Skip to main content

မြန်မာနိုင်ငံ၏ အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲမှုအားလေ့လာခြင်း

မြန်မာနိုင်ငံ၏ အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲမှုအားလေ့လာခြင်း

နိဒါန်း

၁။       “သင်ရိုးညွှန်းတမ်းဆိုသည်မှာ ပညာရေးရည်မှန်းချက်များအောင်မြင်စေရန်ရည်ရွယ်၍ သင်ယူမှုရလဒ်များ၊ သင်ရိုးဝင်အကြောင်းအရာများ၊ သင်ကြား/ သင်ယူမှုနည်းလမ်းများနှင့် တတ်မြောက်မှုစစ်ဆေးခြင်းတို့အပါအဝင် ကျောင်းတွင်းနှင့် ကျောင်းပြင်ပတို့၌ လေ့လာသင်ယူရ မည့်ပညာရပ်နယ်ပယ်အလိုက် စနစ်တကျရေးဆွဲသတ်မှတ်ထားသော အစီအစဉ်များကိုဆိုလိုသည် ဟု အမျိုးသားပညာရေးဥပဒေ (၂၀၁၄)  တွင် အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ သင်ရိုးညွှန်းတမ်း သည် ပြည်သူလူထု၏ဘဝ၊ လုပ်ငန်းခွင်နှင့်ပညာဆက်လက်သင်ကြားရေးတို့အတွက် လိုအပ်သော ဗဟုသုတနှင့် လက်တွေ့ကျွမ်းကျင်မှုများကိုဖြည့်ဆည်းပေးရန် အဓိကကျပါသည်။  ယခုအခါ မြန်မာနိုင်ငံ၊ နိုင်ငံတော်အစိုးရ၏ ပညာရေးပြုပြင်ပြောင်းလဲမှုတွင် သင်ရိုးညွှန်းတမ်းပြုပြင် ပြောင်းလဲမှုကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၏သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲမှုနောက်ခံသမိုင်း

၂။       မူလတန်းအဆင့် သင်ရိုးညွှန်းတမ်းကို ၁၉၉၈-၁၉၉၉ ပညာသင်နှစ်တွင် ပြုပြင် ပြောင်းလဲခဲ့ပြီး ၂၀၀၀-၂၀၀၁ ပညာသင်နှစ်တွင် စတင်အသုံးပြုခဲ့ပါသည်။ အလယ်တန်းအဆင့် သင်ရိုးညွှန်းတမ်းကို ၂၀၀၁-၂၀၀၂ ပညာသင်နှစ်နှင့် လက်ရှိအသုံးပြုနေသည့် အထက်တန်း အဆင့်သင်ရိုးညွှန်းတမ်းကို ၂၀၀၈-၂၀၀၉ ပညာသင်နှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ ပါသည်။ 

၃။       မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် ဒီမိုကရေစီစနစ်သို့ပြောင်းလဲကျင့်သုံးပြီးနောက် ပညာရေးပြုပြင်ပြောင်းလဲမှုများကိုလည်း စတင်ဆောင်ရွက်ခဲ့ပါသည်။ ပညာရေးကဏ္ဍ၏ စိန်ခေါ်မှုများနှင့် အခက်အခဲများကိုဖြေရှင်းနိုင်ရန်နှင့် နိုင်ငံတကာ ပညာရေးစနစ်ကောင်းများနှင့် အညီဖြစ်စေရန်အတွက် ဘက်စုံလွှမ်းခြုံသောပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း (CESR – Comprehensive Education Sector Review) ကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လတွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ထိုသို့ပညာရေးစနစ်ကောင်းတစ်ခုကိုဖော်ဆောင်ရာတွင်သင်ရိုးညွှန်းတမ်းသည် အရေးကြီးသည့်အားလျော်စွာ CESR မှ အခြေခံပညာအဆင့်သင်ရိုးညွှန်းတမ်းကို အသေးစိတ် လေ့လာခဲ့ပြီး တစ်ဖက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    သင်ရိုးညွှန်းတမ်းပါအကြောင်းအရာများနှင့်တတ်ကျွမ်းမှုများသည် အထက်အောက် နှင့် ဘေးတိုက်ဆက်စပ်မှုရှိရန်၊

(ခ)     လက်ရှိသင်ရိုးညွှန်းတမ်း၏ များပြားနေသောအကြောင်းအရာများကိုလျှော့ချရန်၊

(ဂ)     ဆရာအတတ်သင်ကြားနည်းများနှင့် စစ်ဆေးအကဲဖြတ်ခြင်းများသည် သင်ရိုး ညွှန်းတမ်းအသစ်နှင့်ဆက်စပ်မှုရှိရန်၊

(ဃ)    အခြေခံပညာရေးစနစ်ကို သူငယ်တန်းပညာရေးပြီးသည့်နောက် ပညာသင်နှစ် စုစုပေါင်း (၁၂) နှစ်၊ KG+12 (5-4-3)  သို့ ပြင်ဆင်ပြောင်းလဲရန်၊

(င)     လျင်မြန်စွာပြောင်းလဲလာသော လူမှုစီးပွားရေးဖွံ့ဖြိုးမှုများနှင့်အညီ နည်းပညာ အခြေပြုလူမှုအဖွဲ့အစည်းများ၏ လိုအပ်ချက်များနှင့်ကိုက်ညီရန်၊

(စ)     မြန်မာနိုင်ငံ၏သင်ရိုးညွှန်းတမ်းကို အရည်အသွေးမြင့်မား၍ အာဆီယံဒေသများ အပါအဝင် နိုင်ငံတကာစံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန်။

၄။       အထက်ပါအကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီ (NCC – National Curriculum Committee) ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် အဖွဲ့ဝင် (၁၅) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ အခြေခံပညာအဆင့် ကျောင်းသုံးစာအုပ်များကို စိစစ်အတည်ပြုနိုင်ရေးနှင့် သင်ရိုးညွှန်းတမ်းအညွှန်းဘောင်ကို အချိန်မီစိစစ်အတည်ပြုနိုင်ရေး စသည်တို့ကိုအဓိကဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။        

