Skip to main content

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၀၁၉  ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၄၀၇ )ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 

(က)   ကြယ်ပွင့်ပြမေးခွန်း (၇) ခုမေးမြန်းဖြေကြားခြင်း

 

(၁)    ဦးသန်းလင်းလင်း၊ မယ်စဲ့မဲဆန္ဒနယ်က မေးမြန်းသော မယ်စဲ့မြို့ပေါ်၌ ရေစုကန်နှင့် မယ်စဲ့ကျေးရွာအုပ်စု၊ ဟိုစဲ့ကျေးရွာတွင်တည်ရှိသော ဟိုစဲ့မြို့သစ်ဆည်ကို ပညာရှင် ဖြင့် ပြန်လည်ပြုပြင်ထိန်းသိမ်းပြင်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်  စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဒေသ၏ရေမြေသဘာဝအနေအထားအရ ရေလွှဲဆည်အတွင်းသို့ မိုးရာသီမှာသာ စီးဝင်ရေရှိပြီး ကျန်ကာလများမှာ စီးဝင်ရေမရှိသည့်အတွက် လိုလား သည့်အတိုင်း ရေဝင်ရောက်နိုင်သည့် အခြေအနေမရှိပါသဖြင့် ဟိုစဲရေလွှဲဆည်အား ရေအစဉ်အမြဲနေအောင် ပြုပြင်ရန်သင့်လျော်မှုမရှိပါကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်၍ ပြန်လည်ဖြေကြားခဲ့သည်။

 

(၂)    ဦးထွန်းထွန်းနိုင်၊ ကနီမဲဆန္ဒနယ်က မေးမြန်းသော ငုတ်ချောင်းစိမ့်ကွင်း၊ တောင်နီ စိမ့်ကွင်းနှင့် ကံတောစိမ့်ကွင်းများရှိ စိုက်ပျိုးရန်ခက်ခဲလျက်ရှိသော လယ်ယာမြေများ နှင့် မြေလွတ်၊ မြေလပ်များအား အလွယ်တကူ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နိုင်ရန် စိမ့်နုတ်မြောင်းများတူးဖော်၍ စနစ်တကျ လယ်ယာမြေများ ဖော်ထုတ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးလှကျော်က စိုက်ပျိုးရန်ခက်ခဲလျက်ရှိသော စိမ့်မြေများကို စိုက်ပျိုးမြေအဖြစ် ဖော်ထုတ်နိုင်ရေးကိုသာ ဆောင်ရွက်လျက်ရှိပြီး စနစ်ကျ     လယ်ယာမြေအဖြစ် ဖော်ထုတ်ပေးနိုင်ခြင်းမရှိပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ  ပြန်လည်ဖြေကြားခဲ့သည်။

 

