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုသည် အခြားသော ကဏ္ဍများထက် အများဆုံးမြှုပ်နှံထားသည်ကို တွေ့ရှိရသော်လည်း မြန်မာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုသည် အဆိုပါကဏ္ဍတွင် မြှုပ်နှံထားခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ ထိုနည်းတူစွာ ဆောက်လုပ်ရေးကဏ္ဍတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံထားသော်လည်း အဆိုပါ ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက မြှုပ်နှံထားခြင်းမရှိသည်ကိုလည်း တွေ့ရှိရပါသည်။ လက်ရှိ လုပ်ကိုင်လျက်ရှိသည့် တည်ရှိဆဲလုပ်ငန်းများအနက် ကဏ္ဍအလိုက်ခွဲခြား၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအား  အောက်ပါအချက်အလက်များအတိုင်း အသေးစိတ် လေ့လာနိုင်ပါသည်။

ေ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ

၁၈။    နိုင်ငံတော်အစိုးရမှ နိုင်ငံခြားသားနှင့်နိုင်ငံသားများအတွက် နိုင်ငံတကာနှင့် ကိုက်ညီသော ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ပြဋ္ဌာန်းခြင်း၊ နိုင်ငံခြားလုပ်ငန်းရှင်များနှင့် မြန်မာလုပ်ငန်းရှင်များ ကျယ်ပြန့်စွာ ပေါင်းစည်းနိုင်ရန်အတွက် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေသစ်ပြဋ္ဌာန်းပေးခြင်း၊ လက်လီလက်ကား ရောင်းဝယ်ရေးအတွက် ကုန်စည် ၂၄ အုပ်စု၌ နိုင်ငံခြားသား၊ နိုင်ငံခြားနှင့် ပြည်တွင်းလုပ်ငန်းရှင် ဖက်စပ်လုပ်ပိုင်ခွင့်ပြုခြင်းစသည့် ပြုပြင်ပြောင်းလဲများကို ပြုလုပ်ခဲ့ပါ သည်။ ယင်းကဲ့သို့ ပြုပြင်ပြောင်းလဲခြင်းအားဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုဝင်ရောက်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကောင်းဖြစ်စေရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လာခြင်းနှင့်နိုင်ငံတကာ လုပ်ငန်းများနှင့် ပြည်တွင်းလုပ်ငန်းများ တရားဝင်ပေါင်းစည်း လုပ်ကိုင်နိုင်ရန်အတွက် တံခါးဖွင့်လိုက်ခြင်းပင်ဖြစ်ပါသည်။

၁၉။    ထို့ပြင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများဘက်မှ လက်တွေ့လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ ပြဿနာရပ်များကို ထိရောက်စွာဖြေရှင်းနိုင်ရန်နှင့် နိုင်ငံတကာ လုပ်ငန်းများ၏ ယုံကြည်မှုပိုမိုရရှိစေရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဖြေလျှော့ မှုများကို ပြောင်းလဲဆောင်ရွက်လျက်ရှိပါသည်။ ၎င်းတို့မှာ-
(က)    မလိုသည့်အဆင့်များလျှော့ချခြင်း၊ 
(ခ)    မလိုသည့်စာရွက်စာတမ်းအထောက်အထားများလျှော့ချခြင်း၊ 
(ဂ)    ယခင်လုပ်ငန်းစတင်သည့်နေ့မှစ၍ ခြောက်လကြာသော်လည်း ယခုအခါ နှစ်လ အတွင်း ခွင့်ပြုနိုင်ရန်အတွက် ဆောင်ရွက်ခြင်း၊ 
(ဃ)    ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအတွက် စဉ်ဆက်မပြတ်လုပ်ဆောင် နေခြင်းနှင့် သတင်းစာ၊ ရုပ်မြင်သံကြားစသည့်မီဒီယာများမှ ပြည်သူများအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဆိုင်ရာ သတင်းအချက်အလက်များဖြန့်ဝေပေးခြင်း စသည်တို့ဖြစ်ပါသည်။ 