သင်ရိုးသစ်အကောင်အထည်ဖော်မှုအခြေအနေ

၅။       ပညာရေးပြုပြင်ပြောင်းလဲမှုများဆောင်ရွက်လျက်ရှိရာတွင် အဓိကအပြောင်းအလဲမှာ အလွတ်ကျက်မှတ်ရသောပညာရေးစနစ်မှ ကျောင်းသားကျောင်းသူများ၏ ထိုးထွင်းကြံဆမှု၊ တီထွင်ဖန်တီးမှု၊ ကျိုးကြောင်းဆက်စပ်တွေးခေါ်စဉ်းစားမှုစသည့် ကိုယ်ပိုင်စွမ်းရည်ပြည့်ဝ စေသောစနစ်သို့ ပြောင်းလဲခြင်းဖြစ်ပါသည်။ အခြေခံပညာရေးဖွဲ့စည်းမှုပုံစံသစ် KG+12 (5-4-3) ပုံစံသစ်အား ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစတင်၍ သင်ရိုးသစ်ဖြင့် ပြောင်းလဲကျင့်သုံးခဲ့ပါသည်။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် KG တန်း၌လည်းကောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပထမတန်း၌လည်းကောင်း သင်ရိုးညွှန်းတမ်းအသစ်အား စတင်ကျင့်သုံးခဲ့ပြီး ယခုနှစ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ဒုတိယတန်း၌ စတင်ကျင့်သုံးပါသည်။ သင်ရိုးသစ်ရေးဆွဲရာတွင် KG တန်းနှင့် မူလတန်းသင်ရိုးသစ်များကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA-Japan International Cooperation Agency) နှင့်လည်းကောင်း၊ အလယ်တန်းသင်ရိုးသစ်များကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB – Asian Development Bank) နှင့်လည်းကောင်း၊ အထက်တန်းသင်ရိုးသစ်များကို ဥရောပသမဂ္ဂ (EU – European Union) နှင့် လည်းကောင်း ပူးပေါင်းရေးဆွဲလျက်ရှိပါသည်။    

၆။       အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီသည် သင်ရိုးသစ်ပြဋ္ဌာန်းစာအုပ်များကို အမျိုးသား ပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်တည်းဖြတ်ပေးလျက်ရှိပါသည်။ ထိုသို့ တည်းဖြတ်ရာတွင် ဘာသာရပ်ဆိုင်ရာအချက်အလက်များလွဲမှားမှုမရှိစေရန်၊ နိုင်ငံ၏ရိုးရာ    ယဉ်ကျေးမှု၊ တိုင်းရင်းသားများ၏ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် ကိုက်ညီမှုရှိစေရန်၊ သင်ခန်းစာပြဋ္ဌာန်းချက်များတွင် ကျား/မ ခွဲခြားမှုများ မပါဝင်စေရန်၊ မူဝါဒများမှားယွင်းမှုမရှိ စေရန်၊ ကျောင်းသူ/ကျောင်းသားများနားလည်နိုင်မည့် အရေးအသားမျိုးဖြစ်စေရန်၊ ဆရာ လမ်းညွှန်စာအုပ်များတွင် အချက်အလက်များပြည့်စုံမှုရှိစေရန် စသည်တို့ကိုအဓိကထား ဆောင်ရွက်လျက်ရှိပါသည်။ လာမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် သင်ရိုးသစ်ကျင့်သုံးမည့် Grade-3 နှင့် Grade – 6 အတန်းများအတွက် ပြဋ္ဌာန်းစာအုပ်များကို တည်းဖြတ်ပြင်ဆင်လျက် ရှိပါသည်။

Education1

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Education2

 

 

 

 

 

 

 

 

 

 

၇။    အထက်ဖော်ပြပါပုံအရ အခြေခံပညာအဆင့်ပြီးမြောက်ရန် စနစ်ဟောင်းတွင် စာသင်နှစ် စုစုပေါင်း (၁၁) နှစ်သာတက်ရောက်ရပြီး စနစ်သစ်တွင် နိုင်ငံတကာ၌ကျင့်သုံးနေသည့်အတိုင်း (၁၃) နှစ် တက်ရောက်ရမည်ဖြစ်ပါသည်။ အကျိုးရလဒ်အနေဖြင့် နိုင်ငံတကာတွင် တက်ရောက် ရသည့် စာသင်နှစ်စုစုပေါင်းနှင့်လိုက်လျောညီထွေရှိခြင်းကြောင့် နိုင်ငံတကာ၌ပညာ ဆက်လက် ဆည်းပူးရာတွင် ပိုမိုအဆင်ပြေလာနိုင်မည်ဖြစ်ပါသည်။ 

၈။    မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ - JICA သည် အခြေခံပညာ မူလတန်းအဆင့်သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲရေး စီမံချက် (The Project for Curriculum Reform at Primary Level of Basic Education in Myanmar – CREATE Project) အား ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ယင်းစီမံချက်တွင် မူလတန်းသင်ရိုးသစ်ကျောင်းသုံး စာအုပ်များပြုစုရန်၊ ဆရာလမ်းညွှန်များပြုစုရန်၊ စစ်ဆေး အကဲဖြတ်နည်းလမ်းများပြောင်းလဲရန်နှင့် မူလတန်းသင်ရိုးသစ်ကို လုပ်ငန်းခွင်အတွင်း ဆရာ၊ ဆရာမများနှင့် လုပ်ငန်းခွင်အကြိုဆရာများအား မိတ်ဆက်သင်တန်းပေးရန်အတွက် ၂၀၁၄ ခုနှစ် တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ အခြေခံပညာအဆင့် သင်ရိုးသစ်အကောင်အထည်ဖော်မှုများကို တစ်ဖက်ပါအတိုင်းဆောင်ရွက်လျက်ရှိပါသည်-

(က)     သင်ရိုးညွှန်းတမ်းပြုစုခြင်း။        မူလတန်းသင်ရိုးသစ်တွင် ဉာဏဗလ၊ ကာယဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်နှင့်ချိတ်ဆက်ထား သည့်ကျွမ်းကျင်မှုများ၊ တတ်ကျွမ်းမှုအရည်အသွေးများဖြစ်သည့် ပေါင်းသင်း ဆက်ဆံရေး၊ ဉာဏ်ရည်ဉာဏ်သွေး၊ တစ်ကိုယ်ရေဖွံ့ဖြိုးမှု၊ အလုပ်အကိုင်ရရှိမှု ဆိုင်ရာကျွမ်းကျင်မှုများ၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်၊ တီထွင်ကြံဆခြင်းနှင့် ပြဿနာဖြေရှင်းခြင်းစွမ်းရည်၊ ခေါင်းဆောင်မှုစွမ်းရည်စသည့် ၂၁ ရာစုကျွမ်းကျင် မှုများကိုဦးတည်ထားသောကြောင့် ကျောင်းသားများအားဘက်စုံဖွံ့ဖြိုးတိုးတက်မှု ကိုရရှိစေပြီး လက်တွေ့အသုံးဝင်မှုရှိလာစေမည်ဖြစ်ပါသည်။ မူလတန်းသင်ရိုးသစ် ကျောင်းသုံးစာအုပ်များတွင် ကျောင်းသားများ၏တက်ကြွစွာ သင်ယူမှုကိုမြှင့်တင် ပေးသော ပိုမိုပြည့်စုံပြီးဆွဲဆောင်မှုရှိသည့် သင်ရိုးအကြောင်း အရာများ၊ မတူ ကွဲပြားမှုများကို ထည့်သွင်းစဉ်းစားခြင်း (ဥပမာ-ကျား/မ၊ လူမျိုး၊ မသန်စွမ်း မှုများ)၊ ကျောင်းသားများ၏စိတ်ဝင်စားမှုကို မြှင့်တင်ပေးနိုင်သည့် ရုပ်ပုံများနှင့် ဓာတ်ပုံများ ဝေဝေဆာဆာထည့်သွင်းထားခြင်း၊ အရောင်ခွဲခြားမမြင်ရသော (Colour Blind) ကျောင်းသားများအတွက် အဆင်ပြေစေသော အရောင်များကို အသုံးပြုခြင်းဖြင့် သင်ရိုးသစ်ဖတ်စာအုပ်များကို ရေးဆွဲထားပါသည်။

