Skip to main content

မြန်မာနိုင်ငံ၏ လယ်ယာမြေလုပ်ပိုင်ခွင့်အကြောင်းသိကောင်းစရာ

 

မြန်မာနိုင်ငံ၏ လယ်ယာမြေလုပ်ပိုင်ခွင့်အကြောင်းသိကောင်းစရာ

အကျဉ်းချုပ်

မြန်မာနိုင်ငံသည် သမိုင်းအစဉ်အလာအားဖြင့် စိုက်ပျိုးရေးနိုင်ငံအဖြစ် တည်ရှိလျက်ရှိပြီး      မျက်မှောက်ကာလတိုင်အောင် လယ်ယာကဏ္ဍကို အခြေခံလျက်ရှိပါသည်။ လယ်ယာလုပ်ပိုင်ခွင့် တိုးတက်မြင့်မားရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ စိုက်ပျိုးရေးထုတ်ကုန်တိုးတက်မြင့်မားရေး တို့သည် ကောင်းမွန်သောစီမံအုပ်ချုပ်ရေးစနစ်များနှင့် ဆက်စပ်လျက်ရှိပါသည်။ မြေယာ အုပ်ချုပ် ရေးကို ပြောင်းလဲခြင်းအားဖြင့် မြေယာပြုပြင်ပြောင်းလဲရေးကဏ္ဍကို ဆောင်ရွက်နိုင်ပါသည်။ မျက်မှောက်ကာလတွင် လယ်သမားအများစုသည် လယ်ယာမြေပိုင်ဆိုင်ခွင့်မရှိခြင်းနှင့် ပိုင်ဆိုင် သည့်အထောက်အထားပစ္စည်းမထားရှိနိုင်ခြင်းသည် ချေးငွေရရှိရေးအတွက် အဓိကအခက်အခဲ ဖြစ်စေပါသည်။ ထို့ကြောင့် ကျေးလက်ဒေသတောင်သူလယ်သမားများ၏ လူမှုစီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာမြေလုပ်ပိုင်ခွင့် ခိုင်ခိုင်မာမာ ရရှိရန် နှင့် လယ်ယာမြေကို မှန်ကန်စွာ အသုံးချစိုက်ပျိုးလုပ်ကိုင်နိုင်ရန် လိုအပ်ပါသည်။ 
သို့ဖြစ်၍ မြန်မာနိုင်ငံ၏ လယ်ယာမြေလုပ်ပိုင်ခွင့်ဆိုင်ရာ အချက်အလက်များနှင့် တောင်သူ လယ်သမားများ၏အခက်အခဲများကို လေ့လာသိရှိနိုင်ရန်ရည်ရွယ်၍ ရေးသားတင်ပြခြင်းဖြစ်ပါသည်။
 

နိဒါန်း

၁။    လယ်ယာမြေလုပ်ပိုင်ခွင့်ဆိုသည်မှာ နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ် ပြီး လယ်ယာမြေကို စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရန်အလို့ငှာ ၂၀၁၂ ခုနှစ်၊ လယ်ယာ မြေဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လက်ဝယ်ထား   ရှိ၍ စိုက်ပျိုးလုပ်ကိုင် အသုံးချခွင့်ပြုခြင်းဖြစ်ပါသည်။   ၂၀ဝ၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၇ (ဃ) တွင် “နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတ ပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်” ဟု ပြဋ္ဌာန်းထားပါသည်။  

၂။    မျက်မှောက်ကာလတွင် မြေယာအသုံးပြုခွင့် လျော့နည်းလာခြင်းသည် ဆင်းရဲနွမ်းပါးမှုသို့ တွန်းပို့ခြင်းကို ဖြစ်စေပါသည်။ ယခုအခါ မြေယာလုပ်ပိုင်ခွင့် အခက်အခဲများနှင့် ပြဿနာ အမျိုးမျိုးဖြစ်ပေါ်လျက်ရှိပါသည်။ ဖြစ်ပေါ်ရသည့်အကြောင်းအရင်းများမှာ လူဦးရေများပြားလာ ပြီး လူနေထူထပ်လာခြင်းကြောင့် မြေယာလုပ်ကွက်များကို ခွဲခြမ်းစိတ်ဖြာ၍ စီမံခန့်ခွဲခြင်း၊ ဥပဒေ ပြုစည်းမျဉ်းမူဘောင်များကို မျက်ကွယ်ပြု၍ မိရိုးဖလာလုပ်ကိုင်နေသော မြေယာများအပေါ် ကျူးကျော်လာခြင်း၊ ပြဋ္ဌာန်းထားသည့် ဥပဒေမူဘောင်များသည် ထုံးတမ်းစဉ်လာ မြေယာ လုပ်ပိုင်ခွင့်စနစ်အပေါ် ဂရုပြုမှုအားနည်းနေခြင်းတို့ကြောင့်ဖြစ်ပါသည်။  

