Skip to main content

အခြေခံပညာရေးကဏ္ဍတွင် ဆရာ၊ ဆရာမ အချိုးမညီမျှမှုအား လေ့လာတင်ပြခြင်း

 

အခြေခံပညာရေးကဏ္ဍတွင် ဆရာ၊ ဆရာမ အချိုးမညီမျှမှုအား လေ့လာတင်ပြခြင်း

နိဒါန်း

၁။    ပညာရေးသည် မွေးဖွားချိန်မှ သေဆုံးချိန်အထိ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အဓိက ထောက်ပံ့ပေးနေသော အရာတစ်ခုဖြစ်ပါသည်။ ထို့အတူ နိုင်ငံတစ်နိုင်ငံ၏လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပညာရေးကဏ္ဍသည် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းဆရာရှားပါးမှုကို ဖြေရှင်းနိုင်ရန် အခြေခံပညာကျောင်းများ တွင် ဆရာအလုံအလောက်ခန့်ထားနိုင်ရေးအတွက် နေ့စားလပေးဝန်ထမ်းများ ခန့်အပ်လျက်ရှိပါ သည်။ ၎င်းအပြင် ပညာရေးဝန်ကြီးဌာနနှင့် အမျိုးသားပညာရေးကော်မရှင်အဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်၍ အမျိုးသားဆရာရှားပါးမှုကို ဖြေရှင်းနိုင်ရန်အတွက် ကာလတစ်ခုသတ်မှတ်ပြီး အစီအစဉ်များရေးဆွဲ၍ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့် ရေရှည်စီမံချက်များ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ 

 

၂။    အရည်အသွေးပြည့်ဝသော ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် ဆရာများ၏အခန်းကဏ္ဍသည် အလွန်ပင်အရေးကြီးသော်လည်း ပညာသင်ကြားရေး  ပိုင်း၌ ဆရာ၊ ဆရာမ ပါဝင်မှုအချိုး မညီမျှမှုများရှိနေပါသည်။  ထို့ကြောင့် အခြေခံပညာရေး ကဏ္ဍတွင် ဆရာ၊ ဆရာမအချိုးမညီမျှမှု အခြေအနေများကိုသိရှိပြီး လိုအပ်ချက်များကို စီမံဆောင်ရွက်နိုင်စေရန်၊ ဆရာ၊ ဆရာမ အချိုးမညီမျှမှုအား လျှော့ချရန်၊ ဆရာ၊ ဆရာမများအတွက် ချမှတ်ထားသော မူဝါဒများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဤစာတမ်းတိုအား ရေးသားပြုစုရခြင်းဖြစ်ပါသည်။

 

အခြေခံပညာကျောင်းများတွင် ဆရာခန့်ထားမှုပမာဏနှင့် ဆရာလိုအပ်မှုအခြေအနေ

၃။    မြန်မာနိုင်ငံရှိ ကျောင်းအများစုတွင် ဆရာမ အရေအတွက်သည် ဆရာအရေအတွက်ထက် များပြားနေပြီး မူလတန်းကျောင်းတွင် ဆရာမပါဝင်မှု ၈၂.၄ ရာခိုင်နှုန်း၊ အလယ်တန်းကျောင်းတွင် ဆရာမပါဝင်မှု ၈၈.၇ ရာခိုင်နှုန်းနှင့် အထက်တန်းကျောင်းတွင် ဆရာမပါဝင်မှု ၈၆.၉ ရာခိုင်နှုန်း ပါဝင်နေပါသည်။  ကမ္ဘာ့ဘဏ်၏ကိန်းဂဏန်းဆိုင်ရာ အချက်အလက်များအရ မြန်မာနိုင်ငံတွင် ၁၉၈၀ ပြည့်နှစ်ကတည်းက အခြေခံပညာမူလတန်းကျောင်းများတွင် အမျိုးသမီးဆရာအရေ အတွက် (၅၅) ရာခိုင်နှုန်းရှိပြီး ၂၀၀၀ ပြည့်နှစ်တွင်  (၇၅) ရာခိုင်နှုန်းသို့ရောက်ရှိပြီး လက်ရှိအချိန် တွင် (၈၀) ရာခိုင်နှုန်းကျော်ထိရောက်ရှိလာခဲ့သည်ကို တွေ့ရှိရပါသည်။  အခြေခံပညာကျောင်းများ တွင် ဆရာခန့်ထားမှုပမာဏနှင့်ဆရာလိုအပ်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    အခြေခံပညာရေးကဏ္ဍတွင် ဆရာ၊ ဆရာမ ပါဝင်မှု။ အောက်ပါဂရပ်၌ အခြေခံ ပညာရေးကဏ္ဍတွင် ဆရာ၊ ဆရာမ ပါဝင်မှုနှုန်းအား တွေ့မြင်နိုင်ပါသည်-

 

Edu_1

 

၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်ထိ ဆရာ၊ ဆရာမ ပါဝင်မှုရာခိုင်နှုန်းကို လေ့လာကြည့်ပါက ဆရာမများသည် ဆရာများထက် ပါဝင်မှုနှုန်း မြင့်မားနေသည်ကို တွေ့ရှိနိုင်ပါသည်။ သို့ပါသော်လည်း ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစ၍ အခြေခံပညာရေးကဏ္ဍတွင်   ဆရာပါဝင်မှုမှာ  အနည်းငယ် မြင့်တက်လာသည်ကို တွေ့မြင်နိုင်ပါသည်။

