Skip to main content

ကလေးသူငယ်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု

ကလေးသူငယ်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု

အကျဉ်းချုပ် 

မြန်မာနိုင်ငံတွင် ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနှင့်စပ်လျဉ်း၍     ၁၉၉၃ ခုနှစ်က ပြဋ္ဌာန်းထားခဲ့သော ကလေးသူငယ်ဥပဒေသည် ထိရောက်မှုအားနည်းနေသည့် အတွက် လက်ရှိတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကိုရေးဆွဲ၍ ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ကလေးသူငယ်များ အကြမ်းဖက်ခံရမှု ပိုမိုများပြားလာသောကြောင့် လွှတ်တော်တွင် အဆိုများတင်သွင်းခြင်း၊ မေးခွန်းများ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။   ကလေးသူငယ်များ အကြမ်းဖက်ခံရပါက လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသည့် Help Line သို့ တိုင်ကြားနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ကလေးသူငယ်နှင့် အမျိုးသမီးများအား လိင်အကြမ်းဖက်ခံရမှုမှာ ယခုနှစ်များတွင် အဆိုးရွားဆုံးဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ၁,၁၀၀ မှုနှင့် ၂၀၁၇ ခုနှစ်တွင် ၁,၄၀၅ မှု ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရပါသည်။

ဤစာတမ်းတိုတွင် မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်းမှုများနှင့်စပ်လျဉ်း၍ ဖြစ်ပွားမှု အခြေအနေ၊ ဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ အရေးယူဆောင်ရွက်ချက်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ လွှတ်တော်တွင်းဆွေးနွေးမှုများ၊ နိုင်ငံအချို့ရှိ သက်ငယ်မုဒိမ်းမှုနှင့်စပ်လျဉ်း၍ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့် အရေးယူဆောင်ရွက်မှု အခြေအနေများကို ရေးသားပြုစုထားပါသည်။

နိဒါန်း

၁။    ကလေးသူငယ်ဆိုသည်မှာ အသက် ၁၆ နှစ် မပြည့်သေးသောသူကိုဆိုလိုကြောင်း     ၁၉၉၃ ခုနှစ်၊  ကလေးသူငယ်ဥပဒေတွင်  အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။  ယခု ၂၀၁၇ ခုနှစ်၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းတွင် ကလေးသူငယ်ဆိုသည်မှာ        အသက် ၁၈ နှစ် မပြည့်သေးသောသူကို ဆိုလိုသည်ဟု ဖော်ပြထားပါသည်။  ကုသမဂ္ဂကလေး သူငယ်အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း (United Nations Convention on the Rights of the Child) တွင် ဥပဒေအရ သတ်မှတ်ချက်တစ်စုံတစ်ရာမရှိပါက အသက် ၁၈ နှစ်အောက်ကို ကလေးသူငယ်ဟု သတ်မှတ်ထားပါသည်။  မြန်မာနိုင်ငံတွင် ကလေးသူငယ်နှင့် အမျိုးသမီးများ လိင်အကြမ်းဖက်ခံရမှုမှာ အဆိုးရွားဆုံးဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ၁,၁၀၀ မှု နှင့် ၂၀၁၇ ခုနှစ်တွင် ၁,၄၀၅ မှု ဖြစ်ပွားခဲ့ပါသည်။      

သက်ငယ်မုဒိမ်းမှုဖြစ်ပွားရသည့် အကြောင်းအရင်းများ

၂။    သက်ငယ်မုဒိမ်းမှုကျူးလွန်ရခြင်း၏ အဓိကအကြောင်းအရင်းများမှာ လူသားဆန်သည့် အသိဉာဏ်မရှိခြင်း၊ ဘာသာရေးအဆုံးအမ မရှိခြင်း၊ အသိပညာနည်းပါးခြင်းနှင့် အရက်သေစာ သောက်စားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ကလေးငယ်များ၏ ခုခံနိုင်စွမ်းအင်အား နည်းပါး ခြင်းနှင့် အခွင့်အရေးလွယ်ကူစွာရရှိခြင်းတို့ ဖြစ်ပါသည်။ အရွယ်မရောက်သေးသည့် ကလေး သူငယ်များကို မိခင်ဖြစ်သူ သို့မဟုတ် အုပ်ထိန်းသူများမှာ ရင်အုပ်မကွာ စောင့်ရှောက်မပေး နိုင်ခြင်း၊ လူပြတ်သောနေရာသို့ ကလေးအား တစ်ယောက်တည်း စေလွှတ်ခြင်း၊ အိမ်တွင်အဖော်မဲ့ တစ်ဦးတည်းထားခဲ့ခြင်း၊ ကလေးသူငယ်ကို အိမ်နီးချင်း/ သူစိမ်းထံတွင်အပ်နှံခြင်း၊  သူစိမ်းထံ တွင် ဆိုင်ကယ်အကြုံ/ ကားအကြုံစီးစေခြင်း၊ ငွေကြေးပေး၍မြူဆွယ်ခြင်း၊  လိင်မှုကိစ္စဆိုင်ရာ ဓာတ်ပုံ၊ ဗွီဒီယိုနှင့် ရုပ်ရှင်များအား မိုဘိုင်းဖုန်းမှတဆင့် အလွယ်တကူ လက်လှမ်းမီ ကြည့်ရှု နိုင်ခြင်း၊ ကလေးသူငယ်များသည် ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့်  ဆရာ၊ ဆရာမများ၏ စောင့်ကြည့်ထိန်းသိမ်းမှုတို့မှ ကင်းကွာခြင်း၊ လူမှုပတ်ဝန်းကျင်နှင့် တရားဥပဒေဗဟုသုတ အသိအမြင်နည်းပါးခြင်းတို့သည်လည်း သက်ငယ်မုဒိမ်းမှု ဖြစ်ပွားရသည့် အကြောင်းအရင်းများ ဖြစ်ပါသည်။ 

၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့်  ကလေးသူငယ်နှင့် လူငယ်က ကျူးလွန်ခဲ့သည့်မုဒိမ်းမှုများ