(၃)    ဒေါက်တာဦးထွန်းလင်းမော်၊ ကြံခင်းမဲဆန္ဒနယ်က မေးမြန်းသော ကြံခင်းမြို့နယ်၊ ကွန်ချောင်းတူးမြောင်းမကြီးပေါ်ရှိ ပြုပြင်ဆောင်ရွက်ရန် လိုအပ်သော တံတား(၈) စင်းအား မည်သည့်ဘဏ္ဍာနှစ်တွင် စတင်ပြုပြင်  ထိန်းသိမ်းပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုသာမန် ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများစာရင်းတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေ ရရှိမှုအပေါ်မူတည်၍ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်း များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၄)    ဦးစောသလေးစော၊ ရွှေကျင်မဲဆန္ဒနယ်က မေးမြန်းသော လူဦးရေ၊ အမှုဖြစ်မှုနှုန်းနှင့် ခန့်အပ်သော တရားသူကြီးအချိုး ကွာဟချက်များသည့် တိုင်းဒေသကြီး/ပြည်နယ် များတွင် တရားသူကြီးများ ထပ်မံဖြည့်စွက်ခန့်ထားရန် အစီအစဉ် ရှိ၊ မရှိနှင့် လောလောဆယ် ဖြည့်စွက်ခန့်ထားရန် အခက်အခဲများရှိပါက လူဦးရေ/အမှုဖြစ်မှု နှုန်းနှင့် ခန့်အပ်ထားသည့် တရားသူကြီးအချိုးနည်းသည့် တိုင်းဒေသကြီး/ ပြည်နယ်မှ အချိုးများသည့် တိုင်းဒေသကြီး/ပြည်နယ်များသို့ အတက်နိုင်ဆုံးညီမျှ အောင် စီမံဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးနိုင်က တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်များ၏ သဘောတူညီချက်များအရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြဋ္ဌာန်းကန့်သတ်သည့် အရေအတွက်အတွင်း နိုင်ငံတော်သမ္မတမှ ခန့်အပ်ခွင့်ရှိပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် ခန်အပ်ခွင့်မရှိသဖြင့် ဖြည့်စွက်ခန့် ထားရန်အစီအစဉ်မရှိပါကြောင်းနှင့် အခြားပြည်နယ်/တိုင်းဒေသကြီးများသို့ အချိုး အစားညီမျှစေရန် (ပြောင်းရွှေ့ခြင်း၊ ယာယီတာဝန်ပေးအပ်ခြင်း)စသည့် အစီအမံ များကို ဆောင်ရွက်ခွင့်မရှိပါသဖြင့် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။

 