အခြေခံပညာဦးစီးဌာန၏ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလထိ စာရင်းများအရ အခြေခံပညာကျောင်းပေါင်း (၄၇,၀၀၅) ကျောင်းတွင် ဆရာ၊ ဆရာမ အုပ်ချုပ်သူ အပါအဝင် (၄၀၂,၃၇၄) ဦး ခန့်ရှိပါသည်။ ဆရာ၊ ဆရာမ (၁၀၀) ဦးတွင် ကျောင်း ဆရာ (၁၇) ဦးသာရှိပြီး  ကျန် (၈၃) ဦး သည် ဆရာမများသာဖြစ်ပါသည်။ လက်ရှိ ကျောင်းဆရာအရေအတွက်ထဲမှ နောင်လာမည့်နှစ်များအတွင်းတွင် ပင်စင်ယူရမည့် သူများပါဝင်နေပါသည်။ ပင်စင်ယူမည့် အမျိုးသားဆရာအရေအတွက်ကို နုတ်ပါက မြန်မာနိုင်ငံတွင် အမျိုးသားဆရာအင်အား တရှိန်ထိုးလျော့ကျသွားမည့် အခြေအနေ ကို ခန့်မှန်းသိရှိနိုင်ပါသည်။

(ခ) မူလတန်းကျောင်းများတွင်ဆရာခန့်ထားနိုင်မှုအခြေအနေနှင့်ရာခိုင်နှုန်း။  မူလတန်း ကျောင်းများတွင် ဆရာခန့်ထားနိုင်မှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 

Edu_2

 

(ဂ)    ကျေးလက်ဒေသများတွင်ကျောင်းဆရာလိုအပ်ချက်။    အခြေခံပညာရေးကဏ္ဍ တွင် နှစ်စဉ်ပညာရေးတက္ကသိုလ်၊ ကောလိပ်များမှ ဆရာမွေးထုတ်နိုင်မှု အင်အားနှင့် အမျိုးသားဆရာလိုအပ်ချက် မမျှတခဲ့သောကြောင့် ယခုအခါ ဆရာအင်အား လိုအပ်ချက်ကြီးမားနေလျက်ရှိပါသည်။ ဧရာဝတီတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများတွင်  ဆရာအင်အားအများဆုံးလိုအပ်လျက်ရှိသကဲ့သို့ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဝေးလံခေါင်ဖျားသည့် ကျေးလက်ဒေသ များ၊ တောင်ပေါ်ဒေသများတွင်လည်း ဆရာလိုအပ်ချက်မြင့်မားနေဆဲဖြစ်ပါသည်။  တချို့ကျေးလက်ဒေသ များတွင် ကျောင်းအဆောက်အဦများသာရှိနေပြီး သင်ကြားပေးမည့် ဆရာ/ဆရာမ များလုံလောက်မှု မရှိသေးသည့် အခြေအနေတွင်ရှိနေပါသည်။ 

 

အမျိုးသားဆရာရှားပါးရသည့် အကြောင်းအရင်းများ

၄။    ဘက်စုံပညာရေးကဏ္ဍတွင် ဆရာမများ၏အခန်းကဏ္ဍသာမက ဆရာများ၏ကဏ္ဍလည်း အရေးကြီးပါသည်။  မြန်မာနိုင်ငံတွင် ၁၉၆၄ ခုနှစ် နောက်ပိုင်းမှစ၍  အမျိုးသမီးဆရာဦးရေ တိုးတက်များပြားလာပြီး အမျိုးသားဆရာဦးရေမှာ သိသိသာသာ လျော့နည်းလာသည့် အကြောင်းအရင်း များတွင် ပညာရေးကောလိပ် များသို့ ကျောင်းဆရာအလုပ်လျှောက်ထားရာတွင် အမျိုးသားအရေအတွက်ထက် အမျိုးသမီးအရေအတွက်မှာ ပိုမိုများပြားနေခြင်းက အဓိကအကြောင်းရင်း တစ်ရပ်ဖြစ် ကြောင်းတွေ့ရှိရပါသည်။  အမျိုးသားဆရာရှားပါးရသည့် အကြောင်းအရင်းများမှာ-

(က)    မိသားစုစားဝတ်နေရေး။    မြန်မာ့ဓလေ့ထုံးတမ်းအရ အမျိုးသားများသည် မိသားစု တစ်စုလုံး၏စားဝတ်နေရေးအတွက် အိမ်ထောင်ဦးစီးအဖြစ် အဓိက တာဝန်ယူရခြင်း၊ ကျောင်းဆရာလစာဝင်ငွေဖြင့် ဦးဆောင်ဖြေရှင်းရန် လုံလောက်သည့်ဝင်ငွေ ပမာဏမရှိခြင်းစသည်တို့ကြောင့် စာသင်ခန်းများကို ကျောခိုင်းလေ့ ရှိကြပါသည်။ မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိသည့် လုပ်ငန်းများသို့ ကူးပြောင်းအလုပ်လုပ်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း ပေါများသည့် ပြည်ပနိုင်ငံများသို့ ပြောင်းရွှေ့လုပ်ကိုင်ခြင်းများစသည်တို့သည် အမျိုးသားဆရာရှားပါးရခြင်း၏ အဓိကအကြောင်းအရင်းများဖြစ်ပါသည်။  

(ခ)    အခြေခံအဆောက်အဦ။    ကျောင်းဆရာ၊ ဆရာမများအတွက်နေထိုင်ရန် ဝန်ထမ်းအိမ်ရာများ၊ သင်ကြားမှုအထောက်အပံ့ပစ္စည်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်မှုနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းများကြောင့် ဆရာ၊ ဆရာမများသည် ဝေးလံခေါင်ဖျားသောဒေသများတွင် တာဝန်ထမ်းဆောင် လိုစိတ်နည်းပါးကြပါသည်။