(ခ)    သင်ရိုးသစ်ဘာသာရပ်များ။               ယခုပြောင်းလဲလျက်ရှိသည့်သင်ရိုးသစ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ ကာယပညာ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ အနုပညာ၊ စာရိတ္တနှင့် ပြည်သူ့နီတိစသည့် ဘာသာရပ်ကိုးခုဖြင့် ကလေးဗဟိုပြုသင်ကြားနည်း (CCA – Child Certered Approach) ကို အခြေခံ၍ရေးဆွဲထားပါသည်။ သင်ရိုးညွှန်းတမ်းပြောင်းလဲခြင်းသည် သင်ရိုးတွင် ပါရှိသည့်အကြောင်းအရာများကိုသာ ပြောင်းလဲထားခြင်းမဟုတ်ဘဲ သင်ကြား နည်းစနစ်များ၊ ချဉ်းကပ်နည်းများနှင့် တတ်မြောက်ကျွမ်းကျင်မှုကိုစစ်ဆေးသည့် နည်းလမ်းများကိုပါ ပြောင်းလဲထားပါသည်။  

(ဂ)    တတ်မြောက်ကျွမ်းကျင်မှုစစ်ဆေးသည့်စနစ်။       သင်ရိုးညွှန်းတမ်းအဟောင်း တွင် တတ်မြောက်ကျွမ်းကျင်မှုကိုစစ်ဆေးရာ၌ စာမေးပွဲကျင်းပ၍သာ စစ်ဆေးခဲ့ သော်လည်း သင်ရိုးညွှန်းတမ်းအသစ်တွင်မူ တတ်မြောက်ကျွမ်းကျင်မှုကို စစ်ဆေး ရာ၌ စာမေးပွဲဖြင့်စစ်ဆေးခြင်းမရှိပါ။ ယခုအခါ KG + 12 စနစ်သစ်သင်ရိုး ညွှန်းတမ်းများအရ သူငယ်တန်းမှတတိယတန်းအထိ ကျောင်းသား၊ ကျောင်းသူ များကို စာမေးပွဲစစ်ဆေးခြင်းမရှိတော့ပါ။  စာသင်ခန်းအတွင်းသင်ယူလေ့လာမှု များ၊ လိုက်ပါဆောင်ရွက်ချက်များ၊ ပြန်လည်လေ့ကျင့်ခန်းများပြုလုပ်ခြင်း စသည်တို့မှတစ်ဆင့် တတ်မြောက်ကျွမ်းကျင်မှုကို ဆုံးဖြတ်မည်ဖြစ်ပါသည်။ ကျောင်းသား၏တတ်မြောက်မှုကို အစဉ်မှတ်တမ်းပြုစုထားပြီး လိုအပ်မှုရှိသော ကျောင်းသားများကိုသင့်လျော်သလိုဖြည့်ဆည်းသင်ကြားပေးသွားမည်ဖြစ်ပါသည်။ 

(ဃ)    သင်ရိုးသစ်အောင်မြင်ရန်လိုအပ်ချက်များ။          သင်ရိုးသစ်ကိုအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်ချက်များစွာရှိပါသည်။ ဆရာများ၏ အရည်အချင်း၊ လုံလောက်သောပညာရေးအသုံးစရိတ်၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့မှု၊ မျှတသောကျောင်းသားဆရာအချိုး၊ ကျောင်းသားများ၏သင်ယူ တတ်မြောက်မှုကိုအလေးပေးသည့် စနစ်ကျသောလေ့လာကြီးကြပ်မှုနှင့်အကဲဖြတ် မှု၊ မိဘများ၏ပူးပေါင်းဆောင်ရွက်မှု စသည်တို့လိုအပ်ပါသည်။ လေ့လာကြီးကြပ် မှုနှင့်အကဲဖြတ်မှုမှတွေ့ရှိရသည့်လိုအပ်ချက်များကို နှစ်စဉ်သင်ရိုးညွှန်းတမ်းအသစ် ပြန်လည်သုံးသပ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုပြန်လည်ဆန်းစစ်ခြင်းတို့တွင် အသုံးပြု ရမည်ဖြစ်ပါသည်။  မူလတန်းနှင့်အလယ်တန်းအဆင့်တွင် သင်ရိုးညွှန်းတမ်းသစ် များကို အောင်မြင်စွာအကောင်အထည်ဖော်ရန်အတွက်  ဆရာများ၏အရည် အချင်းမှာ အရေးကြီးပါသည်။ သင်ရိုးသစ်ဘာသာရပ်အသစ်တစ်ခုဖြစ်သည့် အနုပညာဘာသာရပ်သင်ကြားရန်အတွက် ဆရာများသည် ပင်ကိုယ်အရည်အသွေး ပြည့်ဝရန်နှင့် အနုပညာခံစားမှုစွမ်းရည်မြင့်မားရန် လိုအပ်ပါသည်။ ကလေးများ စိတ်ပါဝင်စားလာစေရန် ပန်းချီ၊ ဂီတ၊ အက စသောနည်းလမ်းများကို အသုံးပြု၍ သင်ကြားရန်မှာ  ဆရာများအနေဖြင့် စိတ်ကူးဉာဏ်ကွန့်မြူးရန်လိုအပ်ပါသည်။ ဆရာများသည် ကျောင်းသားတစ်ဦးချင်းစီ၏ စိတ်ပါဝင်စားမှု၊ စိတ်ခံစားမှုတို့ကို အလေးထားနားလည်ရပါမည်။ ကျောင်းသားများ၏လိုအပ်ချက်များအား အကြံပြု ဆွေးနွေးခြင်းမျိုး လုပ်ဆောင်ရပါမည်။ အုပ်စုလိုက်ဆောင်ရွက်မှုများ၊ ပူးပေါင်း လုပ်ဆောင်မှုများကို ဆောင်ရွက်စေခြင်းဖြင့် ကလေးများ၏ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်ကို လေ့ကျင့်ပေးရာရောက်ပါသည်။  