၂၀။    ထို့ပြင် ပြုပြင်ပြောင်းလဲမှုတစ်ခုအနေဖြင့် နိုင်ငံတကာနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက် ရာတွင် တာဝန်ကျေ၊ တာဝန်သိသော နိုင်ငံတစ်နိုင်ငံဖြစ်စေရန်အပြင် ပူးပေါင်းဆောင်ရွက်မှုများမှ ရရှိလာမည့် အခွင့်အရေးများကို ထိရောက်စွာ ရယူနိုင်ရန်ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အသစ်တစ်ခုကို (၁၉-၁၁-၂၀၁၈) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါသည်။ 

လိုအပ်ချက်များနှင့် စိန်ခေါ်မှုများ

၂၁။    နိုင်ငံတော်အစိုးရမှ စီးပွားဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍ တွင် ဖြေလျော့မှုများ၊ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း အောက်ပါလိုအပ်ချက် များနှင့် စိန်ခေါ်မှုအချို့ရှိနေဆဲဖြစ်ကြောင်းတွေ့ရှိရပါသည်။ ၎င်းတို့မှာ-

(က)    လိုအပ်ချက်များ။    နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် အစိုးရမှ ဖြေလျှော့ပေးသော မူဝါဒများကို ယခင်နှစ်များတွင် စတင်ပြောင်းလဲ ကျင့်သုံးခဲ့ပါသည်။ သို့သော် နိုင်ငံခြားအရင်းအနှီး ပိုင်ဆိုင်မှုကန့်သတ်ချက်၊ အဆိုပြုချက်များ စစ်ဆေးအတည်ပြုသော လုပ်ငန်းစဉ်များနှင့် နိုင်ငံခြားကို အရင်းအနှီးပြန်ထုတ်ယူပေးပို့ခွင့်များ ပါဝင်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စည်းကမ်း ထိန်းချုပ်မှုစုပေါင်းအညွှန်းကိန်း (Composite FDI Regulatory Restriceness Index) အရ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများထက် ပို၍စည်းကမ်း တင်းကျပ်နေသေးကြောင်း ဖော်ပြထားပါသည်။ ကမ္ဘာ့ဘဏ်၏ ၂၀၁၈ ခုနှစ် စီးပွားရေးလုပ်ငန်းလုပ်ရလွယ်ကူမှုစစ်တမ်းအရ နိုင်ငံပေါင်း ၁၉၀ တွင် အဆင့် ၁၇၁ ဖြစ်နေကြောင်း၊ ဆောက်လုပ်ရေးပါမစ်ရမှု၊ အခွန်ဆောင်မှု၊ ပိုင်ဆိုင်မှုမှတ်ပုံ တင်မှုစသည့် အချက်များမှာ ပိုမိုလွယ်ကူလာသော်လည်း အဆိုပါအချက်များက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ထပ်မံဖြေ လျှော့ပေးရန်နှင့် စီးပွားရေးလုပ်ရန် ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်လာစေရန် လိုအပ်နေသေးကြောင်းအဆိုပါ စစ်တမ်းတွင် ဖော်ပြထားပါသည်။  ထို့ပြင် မြန်မာ နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဝင် ရောက်ရန် မူဝါဒများရေးဆွဲကာ ဆောင်ရွက်လျက်ရှိသော်လည်း ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများ နှင့် လိုက်လျောညီထွေပြောင်းလဲရန်လည်း လိုအပ်လျက်ရှိပါသည်။  
ထို့ပြင် မြန်မာနိုင်ငံတွင် အစိုးရအဆက်ဆက်မှ ချမှတ်ခဲ့သော စီမံကိန်းများတွင် ရည်မှန်းချက်ပြည့်မှီမှုနှင့် ကောင်အထည်ဖော်နိုင်မှုတို့ကို ပြန်လည်ဆန်းစစ်တိုင်းတာ ခြင်း၊ ပြည်သူလူထု၏ ယုံကြည်မှုကိုရရှိရန် စီမံကိန်းများနှင့်ပတ်သက်၍  ပြန်လည် ဆန်းစစ်တိုင်းတာခြင်းကို ထုတ်ပြန်မှု အားနည်းခြင်း၊ နိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခနှင့် လူမျိုးရေးပြဿနာများ၊ တိုင်းပြည်၏ စီးပွားရေးအခြေအနေ၊ ခေတ် နောက်ကျန်နေသော အသိဉာဏမူပိုင်ခွင့်ကဲ့သို့သော အသစ်ရေးဆွဲရန် လိုအပ်သည့် ဥပဒေများ၊ ဖြေလျော့ရန် ကျန်ရှိနေသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျည်း စည်းကမ်းများ၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ဆောင်မှု အားနည်းခြင်း၊ ဖွံ့ဖြိုး မှုနိမ့်ကျနေသော အခြေခံအဆောက်အဦ၊ ကျွမ်းကျင်မှုနည်းပါးသော လုပ်သား အင်အား၊ အလုပ်ရှင်နှင့်အလုပ်သမား ပြဿနာရပ်များ၊ အစိုးရမှပြုပြင်ပြောင်းလဲ မှုများကို ပုဂ္ဂလိကကဏ္ဍမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေးမှုအပိုင်း တွင် အားနည်းခြင်း၊ အစိုးရဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မှုအားနည်း ခြင်းစသည့်အပိုင်းများတွင်လည်း လိုအပ်လျက်ရှိနေပါသည်။ 