(ဂ)    ဓလေ့ထုံးတမ်းအယူအဆ။     နိုင်ငံ/လူပုဂ္ဂိုလ်အများစုတွင် ပညာသင်ကြားပေးရမည့်  ကျောင်းဆရာ၊ ဆရာမ အယူအဆသည် အမျိုးသမီးများအတွက်သာ သင့်လျော်သည့် အယူအဆဖြစ်သည်ဟု ကိန်းအောင်းနေခြင်း၊ ယေဘုယျအားဖြင့် အမျိုးသားအများစု ၏ စိတ်ထဲ၌ ၎င်းတို့၏အမူအကျင့်များဖြစ်သော (အရက်သေစာစွဲလမ်းခြင်း၊ ဆေးလိပ် သုံးစွဲခြင်းစသည့်အပြုအမူအလေ့အထ) အချက်များကြောင့် ကျောင်းသား၊ ကျောင်းသူ များအတွက် စံပြ မဖြစ်မည်ကို စိုးရိမ်ကြောင့်ကြနေခြင်းစသည်တို့သည် ကျောင်း ဆရာအဖြစ် သက်မွေးလုပ်ငန်းကို စွန့်ခွာရသည့် အခြားသောအကြောင်းရင်းများ ဖြစ်ပါသည်။ 

 

ရင်ဆိုင်နေရသည့်အခက်အခဲများ

၅။    မြန်မာနိုင်ငံရှိ မူလတန်းကျောင်းအရေအတွက် သုံးပုံတစ်ပုံခန့်သည် လမ်းပန်းဆက်သွယ် ရေးခက်ခဲသည့် ဒေသများ၊ ရာသီဥတုပြင်းထန်ပြီး ရောဂါဘယထူပြောသည့်ဒေသများတွင် တည်ရှိ နေပါသည်။ ၎င်းဒေသများတွင် ရပ်ရွာအိမ်ခြေ၊ လူဦးရေအရ ကျောင်းနေအရွယ်ကလေး ဦးရေ နည်းပါးခြင်းကြောင့် အဆိုပါကျောင်းများတွင် ဒေသခံမဟုတ်သော ကျောင်းအုပ်အပါအဝင် ဆရာ နှစ်ဦးခန့်သာ ခန့်ထားနိုင်သည့် အခြေအနေတွင်ရှိနေပါသည်။ ကျောင်းစတင်ဖွင့်လှစ်ချိန်တွင် ဆရာ များအချိန်မီ မရောက်ရှိခြင်း၊ ဆရာတစ်ဦးသည် ယာယီတာဝန်ရှိလျှင် ကျောင်းမှ ထွက်ခွာရချိန်တွင် ကျန်ဆရာတစ်ဦးတည်းဖြင့် အတန်းထိန်းရန် အခက်အခဲရှိခြင်းစသည်တို့ကြောင့် ပညာရေးအပေါ် စိတ်ဝင်စားမှုနည်းပါးသည့် မိသားစုများသည် မိမိကလေးအား ကျောင်းမှနုတ်ထွက်ရန် တွန်းအားပေး နေသကဲ့သို့ ဖြစ်နေပါသည်။ 

၆။    အခြားရင်ဆိုင်နေရသည့် အရာတစ်ခုမှာ “မူ၊ လယ်၊ ထက် ဆရာ၊ ဆရာမအတွက် ရာထူးအဆင့်အတန်းကို ပညာရှင် အဆင့် (၁)၊ (၂)၊ (၃) အဖြစ် သတ်မှတ်ထားရာ မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြဆိုသည်မှာ မတူညီသည့် လုပ်ငန်းတာဝန်အမျိုးအစားများသာဖြစ် ပြီး ယခုကဲ့သို့ ရာထူးအဆင့်ဆင့် လုပ်ဆောင်နေခြင်းများ မဖြစ်သင့်ပါ” ဟု အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌမှ ပြောကြားထားပါသည်။  ထို့အပြင် လွန်ခဲ့သည့်နှစ်များအတွင်းက ဆရာများ၏နေရာချထားခြင်းနှင့် ရာထူးတိုးမြှင့်ပေးခြင်းတို့သည် ၎င်းတို့၏စွမ်းဆောင်ရည်နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းမဟုတ်ဘဲ လုပ်သက်အပေါ်တွင်သာ အခြေခံ၍ဆောင်ရွက်လေ့ရှိသော ကြောင့် မူလတန်းကျောင်းများတွင် ဆရာ မမြဲခြင်း၊ ဆရာ မလုံလောက်ခြင်း၊ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုနည်းပါးသော ဆရာများသာရှိနေခြင်းစသည့်ပြဿနာများကိုလည်း ကြုံတွေ့နေရ ပါသည်။  အရည်အချင်းရှိသည့် ဆရာများသည် ဆရာသက်မွေးလုပ်ငန်းကို စွန့်ခွာသွားလေ့ရှိကြ ရာတွင် လစ်လပ်သွားသည့်နေရာများတွင်  နေ့စားလပေးဆရာများကို အစားထိုးခန့်ထားနေရ သောကြောင့် အတွေ့အကြုံနည်းသည့် ဆရာများသာရှိနေ သကဲ့သို့ ဖြစ်နေပါသည်။ 

 