သင်ရိုးသစ်ကျင့်သုံးခြင်းတွင် ကြုံတွေ့ရသည့်အခက်အခဲများ

၉။    သင်ရိုးသစ်ကိုအကောင်အထည်ဖော်ရာတွင် အခက်အခဲအချို့ကို ကြုံတွေ့ရလျက်ရှိပါ သည်။ ကျောင်းသားဆရာအချိုးမျှတမှုမရှိခြင်း၊ သင်ထောက်ကူပစ္စည်းများထောက်ပံ့ပေးမှု အားနည်းခြင်း၊ အနုပညာဘာသာရပ်အတွက် ကျောင်းသားကိုင်ဖတ်စာအုပ်များမရှိခြင်း၊ ဆရာများ၏ဖြတ်ထိုးဉာဏ်၊ ထိုးတွင်းတီထွင်ကြံဆမှုများလိုအပ်လျက်ရှိခြင်း၊ ကျောင်းသား မိဘများ၏ပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်း စသည်တို့ဖြစ်ပါသည်။ 

(က)    ကျောင်းသားဆရာအချိုး။ သင့်တင့်သောကျောင်းသားဆရာအချိုးရှိခြင်း သည်လည်း သင်ရိုးသစ်အကောင်အထည်ဖော်ရာတွင် ထိရောက်မှုရှိစေမည်ဖြစ်ပါ သည်။ ကျောင်းသားဆရာအချိုးမျှတမှသာ ဆရာများကကျောင်းသားတစ်ဦးချင်း အပေါ်တွင် ဂရုစိုက်သင်ကြားပေးနိုင်မည်ဖြစ်ပြီး သင်ရိုးသစ်တွင်ဦးတည်ကျင့်သုံး နေသည့် ကျောင်းသားဗဟိုပြုသင်ကြားရေးစနစ် အောင်မြင်မည်ဖြစ်ပါသည်။ ပညာရေးဝန်ကြီးဌာနသည် ကျောင်းသားဆရာအချိုးမြင့်မားမှု၊ ဆရာဦးရေ မလုံလောက်မှုကိုဖြေရှင်းရန် ဆရာများတိုးမြှင့်ခန့်ထားပေးလျက်ရှိသော်လည်း မြန်မာနိုင်ငံတွင် ကျောင်းသားဆရာအချိုး မြင့်မားဆဲပင်ဖြစ်ပါသည်။ အာဆီယံ နိုင်ငံများတွင် မူလတန်းအဆင့်၌ ကျောင်းသားဆရာအချိုးအမြင့်ဆုံးနိုင်ငံမှာ ကမ္ဘောဒီးယား (၄၅:၁) ဖြစ်ပြီး မြန်မာနိုင်ငံသည် ကျောင်းသားဆရာအချိုး (၂၈:၁) ဖြင့် ဒုတိယအမြင့်ဆုံးဖြစ်ပါသည်။ ထိုသို့ကျောင်းသားဆရာအချိုးမြင့်မားမှုက ဆရာများအနေဖြင့်ကျောင်းသားတစ်ဦးချင်းစီအပေါ်တွင် အာရုံစိုက်သင်ကြားပေး နိုင်စွမ်းအားလျော့နည်းစေပြီး ထိရောက်သောသင်ကြားမှု၊ သင်ယူမှုဝန်းကျင် ကောင်းဖော်ဆောင်ရေးတွင် အားနည်းစေပါသည်။  

(ခ)    ဆရာများ၏အရည်အသွေး။              ကျောင်းသားများအနေဖြင့်သင်ခန်းစာများကို အလွယ်တကူ နားလည်သဘောပေါက်စေရန်အတွက် ဆရာများ၏ဖြတ်ထိုးဉာဏ်၊ ထိုးထွင်းတီထွင်ကြံဆမှုများလည်း လိုအပ်ပါသည်။ အနုပညာဘာသာရပ်များ ဖြစ်သည့် ပန်းချီ၊ ဂီတ စသည်တို့ကိုသင်ကြားရာတွင် ဆရာများအနေဖြင့် ကျွမ်းကျင်မှုအားနည်းသောကြောင့် ကျောင်းသားများအား ထိရောက်စွာသင်ကြား နိုင်ခြင်းမရှိပေ။ ထို့အတူ ကာယပညာသင်ကြားရေးတွင် အသက်အရွယ်ကြီးရင့်သူ ဆရာ/ဆရာမကြီးများအနေဖြင့် သင်ကြားရေးတွင်အခက်အခဲများ ကြုံတွေ့ရပါ သည်။ ထို့အပြင် သင်ရိုးသစ်နည်းပြသင်တန်းတက်ရောက်ပြီးသော ဆရာ/ ဆရာမ များသည် ကျောင်းဖွင့်ချိန်တွင် အခြားကျောင်းများသို့ ပြောင်းရွှေ့သွားခြင်းအား ဖြင့် မူလကျောင်းတွင် သင်ရိုးသစ်ကို ကျွမ်းကျင်စွာသင်ယူနိုင်သူမရှိတော့ခြင်းမျိုး လည်းကြုံတွေ့ရလျက်ရှိပါသည်။ ထို့ကြောင့်သင်ရိုးသစ်နည်းပြသင်တန်းများအား မူလတန်းပြဆရာများ အားလုံးတက်ရောက်လေ့လာထားခြင်းအားဖြင့် မည်သည့် အတန်းတွင်သင်ကြားရသည်ဖြစ်စေ၊ ဆရာများကျောင်းပြောင်းရွှေ့ရလျှင်ဖြစ်စေ သင်ရိုးသစ်သင်ကြားရေးတွင် အခက်အခဲများရှိတော့မည်မဟုတ်ပေ။   