၃။    လူမှုဝန်ထမ်းဦးစီးဌာနသို့ ကလေးသူငယ်ကြီးကြပ်သူမှ အစီရင်ခံစာတင်သွင်းခဲ့သည့် ကလေးသူငယ်နှင့် လူငယ်က ကျူးလွန်ခဲ့သည့်မုဒိမ်းမှုများအား အောက်ပါဇယားဖြင့် ဖော်ပြထား ပါသည်-

CRB1
 

 

 

 

 

 

 

 

 

 

 

 

 

CRB2

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

၄။    အထက်ဖော်ပြပါဇယားအရ ၂၀၁၈ ခုနှစ်တွင် အမှုအရေအတွက်သည် ၂၀၁၇ ခုနှစ်ထက်   ၂ ဆခန့် ပိုမိုများပြားလာကြောင်း တွေ့ရှိရပါသည်။ အသက်အပိုင်းအခြားအရ အသက် ၁၃ နှစ်မှ ၁၅ နှစ်ကြားသည် ဖြစ်ပွားမှု ပိုမိုများပြားလာကြောင်း တွေ့ရှိရပါသည်။ တိုင်းနှင့်ပြည်နယ်အလိုက် တွင် မန္တလေးတိုင်းတွင် အမှုဖြစ်ပွားမှုပိုမိုများပြားသည်ကို တွေ့ရှိရပါသည်။

မှတ်ချက်။    ယခုဖော်ပြထားသည့် အချက်အလက်များသည် သက်ဆိုင်ရာတရားရုံးများမှ လူမှုဝန်ထမ်းဦးစီးဌာနသို့ ကလေးသူငယ်ကြီးကြပ်သူအစီရင်ခံစာတင်သွင်းပါရန် တောင်းခံချက်အရ ပေးပို့ထားသည့် စာရင်းအပေါ် ထည့်သွင်းထားခြင်း ဖြစ်ပါ သည်။ ကလေးသူငယ် မှုခင်းများအားလုံးအပေါ်ကိုယ်စားပြုခြင်းမဟုတ်ပါ။

လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line သို့ တိုင်ကြားလာသည့် သက်ငယ်မုဒိမ်းမှုများ ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေ

၅။    တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line သို့ တိုင်ကြားလာသည့် သက်ငယ်မုဒိမ်းဆောင်ရွက်ပေးမှု အခြေအနေအား ဖော်ပြထားပါသည်-

CRB3

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

၆။    တစ်ဖက်ပါဇယားအရ ၂၀၁၈ ခုနှစ်သည် ၂၀၁၇ ခုနှစ်ထက် ပိုမိုများပြားကြောင်း တွေ့ရှိ ရပါသည်။ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ဧရာဝတီတိုင်းဒေသကြီးမှာ အများဆုံးဖြစ်နေသည် ကို တွေ့ရှိရပြီး ချင်းပြည်နယ်တွင် အနည်းဆုံးဖြစ်သည်ကို တွေ့ရှိရပါသည်။

မြန်မာနိုင်ငံတွင် ကလေးသူငယ်နှင့်အမျိုးသမီးများ လိင်အကြမ်းဖက်ခံရမှု ဖြစ်ပွား ခဲ့သည့်အခြေအနေ

၇။    မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် လိင်အကြမ်းဖက်မှု အရေအတွက် အခြေပြဇယားမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

CRB4
 

 

 

 

 

 

 

 

 

 

 

 

၈။    အထက်ဖော်ပြပါပုံကားချပ်အရ မြန်မာနိုင်ငံရှိ ကလေးသူငယ်နှင့် အမျိုးသမီးများတွင် အမှုဖြစ်ပွားမှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၇ ခုနှစ်သည် အမြင့်ဆုံးဖြစ်သည်ကို တွေ့ရှိရပြီး ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်ထိ ၂၀၁၅ ခုနှစ်မှ လွဲ၍ တဖြည်းဖြည်း မြင့်တက်လာသည်ကို တွေ့ရှိရ ပါသည်။ 

ကလေးသူငယ်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ  

၉။    ကလေးသူငယ်ဥပဒေနှင့်စပ်လျဉ်း၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင် ဥပဒေအမှတ် “(၉/၁၉၉၃) ကလေးသူငယ်ဥပဒေ” တစ်ရပ်ပြဋ္ဌာန်းခဲ့ပါ သည်။ ယင်းဥပဒေတွင် ကလေးသူငယ်လိင်အကြမ်းဖက်မှုနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ မပါဝင်ပါ။ သို့ရာတွင် ၎င်းဥပဒေ၏ အခန်း (၁၇)၊ ပုဒ်မ ၆၆ (စ) တွင် ကလေးသူငယ်အား ညစ်ညမ်းသော ရုပ်ရှင်၊ ဗွီဒီယို၊ ရုပ်မြင်သံကြား သို့မဟုတ် ဓါတ်ပုံရိုက်ကူးခြင်းကို ကျူးလွန်ပါက ထောင်ဒဏ် (၂) နှစ်ဖြစ်စေ၊ ကျပ် ၁၀,၀၀၀ ကို ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည် ဟု ဖော်ပြထားပါသည်။ 

၁၀။    ရာဇသတ်ကြီးဥပဒေတွင်လည်း သက်ငယ်ကလေးငယ်များအား အနိုင်အထက်ပြုခြင်း၊ မုဒိမ်းမှုကျုးလွန်ခြင်းနှင့်ပတ်သက်၍ သီးသန့်ပြဋ္ဌာန်းထားခြင်း မရှိသေးပါ။ သို့သော် ဥပဒေတွင် အရွယ်မရောက်သေးသော မိန်းကလေးကို မုဒိမ်းမှုကျူးလွန်ပါက ပြစ်မှုဆိုင်ရာဥပဒေအရ ပြစ်ဒဏ်သာ ချမှတ်နိုင်ပါသည်။ ပြစ်မှုဆိုင်ရာဥပဒေ   ပုဒ်မ ၃၇၆ တွင် ပြဋ္ဌာန်းထားသည်မှာ “မုဒိမ်းမှုကျူးလွန်သူကို တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်” ဟု ဖော်ပြထားပါသည်။ ထို့အပြင် အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၅ နှင့် အရွယ်မရောက်သောသူကို ခိုးယူပေါင်းသင်းမှု     ပုဒ်မ ၃၆၃ တို့ဖြင့်လည်း စွဲချက်တင်နိုင်ပါသည်။ 