ပညာရေးကဏ္ဍတွင် ဘတ်ဂျက်အသုံးစရိတ်တိုးမြှင့်လာမှုအခြေအနေ

၇။    အစိုးရ၏စုစုပေါင်းအသုံးစရိတ်တွင် ပညာရေးအသုံးစရိတ်ရာခိုင်နှုန်းကို အောက်ဖော်ပြပါ ဂရပ်တွင် တွေ့မြင်နိုင်ပါသည်−

 

Edu_3

 

၈။    ၂၀၁၁-၂၀၁၂ မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အထိ ဘဏ္ဍာနှစ်အလိုက် ပညာရေးအသုံး စရိတ်ကို တဖြည်းဖြည်းတိုးမြှင့်သုံးစွဲလာခဲ့သည်ကို တွေ့မြင်ရပါသည်။ ပညာရေးဝန်ကြီးဌာန သည် လာမည့်ဘဏ္ဍာနှစ် (၂၀၁၉-၂၀၂၀) တွင် အသုံးစရိတ် စုစုပေါင်း ကျပ် ဘီလီယံ (၂,၁၀၀) ကျော်အနက် သာမန်အသုံးစရိတ် ကျပ်ဘီလီယံ (၁,၆၃၀) ကျော်လျာထားပြီး ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်ဘီလီယံ (၅၃၀) ကျော် လျာထားပါသည်။ ထို့အပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ငွေလုံးငွေရင်း အသုံးစရိတ်၏ ၈၅ ရာခိုင်နှုန်းခန့်ကို အခြေခံပညာဦးစီးဌာန၊ ၁၂ ရာခိုင်နှုန်းကျော်ကို အဆင့်မြင့်ပညာ ဦးစီးဌာန၊ ၃ ရာခိုင်နှုန်းကို နည်းပညာ၊ သက်မွေးနှင့်ဆိုင်သည့်ကဏ္ဍတွင် သုံးစွဲသွားရန် လျာထားပါသည်။

 

အစိုးရအနေဖြင့် မူဝါဒများပြင်ဆင်ချမှတ်၍ ဆောင်ရွက်နေမှုများ

၉။    ပညာရေးဝန်ကြီးဌာနအနေဖြင့် ၁၉၉၈ ခုနှစ်မှစ၍ ပညာရေးကောလိပ်များတွင် လုပ်ငန်း ခွင်အကြိုဆရာအတတ်ပညာဒီပလိုမာသင်တန်းများကို နှစ်စဉ်ဖွင့်လှစ် သင်ကြားပို့ချပေးလျက်ရှိပါသည်။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အထိ ပညာရေးကောလိပ်များကို (၂၅) ကျောင်းထိ ဖွင့်လှစ် နိုင်ခဲ့ပြီး အဆိုပါပညာရေးကောလိပ် များတွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာသင်တန်း (Department of Teacher Education and Development−DTEd)နှင့် ဘွဲ့ရရှိသူများအတွက် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာ သင်တန်း (Pre-Primary Teacher Training - PPTT) များကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပါသည်။ မူလတန်းပြဆရာလိုအပ်ချက် ဖြည့်ဆည်းနိုင်ရန်အတွက် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ် ပညာသင်တန်း (PPTT) ကို ၂၀၁၄ ခုနှစ်တွင် ပထမအကြိမ်စတင်ဖွင့်လှစ်ခဲ့ပါသည်။  ၂၀၁၆-၂၀၂၁ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းတွင် ဖော်ပြချက်အရ လွန်ခဲ့သည့်သုံးနှစ်အတွင်း ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာကျောင်းများတွင် ဆရာများ အလုံအလောက်ခန့်ထားနိုင်ရန် နေ့စားလပေး ဝန်ထမ်း ဆရာအသစ် (၇၂,၀၀၀) ခန့်ကို ခန့်အပ်ခဲ့ပြီး လုပ်ငန်းခွင်အကြိုတစ်လ သင်တန်းပို့ချမှုများ ပြုလုပ်ပေးခဲ့ပါသည်။  နိုင်ငံတော်အစိုးရအနေဖြင့် အောက်ပါလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်-

(က)    လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာဒီပလိုမာသင်တန်း(DTEd)။     ၂၀၁၄ ခုနှစ် မှစ၍ နှစ်အလိုက်တက်ရောက်ခဲ့သော သင်တန်းဆင်းဦးရေများကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

 

Edu_4

 

သင်တန်းကို တက္ကသိုလ်ဝင်အောင်မြင်သူများ တက်ရောက်နိုင်ရေးအတွက် နှစ်စဉ်၊ အပတ်စဉ်အလိုက် ရွေးချယ်တက်ရောက်စေခဲ့ပါသည်။ ပညာရေးကောလိပ် မှ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ အမျိုးသား ၃၉ ရာခိုင်နှုန်း၊ အမျိုးသမီး ၆၁ ရာခိုင်နှုန်း မွေးထုတ်ပေးခဲ့ပြီး ၂၀၁၅-၂၀၁၆ နှင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင်မူ အမျိုးသား ၄၄ ရာခိုင်နှုန်းအထိ တိုးမြှင့်မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ သို့သော် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊  အမျိုးသားပါဝင်မှုနှုန်းကို အခြားနှစ်များနှင့်နှိုင်းယှဉ် ပါက သိသာစွာ ကျဆင်းသွားကြောင်း လေ့လာတွေ့ရှိရပါသည်။