(ဂ)    သင်ထောက်ကူပစ္စည်းများအားနည်းခြင်း။            သင်ရိုးသစ်ကိုအောင်မြင်စွာ အကောင်အထည်ဖော်ရေးအတွက် သင်ထောက်ကူပစ္စည်းများ လုံလောက်စွာရှိရ မည်ဖြစ်ပါသည်။ ဥပမာ-ပန်းချီသင်တန်းတွင်လိုအပ်သော ပုံဆွဲစာရွက်၊ ဆေးရောင်စုံ များ၊ ခဲတံများမလုံလောက်ခြင်း၊ ဂီတတန်းတွင်လိုအပ်သောတူရိယာများ၊ သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးလျက်ရှိသော်လည်း လိုအပ်ချက်များ ရှိဆဲပင် ဖြစ်ပါသည်။ ထို့ပြင် အနုပညာဘာသာရပ်အတွက် ဆရာလက်စွဲစာအုပ်များ ထုတ်ပေးထားသော်လည်း ကျောင်းသားကိုင်ဖတ်စာအုပ်များ ထုတ်ပေးထားမှု မရှိခြင်းသည်လည်း သင်ရိုးသစ်အကောင်အထည်ဖော်ရာတွင်ကြုံတွေ့ရသည့် အခက်အခဲများထဲမှတစ်ခုဖြစ်ပါသည်။  

(ဃ)    မိဘများ၏ပူးပေါင်းဆောင်ရွက်မှု။        သင်ရိုးသစ်အောင်မြင်ရေးတွင် သင်ရိုး သစ်ဖြင့်သင်ကြားမှုပုံစံအား ကျောင်းသားမိဘများ၏နားလည်မှု၊ စိတ်ပါဝင်စားမှု နှင့် ပူးပေါင်းဆောင်ရွက်မှုလည်းလိုအပ်ပါသည်။ ဥပမာအားဖြင့် သူငယ်တန်းတွင် ကလေးများအား စာသင်ကြားခြင်းမရှိသည်ကို အချို့ကျောင်းသားမိဘများ အနေဖြင့် သဘောပေါက်မှုအားနည်းလျက်ရှိပါသည်။ သင်ရိုးသစ်အရ ပထမတန်း တွင် ကျောင်းသားများအား စာရေး၊ စာဖတ်ကို စတင်သင်ကြားပါသည်။ သို့သော် အချို့ကျောင်းသားမိဘများသည် ကျောင်းများတွင် သင်ကြားပေးမှုနောက်ကျသည် ဟုယူဆပြီးစိုးရိမ်ပူပန်လျက်ရှိပါသည်။ ၎င်းအပြင် ယခုအကောင်အထည်ဖော်နေ သည့်စနစ်သစ်မှ ယခင်စနစ်ဟောင်းသို့ ပြန်ပြောင်းလဲမည်ကိုလည်း ကျောင်းသား မိဘများအနေဖြင့် ပူပန်ကြောင့်ကျလျက်ရှိပါသည်။  

နိုင်ငံအချို့၏သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များ

၁၀။    ပညာရေးသည် ဖွံ့ဖြိုးမှုများအားလုံး၏အခြေခံဖြစ်သည့်အားလျော်စွာ ကမ္ဘာ့နိုင်ငံအများစု တွင် ပညာရေးအဆင့်အတန်းမြင့်မားရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ပညာရေးတွင် သင်ရိုးညွှန်းတမ်းသည် အရေးပါသည့်အလျောက် ခေတ်နှင့်လျော်ညီသည့်သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲမှုများကိုလည်း မဖြစ်မနေဆောင်ရွက်ရပါသည်။ ၎င်းတို့အနက်မှ နိုင်ငံအချို့၏ သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲမှုများကို အောက်ပါအတိုင်းဖော်ပြအပ်ပါသည်-

(က)    မလေးရှားနိုင်ငံ၏သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲမှု။          မလေးရှားနိုင်ငံ၏ ၁၉၉၆ခုနှစ် ပညာရေးဥပဒေတွင် အမျိုးသားသင်ရိုးညွှန်းတမ်းနှင့် ပတ်သက်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဦးတည်ချက်နှင့် ရည်ရွယ်ချက်များကို ဖော်ပြထားပါသည်။ ပညာရေးဝန်ကြီးဌာနတွင် ဦးစီးဌာန (၃) ခုဖြစ်သည့် သင်ရိုးညွှန်းတမ်း ဖွံ့ဖြိုးရေး စင်တာ၊ နည်းပညာနှင့်သက်မွေးပညာဦးစီးဌာနနှင့် ဘာသာရေးနှင့်ပညာရေး ကိုယ်ကျင့်တရားဦးစီးဌာနတို့ဖြင့် ပါဝင်ဖွဲ့စည်းထားပါသည်။ ထို့အပြင် ပြဌာန်း စာအုပ်ဌာနခွဲနှင့် ဆရာများအားလေ့ကျင့်သင်ကြားရေးဌာနခွဲ စသည့်ဌာနခွဲများ လည်းပါဝင်ဖွဲ့စည်းထားပါသည်။ သင်ရိုးညွှန်းတမ်းဖွဲ့စည်းပုံနှင့်ဖွံ့ဖြိုးတိုးတက်ရေး ကို ပညာရေးဝန်ကြီးဌာနက အဓိကတာဝန်ယူဆောင်ရွက်ပါသည်။  ဗဟိုသင်ရိုး ညွှန်းတမ်းကော်မတီကို ညွှန်ကြားရေးမှူးချုပ်က ဦးစီးဆောင်ရွက်ပါသည်။  ဗဟို သင်ရိုးညွှန်းတမ်းကော်မတီကအတည်ပြုသည့် သင်ရိုးညွှန်းတမ်းများကို ပြည်နယ် (၁၂) ခုရှိ ပညာရေးညွှန်ကြားရေးမှူးများ၊ ပညာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် များဖြင့်ဖွဲ့စည်းထားသည့် သင်ရိုးညွှန်းတမ်းအကောင်အထည်ဖော်ရေးကော်မတီက ညှိနှိုင်းဆွေးနွေးပါသည်။ 

သင်ရိုးညွှန်းတမ်းမူဘောင်အသစ်တွင် အကြောင်းအရာအသစ်များ၊ ခေါင်းစဉ်သစ်များဖြည့်သွင်း၍ သင်ရိုးညွှန်းတမ်းပြောင်းလဲရေးဆွဲမှုကို ၁၉၉၆ ခုနှစ် တွင် ဆောင်ရွက်ခဲ့ပါသည်။ သင်ရိုးသစ်အစုအဖွဲ့တွင် ဗဟုသုတသစ်များ၊ ဘက်စုံ အသိပညာ၊ စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည်၊ ICT ဗဟုသုတဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးအသိပညာဖွံ့ဖြိုးတိုးတက်ရေး စသည်တို့ပေါ်တွင်အခြေခံ၍ ရေးဆွဲထား ပါသည်။ 