၁၁။    ယခုပြဋ္ဌာန်းရန် ဆောင်ရွက်လျက်ရှိသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း၏ အခန်း(၂၇)တွင် ကလေးသူငယ်အခွင့်အရေးများ ထိခိုက်ခံရပါက ပြစ်မှုနှင့် ပြစ်ဒဏ်များကို ပြဋ္ဌာန်းထားခြင်းများ ပါဝင်ပါသည်။ မိမိ၏ကိုယ်ကျိုးစီးပွားဆိုင်ရာများကို ကလေးသူငယ်များအား ခိုင်းစေပါက ထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါသည်။ ကလေးသူငယ်လိင်အကြမ်းဖက်မှုနှင့် စပ်လျဉ်း၍ ကျူးလွန်ပါက ပုဒ်မ ၁၀၄ တွင် အနည်းဆုံး ထောင်ဒဏ် ၂၀ နှစ်မှ တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဖော်ပြထားပါသည်။  

အစိုးရ၏ဆောင်ရွက်ချက်များ

၁၂။    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဦးဆောင်၍ ကျေးလက်ဒေသများနှင့် မြို့ပြများတွင် သက်ငယ်မုဒိမ်းမှု မပေါ်ပေါက်စေရေးအတွက် ဖြေရှင်း ဆောင်ရွက်နိုင်ရေး၊ ကြိုတင်ကာကွယ်ရေးနှင့် သတင်းပေးပို့မှုမြန်ဆန်ရေး၊ တုံ့ပြန်ဆောင်ရွက်နိုင် ရေးအတွက် Action Plan ရေးဆွဲခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ Resource Mapping ပြုလုပ်ရန် သက်ဆိုင်ရာလွှတ်တော်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မိတ်ဘက်အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှုကို ဆောင်ရွက် ခဲ့ပါသည်။  
၁၃။    အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကို တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် လူထုအသိပညာပေး နှိုးဆော်ပွဲတစ်ရပ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် လှုမှုရေးအဖွဲ့အစည်းများမှ ဦးဆောင်၍ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က ပြုလုပ်ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။  သက်ငယ်မုဒိမ်းမှုများနှင့် စပ်လျဉ်း၍ ကြိုတင်ကာကွယ်ရေး၊ ကျူးလွန်ခံရသည့် ကလေးသူငယ်များအတွက် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဥပဒေအကြောင်းအရ ကူညီပံ့ပိုးရေးတို့ကို ထိထိရောက်ရောက် ဖြေရှင်းပေးရန်နှင့် သက်ငယ်မုဒိမ်းမှုများ ပပျောက်စေရေးအတွက် ရေတို၊ ရေရည်လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရန်နှင့် ကျေးရွာများအထိ အသိပညာပေးမှု လုပ်ငန်း များကို အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်း၊ လူစည်ကားသည့် နေရာများတွင် ဈေး၊ ကားဂိတ်၊ ရေဆိပ်စသည့် နေရာများတွင် ပြည်သူများ ပိုမိုနားလည် သိရှိလာစေရန် အသိပညာ ပေး ဆိုင်းဘုတ်များထူထောင်ခြင်း၊ ကိုင်ဆောင်ပြသခြင်း၊ ဓါတ်ပုံပြပွဲများကျင်းပခြင်း၊ ပညာပေး ဗွီဒီယို ရိုက်ကူးဖြန့်ချိခြင်း၊ နံရံဆေးရေးပန်းချီရေးဆွဲ၍ လှုပ်ရှားမှုများဆောင်ရွက်ခြင်း လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို ထောင်ဒဏ်နှစ် (၂၀) အထိ ပြစ်ဒဏ်ပေးနိုင်ကြောင်းကို ပြည်သူလူထုများ သိရှိကြစေရန်ရည်ရွယ်၍ အသိပညာများ သိရှိကြ စေရန်နှင့် ရေရည်ဆောင်ရွက်မည့် ကိစ္စများကို အကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။ 

အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ချက်များ

၁၄။    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့်ပြည်တွင်းအစိုးရမဟုတ်သောအဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံ၏အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျုဟာစီမံချက်ကိုရေးဆွဲ အတည်ပြုခဲ့ပြီးဖြစ်ပါသည်။ ထိုမဟာဗျုဟာစီမံချက်ကို အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် အဆိုပြုထားသော လုပ်ငန်းရပ်(၈)ခုတွင် လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုလုပ်ငန်းသည် “ဘက်စုံလူမှုကာကွယ် စောင့်ရှောက်ရေးစနစ်” လုပ်ငန်းအောက်တွင် ပါဝင်ပါသည်။