(ခ)    လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း(PPTT)။ ပညာရေး ကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (Pre-Primary Teacher Training)  သင်တန်းများတွင် ၂၀၁၄ ခုနှစ်မှစ၍ နှစ်အလိုက် တက်ရောက်ခဲ့သော သင်တန်းဆင်းဦးရေများကို အောက်ပါအတိုင်းဖော်ပြအပ်ပါ သည်-

 

Edu_5

 

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ရွေးချယ်တက်ရောက်စေ ရေး၊ သင်တန်းတက်ရောက်မှု စိစစ်တွေ့ရှိချက်များအရ ယခုအချိန်ထိ ပညာရေး ကောလိပ်များသို့ လျှောက်ထားသူများအနက် အများစုသည် အမျိုးသမီးများဖြစ် နေပါသည်။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်နှင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အမျိုးသားပါဝင်မှုမှာ ၁၅ ရာခိုင်နှုန်းရှိခဲ့သော် လည်း  ၂၀၁၆-၂၀၁၇ နှင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင်မူ ၁၄ ရာခိုင်နှုန်းသို့ ပြန်လည်ကျဆင်းသွားကြောင်း တွေ့ရှိရပါသည်။

၂၀၁၈ ခုနှစ်တွင် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) သင်တန်းဝင်ခွင့် ရေးဖြေ စာမေးပွဲဖြေဆိုသူ (၄၇,၀၀၀) ကျော်ရှိခဲ့ပါသည်။ ဆရာ၊ ဆရာမ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပြီး ၂၀၁၈-၂၀၁၉ ပညာသင် နှစ်မှစ၍ (၃) နှစ် အတွင်း (၃) ကြိမ်ခွဲ၍ ဖြည့်ဆည်းဆောင်ရွက်နေဆဲဖြစ်ပါသည်။ ယင်းလိုအပ်ချက်များကို ပညာရေးကောလိပ်များမှ မွေးထုတ်ပေးမည့် လုပ်ငန်းခွင် အကြိုမူလတန်းဆရာအတတ်ပညာ သင်တန်းဆင်းများ၊ လုပ်ငန်းခွင်အကြိုဆရာ အတတ်ပညာကျွမ်းကျင်မှု ဒီပလိုမာသင်တန်းဆင်းများနှင့် နေ့စားလပေးမူလတန်းပြ များဖြင့် ဖြည့်ဆည်းခန့်ထားပေးမည့်အပြင် (၂) နှစ်သင်ပညာရေး ကောလိပ်များကို (၄) နှစ်သင်ကျောင်းများအဖြစ် အဆင့်တိုးကာ ဆရာ၊ ဆရာမဦးရေ တိုးမြှင့်မွေး  ထုတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ 

(ဂ)    ဆရာ၊ဆရာမများအတွက်အားပေးမြှင့်တင်သည့်အစီအစဉ်များ။ နိုင်ငံတော် အနေဖြင့် အမျိုးသားဆရာများ သင်ကြားရေးပိုင်းတွင် ပူးပေါင်းပါဝင်လာစေရေး အတွက် အမျိုးသားပညာရေးမူဝါဒများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိနေပါသည်။ ဆရာများ၏အဆင့်အတန်းသတ်မှတ်မှု တိတိကျကျ သတ်မှတ်ပေးရေး၊ လစာနှုန်း ထားခြားနားမှုနည်းပါးစေရေး၊ ရပ်ဝေးဒေသများသို့ တာဝန်ထမ်းဆောင်နေသူများ အတွက် သီးသန့်ထောက်ပံ့မှုများ လုံလောက်စွာပေးပြီး မြို့ခံ၊ နယ်ခံ၊ ရွာခံ မဟုတ် သည့် ဆရာ၊ ဆရာမများအတွက် လုံခြုံစိတ်ချရသည့် နေအိမ်အဆောက်အဦများ အခမဲ့နေထိုင်ခွင့်ရရှိစေရေးစသည်တို့ကို ဆောင်ရွက်လျက်ရှိနေပါသည်။  ပညာရေး အခန်းကဏ္ဍအားမြှင့်တင်ဖို့ရန်အတွက်  ပညာရေးကောလိပ်နှင့် တက္ကသိုလ်များ၏ ဝင်ခွင့်အမှတ်များကို လျှော့ချပေးထားပြီး အမျိုးသားများ ပူးပေါင်းပါဝင်လာစေရေး အတွက်လည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် ဝေးလံခေါင်ဖျားသော အရပ်ဒေသ၌နေထိုင်သည့် ဒေသခံတိုင်းရင်းသား လူငယ်များအား မိမိတို့နေထိုင်ရာဒေသတွင်ပင် ကျောင်းဆရာအဖြစ် အသက်မွေး ဝမ်းကျောင်းပြုလုပ်လိုသည့် စိတ်ဆန္ဒများ ဖြစ်ပေါ်စေရန် မက်လုံးပေး၍ အားပေး မြှင့်တင်သည့် အစီအမံများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ 

(ဃ)    ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ။    အခြေခံပညာရေးကဏ္ဍတွင် ကျား၊ မ တန်းတူညီမျှရေးအတွက် လိုအပ်လျက်ရှိသော အရည်အချင်းပြည့်ဝသည့် အမျိုးသား ဆရာအင်အားကို တိုးမြှင့်ခေါ်ယူသည့် အစီအစဉ်များချမှတ်ခြင်း၊ UNESCO (STEM) အဖွဲ့နှင့်ပူးပေါင်း၍ ဆရာအတတ်ပညာကဏ္ဍတွင် ကျား၊ မ ရေးရာတန်းတူညီမျှမှု ဆိုင်ရာသင်ခန်းစာများ ထည့်သွင်း၍ သင်ရိုးညွှန်းတမ်းများတွင်လည်း ထည့်သွင်း သင်ကြားခြင်း၊ မူဝါဒများထည့်သွင်းရေးဆွဲခြင်းစသည်တို့ကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