(၅)    ဦးခင်ဇော်၊ ကော့သောင်းမဲဆန္ဒနယ်က မေးမြန်းသော တရားရုံးများတွင် အမှုပွဲစားများ ပပျောက်ရေးကို မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးနိုင်က ယခင်ကတည်းက ညွှန်ကြားချက်၊ ကြေညာချက်များ ထုတ်ပြန်ထားပြီးဖြစ်ပါ ကြောင်းနှင့် အကြောင်းအမျိုးမျိုးဖြင့် တရားရုံးသို့ ဆက်နွှယ်ရောက်ရှိလာကြသူက လည်း အမှုပွဲစား၊ နယ်စားရှေ့နေဆိုသူများနှင့်စပ်လျဉ်း၍ တရားရုံးသို့ ဖော်ထုတ် တင်ပြတိုင်ကြားနိုင်ပါကြောင်း၊ တရာရုံးက လက်ခံကျေနပ်ဖွယ်ရာ သက်သေထင်ရှား ရှိကြောင်း စုံစမ်းတွေ့ရှိပါက အဆိုပါသူ၏အမည်ကို အမှုပွဲစားအမည်စာရင်းထည့် သွင်းခြင်းနှင့် ထုတ်ပြန်ကြေညာခြင်း ပြုလုပ်နိုင်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၆)    ဦးမြင့်ဦး၊ သနပ်ပင်မဲဆန္ဒနယ်က မေးမြန်းသော သနပ်ပင်မြို့နယ်၊ ကျိုက်ပဒိုင်ကြီး ကျေးရွာ၊ ကွင်းအမှတ်(၁၁၄၇-က)ကွင်း၊ မြဘုရားအရှေ့ကွင်း၊ ဦးပိုင်အမှတ် (၂၇/၄)၊ ဧရိယာ(၂.၃၄)ဧကရှိ ဦးအုန်းသွင်၏ လယ်ယာမြေနှင့် ဦးတင်ကို၏ အိမ်ခြံမြေ အငြင်းပွားမှုမှာ ၂၃(က)အရ ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် မြို့နယ်   လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့၏ စီရင်ဆုံးဖြတ်ပိုင်ခွင့်ဖြစ်သော်လည်း သနပ်ပင် မြို့နယ်တရားရုံးမှ တရားမကျင့်သုံးဥပဒေအရ စီရင်ဆုံးဖြတ်ခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ  အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးနိုင်က  တရားရုံးတွင် တရားမမှုများကို စီရင်ဆုံးဖြတ်ပိုင်ခွင့် အာဏာအရ စီရင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး မူလမြို့နယ်တရားရုံး၏ စီရင်ဆုံးဖြတ်ချက်သည် ဥပဒေနှင့်ညီညွှတ်မှု ရှိ၊ မရှိ ၊ မှန်ကန်မှု ရှိ၊ မရှိကို မကျေနပ် သူအမှုသည်က အထက်တရားရုံးအဆင့်ဆင့်သို့ အယူခံ၊ ပြင်ဆင်မှုများ တင်သွင်း၍ ဥပဒေအရ အဆုံးအဖြတ်ခံယူခဲ့ကြပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၇)    ဒေါက်တာဦးမြင့်သိန်း၊ ညောင်လေးပင်မဲဆန္ဒနယ်က မေးမြန်းသော ဥပဒေဘွဲ့ ရရှိပြီး ပုဂ္ဂိုလ်များ ရှေ့နေအလုပ်သင်အဖြစ် တင်သွင်းခွင့်ပြုရန် လျှောက်ထားရာတွင် နိုင်ငံသားပြုခွင့်ရ နိုင်ငံသားများနှင့် ဧည့်နိုင်ငံသား ဥပဒေဘွဲ့ရများအား ၁၉၅၅ ခုနှစ်၊ ရှေ့နေအဖြစ် ဝင်ခွင့်နည်းဥပဒေများ အပိုဒ်(၃)အရ ရှေ့နေအလုပ်သင်အဖြစ် စာရင်း တင်သွင်းခွင့်မပြုကြောင်း သိရှိရပါသဖြင့် ထိုသို့တင်သွင်းခွင့်မပြုသည့်အတွက် ယင်းဥပဒေဘွဲ့ရများမှာ နစ်နာဆုံးရှုံးနေကြရပါသဖြင့် ၎င်းတို့အတွက် မည်သို့စီစဉ် ဆောင်ရွက်ထားသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး ဦးစိုးနိုင်က နိုင်ငံသားပြုခွင့်ရသူများနှင့် ဧည့်နိုင်ငံသား များက ရှေ့နေအလုပ်သင်အဖြစ် တင်သွင်းခွင့်ပြုရန် လျှောက်ထားခြင်းကို ၁၉၅၅ ခုနှစ်၊ ရှေ့နေအဖြစ်ဝင်ခွင့်နည်းဥပဒေအရ ဆောင်ရွက်ခွင့်မရှိခြင်းဖြစ်ပါကြောင်း  ပြန်လည် ဖြေကြားခဲ့သည်။

 

( ခ )  ဥပဒေကြမ်း (၁) ခုနှင့် စပ်လျဉ်း၍ အစီရင်ခံစာ ဖတ်ကြားခြင်း

ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီက တင်သွင်းသည့် အိမ်ခြံမြေ ဝန်ဆောင်မှုဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၁.၂.၂၀၁၉ (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။         

 

( ဂ )  အဆို (၁) ခုဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဒေါ်ချိုချို၊ အုတ်တွင်းမဲဆန္ဒနယ်က လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသော ကုန်းကြမ်းများကို ကမ္ဘာ့ဈေးကွက်ဝင်တန်ဖိုးမြှင့် ကုန်ပစ္စည်းများဖြစ် အောင် ပြည်တွင်း၌ပင် အရည်အသွေးပြည့်မီအောင် ထုတ်လုပ်နိုင်ပြီး နိုင်ငံတကာသို့ ဈေးကွက်ချဲ့ထွင်နိုင်ရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ကိုယ်စားလှယ် (၁၀)ဦးက ဆွေးနွေးပြီး လွှတ်တော်ကအတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

 

၃။       ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁ နာရီတိတိတွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပမည့်ရက်ကို ၃၁-၁-၂၀၁၉ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။