(ခ)    စိန်ခေါ်မှုများ။        ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေးအတွက် အဓိကရင်ဆိုင်ရမည့် စိန်ခေါ်မှုများမှာ ကမ္ဘာ့ နိုင်ငံရေးအခြေအနေ၊ အာဆီယံ စီးပွားရေးအသိုက်အဝန်း (AEC) ကြောင့် ဒေသတွင်းနိုင်ငံများ နှင့်ယှဉ်ပြိုင်ရမည့်အခြေအနေ၊ ကမ္ဘာလုံး ဆိုင်ရာ ပြောင်းလဲနေသော စီးပွားရေးအတက်အကျစက်ဝန်းနှင့် သဘာဝဘေး အန္တရာယ်၊ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခစသည့်အချက်များမှာ ရင်းနှီးမြှုပ်နှံမှုမြှင့်တင် ရာတွင် အဓိကစိန်ခေါ်ချက်များဖြစ်ပါသည်။ 

နိဂုံး

၂၂။    ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိက အချက်တစ်ရပ်မှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုဖြစ်သောကြောင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ   နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရန်တွက် ကြိုးပမ်းဆောင် ရွက်လျှက်ရှိပါသည်။ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေသစ်တစ်ရပ်ကို ပြင်ဆင် ပြဋ္ဌာန်းခဲ့ခြင်း၊ ယခင်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်နိုင်ရန် ပိုမိုလွယ်ကူလာခြင်း၊  နိုင်ငံသားများအပေါ် ပိုမိုအခွင့်အရေးပေးထားသည့်အချက်များ ပါဝင်လာခြင်းနှင့် နိုင်ငံတော်၏ အရေးပါသော အခန်းကဏ္ဍများအား သီးခြားထား၍ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုများကို လုပ်ပိုင် ခွင့်ကန့်သတ်ထားခြင်းစသည့် အားသာချက်များကို တွေ့ရမည်ဖြစ်ပါသည်။ 
၂၃။    ထို့ပြင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသစ်အား ဖွဲ့စည်း လိုက်ခြင်းဖြင့် ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်း အချက်အလက်များကို လွယ်ကူလျှင်မြန်စွာရရှိနိုင်ပြီး သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် အချိန်နှင့်တပြေးညီ ပေါင်းစပ်ညှိနှိုင်းပေးနိုင်မည်ဖြစ်ပါသည်။ သို့သော် ထိုကဲ့သို့ ပြုပြင်ပြောင်းလဲ မှုများပြုလုပ်သော်လည်း အားနည်းချက်အချို့နှင် စိန်ခေါ်မှုအချို့ကိုလည်း တွေ့ရှိရကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

 

ရက်စွဲ
၂၈.၀၁.၂၀၁၉