ပညာရှင်များ၏အမြင်

၁၀။    အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) မှ လက်ရှိအခြေအနေအရ ဆရာ၊ ဆရာမ အရေအတွက်တိုးမြှင့်ခန့်ထားရန် လိုအပ်ပြီး အမျိုးသား ဆရာများ ပြန်လည်တိုးပွားလာ စေရန် မူဝါဒများကို လက်တွေ့ကျကျပြင်ဆင်ရန်နှင့် ဆရာအတတ်သင် ရွေးချယ်မှုသင်တန်းမူကို လည်း  ပြင်ဆင်ရန် လိုအပ်လျက်ရှိပါသည်။ ရာထူးတစ်ခုတွင် နှစ်ကာလကြာရှည်ခြင်း၊ ရာထူး တိုးမလွယ်ခြင်း၊ လစာနှင့်ခံစားခွင့်နည်းပါးခြင်းသည်လည်း အပါအဝင်ဖြစ်ပါသည်။ အချို့တိုင်း ဒေသကြီး၊ ပြည်နယ်များတွင် ကျောင်းဆရာအလုပ်ကို လျှောက်ထားမှုအလွန်နည်းပါးပြီး အချို့ နေရာများတွင် ပိုလျှံနေသည့်အတွက် မူဝါဒပိုင်းကို ပြန်လည်ပြုပြင်ရန် လိုအပ်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ 

၁၁။    ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍလေ့လာသုံးသပ်ရေးလုပ်ငန်းနှင့် ပညာရေးဆိုင်ရာ လုပ်ငန်းအစီရင်ခံစာများမှ လက်ရှိဆရာရာထူးတိုးစနစ်အစား လမ်းသွယ်တစ်ခုစီအလိုက် ရာထူး တိုးစနစ်သစ်သို့ ပြောင်းလဲကျင့်သုံးရန် ထောက်ခံအကြံပြုခြင်းနှင့် အခြေခံပညာအဆင့်တစ်ခုချင်း အတွင်းတွင် အရည်အသွေးရှိသော ဆရာများ ရေရှည်တည်မြဲရေးအတွက် ဆရာလစာနှင့် ချီးမြှင့် ငွေများကို ပြန်လည်သုံးသပ်သင့်ကြောင်း အကြံပြုထားပါသည်။ ထို့အပြင် ဆရာရာထူးတိုးမြှင့် ခြင်းသည် လုပ်သက်နှစ်များကိုသာ အခြေခံခြင်းမဟုတ်ဘဲ အရည်အသွေးရှိသော ဆရာ၏စွမ်းဆောင်ရည် သုံးသပ်အကဲဖြတ်ခြင်းစနစ်ကို အခြေခံ၍ဆောင်ရွက်သင့်ကြောင်း အခြေခံပညာဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)မှလည်း ထပ်မံအကြံပြုထားပါသည်။

၁၂။    ပညာရေးမှူးချုပ် ဦးကိုလေးဝင်းက “အမျိုးသားကျောင်းဆရာအဖြစ် အသက်မွေးဝမ်း ကျောင်းပြုလုပ်မှုများပြားလာစေရန် အစိုးရအနေဖြင့် ဆရာများ၏ စားဝတ်နေရေးနှင့် လူမှုဘဝ ဖူလုံရေးအတွက် လုံလောက်သောဝင်ငွေရရှိစေရန် ဆောင်ရွက်ပေးသင့်ကြောင်း၊ ပညာရေးတက္ကသိုလ်၊ ကောလိပ်များသို့ အမျိုးသားများ ပိုမိုတက်ရောက်နိုင်စေရေးအတွက်လည်း ဝင်ခွင့်ရွေးချယ်သည့် စနစ်များ ပြင်ဆင်ပေးသင့်ကြောင်း” အကြုံပြုထားပါသည်။  ထို့အပြင် “ဆရာမများထက် ဆရာ များသည် သင်ကြားရေးပိုင်းတွင် ကလေးများ၏ စွန့်ဦးတီထွင်လိုမှု၊ နည်းလမ်းဟောင်းများကို နည်းသစ်များဖြင့် ပြန်လည်ချဉ်းကပ်လိုမှုစသည့်ဗီဇများကို နှိုးဆွနိုင်စွမ်းရှိသည့် သဘောရှိခြင်းတို့ ကြောင့် အမျိုးသားဆရာများ စာသင်ခန်းကို စွန့်ခွာမှုသည် တီထွင်ဖန်တီးနိုင်စွမ်းရှိသည့် စာသင်ခန်း များဖြစ်ပေါ်စေရေးအတွက် စိန်ခေါ်မှုဖြစ်နေသည်”ဟု သုံးသပ်ထားပါသည်။  ထို့အပြင် ၎င်းက “မြန်မာနိုင်ငံ၏အခြေခံပညာရေးသည် ကလေးများ ကာယ၊ ဉာဏ၊ မိတ္တ၊ စာရိတ္တ၊ ဘောဂဟူသည့် ဗလငါးတန်ဖွံ့ဖြိုးစေသည့် ဘက်စုံပညာရေးသို့ ဦးတည်သွားနေသောကြောင့် ဘက်စုံဖွံ့ဖြိုးအောင် သင်ကြားပေးရန် အခြေခံပညာကျောင်းများတွင် ဆရာမများသာမက ဆရာများလည်း လိုအပ် လျက်ရှိကြောင်း” ထပ်မံအကြံပြုပြောကြားခဲ့ပါသည်။