မြေယာပြဿနာများနှင့် လတ်တလောအငြင်းပွားမှုများ

၃။    မြေယာပြဿနာများကို ပုံစံ (၃) မျိုးဖြင့် တွေ့ရှိရပါသည်။ ၎င်းတို့မှာ-

(က)    တပ်မတော်အစိုးရလက်ထက် ၁၉၉၀ ခုနှစ်ဝန်းကျင်က မြေသိမ်းယူခဲ့ခြင်းနှင့် စပ်လျဉ်း၍ မြေယာအငြင်းပွားမှုများ၊

(ခ)    ဆွေမျိုးသားချင်းများအကြား မြေယာအငြင်းပွားမှုများနှင့် 

(ဂ)    လယ်သမားအချင်းချင်း လယ်ယာနယ်နိမိတ်နှင့်ပတ်သက်သည့် မြေယာအငြင်းပွား မှုများ ဖြစ်ပါသည်။

၄။    လက်ရှိအချိန်တွင် မြေယာအငြင်းပွားမှုများကို အဆင့်အမျိုးမျိုးရှိသည့် မြေယာစီမံခန့်ခွဲ ရေးကော်မတီများက ကိုင်တွယ်ဖြေရှင်းပေးလျက်ရှိသော်လည်း ကျေးရွာများစွာတွင် “လယ်” မြေ နှင့် “ယာ”

မြေကို အမျိုးအစား ပြန်လည်သတ်မှတ်ပေးရန် လိုအပ်နေကြောင်း တွေ့ရှိရပါ သည်။  

၅။    လယ်ယာမြေဥပဒေကို ၂၀၁၂ ခုနှစ်တွင်ပြဋ္ဌာန်းထားပြီး တောင်သူလယ်သမား အခွင့်အ ရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်း၍ ၂၀၁၄ ခုနှစ် တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါသည်။ ထိုသို့ပြဋ္ဌာန်းထားသော်လည်း အောက်ပါပြဿနာများ ကြုံတွေ့ နေရလျက်ရှိပါသည်-

(က)    တောင်သူလယ်သမားအများစုသည် ယင်းအခွင့်အရေးကို အပြည့်အဝခံစားခွင့် မရရှိခြင်း၊ 

(ခ)    အထူးပြုကုမ္ပဏီများက တောင်သူများအပေါ်ဆောင်ရွက်ပေးနေသည်ဟု Media၊ သတင်းစာများတွင် ဖော်ပြထားသော်လည်း ခက်ခဲသည့်ဒေသနှင့် ဆက်သွယ်ရေး မကောင်းသော ဒေသများရှိ တောင်သူများသည် ခံစားခွင့်မရရှိခြင်း၊

(ဂ)    ကျွဲ၊ နွား အာမခံမရှိသည့်အတွက် ကျွဲ၊ နွားများဆုံးရှုံးမှုအပေါ် ပြန်လည်မဖြည့် ဆည်းပေးနိုင်ခြင်း၊

(ဃ)    လယ်ယာလုပ်ပိုင်ခွင့်နှင့် အငြင်းပွားမှုများကို ပြေလည်သည်အထိ ဖြေရှင်းပေးနိုင်မှု မရှိခြင်း စသည့်ပြဿနာများ ရင်ဆိုင်နေရပါသည်။