၁၅။    လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ဆိုသည်မှာ ရပ်ရွာအတွင်းလူမှုရေးဆိုင်ရာ ပြဿနာများ ဖြေရှင်းရာတွင် စနစ်တကျလေ့ကျင့်ပေးထားသော လူမှုဝန်ထမ်းလုပ်သားများ၏ အကူအညီဖြင့် ရပ်ရွာအတွင်းရှိ အရင်းအမြစ်များနှင့် ဝန်ဆောင်မှုများကို အသုံးပြု၍ စီမံခန့်ခွဲသော ဖြစ်စဉ်ဖြစ်ပါ သည်။ ယင်းစနစ်အား ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများဖြင့် စတင် ဆောင်ရွက်မည်ဖြစ်ပြီး နောက်ပိုင်းတွင် အခြားသော လူမှုရေးဦးတည်အုပ်စုများအတွက် တိုးချဲ့ ဆောင်ရွက်သွားမည့် အစီအစဉ်ဖြစ်ပါသည်။ ယင်းစနစ်အား လူမှုဝန်ထမ်းဦးစီးဌာနက လေ့ကျင့် ပေးထားသော  လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲသူများက ဦးဆောင်ပြီး မိတ်ဖက်အဖွဲ့အစည်းများမှ လူမှုဖြစ်ရပ်စီမံခန့်ခွဲသူများနှင့် ပူးပေါင်း၍ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်း များကို ရပ်ရွာအတွင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ယင်းစနစ်အား ဦးဆောင်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် စပ်လျဉ်း၍  ဆက်စပ်လျက်ရှိသော အစိုးရဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာနများနှင့်  ပူးပေါင်းဆောင်ရွက်မှု များပြုလုပ်သွားမည်ဖြစ်ပါ သည်။     ယင်းစနစ်အား လူမှုဝန်ထမ်းဦးစီးဌာနရုံးများတည်ရှိရာမြို့နယ် (၂၇) မြို့နယ်တွင် စတင် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီးတစ်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ လေ့ကျင့်ခန့်အပ် တာဝန်ပေးထားသော လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူ (၃) ဦးစီနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ဖြစ်ရပ်စီမံခန့်ခွဲသူများပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ စတင်အကောင်အထည်ဖော်သည့် အချိန်၌ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်း နှင့် စတင်ဆောင်ရွက်သွားမည်ဖြစ်သော်လည်း နောက်ပိုင်းတွင် အခြားသောလူမှုရေး ထိခိုက် လွယ်သည့် အခြေအနေတွင်ရှိသည့်အုပ်စုများ (သက်ကြီးရွယ်အို၊ အမျိုးသမီး၊ မသန်စွမ်း) စသည့် အခြားသော လူမှုရေးဆိုင်ရာ အကြောင်းအရာများအတွက်ပါ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ် ပါသည်။

၁၆။    လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်အား အကောင်အထည်ဖော်ရန်အတွက် လူမှုဝန်ထမ်း ဦးစီးဌာန၊ United Nations International Children’s Emergency Fund (UNICFE)၊ Save the Children နှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါသည်။ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်အား အကောင်အထည် ဖော်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖြစ်ရပ်စီမံခန့်ခွဲသူများသည် တရားဥပဒေနှင့် ဆက်နွယ် သည့် ကလေးသူငယ်များ၊ ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အလွဲသုံးမှုခံရသောကလေးများ၊ ပျောက်ဆုံးနေသော ကလေးများ၊ လူကုန်ကူးခံခဲ့ရသောကလေးများ၊  လက်နက်ကိုင်ပဋိပက္ခများ နှင့် ပတ်သက်နေရသူ ကလေးများ၊ ဥပဒေနှင့် ရင်ဆိုင်နေရသောကလေးများ၊ သင်တန်းကျောင်း များရှိကလေးများနှင့် မိသားစုနှင့်ကွဲကွာနေသော အဖော်မပါသော ကလေးများအား မိသားစုနှင့် ပြန်လည် ပေါင်းစည်းရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ Save the Children နှင့်မိတ်ဖက်အဖွဲ့အစည်းမှ ဖြစ်ရပ်စီမံခန့်ခွဲသူများသည် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သည့် တရားဥပဒေနှင့် မဆက်နွယ်သော ကလေးသူငယ်များအတွက် ဆောင်ရွက်သွားမည်ဖြစ်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖြစ်ရပ်စီမံခန့်ခွဲသူများသည် ဥပဒေနှင့်ငြိစွန်းသည့် ကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်ပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း Myanmar Red Cross Society - MRCS မှ လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်အကောင် အထည်ဖော်ဆောင်ရွက်မည့် မြို့နယ်များ တွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက် လျက်ရှိပါသည်။ ထို့အပြင် ရပ်ရွာအတွင်းရှိ အရင်းအမြစ်ပြမြေပုံ (Recourse Mapping) ရေးဆွဲခြင်း လုပ်ငန်းကိုလည်း ဆောင်ရွက်ပါသည်။ 

ကလေးသူငယ်လိင်အကြမ်းဖက်မှုနှင့်စပ်လျဉ်း၍ လွှတ်တော်အတွင်း ဆွေးနွေးမှုများ

၁၇။    လွှတ်တော်အတွင်း လွှတ်တော်ကိုယ်စားလှယ်များမှ ကလေးသူငယ်လိင်အကြမ်းဖက်ခံရမှု နှင့်စပ်လျဉ်းသော အဆိုများတင်သွင်းခြင်း၊ မေးခွန်းများမေးမြန်းခြင်းတို့ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-

(က)    လွှတ်တော်တွင်းဆွေးနွေးမှုများနှင့်စပ်လျဉ်း၍ အဆိုတင်သွင်းခြင်း။    ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် “ ၁၈၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကိုလက်ခံဆွေးနွေးရန် အဆိုကို ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ တင်သွင်းခဲ့ပါသည်။ ယင်းဥပဒေကြမ်း တွင် ကလေးသူငယ်လိင်အကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ ပုဒ်မ ၃၇၆ တွင် ပြင်ဆင်ထားသည့်အချက်မှာ ကလေးသူငယ်ဥပဒေတွင် ကလေးသူငယ်ဆိုသည်မှာ အသက် ၁၆ နှစ်မပြည့်သေးသည့်အရွယ်ကို ဆိုလိုသည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊  ထို့ကြောင့် မုဒိမ်းကျင့်ခံရသည့် မိန်းမသည် အသက် ၁၆ နှစ်မပြည့်သေးသော ကလေးသူငယ်ဖြစ်လျှင် မုဒိမ်းမှုကျူးလွန်သူကို သေဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဆိုသည့် ပြင်ဆင်ချက်ကိုတင်သွင်းရခြင်း ဖြစ်ပါ ကြောင်း သိရှိရပါသည်။  

ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့  (၁-၆-၂၀၁၈ ရက်နေ့) တွင် “ တစ်နေ့တစ်ခြား များပြားလာပြီး ထိတ်လန့်ဖွယ်ရာ အဆင့်သို့ရောက်ရှိနေသည့် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူအား ထိရောက်စွာ ဟန့်တားနိုင်ရန် အထူးဥပဒေတစ်ရပ်အမြန်ရေးဆွဲကာ ထိုဥပဒေထဲတွင် ပြစ်မှု ပြစ်ဒဏ်အပိုင်းကို သေဒဏ်ချမှတ်သည်အထိ တိတိကျကျရေးဆွဲ ပြဋ္ဌာန်းပေးရန်” အဆိုကို ဒေါ်ခင်စောဝေ၊ ရသေ့တောင်မဲဆန္ဒနယ်မှ တင်သွင်းခဲ့ပါသည်။ 

(ခ)    မေးခွန်းများမေးမြန်းခြင်း။        သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား ထိရောက်ပြင်းထန်စွာ အမြန်ဆုံး အပြစ်ပေးနိုင်ရေးနှင့် သက်ငယ်မုဒိမ်းမှု လျော့ကျ ရေး မည်သို့သော အစီအစဉ်များဖြင့် အရေးယူဆောင်ရွက်နေသည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်းတွင် “သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရသည့် ကလေးတွင် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူကလေးငယ်များ ပါဝင်နေသည်ကို တွေ့လာ ရပြီး ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မှုအားနည်းသည့် ကလေးတွေကို ပစ်မှတ် ထားကာ အကြမ်းဖက်မှုများ၊ စော်ကားခံရမှုများရှိနေခြင်းသည် ရပ်ရွာအတွင်း လုံခြုံမှုအားနည်းနေသည်ကို ပြသနေခြင်းဖြစ်သည်။ ရုပ်ပိုင်း၊ စိတ်ပိုင်းမသန်စွမ်း သည့် ကလေးငယ်များ တွေ့ကြုံနေရသည့် ပြဿနာမှာ ကျူးလွန်ခဲ့သည့် အဖြစ်အပျက်ကို သေသေချာချာ ပြန်လည်မပြောရဲကြကြောင်း၊ ၎င်းတို့နေထိုင် သည့် ကျေးရွာ၊ မြို့နယ်၊ အမှုစစ်သည့် ခရိုင်ရုံးချိန်းသွားရသည့် အခါတိုင်းတွင် ငွေကြေးအားဖြင့်ဖြစ်စေ၊ လုံခြုံရေးအရဖြစ်စေ အခက်အခဲများစွာ တွေ့ရှိရပါ ကြောင်း၊ ကျူးလွန်သည့် တရားခံများသည် အပြစ်ကမလွတ်မြောက်သင့်ပဲ လွတ်မြောက်နေကြသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာ့လူ့အဖွဲ့အစည်းတွင် ရှိရင်း စွဲဖြစ်သည့် အယူအဆများသည် ကျူးလွန်သူများအပေါ် အပြစ်မတင်ဘဲ ခံရသူ၏ ဝတ်စားဆင်ယင်မှုကြောင့်ဟု သုံးသပ်သောကြောင့် ကျူးလွန်သူကို အားပေး အားမြှောက် ပြုနေကြောင်း၊ ကျူးလွန်စော်ကားခံရသည့် အမှုအတော်များများတွင် အသက် ၁၀ နှစ်အောက်၊ အချို့မှာ ၃ နှစ်အောက်ကလေးများ ဖြစ်ကြကြောင်း၊ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများတွင် မူးယစ်ဆေးဝါးနှင့် အရက်သေစာသုံးစွဲမှု၊ ရောင်းဝယ်ဖောက်ကားမှုနှုန်းထားများ မြင့်မားလာရခြင်း ဖြစ်ကြောင်းနှင့် ယခုအခါ မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးများကို နေရာတိုင်း တွင် အလွယ်တကူ ဝယ်နိုင်သောကြောင့် လူတို့၏ အကျင့်သိက္ခာကို အလွယ်တကူ ချိုးဖောက်နိုင်အောင် တွန်းအားပေးသလိုဖြစ်နေပါကြောင်း” ကိုယ်စားလှယ် တစ်ဦးမှ မေးခွန်းတွင် ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ 

သက်ငယ်မုဒိမ်းဖြစ်ပွားနေမှုကို လျော့နည်းပပျောက်အောင်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းတွင်“သက်ဆိုင်ရာဝန်ကြီးဌာနမှ သက်ငယ်မုဒိမ်းအတွက် ကျူးလွန်သူများကို ထောင်ဒဏ် အနှစ်၂၀ ချမှတ်ရန် ညွှန်ကြားထားသော်လည်း သက်ငယ်မုဒိမ်း ဖြစ်ပွားမှုများ လျော့သွားခြင်းမရှိဘဲ မြန်မာအမျိုးသမီးလူထုကို လုံခြုံမှု မရရှိစေသည့် အကြောင်းတရားများဖြစ်ပေါ် နေကြရပါသည်။ ထို့အပြင် သက်ငယ်မုဒိမ်းမှုဖြစ်သည့်အခါ ကျူးလွန်ခံရသည့် မိသားစုကို ပြစ်မှုကျူးလွန်သည့် အာဏာရှိပုဂ္ဂိုလ်များမှ ငွေကြေးဖြင့် ဖြားယောင်း ပြီး တရားမစွဲနိုင်အောင် ဆောင်ရွက်ပေးသည့်ပုဂ္ဂိုလ်များကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သင့်ကြောင်းနှင့် ပြုကျင့်ခံရသူ၏ မိသားစုအသိုင်းအဝိုင်းကို စိတ်ပျက်လာစေရန် အမှုအားမတိုင်ကြားအောင် ပြုလုပ်ခြင်းတို့အတွက် တရားစွဲ အဖွဲ့တို့၏ ဆောင်ရွက်ချက်များကိုလည်း တင်းတင်းကြပ်ကြပ် လမ်းညွှန်မှုများ ပေးရန် လိုအပ်နေပါကြောင်း၊ မှုခင်းဖြစ်ပွားခဲ့လျှင် မှန်ကန်တိကျသည့် မှတ်တမ်း ယူမှု အမှန်ဆုံးရရှိရန် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ပေးသင့် ပါကြောင်း” ကိုယ်စားလှယ်တစ်ဦးမှ မေးခွန်းတွင် ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ 