၁၃။    ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍလေ့လာသုံးသပ်ရေးလုပ်ငန်း (Comprehensive Education Sector Review -CESR) ၏ အစီရင်ခံစာတွင်လည်း ဆရာများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းခွင်တွင် ပျော်မွေ့စေရေးအတွက် လစာနှင့်ထောက်ပံ့ကြေးပေးနေမှုများကို ပြန်လည် သုံးသပ်သင့်ကြောင်း အကြံပြုထား ပါသည်။ ထို့အပြင် ရာထူးတိုးစနစ်သည်လည်း လုပ်သက်နှစ် (အတွေ့အကြုံ)ပေါ်မူတည်၍ ရာထူးတိုးမြှင့်ပေးနေပါသည်။ ထို့ကဲ့သို့တိုးမြှင့်ပေးသောအခါ ဘုန်းတော်ကြီးကျောင်းများတွင် သင်ကြားပေးခြင်းနှင့် ဒုက္ခသည်စခန်းများတွင် သွားရောက် ပညာသင်ကြားပေးခြင်းစသည့် အတွေ့အကြုံများပါ ထည့်တွက် စဉ်းစားပေးသင့်ကြောင်း ယင်းအစီရင်ခံစာထဲတွင် ထပ်မံအကြုံပြုထားပါသည်။

 

နိုင်ငံအချို့၏ဆောင်ရွက်နေမှုများ

၁၄။    မြန်မာနိုင်ငံကဲ့သို့ပင် အခြားနိုင်ငံများတွင်လည်း အမျိုးသားဆရာရှားပါးမှုပြဿနာကို ရင်ဆိုင် ကြရပါသည်။ အချို့နိုင်ငံများတွင် ကျေးလက်ဒေသများ၌ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံ ရှိသော ကျောင်းဆရာများရရှိရေးအတွက် ခက်ခဲစွာဖြင့် ကြိုးပမ်းလုပ်ဆောင်နေရပါသည်။ ဝေးလံ ခေါင်ဖျားဒေသများတွင် ဆရာများစွာလိုအပ်လျက်ရှိသဖြင့် သင်တန်းဆင်းပြီးကာစ ဆရာများကို ခန့်ထားလေ့ရှိပြီး လက်ရှိမူအရ ဆရာလိုအပ်ချက်ဖြည့်ဆည်းရန် နေ့စားလပေးဆရာများကို ထိုဒေသများတွင် ခန့်ထားလေ့ရှိပါသည်။

၁၅။    အင်ဒိုနီးရှားနိုင်ငံမှ ကျောင်းဆရာ၊ ဆရာမများသည် ဝေးလံခေါင်ဖျားသော အရပ်ဒေသ များသို့ သွားရောက်သင်ကြားရန်အတွက် တွန့်ဆုတ်နေကြသည်မှာ ၎င်းတို့နေထိုင်ရန် အိမ်ရာ များလုံလောက်မှုမရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ နည်းပါးခြင်း၊ သွားလာရခက်ခဲခြင်း စသည့်အချက်များကြောင့်ဖြစ်ပါသည်။ ကျေးလက်ဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာ၊ ဆရာမများ၏လစာသည် ပျမ်းမျှလစာထက်နည်းပါးနေသောကြောင့် ဗဟိုအစိုးရ နှင့် အထွေထွေခွဲဝေချရေးရန်ပုံငွေအဖွဲ့ (General Allocation Fund -GAU) တို့မှ ၎င်းတို့အား လုပ်ငန်းခွင်၌ပျော်မွေ့စေရန် ဆွဲဆောင်မှုပေးခြင်းများ ဆောင်ရွက်လျက်ရှိကြပါသည်။ 

၁၆။    အင်ဒိုနီးရှားအစိုးရအနေဖြင့် ကျောင်းဆရာနှင့်ပတ်သက်သည့် ဥပဒေကို ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလက ထုတ်ပြန်ခဲ့ပါသည်။ ဤဥပဒေထဲတွင် အရည်အချင်းရှိသော ဆရာ၊ ဆရာမများ မွေးထုတ်ပေးရေး၊ ဆရာလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်နိုင်စေရန် ဆွဲဆောင် မှုများပေးရေးစသည်တို့ကို ဥပဒေတွင်ထည့်သွင်းခဲ့ပါသည်။ ၎င်းဥပဒေထဲတွင် ကျောင်းဆရာ၊ ဆရာမများအနေဖြင့် မြို့နယ်တစ်ခုမှ အခြားဝေးလံသည့်မြို့နယ်တစ်ခုသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ပါက ပုံမှန်ထောက်ပံ့မှုများ ပေးလျက်ရှိသည့်အပြင်နေ့စားလပေး ဆရာ၊ ဆရာမ များကိုလည်း ရပ်ဝေးဒေသသို့ သွားရောက်တာဝန်ထမ်းဆောင်ပါက အမြဲတမ်းဝန်ထမ်းများ၏ အခြေခံလစာကဲ့သို့ ထောက်ပံ့ကြေးများပေးရန်လည်း ဥပဒေထဲတွင် ပြဋ္ဌာန်းခဲ့ပါသည်။   ၂၀၁၆ ခုနှစ် အတွင်း ဆရာများ၏လစာနှင့်ထောက်ပံ့ကြေးများကို ပညာရေးအသုံးစရိတ်၏ (၅၀) ရာခိုင်နှုန်း (သို့မဟုတ်) အမေရိကန်ဒေါ်လာ (၁၆.၅) မီလီယံ သုံးစွဲကြောင်းသိရှိရပါသည်။