လက်ရှိရင်ဆိုင်ကြုံတွေ့နေရမှုများ

၆။    မြန်မာနိုင်ငံတွင် မြေအသုံးချမှုစီမံခန့်ခွဲရာ၌ အစိုးရကစီမံခန့်ခွဲသည့်မြေများအတွင်း ဝင်ရောက်အခြေချနေထိုင်ကြသည့်အတွက် မြေယာအငြင်းပွားမှုများ ရင်ဆိုင်ကြုံတွေ့ရခြင်း၊ မြေဧရိယာကျယ်ပြန့်စွာရင်းနှီးမြှုပ်နှံမှုခွင့်ပြုမပေးနိုင်ခြင်း၊ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများ သည်လည်း ခေတ်စနစ်နှင့်အညီ ပြုပြင်ပြဋ္ဌာန်းရန်လိုအပ်ခြင်း၊ ကဏ္ဍအလိုက်ပြဋ္ဌာန်းထားသည့် ဥပဒေများချိတ်ဆက်မှုမရှိခြင်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ လိုက်နာဆောင်ရွက်မှုအားနည်း ခြင်း၊ အဂတိတရားနှင့်ဆောင်ရွက်မှုများရှိနေခြင်း၊ အသိပညာပေးရန်လိုအပ်ခြင်း၊ မြေအသုံးချမှု စီမံခန့်ခွဲရာတွင် စီးပွားရေးအကျိုးအမြတ်အများဆုံးနှင့် ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်စေ မည့်မြေအသုံးချမှုဦးစားပေးအစီအစဉ်များ ကြိုတင်ရေးဆွဲမှုအားနည်းခြင်း၊ စီးပွားရေးလုပ်ငန်း များတွင် လူမှုဖွံ့ဖြိုးရေးတာဝန်ယူမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မှု အားနည်းပြီး ဒေသခံပြည်သူများနှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်း၊ မြေအသုံးချမှု စီမံကိန်းရေးဆွဲခြင်း အားနည်းမှု၊ မြေအသုံးအချမှု အခွင့်အရေးများကို အများပြည်သူများပါဝင် အတည်ပြုရန် လိုအပ် ခြင်း၊ မြေသယံဇာတအချက်အလက်များနှင့် မြေပုံများတိကျမှန်ကန်မှုမရှိခြင်း၊ မြေပြင်၌ လက်တွေ့ စီမံခန့်ခွဲရန် ခက်ခဲခြင်း၊ ဆက်စပ်ဌာနများပေါင်းစပ်ညှိနှိုင်းမှုဆောင်ရွက်ရန် လိုအပ်ခြင်းစသည့် စိန်ခေါ်မှုများ ရင်ဆိုင်ကြုံတွေ့နေရပါသည်။  

ပြဋ္ဌာန်းဥပဒေများ၏အကျိုးသက်ရောက်မှုများ

၇။    ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၏ ပုဒ်မ ၁၃ အရ “ဤဥပဒေအာဏာတည်ပြီးသည့် နောက် လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွားမှု အရှုပ်အရှင်းဖြစ်လာလျှင် ဦးစီးဌာနတွင် မှတ်ပုံတင် ပြီးမှသာ တရားဝင်ဖြေရှင်းဆောင်ရွက်နိုင်ခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားသော်လည်း နည်းဥပဒေ ၁၁၄ တွင် လယ်ယာမြေ အသုံးပြုခွင့်ရရှိထားသူသည် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ရရှိရန်လျှောက်ထားခြင်းမရှိပါက လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူအဖြစ် သတ်မှတ်ခြင်းမခံရသည့် အတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ၏အခွင့်အရေးကို ရပိုင်ခွင့်မရှိစေရဟု သတ်မှတ်ပြဋ္ဌာန်း ထားပါသည်။ လယ်ယာမြေဥပဒေ၏ပြဋ္ဌာန်းချက်အရ အငြင်းပွားသူနှစ်ဦးနှစ်ဘက်အနက် တစ်ဦးဦးထံတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) လက်ဝယ်ရှိမှသာ တရားဝင် ဖြေရှင်းနိုင်သည့်သဘော သက်ရောက်ပါသည်။  

၈။    ၂၀၁၅ ခုနှစ်မှစတင်၍ တောင်သူများသည် သိမ်းဆည်းလယ်မြေများတွင် ပြန်လည် ဝင်ရောက်လုပ်ကိုင်နေသော်လည်း ပုံစံ-၃၊ ပုံစံ-၇ လက်မှတ်များ မရရှိသဖြင့် နိုင်ငံတော်မှ ချေးပေး သောစိုက်ပျိုးစရိတ်များ ချေးယူနိုင်မှုမရရှိသကဲ့သို့ လယ်ယာမြေများကို ၎င်းတို့ပိုင်ဆိုင်မှုမရှိဘဲ လုပ်ကိုင်နေကြရပါသည်။   ပုံစံ (၇) မရှိသေးသောတောင်သူများအတွက်  အမှန်တကယ် စိုက်ပျိုး သောဧက၊ သီးနှံအမျိုးအစားတို့ကို သက်ဆိုင်ရာ ကျေးရွာအုပ်စု၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ထောက်ခံချက်ဖြင့် ထုတ်ချေးပေးနေသည်ဟု ကြေညာထားသော်လည်း လက်တွေ့တွင် ပုံစံ (၇) ရရှိထားသည့် တောင်သူလယ်သမားများပင် ချေးငွေရရှိရေးအတွက် အခက်အခဲများရှိနေကြောင်း တောင်သူများထံမှ သိရပါသည်။ 