မလေးရှားနိုင်ငံ၏သင်ရိုးညွှန်းတမ်းသည် ကျောင်းသားလူငယ်များ၏ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်မှု၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ရေးဆွဲထားပါသည်။ မူလတန်းကြိုသင်ရိုးညွှန်းတမ်းကို ကျောင်းသူ ကျောင်းသားများအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုများရရှိရန် ၎င်းတို့စွမ်းအားရှိသမျှ အသုံးချကြိုးစားအားထုတ်၍ ရည်မှန်းချက်ပန်းတိုင်သို့ အရောက်လှမ်းနိုင်စွမ်း ရှိသူများဖြစ်လာစေရန် ဦးတည်ရေးဆွဲထားခြင်းဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်မှုများ အတွက် လိုအပ်သောအခြေခံကျွမ်းကျင်မှုများနှင့် ခံယူချက်သဘောထား မှန်ကန်သူများဖြစ်လာစေရန်လည်း သင်ရိုးညွှန်းတမ်းတွင် ရည်ရွယ်ထားပါသည်။ အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲမှုတွင် သင်ရိုးမာတိကာကို ဆန်းသစ်ထားပြီး ဖွဲ့စည်းတည်ဆောက်ပုံအသစ်နှင့် စာသင်ခန်းတွင်း ချဉ်းကပ် သင်ကြားမှုပုံစံများကိုပြုပြင် ပြောင်းလဲခဲ့ပါသည်။ သင်ရိုးသစ်ကိုကျင့်သုံးရာ၌ ကျောင်းသားဗဟိုပြုသင်ကြားရေးစနစ်ကိုကျင့်သုံးပြီး စစ်ဆေးမှုရလဒ်သည်လည်း သင်ခန်းစာများကို နားလည်တတ်မြောက်မှုပေါ်တွင် အခြေခံမည်ဖြစ်ပါသည်။ မလေးရှားနိုင်ငံကို အနာဂတ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံအဖြစ်ထူထောင်ရာတွင် ကြုံတွေ့ရမည့်စိန်ခေါ်မှုများကို ဖြေရှင်းနိုင်စေရန်အတွက် လိုအပ်သောကျွမ်းကျင်မှု အရည်အသွေးများရရှိစေရန် သင်ရိုးညွှန်းတမ်းသစ်ကို ဦးတည်ရေးဆွဲထားပါသည်။ 

လိုအပ်ချက်များကိုလေ့လာသုံးသပ်မှု၊ စီမံကိန်းရေးဆွဲမှု၊ အကောင်အထည် ဖော်မှု၊ ပြုပြင်ပြောင်းလဲမှုများပေါ်မူတည်၍ သင်ရိုးညွှန်းတမ်းဖွံ့ဖြိုးရေး၊ ပြုပြင် ပြောင်းလဲရေးနှင့် သင်ရိုးညွှန်းတမ်းသစ် ပြန်လည်ပြဋ္ဌာန်းရေးတို့ကို  ဆောင်ရွက် ပါသည်။ သင်ရိုးညွှန်းတမ်းပြောင်းလဲမှုများသည် မူဝါဒချမှတ်သူများက ချမှတ် လိုက်သောမူဝါဒများ၊ လက်ရှိသင်ရိုးညွှန်းတမ်းမှ လေ့လာတွေ့ရှိသောအားနည်း ချက်များ၊ အများပြည်သူ၏ထင်မြင်ယူဆချက်များ သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုများကို အခြေခံ၍ဆောင်ရွက်ပါသည်။  
သင်ရိုးညွှန်းတမ်းသစ်အကောင်အထည်ဖော်မှုနှင့် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကိုဆောင်ရွက်ရာတွင် သက်ဆိုင်ရာအကြောင်းကိစ္စရပ်အလိုက် စိန်ခေါ်မှုများနှင့် မျှော်လင့်မထားသည့် အခက်အခဲ၊ ပြဿနာရပ်များ ဖြစ်ပေါ် တတ်ပါသည်။ အခြားသောစိန်ခေါ်မှုများရှိသည့်အနက် သင်ရိုးသစ်အကောင် အထည်ဖော်သူများသည် သင်ရိုးသစ်၏ကျယ်ပြန့်မှုအတိုင်းအတာ၊ ထိရောက်မှု နယ်ပယ်သတ်မှတ်ခြင်း စသည်တို့ကို ဟန်ချက်ညီအောင် ထိန်းညှိဆောင်ရွက်ရ ပါသည်။ သင်ရိုးသစ်ပြောင်းလဲခြင်း၏ စီမံကိန်းရေးဆွဲမှုနှင့် အကောင်အထည် ဖော်မှုတွင် မတူညီသည့်အဖွဲ့အစည်းများ၊ ဦးဆောင်သူများနှင့် ပေါင်းစပ်ညှိနှိုင်းရပါသည်။  

(ခ)    ဖိလစ်ပိုင်နိုင်ငံ၏သင်ရိုးသစ်အကောင်အထည်ဖော်မှု။           ဖိလစ်ပိုင်နိုင်ငံ၏ အလယ်တန်းအဆင့်သင်ရိုးညွှန်းတမ်းသစ်အကောင်အထည်ဖော်မှုကို ၁၉၉၉ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၁ ရာစုကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံရေးဆွဲထား ပါသည်။ သင်ရိုးသစ်ပြောင်းလဲမှုသည် အလယ်တန်းအဆင့် သင်ကြားရေးဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှုများကို ဦးတည်ထားပြီး သင်ရိုးမာတိကာ၌ အကြောင်း အရာများထပ်နေမှုမရှိစေရန်၊ စည်းမျဉ်းများနှင့် ကိုက်ညီစေရန်၊ ယေဘုယျနှင့် အထူးပြုပညာရေးအကြား ပိုမိုဘက်ညီပြီး အောင်မြင်မှုရှိစေရန် ရည်ရွယ်ပါသည်။ 
သင်ယူမှုအဖွဲ့များကို ကဏ္ဍစုံလေ့လာဆွေးနွေးချက်များ၊ အကြံပေးချက် များကိုအခြေခံ၍ သင်ရိုးသစ်ကိုအကောင်အထည်ဖော်ရန် ဖွဲ့စည်းထားပါသည်။ အဆိုပါအဖွဲ့များ၏ ဆောင်ရွက်ချက်များမှ ထွက်ပေါ်လာသော အကြံပြု ထောက်ခံချက်များ၊ ရလဒ်များကို ပညာရေး၊ ယဉ်ကျေးမှုနှင့် အားကစားဝန်ကြီး ဌာနရှိအတွင်းဝန်နှင့် သက်ဆိုင်ရာဦးစီးဌာနများ၏ ညှိနှိုင်းအစည်းအဝေးများတွင် တင်ပြပါသည်။ အဆိုပါရလဒ်များကိုအခြေခံ၍ ဦးတည်ချက်အသစ်များ ပြန်လည် ချမှတ်ပြီး သင့်လျော်သောသင်ရိုးညွှန်းတမ်းအစီအစဉ်၏ ရည်မှန်းချက်များ သတ်မှတ်ခြင်း၊ ဘာသာရပ်များသတ်မှတ်ခြင်းစသည်တို့ကို ဆက်လက် ဆောင်ရွက်ပါသည်။ အဆိုပါကိစ္စရပ်များကိုအကောင်အထည်ဖော်ရာတွင် သင်ယူမှု အရည်အသွေးများနှင့် သင်ရိုးညွှန်းတမ်းလမ်းညွှန်များ ကောင်းမွန်စေရန်အတွက် သတ်မှတ်ထားသည့်လုပ်ထုံးလုပ်နည်းများအတိုင်းအတိအကျ လိုက်နာဆောင်ရွက် ကြရပါသည်။ သင်ရိုးညွှန်းတမ်းသစ်ကို အကောင်အထည်ဖော်ရန် သင်တန်း နည်းပြများ၊ ဆရာ/ဆရာမများသည်လည်း သင်တန်းအမျိုးအစားပေါင်းများစွာ တက်ရောက်ကြရပါသည်။ ထို့နောက် သင်ရိုးညွှန်းတမ်းသစ်အကောင်အထည် ဖော်မှုလုပ်ငန်းစဉ်နှင့်ရလဒ်များကို တိုင်းတာရန်အတွက် စောင့်ကြည့်လေ့လာရေး နှင့် အကဲဖြတ်စနစ်ကိုလည်းဆောင်ရွက်ကြောင်း လေ့လာတွေ့ရှိရပါသည်။  