ပြည်ထဲရေးဝန်ကြီးဌာနမှ အရေးယူဆောင်ရွက်ခဲ့သည့်အခြေအနေ

၁၈။    သက်ငယ်မုဒိမ်းမှုနှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သူများကို အရေးယူမှုများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

CRB5

 

 

 

 

 

 

 

 

 

 

 

 

၂၀၁၈ ခုနှစ်အတွင်း ပြစ်ဒဏ်ချမှတ်မှုသည် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် များထက် ပိုမို၍ပြင်းထန်စွာ အပြစ်ပေးနိုင်ခဲ့သည်ဟု သိရှိရပါသည်။  သက်ငယ်မုဒိမ်း ကျူးလွန် သူများကို ဥပဒေအရခွင့်ပြုထားသည့် အမြင့်ဆုံးပြစ်ဒဏ်များချမှတ်၍ လက်အောက် တရားရုံး များက ၂၀၁၇ ခုနှစ်ကတည်းက ကြပ်မတ်ကိုင်တွယ် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရပါသည်။

နိုင်ငံတကာတွင် ကလေးသူငယ်များအတွက် ဆောင်ရွက်ထားရှိမှုများ

၁၉။    နိုင်ငံတကာတွင် ကလေးသူငယ်များအတွက် ဆောင်ရွက်ထားရှိမှုများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

(က)    နိုင်ငံအချို့တွင်ကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာ တိုင်ကြားချက် လက်ခံသူရုံး ဖွင့်လှစ်ထားရှိခြင်း။     အချို့နိုင်ငံများတွင် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာကိုအလေးထားသည့်အနေဖြင့် တိုင်ကြားချက်လက်ခံသူရုံးကို တည်ထောင်ဖွင့်လှစ်ထားလေ့ရှိပါသည်။ ကလေးသူငယ်များအတွက် တိုင်ကြားချက် လက်ခံသူသည် သီးခြားလွတ်လပ်မှုရှိရန် အရေးကြီးပါသည်။ ကလေးသူငယ် များ၏ အကျိုးစီးပွားများကို ကိုယ်စားပြုရာတွင် ကလေးသူငယ်များအတွက် တိုင်ကြားချက်လက်ခံသူ၏ လုပ်ငန်းဆောင်ရွက်မှု နည်းလမ်း(၂) ရပ် ရှိပါသည်။ လက်ခံသူသည် လုပ်ငန်းဆောင်ရွက်ပြီး ကလေးသူငယ်များ၏ အခွင့်အရေးများ နှင့်စပ်လျဉ်း၍ အစိုးရ၏ဆောင်ရွက်ချက်များအား စောင့်ကြည့် စစ်ဆေးနိုင် သကဲ့သို့ ဖြစ်ရပ်တစ်ခုချင်း၏ တိုင်ကြားချက်များကို ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ရန် လုပ်ပိုင်ခွင့် အာဏာလည်းရှိပါသည်။ ကမ္ဘာပေါ်တွင် ပထမဦးဆုံး ကလေးသူငယ်များဆိုင်ရာ တိုင်ကြားချက်လက်ခံသူရုံးကို ၁၉၈၁ ခုနှစ်တွင် နော်ဝေနိုင်ငံက သတ်မှတ်ထား ရှိခဲ့ပါသည်။ 

ဆွီဒင်နိုင်ငံတွင် ကလေးသူငယ်များဆိုင်ရာ တိုင်ကြားချက် လက်ခံသူရုံးကို စိစစ်အကဲဖြတ်ချက်ပြုလုပ်ရာ အသိအမှတ်ပြုပြီး ဆက်လက်ဆောင်ရွက်သင့်ကြောင်း အကြံပြုခဲ့ပါသည်။ ပြင်သစ်နိုင်ငံတွင် တိုင်ကြားချက် လက်ခံသူရုံးသည် နိုင်ငံတော် က ထိန်းသိမ်းထားသော ကလေးသူငယ်များ ခေါင်းပုံဖြတ်မှု (သို့မဟုတ်) မလျော်မကန်ပြုမူမှုဟု မသင်္ကာသောဖြစ်ရပ်များ (သို့မဟုတ်) နိုင်ငံတော်က ဖြည့်ဆည်းပေးသော ဝန်ဆောင်မှုများ လုပ်ငန်းအစီအစဉ် များစသည်တို့နှင့် သက်ဆိုင်သည့် တိုင်ကြားချက်များနှင့် ဖြစ်ရပ်ဆန်းများကို ကိုင်တွယ်ပါသည်။ 

(ခ)    အာဆီယံဒေသအတွင်း အမျိုးသမီးနှင့် ကလေးသူငယ်များအတွက် အဖွဲ့အစည်း များ ဖွဲ့စည်းထားရှိမှု။     အာဆီယံဒေသအတွင်း အမျိုးသမီးများနှင့် ကလေးသူငယ် များ၏ အခွင့်အရေးမြှင့်တင်မှုနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင်(ASEAN Commission on the Promotion and Protection of Rights of Women and Children-ACWC) ကို ၂၀၁၀ ပြည့်နှစ်တွင် ဖွဲ့စည်းထားခဲ့ပါသည်။ ထိုအဖွဲ့အစည်းသည်  ကလေးသူငယ်အပေါ် အကြမ်းဖက်မှုပပျောက်စေရန်  လုပ်ငန်းစီမံချက် (Elimination of Violence against Children-EVAC) ကို ဦးစားပေးအဆင့်ဖြင့် ဆောင်ရွက်နေပါသည်။ သို့ရာတွင် ၎င်း၏ ကြီးမားသည့် စိန်ခေါ်မှုမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည့် ကလေးသူငယ်များ၏ ဖြစ်ရပ်မှန် မှတ်တမ်းများမရှိခြင်း ဖြစ်ပါသည်။ အချက်အလက်များစုဆောင်းခြင်း၊ ခွဲခြမ်း စိတ်ဖြာလေ့လာခြင်း၊ သက်သေခံများကို အသုံးပြု၍ လေ့လာခြင်းနှင့် စောင့်ကြည့် လေ့လာမှတ်တမ်းတင်ခြင်းစသည့် အချက်အလက်များမရှိခြင်းမှာ ကြီးမားသည့် လိုအပ်ချက်ပင်ဖြစ်ပါသည်။ 