၉။    လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ရှိသော်လည်း အာမခံရှိသော ဘဏ်များတွင် ပေါင်နှံရာတွင် သတ်မှတ်ထားသော ဧကနှင့် ငွေကြေးမည်မျှရှိသည်ကို တင်ပြရသည့်အခြေအနေ သည် လယ်သမားများအတွက် အခက်အခဲတစ်ခုခုဖြစ်နေပါသည်။ ငွေကြေးလိုအပ်သောကြောင့် နီးစပ်ရာတွင် နားလည်မှုဖြင့် အရောင်းအဝယ်စာချုပ်ချုပ်၍ ပေါင်နှံငွေချေးယူနေကြသော်လည်း တရားဝင်မဟုတ်သောကြောင့် နောက်ဆက်တွဲပြဿနာများလည်း ဖြစ်ပေါ်လျက်ရှိပါသည်။ စိုက်ပျိုးမှုမှ အကျိုးအမြတ်နည်းခြင်းကြောင့် စိုက်ပျိုးစရိတ်မကြေခြင်းသည် လယ်သမားများ ကြုံတွေ့နေရသည့် အကြောင်းအရင်းတစ်ခုဖြစ်ပါသည်။

၁၀။    ထို့ပြင် မူရင်းလက်ငုတ်လယ်သမားနှင့် လက်ရှိလက်ငုတ်လုပ်ကိုင်သူတို့၏ လယ်ယာမြေ လုပ်ပိုင်ခွင့်အငြင်းပွားမှုသည် ပြဿနာတစ်ခုဖြစ်ပါသည်။ မူရင်းလက်ငုတ်ဆိုသည်မှာ လယ်ယာ မြေတစ်ရပ်ကို ယခင်ကလုပ်ကိုင်ခဲ့ပြီး လက်ရှိလက်ငုတ်လုပ်ကိုင်သူထံ နည်းအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးဖြင့် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ သို့သော် သက်ဆိုင်ရာဌာန၏ မြေပုံနှင့် မှတ်ပုံတင်စာရင်းများတွင် မူရင်းလက်ငုတ်၏အမည်ပေါက်လျက်ရှိသဖြင့် ၎င်းက ပိုင်ဆိုင်မှုကို အကြောင်းပြုကာ တင်ပြတောင်းဆိုခြင်းဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေ ပုဒ်မ ၄၃ ဖြင့် ယခင်မြေယာဥပဒေ (၃) ရပ်ဖြစ်သည့်  ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ၊ ၁၉၆၃ ခုနှစ် သီးစားချထားရေးဥပဒေ ၊ ၁၉၆၃ ခုနှစ် တောင်သူ လယ်သမားအခွင့်အရေး ကာကွယ်သည့်ဥပဒေများကို ပယ်ဖျက်လိုက်ခြင်းကြောင့် မူရင်း လက်ငုတ်နှင့် လက်ရှိလက်ငုတ်ပြဿနာများ ပေါ်ပေါက်ရခြင်းဖြစ်ပါသည်။  

၁၁။    လယ်ယာမြေဥပဒေအရ လယ်ယာမြေစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို တာဝန်ရှိဌာန၊ အဖွဲ့အစည်းများက လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်း၊ လုပ်ပိုင်ခွင့်လက်မှတ် ထုတ်ပေး ခြင်းတို့ကို ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ အလေးထားဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။  

လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန် သတ်မှတ်ပြဋ္ဌာန်းချက်များ

၁၂။    လယ်ယာမြေလုပ်ပိုင်ခွင့်မှတ်ပုံတင်ခြင်း၊ ခွင့်ပြုလက်မှတ် ထုတ်ပေးခြင်းတို့နှင့်စပ်လျဉ်း၍ လယ်ယာမြေဥပဒေ အခန်း (၂)၊ ပုဒ်မ ၄ မှ ပုဒ်မ ၈ အထိနှင့် လယ်ယာမြေနည်းဥပဒေများ အခန်း (၂)၊ နည်းဥပဒေ ၃ မှ အခန်း (၄)၊ နည်းဥပဒေ ၄၆ အထိ ပြဋ္ဌာန်းထားပါသည်။ လယ်ယာမြေကို လက်ရှိလုပ်ကိုင် အသုံးပြုခွင့်ရရှိထားသူဖြစ်ပါက အောက်ပါအချက် တစ်ရပ်ရပ် တွင် အကျုံးဝင်သည့် အသက် ၁၈ နှစ်ပြည့်ပြီးသော နိုင်ငံသား သို့မဟုတ် အစိုးရဌာန၊ အဖွဲ့အစည်း၊ ကုမ္ပဏီ သို့မဟုတ် အသင်းအဖွဲ့သည် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့မှတစ်ဆင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်ဖြစ် ပါသည်။ လယ်ယာမြေနည်းဥပဒေများ အခန်း

(၂)၊ နည်းဥပဒေ ၃ အရ

(က)    လယ်ယာမြေကို လက်ရှိအသုံးပြုခွင့်ရရှိထားသော တောင်သူလယ်သမား အိမ်ထောင်သားစု သို့မဟုတ် အိမ်ထောင်သားစုဝင်ဖြစ်ခြင်း၊