(ဂ)    ဖင်လန်နိုင်ငံတွင် KG တန်း၌သင်ကြားမည့်ဆရာများအတွက်အစီအစဉ်များ။          နိုင်ငံတော်အစိုးရ၏ ပညာရေးမူဝါဒများအား အကောင်အထည်ဖော် ဆောင်ရွက် ရေး၊ ပညာရေးစနစ်သစ်အောင်မြင်ရေး၊ သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲရေး စသည်တို့ကို အောင်မြင်စေရန်အတွက် ဆရာ/ဆရာမများသည် အဓိကအခန်း ကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ထို့ကြောင့် အဓိကကျသည့် ဆရာများ၏အရည် အသွေးကို မြှင့်တင်ရေးအတွက် ကမ္ဘာ့အကောင်းဆုံးပညာရေးစနစ် ကျင့်သုံးလျက် ရှိသည့် ဖင်လန်နိုင်ငံ၌ အခြေခံအကျဆုံးအဆင့်ဖြစ်သည့် KG တန်းတွင် ဆရာ/ ဆရာမများ၏ အရည်အသွေးပြည့်မီရေးကို အဓိကအလေးပေးဆောင်ရွက်ပါသည်။ ဖင်လန်နိုင်ငံတွင် KG တန်းတွင်သင်ကြားလိုသော ဆရာများအတွက် အထူး အစီအစဉ်တစ်ရပ်အနေဖြင့် Degree Programme in Kindergarten Teacher Education ဟူသည့် (၃) နှစ်ကြာတက်ရောက်ရသော အစီအစဉ်တစ်ရပ်ရှိ ပါသည်။ သင်တန်းတက်ရောက်ရန်အတွက် ဘွဲ့တစ်ခုရရှိထားရန် လိုအပ်ပါသည်။ အဆိုပါသင်တန်းတွင် စာရေး၊ စာဖတ်၊ ကွန်ပျူတာတို့အပြင် သင်ခန်းစာကို မည်သို့ကြိုတင်ပြင်ဆင်ရမည်နည်းဆိုသည့် သဘောတရားများ၊ မိဘများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကိုယ်တိုင်သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည်တို့ကို သင်ကြားရပါသည်။ သင်တန်းတွင် မေးခွန်းထုတ်ခြင်းနှင့် တွေးခေါ်မှုပညာများကို အထူးပြုပို့ချပေးပါသည်။ ထို့အပြင် ကြင်နာတတ်သူ၊ ကလေးများ အပေါ်ခံစားနားလည်ပေးနိုင်စွမ်းရှိသူများဖြစ်လာစေရန် လေ့ကျင့် ပျိုးထောင်ပေးပါသည်။ သင်တန်းပြီးဆုံးပါက B.A (Education) ဘွဲ့ပေးအပ် ပါသည်။ အဆိုပါဘွဲ့ရသူများကို Early Education Act အရ KG တန်း သင်ကြားရေးတွင် အထူးကျွမ်းကျင်သောဆရာအဖြစ်သတ်မှတ်၍ အလုပ်ခန့်ထားပါသည်။ 

ဖင်လန်နိုင်ငံတွင် သူငယ်တန်းတွင်သင်ကြားရမည့်ဆရာများသည်အလွန် အရေးကြီးသည်ဟု သတ်မှတ်ထားပါသည်။ ထို့ကြောင့် သူငယ်တန်းသင် ဆရာ များသည် သင်ကြားရေးတွင် အထူးကျွမ်းကျင်ရန်လိုအပ်ပြီး လူမှုပေါင်းသင်း ဆက်ဆံရေးကောင်းသူများ၊ ပူးပေါင်းဆောင်ရွက်နိုင်သူများဖြစ်ရန် အထူးအရေးကြီး ပါသည်။ ကျွမ်းကျင်မှုရှိသောဆရာ/ဆရာမများသည် ကျောင်းသားများအား လူတစ်ဦးချင်းစီအား တန်ဖိုးထားတတ်စေရေး၊ အနုပညာနှင့် ရသခံစားနိုင်စေရေး အပြင် ဆရာများ၏လုပ်ငန်းဆောင်တာများနှင့်ပတ်သက်သော လက်တွေ့လုပ်ငန်း များကို သင်ကြားပေးခြင်းအားဖြင့် ဆရာများ၏အရည်အသွေးပြည့်ဝအောင် ဆောင်ရွက်ကြောင်း တွေ့ရှိရပါသည်။  

နိုင်ငံတကာအတွေ့အကြုံများမှ ကောက်နုတ်ချက်မျာ

၁၁။     အထက်ဖော်ပြပါနိုင်ငံများ၏ သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲမှုကို လေ့လာရာတွင် အောက်ပါဦးတည်ချက်များနှင့်လိုအပ်ချက်များကို ကောက်နုတ်ရရှိပါသည်-