ထိုကော်မရှင်သည် မည်သည့်အကြမ်းဖက်မှုကိုမှ လက်မခံဘဲ အာဆီယံ ဒေသအတွင်း မှုခင်းများပပျောက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါသည်။ ၂၀၁၆-၂၀၂၅ ခုနှစ် ၁၀ နှစ်တာ ကာလဖြင့် ဒေသတွင်းဆောင်ရွက်ချက် စီမံကိန်း အဆင့် ၈ ဆင့်ဖြင့် ရေးဆွဲထားပြီး အဆိုပါ Action Plan ကို ထိရောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးကို ဒေသတွင်းနိုင်ငံများ ပူးပေါင်းပါဝင်၍ ဥပဒေတစ်ရပ် ဖြစ်ထွန်းလာစေရေးကို လုပ်ဆောင်လျက်ရှိနေပါသည်။     
နိုင်ငံအချို့တွင် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ ဥပဒေအရ အရေးယူမှုများ

၂၀။    အချို့သောနိုင်ငံများတွင် ကလေးသူငယ်လိင်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ ဥပဒေအရ အရေးယူဆောင်ရွက်မှုများကို အောက်ပါအတိုင်း ဖော်ပြထားပါသည်-

(က)    စင်ကာပူနိုင်ငံ။ စင်ကာပူနိုင်ငံတွင် ကလေးသူငယ်ကို“အသက် ၁၄ နှစ်အောက်” ဟု ဖွင့်ဆိုထားပြီး လူငယ်ကို ၁၄ နှစ်အထက် ၁၆ နှစ်အောက်” ဟု ကလေးသူငယ် များနှင့် လူငယ်များဥပဒေ(Children and Young Person Act, 2001) တွင် ဖွင့်ဆိုထားပါသည်။  စင်ကာပူနိုင်ငံတွင် ကလေးသူငယ်များ အကြမ်းဖက်ခံရ လျှင် ၂၀၀၁ ခုနှစ် ကလေးသူငယ်များနှင့် လူငယ်များဥပဒေ ၊ ၂၀၀၉ ခုနှစ် အမျိုးသမီးများ၏ရပိုင်ခွင့်နှင့် ၂၀၀၈ ခုနှစ် ပြစ်မှုဆိုင်ရာဥပဒေ စသည်တို့ဖြင့် ပြစ်ဒဏ်ချမှတ်ပါသည်။ ထိုဥပဒေများသည် ကလေးသူငယ်များအား လိင်ပိုင်း ဆိုင်ရာ ခေါင်းပုံဖြတ်ခံရခြင်းမှ တားမြစ်ရန်နှင့် အပြစ်ပေးရန်အတွက် ဖြစ်သည်။ ထိုဥပဒေများတွင် ကလေးသူငယ်များအား ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း၊ ပြည့်တန်ဆာအဖြစ် ငှားရမ်းခြင်း၊ ရောင်းချခြင်း၊ ညစ်ညမ်းရုပ်ပုံများနှင့်ရုပ်ရှင်များ ပြုလုပ်ဖြန့်ချိခြင်းများအတွက် ပြစ်ဒဏ်မြောက်သည့် ပြဋ္ဌာန်းချက်များကို တွေ့ရှိ ရပါသည်။ သို့ရာတွင် ယောက်ျားလေးများအတွက် အကာအကွယ်ပြုထားမှု    မပါဝင်ကြောင်း တွေ့ရှိရပါသည်။  ပြစ်မှုဆိုင်ရာဥပဒေတွင် အသက် ၁၄ နှစ် အောက် မိန်းကလေးနှင့် လိင်ဆက်ဆံမှုပြုလျှင် မုဒိမ်းမှုမြောက်ပြီး ကြိမ်ဒဏ်နှင့် ထောင်ဒဏ်အနှစ် ၂၀ အထိချမှတ်နိုင်ပါသည်။ 

(ခ)    အိန္ဒိယနိုင်ငံ။        အိန္ဒိယနိုင်ငံ၏ ၂၀၁၂ ခုနှစ် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အကာအကွယ်ပေးရေး ပြစ်မှုဆိုင်ရာဥပဒေ (Protection of Children from Sexual Offences Act 2012) တွင် ကလေးသူငယ်ကို “အသက် ၁၈နှစ် အောက် ကို ကလေးသူငယ်” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ထိုဥပဒေတွင် ကလေး သူငယ်နှင့် စပ်လျဉ်း၍ ကလေးသူငယ်အား ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အနှာင့်အယှက်ပေးခြင်းနှင့် ညစ်ညမ်းသော ရုပ်ရှင်၊ ဗွီဒီယို၊ ရုပ်မြင်သံကြား သို့မဟုတ် ဓါတ်ပုံရိုက်ကူးခြင်း တစ်ခုခုရိုက်ကူး ထုတ်လုပ်ဖြန့်ချိ ခြင်းတို့မှ အကာအကွယ်ပေးထားပါသည်။ ပြစ်မှုပြစ်ဒဏ်တို့ကို ထိုဥပဒေတွင် ရှင်းလင်းစွာ ဖော်ပြထားပါသည်။  အိန္ဒိယနိုင်ငံတွင် အသက် ၁၂ နှစ်အောက် ကလေးတွေကို အဓမ္မပြုကျင့်လျှင် ထိုသူကို သေဒဏ်ပေးရန်နှင့် အသက်အရွယ် အလိုက် ပြုကျင့်သူကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ရန် အိန္ဒိယအစိုးရက ဥပဒေကို သဘောတူ ထားခဲ့ပါသည်။ ထိုဆုံးဖြတ်ချက်အရ အသက် ၁၆ နှစ်အောက် ကလေးငယ်များအား အဓမ္မပြုကျင့်သူများအပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်အား အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကို ၂၀ နှစ် အထိ တိုးခဲ့ပြီး ၁၆ နှစ်နှင့်အထက် အမျိုးသမီး များအား အဓမ္မပြုကျင့်သူများကို ထောင်ဒဏ် ၇ နှစ်မှ ၁၀ နှစ်အထိ တိုးမြှင့် သတ်မှတ်ခဲ့ပါသည်။   အိန္ဒိယနိုင်ငံတွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (ရာဇသတ်ကြီး-Penal Code) ၃၇၆ ဖြင့် ပြစ်ဒဏ်များကို ချမှတ်ပါသည်။ 