(ခ)    လယ်ယာမြေကို လက်ရှိအသုံးပြုခွင့်ရရှိထားသော အိမ်ထောင်သားစု အကြီးအကဲ သို့မဟုတ် အိမ်ထောင်သားစုတွင် ပါဝင်သူတစ်ဦး သို့မဟုတ် အုပ်ထိန်းသူဖြစ်ခြင်း၊

(ဂ) တစ်လုံးတစ်စည်းတည်းဖြစ်၍ ပစ္စည်းမခွဲဝေရသေးသော တောင်သူလယ်သမား အိမ်ထောင်သားစုတွင် ပါဝင်သူတစ်ဦးဦး၏ အမည်ဖြင့်ထားရှိသော လယ်ယာမြေ အားလုံးကို ထိုအိမ်ထောင်သားစုတွင် ပါဝင်သူအားလုံးက ပူးတွဲလက်ရှိ အသုံးပြု ခွင့်ရရှိထားပါက ယင်းအကျိုးတူခံစားခွင့်ရှိသော တောင်သူလယ်သမား အိမ်ထောင် သားစုဖြစ်ခြင်း၊

(ဃ)    လယ်ယာမြေဥပဒေ အာဏာမတည်မီ လယ်ယာမြေနှင့် သက်ဆိုင်သော တည်ဆဲ ဥပဒေနှင့်အညီ တရားဝင်လက်ရှိ လက်ငုတ်လုပ်ကိုင်နေသူဖြစ်ခြင်း၊

(င)    လယ်ယာမြေဥပဒေ ပြဋ္ဌာန်းပြီးနောက် ယင်းဥပဒေနှင့်အညီ ဖြစ်စေ၊ ယင်းဥပဒေ အရပြုသည့်နည်းဥပဒေ များနှင့်အညီဖြစ်စေ တရားဝင်အကျိုးခံစားခွင့် ရှိသူဖြစ် ခြင်း၊

(စ)    လျှောက်ထားသည့် လယ်ယာမြေတွင် အမှန်တကယ် လုပ်ကိုင်နေသူဖြစ်ကြောင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် လယ်နီးချင်းသက်သေ နှစ်ဦးတို့က ထောက်ခံသူဖြစ်ခြင်း၊

(ဆ)    ဦးစီးဌာန၏ မှတ်တမ်းများအရ လယ်ယာမြေကို အသုံးပြုခွင့် ရရှိထားသူဖြစ် ကြောင်း အတည်ပြုခံရသူဖြစ်ခြင်း၊

(ဇ)    လယ်ယာမြေကို အသုံးပြုခွင့်ရရှိနိုင်ရန် အထောက်အထား တင်ပြနိုင်သူဖြစ်ခြင်းစသည့် အချက်အလက်များနှင့် ပြည့်စုံသည့်သူများ လျှောက်ထားနိုင်ပါသည်။  

မြေယာနှင့်စပ်လျဉ်း၍ စီမံခန့်ခွဲပေးခြင်း

၁၃။    အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများကို နိုင်ငံတော်၏ ကိုယ်စားစီမံခန့်ခွဲဆောင်ရွက်လျှက်ရှိရာ ရွာမြေ/ မြို့မြေများစီမံခန့်ခွဲခြင်းတွင် မြေငှားဂရန်ခွင့်ပြု ချထားပေးခြင်း၊ အခွန်လွတ်မြေဂရန်ထုတ်ပေးခြင်း၊ ဗဒ္ဓသိမ်ဂရန်ထုတ်ပေးခြင်း၊ စားကျက်မြေ သတ်မှတ်ထိန်းသိမ်းခြင်း၊ နိုင်ငံတော်နှင့်အများ ပြည်သူအကျိုးငှာမြေသိမ်းခြင်း၊ မြေလွှဲခြင်းလုပ်ငန်း များအား အောက်ပါဥပဒေ၊ နည်းဥပဒေများနှင့် အညီ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါသည်-

(က)    ၁၈၇၆ခုနှစ်၊ မြေနှင့်အခွန်အက်ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ဆင့်ဆိုချက်များ၊

(ခ)    ၁၈၈၉ခုနှစ်၊ အထက်မြန်မာနိုင်ငံမြေနှင့်အခွန်စည်းမျဉ်းဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ဆင့်ဆိုချက်များ၊

(ဂ)    ၁၈၉၄ခုနှစ်၊ မြေသိမ်းအက်ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ဆင့်ဆိုချက်များ၊