(က)    ဦးတည်ချက်များ

(၁)    ICT ကဏ္ဍကို သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းဆောင်ရွက်ခြင်း၊ ၂၁ ရာစု  ကျွမ်းကျင်မှုများကို ဦးတည်ရေးဆွဲခြင်း၊

(၂)    ကြုံတွေ့ရမည့်အခက်အခဲနှင့်စိန်ခေါ်မှုများ၊ လူမှုရေးညီညွတ်မျှတမှု၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို အနှောင့်အယှက်ဖြစ်စေ နိုင်မည့် ကိစ္စရပ်များကို ဖြေရှင်းနိုင်ရန်၊ အတူယှဉ်တွဲနေထိုင်ရေးအတွက် သင်ယူလေ့လာခြင်းဟူသည့် စံနှုန်းများကိုအခြေခံ၍ အာရုံစိုက် ဆောင်ရွက် လာကြခြင်း၊

(၃)    နိုင်ငံအားလုံးတွင်သင်ရိုးသစ်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း၊ အကောင် အထည်ဖော်ခြင်းနှင့် စီမံခန့်ခွဲခြင်းတွင်ဗဟိုချုပ်ကိုင်မှု လျှော့ချသည့်စနစ် ကို ကျင့်သုံးလာကြခြင်း၊ ဗဟိုအဆင့်တာဝန်ရှိသူများသည် သင်ရိုး ညွှန်းတမ်းဆိုင်ရာမူဝါဒနှင့် အခြေခံလမ်းညွှန်ချက်များချမှတ်ပေးခြင်းနှင့် ပညာရေးအရည်အသွေးပြည့်ဝရေးအတွက် အမျိုးသားအဆင့်စံနှုန်းများ သတ်မှတ်ခြင်းတို့ကိုသာ တာဝန်ယူဆောင်ရွက်ကြပါသည်။ ကျောင်းများ၊ မိဘများ၊ ဆရာများနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများသည် သင်ရိုးသစ် အကောင်အထည်ဖော်ရေးတွင် တက်ကြွစွာပူးပေါင်းပါဝင်ကြခြင်း၊

(၄)    သင်ရိုးသစ်ကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် သင်ရိုး သစ်ချမှတ်သူနှင့် အကောင်အထည်ဖော်သူများကြား အကြံဉာဏ်ကောင်း များ ဝိုင်းဝန်းပံ့ပိုး၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။

(ခ)    လိုအပ်ချက်များ

(၁)    သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲမှု၊ သင်ရိုးသစ်အကောင်အထည်ဖော်ရေး ဆိုင်ရာ ဆရာ/ဆရာမများအတွက် သင်တန်းများပို့ချခြင်းများသည် လက်တွေ့တွင် ထိရောက်မှု ရှိ၊ မရှိနှင့်စပ်လျဉ်းသည့် သုံးသပ်ချက်အစီရင်ခံ စာများ ပြုစုမထားခြင်း၊

(၂)    လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းခွင်အကြို ဆရာအတတ်သင်တန်း များကို သစ်ရိုးသစ်နှင့်လိုက်လျောညီထွေမှုရှိစေရန် ပြုပြင်ပြောင်းလဲမှုများ မရှိသေးခြင်း၊

(၃)    အမျိုးသားပညာရေးဥပဒေများနှင့် မူဝါဒများကို ခေတ်နှင့်အညီပြန်လည် ပြုပြင်ရန်လိုအပ်ခြင်း၊

(၄)    သင်ယူသူများ၏လိုအပ်ချက်များကို သိရှိဖြည့်ဆည်းပေးနိုင်ရန်အတွက် ကျောင်းများနှင့် အုပ်ချုပ်မှုအဆင့်တိုင်းတွင် ပညာရေးအစီအစဉ်များကို ပိုမိုစူးစိုက် လုပ်ဆောင်ရန်လိုအပ်ခြင်း။                      
နိဂုံး

၁၂။    ကျောင်းသူကျောင်းသားများသင်ယူထားသည့် စာတွေ့နှင့်လက်တွေ့ကျွမ်းကျင်မှုများ ဟန်ချက်ညီညီဖွံ့ဖြိုးလာစေမည့်အရည်အသွေးရှိသောအခြေခံပညာသင်ရိုးညွှန်းတမ်းကို အကောင် အထည်ဖော်ခြင်းသည် ကျောင်းသားများအတွက်သာမက နိုင်ငံ၏အနာဂတ်ဖွံ့ဖြိုး တိုးတက်ရေး နှင့်ပါ ဆက်စပ်လျက်ရှိပါသည်။ သင်ရိုးသစ်အောင်မြင်ရန် ပညာရေးဝန်ကြီးဌာန၏ပံ့ပိုးကူညီမှု၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၏ စိတ်ဝင်စားအားပေးမှု၊ မိဘများ၏သင်ရိုးသစ်အပေါ် ယုံကြည်လက်ခံမှု၊ မိဘဆရာပူးပေါင်းဆောင်ရွက်မှု၊ ဆရာ/ဆရာမများကိုယ်တိုင် သင်ရိုးသစ် ကိုအောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်လိုသည့်ဆန္ဒပြင်းပြမှု၊ကျွမ်းကျင်မှု၊ စိတ်စေတနာကောင်း ဖြင့်သင်ကြားပြသမှုတို့သည်လည်း အဓိကလိုအပ်ချက်များဖြစ်ပါသည်။ သင်ရိုးညွှန်းတမ်းသစ် အကောင်အထည်ဖော်မှုနှင့် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကိုဆောင်ရွက်ရာတွင် အခက်အခဲ ပြဿနာရပ်နှင့်စိန်ခေါ်မှုများကို ကြုံတွေ့ရတတ်ပါသည်။ စိန်ခေါ်မှုများအနက် သင်ရိုးသစ် အကောင်အထည်ဖော်သူများသည် သင်ရိုးသစ်၏ကျယ်ပြန့်မှုအတိုင်းအတာ၊ ထိရောက်မှုနယ်ပယ် သတ်မှတ်ခြင်းစသည်တို့ကို ဟန်ချက်ညီအောင် ထိန်းညှိဆောင်ရွက်ရပါသည်။ သင်ရိုးသစ် ပြောင်းလဲခြင်း၏ စီမံကိန်းရေးဆွဲမှုနှင့် အကောင်အထည်ဖော်မှုတွင် အတွေ့အကြုံရှိသည့် အဖွဲ့အစည်းများ၊ ဦးဆောင်သူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းအားဖြင့် လက်ရှိ ဆောင်ရွက်လျက်ရှိသော သင်ရိုးသစ်ပြောင်းလဲကျင့်သုံးမှု အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

 

ရက်စွဲ
၁၃.၀၂.၂၀၁၉