(ဂ)    အင်္ဂလန်နိုင်ငံ။ အင်္ဂလန်နိုင်ငံတွင် ၂၀၀၃ ခုနှစ် လိင်ပိုင်းဆိုင်ရာပြစ်မှုများ ဥပဒေ (Sexual Offences Act 2003) ကိုပြန်လည်ပြင်ဆင်ရေးဆွဲခဲ့ပါသည်။ ၎င်းဥပဒေ ၏ အခန်း (၅) တွင် အသက် ၁၃ နှစ်အောက် ကလေးသူငယ် မုဒိမ်းမှု၊ အခန်း (၆) တွင် အသက် ၁၃ နှစ်အောက် ကလေးသူငယ်ကို ယောက်ျားအင်္ဂါဇတ်ဖြင့် ကာမစပ်ယှက်ရန် ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ အခန်း (၇)တွင် အသက် ၁၃ နှစ်အောက် ကလေးသူငယ်ကို လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ အခန်း (၈) တွင် အသက် ၁၃ နှစ်အောက် ကလေးသူငယ်ကို လိင်ပိုင်းဆိုင်ရာ ကိစ္စတွင် ဆွဲဆောင်ရန်လှုံဆော်ခြင်း သို့မဟုတ် ဖြစ်ပွားစေခြင်းစသည့် ပြဋ္ဌာန်းချက် များပါဝင်ပါသည်။ ထိုပြဋ္ဌာန်းချက်များတွင် ပါဝင်သော အကြောင်းအရာများအား ကျူးလွန်မိပါက ပြစ်ဒဏ်များအနေဖြင့် အခန်း (၅) နှင့် အခန်း (၆) တို့တွင် ပြဋ္ဌာန်းထား၍ ပြစ်ဒဏ်အများဆုံးအနေဖြင့် ထောင်ဒဏ် (၁၄) နှစ် ချမှတ်ပါသည်။ အခန်း (၈) သည်  မိန်းကလေး၏ အင်္ဂါဇတ်ကို ယောက်ျားအင်္ဂါဇတ်ဖြင့် သွင်းဝင် ပါက ပြစ်ဒဏ်အများဆုံးအနေဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ပါ သည်။ 

နိဂုံး

၂၁။    နိုင်ငံတစ်နိုင်ငံအတွင်း ကလေးသူငယ် လူမှုဘဝလုံခြုံစိတ်ချစေရေးအတွက် အဓိက လိုအပ်ချက်မှာ တရားဥပဒေစိုးမိုးရေးပင်ဖြစ်ပါသည်။ ကလေးများ၏ အနာဂါတ်ဘဝလုံခြုံ စိတ်ချစေရေးအတွက် မိဘ၊ ဆွေမျိုးသားချင်းများမှ အစပြု၍ နိုင်ငံတော်အဆင့်အထိ ပြုစု စောင့်ရှောက်ပေးရန် လိုအပ်ပါသည်။ ကလေးသူငယ်များအနေဖြင့် ငယ်ရွယ်စဉ်အခါကပင် အကြမ်းဖက်မှုကို ခံစားခဲ့ရပါက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာစသည့် ပြဿနာများစွာကို ၎င်းတို့၏ဘဝတစ်လျောက်လုံးတွင် ရင်ဆိုင်နေရမည်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကလေးသူငယ်များအတွက် လိင်အကြမ်းဖက်မှုမှ ကာကွယ်နိုင်ရေးနှင့်သက်ဆိုင်သော ဥပဒေ များကို အတည်ပြုပြဋ္ဌာန်းခြင်း၊ ယင်းဥပဒေတို့ကို အသက်ဝင်စေရန် ကျင့်သုံးဆောင်ရွက်ပေးခြင်း များ၊ လက်ရှိကျင့်သုံးလျှက်ရှိသော ဥပဒေတို့ကို ခေတ်စနစ်နှင့်လျော်ညီစေရန် ပြင်ဆင်ပြဋ္ဌာန်း ပေးခြင်းများ စသည်တို့ လိုအပ်လျက်ရှိပါသည်။ 

၂၂။    ထို့ပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မဖြစ်ပွားစေရေးအတွက် အစိုးရနှင့်သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများ ပူးပေါင်းကာ အသိပညာဗဟုသတပေးရေးအစီအစဉ်များ၊ ဥပဒေအသိ ပညာပေးခြင်းများကို နိုင်ငံတဝန်းလုံးရှိ မြို့နယ်အလိုက်၊ ကျေးရွာအလိုက် ပြုလုပ်ပေးသင့် ပါသည်။ ထို့ပြင် အခြေခံပညာကျောင်းသင်ခန်းစာများတွင် လိင်မှုကိစ္စရပ်ဆိုင်ရာ အသိပညာပေး ခြင်းဖြင့် ကလေးသူငယ်များ၏ ဘဝလုံခြုံစိတ်ချစေရန်နှင့် လှပသည့်အနာဂတ်များကို ပိုင်ဆိုင်မှု ရှိစေရန်နှင့် လွှတ်တော်ကိုယ်စားလှယ်များအတွက် ဥပဒေပြုရေးတွင် အထောက်အကူပြု နိုင်စေရန် ရည်ရွယ်၍ ရေးသားတင်ပြခြင်းဖြစ်ပါသည်။

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

 

ရက်စွဲ
၆.၀၃.၂၀၁၉