(ဃ)    ၁၈၉၈ခုနှစ်၊ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများအက်ဥပဒေ၊ နည်းဥပဒေ များနှင့် အမိန့်ဆင့်ဆိုချက်များ။ 

အစိုးရ၏ဆောင်ရွက်ချက်များ

၁၄။    မြေသယံဇာတများကို စဉ်ဆက်မပြတ်စီမံအုပ်ချုပ်အသုံးချနိုင်ရေးအတွက် အမျိုးသား မြေအသုံးချမှု မူဝါဒကိုရေးဆွဲခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါမူဝါဒချမှတ်ရခြင်းသည် မြေယာကဏ္ဍပြုပြင် ပြောင်းလဲရေးအတွက် တိုးတက်ကောင်းမွန် သည့်မြေယာစီမံခန့်ခွဲမှုများ ဖြစ်ပေါ်စေရေးအတွက် ဖြစ်ပါသည်။ ၎င်းမူဝါဒအရ အမျိုးသား မြေအသုံးချမှုကောင်စီကို ဥက္ကဋ္ဌ (၁) ဦး၊ အဖွဲ့ဝင် (၂) ဦးနှင့် အတွင်းရေးမှူး (၆) ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ပြီး မူဝါဒ၏ရည်ရွယ်ချက် (၆) ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ သည်။ ထို့ပြင် လယ်ယာမြေများ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး အားကောင်း လာစေပြီး လုပ်ကွက်ငယ်တောင်သူများနှင့် မြေယာမဲ့ပြည်သူများ၏ မြေအသုံးချမှုနှင့် လုပ်ပိုင်ခွင့် ခိုင်မာမှုရှိစေရန် စိုက်ပျိုးရေးမူဝါဒနှင့် စိုက်ပျိုးရေးဖွံ့ဖြိုးမှုမဟာဗျူဟာတို့တွင် ပင်မလုပ်ငန်းစဉ် (၁၄) ခုချမှတ်ပြီး မဟာဗျူဟာကျကျ လုပ်ဆောင်သွားရန် ဆောင်ရွက်လျက်ရှိပါသည်။  

အမြင်များ

၁၅။    နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ အမျိုးသားမြေယာအသုံးချမှုစီမံကိန်းများ ရေးဆွဲရာ တွင် ပွင့်လင်းမြင်သာပြီး မြေယာအသုံးချမှု များနှင့်တကွ ပညာရှင်များ၊ သက်ဆိုင်သူ State Holders များနှင့်အတူ ညှိနှိုင်းဆောင်ရွက်ပါက မြေယာအသုံးချနေသည့် စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍများကိုပါ ဖွံ့ဖြိုးတိုးတက်နိုင်ပြီး သက်သာသော အတိုးနှုန်းဖြင့် ချေးငွေရယူနိုင်ခြင်း၊ ဈေးကွက်များရရှိနိုင်ခြင်း၊ သယ်ယူပို့ဆောင်မှုလွယ်ကူခြင်း နှင့် ဆည်မြောင်းစနစ်များ၊ မြေယာစိုက်ပျိုးထုတ်လုပ်နိုင်စွမ်းကို တိုးမြင့်စေသည့်ဝန်ဆောင်မှုများ စသည်တို့ကို ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း မြေယာအရေးပူးပေါင်းဆောင်ရွက်ရေး အဖွဲ့များက ပြောကြားပါသည်။ 
၁၆။    ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ဒလမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြသိန်းက “အရင်က ပုံစံ (၇) လက်ဝယ်ရှိတဲ့အတွက် အစိုးရ စိုက်ပျိုးစရိတ်မလုံလောက်ပါက လိုသလောက်အပေါင်ထားပြီး စိုက်ပျိုးစရိတ်ချေးယူကြ ပါတယ်။ အခုအခါမှာ ပုံစံ (၇) မရှိတဲ့အတွက် စိုက်ပျိုးစရိတ် ပြင်ပမှာရှာဖွေရန် လွန်စွာ အခက် အခဲဖြစ်နေပါတယ်” ဟု ဆွေးနွေးခဲ့ပါသည်။ 

၁၇။    ပုံစံ (၇) ကို မူရင်းအပ်ပေးရတဲ့အခါကျတော့ တချို့တောင်သူတွေဆိုရင် အခက်အခဲဖြစ် တယ်။ ဘာလို့လဲဆိုတော့ သူတို့ကတခြားတစ်နေရာမှာ အဲပုံစံ (၇) နဲ့ပဲ ငွေချေးထားတော့ ဘဏ်မှာထပ်ယူလို့ မရဘူးဖြစ်သွားတယ်” ဟု လယ် ၂၀ ဧကပိုင်ရှင် ဦးထွန်းကြည်က ပြောကြား ခဲ့ပါသည်။
၁၈။    ပုံစံ (၇) ကို သူများဆီမှာ ပေါင်ထားတယ် သူများအကြွေးမဆပ်နိုင်လို့ ကျနော်တို့ဆီကို ပုံစံ (၇) မအပ်နိုင်ဘူး၊ နောက်တစ်ချက်က ပုံစံ (၇) ကို သူများဆီမှာ ပေါင်ရင် စိုက်ဘဏ်မှာထက် ပိုရနိုင်တယ် အဲဒါကြောင့်မို့လို့ သူတို့စိုက်ဘဏ်မှာမအပ်တော့ဘူး အပြင်မှာပဲ ချေးတော့မယ်ဆိုတဲ့ လူမျိုးတွေရှိတယ်” ဟု မွန်ပြည်နယ်မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်က ပြောကြားပါသည်။  
လာအိုနိုင်ငံ၏ လယ်ယာမြေပြဿနာများ

၁၉။    လာအိုနိုင်ငံ၏ လူဦးရေ ၁၀ ရာခိုင်နှုန်းရှိသော လူနည်းစုတိုင်းရင်းသားများသည် အရင်း အမြစ်များ ကြွယ်ဝသောတောင်ပေါ်မြေမြင့်ဒေသများတွင် နေထိုင်ကြပြီး ထိုဒေသများမှာ နိုင်ငံ တကာလုပ်ငန်းကြီးများကရယူရန် ပစ်မှတ်ထားခြင်းခံနေရပါသည်။ လုပ်ငန်းကြီးလုပ်ကိုင်သူများ သည်အစိုးရနှင့် အပေးအယူလုပ်၍ မြေယာရယူခြင်းကြောင့် ရွှေ့ပြောင်းခံရသူများအနေဖြင့် ဆင်းရဲနွမ်းပါးမှုနှင့် သေဆုံးမှု မြင့်တက်လျက်ရှိပါသည်။

၂၀။    လာအိုနိုင်ငံတွင် မြေသိမ်းယူမှုများကြောင့် လယ်သမားများအပါအဝင်လူနည်းစုတိုင်းရင်း သားများသည် အသက်မွေးဝမ်းကျောင်းပြုသည့်မြေများနှင့် စွန့်လွှတ်ရခြင်းကြောင့်ဆင်းရဲတွင်း နက်စေခဲ့ပါသည်။ လာအိုနိုင်ငံ၏အကြီးစားမြေငှားရမ်းမှုများကို ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့် အစိုးရနှင့် ကုမ္ပဏီများအကြား ညှိနှိုင်းဆောင်ရွက်သော စီမံကိန်းများက တွန်းအားပေးလျက် ရှိပါသည်။ ဆယ်စုနှစ်အတွင်း စီမံကိန်းဖော်ဆောင်မှုများ မြင့်တက်လာပြီး အသိုက်အဝန်းများစွာ နေထိုင်ကြသော မြေများကို ကျူးကျော်ဝင်ရောက်လာလျက်ရှိပါသည်။ 

၂၁။    အစိုးရအချက်အလက်များအရ ၂၀၁၀ ပြည့်နှစ်မှစ၍ မြေယာလွှဲပြောင်းမှုပေါင်း ၂၆၀၀ ခန့် ဖြင့် တိုင်းပြည်၏စိုက်ပျိုးမြေ ၅ ရာခိုင်နှုန်းရှိသော မြေဟတ်တာ ၁.၁ သန်းကို အကြီးစား ဖွံ့ဖြိုး ရေးစီမံကိန်းများအတွက် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်တွင် လာအိုနိုင်ငံသည် နိုင်ငံတကာစားနပ်ရိက္ခာမူဝါဒ သုတေသနဌာနက ပြုစုထားသော စိုက်ပျိုးမြေစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတကာစီမံကိန်းများအတွက် လွှဲပေးခဲ့သောနိုင်ငံ ၇ နိုင်ငံစာရင်းထဲတွင် ထည့်သွင်းခြင်းခံခဲ့ရပါသည်။ လာအိုနိုင်ငံတွင် မြေယာများအားလုံးကို အစိုးရက တရားဝင် ပိုင်ဆိုင်သောကြောင့် အစိုးရနှင့်ကုမ္ပဏီများအကြား မြေလွှဲပြောင်းမှုပြုလုပ်လျှင် ဒေသခံများ အနေဖြင့် ဥပဒေအရ ဖြေရှင်းနိုင်မှုအားနည်းလျက်ရှိပါသည်။  

အာဆီယံမဲခေါင်ဒေသ၌ မြေယာဆုံးရှုံးမှုအခြေအနေများ

၂၂။    အရှေ့တောင်အာရှဒေသအတွင်းရှိ ကျေးလက်ဒေသများတွင် နှစ် ၂၀ အတွင်း မြေပိုင်၊ ယာပိုင်နည်းခြင်း၊ မြေမဲ့၊ ယာမဲ့ဖြစ်ခြင်းတို့ ကြုံတွေ့လာရကြောင်း သုတေသန ပညာရှင်များ၏ အစီရင်ခံစာအရ သိရပါသည်။ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့တွင် သတ္တုတွင်းနှင့် လယ်ယာလုပ်ငန်းများအတွက် မြေယာလုပ်ပိုင်ခွင့် ဟက်တာ ၅.၁ သန်းကျော်အထိ ချပေးခဲ့ကြောင်း မဲခေါင်ဒေသ မြေယာစီမံရေးအဖွဲ့ (MRLG) ၏ အစီရင်ခံစာအရ သိရပါသည်။ MRLG အဖွဲ့သည် လာအိုနိုင်ငံမြို့တော်၊ ဗီယန်ကျင်းတွင် အခြေစိုက်ပြီးမြေအသုံးချရေးမူဝါဒများ အားပိုကောင်းလာ စေရန်ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ပါသည်။ “မြေယာလုပ်ပိုင်ခွင့်များ ချပေးခဲ့သည့် အကျိုးရလဒ်အနေဖြင့် မဲခေါင်ဒေသတွင် လယ်ယာကုန်စည်ထုတ်လုပ်မှုနှင့် ပို့ကုန်ပမာဏများ တိုးတက်လာသော်လည်း ဖြစ်ထွန်းလာသည့် အကျိုးအမြတ်များသည် တစ်ပိုင်တစ်နိုင် တောင်သူ များနှင့်ဒေသခံများဆီထိမရောက်ပါဘူး”ဟု ဗီယန်ကျင်းမြို့ရှိ ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ဌာနမှ တာဝန်ရှိသူ Micah Ingalls က ပြောပါသည်။

၂၃။    “ချမှတ်သည့် မူဝါဒများသည် တစ်ပိုင်တစ်နိုင်တောင်သူများ၊ ဒေသခံများ၏ အခွင့်အရေး ကို အာမခံချက်မပေးပါဘူး။ မြေယာလုပ်ပိုင်ခွင့် ပေးအပ်မှုများမှ ရရှိလာသည့်အကျိုးအမြတ်များမှာ မျှော်မှန်းထားသည်ထက်လျော့နည်းပြီး လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ နစ်နာမှုများကို ကျေးလက်ရှိ ဆင်းရဲသားများက အများဆုံးခံကြရသည်”ဟု Micah Ingalls ကပြောပါသည်။ 
၂၄။    ကမ္ဘောဒီးယားနိုင်ငံတွင် မြေယာလုပ်ပိုင်ခွင့် ပေးအပ်မှုကြောင့် ၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်း လူဦးရေ ၇၇၀ဝဝဝ ကျော် နေရပ် စွန့်ခွာခဲ့ရသည်ဟု လူ့အခွင့်အရေးဆိုင်ရာ ဥပဒေပညာရှင်များက ပြောကြားထားပါသည်။ အစိုးရများသည် မြေယာပိုင်ဆိုင်မှုနှင့် မြေအသုံးချမှုဆိုင်ရာ မူဝါဒများ ပြဋ္ဌာန်းခဲ့သော်လည်း လက်တွေ့လိုက်နာဖော်ဆောင် နိုင်ခြင်းမရှိဖြစ်နေသည်ဟု Micah Ingalls ကပြောပါသည်။

နိဂုံး

၂၅။    တောင်သူလယ်သမားများ အပါအဝင် သက်ဆိုင်သူများအားလုံးက လယ်ယာမြေဥပဒေနှင့် ဆက်စပ်လျက်ရှိသည့် မြေနှင့်ဆိုင်ရာဥပဒေများနှင့်အညီ မှန်မှန်ကန်ကန် လိုက်နာကျင့်သုံး လုပ်ဆောင်ကြခြင်းဖြင့် တောင်သူလယ်သမားများ၏ လယ်ယာလုပ်ငန်းခွင်များ ရေရှည်တည်တံ့ ခိုင်မြဲမှုရှိမည့်အပြင် လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ပိုမိုမြင့်မားလာသည်နှင့်အမျှ ကျေးလက်ဒေသများ ဖွံ့ဖြိုးလာမည်ဖြစ်ပြီး ဆက်စပ်လျက်ရှိသည့် ကုန်ထုတ်လုပ်ငန်းများ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ကုန်သွယ်ရောင်းဝယ်မှုအပါအဝင် နိုင်ငံတော်၏ စီးပွားရေးဘက်စုံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

 

ရက်စွဲ
၃၀.၁.၂၀၁၉