၁၇။    ၎င်းအပြင် ပညာရေးကဏ္ဍအသုံးစရိတ်အတွက် ၂၀၁၇ ခုနှစ်တွင် ရူပီး (၄၁၉) ထရီလီယံ မှ ၂၀၁၈ ခုနှစ်တွင် ရူပီး (၄၄၄) ထရီလီယံ၊ အမေရိကန်ဒေါ်လာ (၃၀.၉) ဘီလီယံအထိ တိုးမြင့်သုံးစွဲ ခဲ့ပါသည်။  အစိုးရအနေဖြင့် ရပ်ဝေးဒေသသို့ တာဝန်ထမ်းဆောင်နေကြရသည့် ပညာရေး ဝန်ထမ်းများအတွက် နယ်မြေအခက်အခဲနှင့် ကျောင်းအဆင့်အတန်း သတ်မှတ်ချက်များအပေါ် မူတည်၍ ထောက်ပံ့ကြေးငွေများပေးအပ်လျက်ရှိပါသည်။ မူလတန်းပြနှင့်အလယ်တန်းပြ ဆရာ၊ ဆရာမများအတွက် District Allowances (နယ်မြေဒေသအလိုက် ထောက်ပံ့ကြေးငွေ) များကို အခြေခံလစာ ရူပီး (၁၅,၀၀၀) တွင် ၎င်းပျမ်းမျှလစာ၏ (၁၀) ဆခန့်ပေးလျက်ရှိပါသည်။  အင်ဒိုနီးရှားနိုင်ငံ၏ဆောင်ရွက်ချက်များကို လေ့လာခြင်းအားဖြင့် ပညာရေးကဏ္ဍအသုံးစရိတ် သုံးစွဲမှုမှာ တဖြည်းဖြည်းတိုးမြှင့်လာခြင်း၊ ဝေးလံခေါင်ဖျားသောဒေသများတွင် တာဝန်ထမ်း ဆောင်သည့် ဆရာ၊ ဆရာမများအတွက်ထောက်ပံ့ကြေးများပေးခြင်းကို ဥပဒေထဲတွင် ပြဋ္ဌာန်း ထားသည်ကို တွေ့ရှိရပါသည်။

၁၈။    ၎င်းအပြင် အိန္ဒိယနှင့်နီပေါနိုင်ငံရှိ ဆရာ၊ ဆရာမ များသည် ဝေးလံခေါင်ဖျားသောဒေသ များသို့ တာဝန်ထမ်းဆောင်ရန်အတွက် ဘာသာစကားများ၊ လူမှုဆက်ဆံရေးများစသည့် အခက် အခဲများနှင့် ရင်ဆိုင်နေရပါသည်။ ယင်းအခက်အခဲများကို ဖြေရှင်းရန်အတွက် ဒေသခံအမျိုးသမီး များအား ရက်တိုသင်တန်းများ ပို့ချပေးခြင်း၊ အိမ်ရာ၊ အစားအသောက် စသည်တို့ကို ထောက်ပံ့ ပေးခြင်းဖြင့် ရပ်ဝေးဒေသများတွင် ရင်ဆိုင်နေရသည့် ဆရာလိုအပ်ချက်များကိုပါ ဖြေရှင်းပေး လျက်ရှိပါသည်။ ဒေသခံအစိုးရအနေနှင့် ဒေသခံဆရာများအတွက် ရက်တိုသင်တန်းများအပြင် ရက်ရှည်သင်တန်းများကိုလည်း ထပ်မံဖြည့်စွက်၍ သင်တန်းများပို့ချပေးလျက်ရှိပါသည်။

 

နိဂုံး

၁၉။    အခြေခံပညာ ဆရာ၊ ဆရာမများ၏ရာထူးအဆင့်သတ်မှတ်ချက်များ၊ လက်ရှိမူဝါဒများ၊  အထူး သဖြင့် လုပ်ခလစာနည်းပါးခြင်း၊ ဝေးလံခေါင်ဖျားသောဒေသ များတွင် ပညာရေးဝန်ထမ်းများ အတွက် အိမ်ရာအခက်အခဲများရှိနေခြင်း စသည့်အချက်များကြောင့် အခြေခံပညာကျောင်းများ တွင် ဆရာမမြဲခြင်း၊ ဆရာ၊ ဆရာမအင်အား မလုံလောက်ခြင်းစသည့်ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။  အခြေခံပညာရေးကဏ္ဍတွင် အမျိုးသမီးဆရာများ များပြားနေပြီး အမျိုးသားဆရာများ နည်းပါးနေလျက်ရှိပါသည်။ ထို့ကြောင့် အရည်အချင်းပြည့်ဝသော အမျိုးသားဆရာများ တိုးမြှင့်ခေါ်ယူမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရ၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင် ပါဝင်လျက်ရှိပါသည်။

၂၀။    ပညာရေးကဏ္ဍတွင် ဆရာမများ၏ ထိန်းချုပ်မှုကောင်းရှိသော်လည်း အမျိုးသားဆရာများ ၏ စာသင်ခန်းအတွင်း ထိန်းသိမ်းနိုင်သော စွမ်းရည် (Class Control) များလည်းမရှိမဖြစ် လိုအပ် ပါသည်။ သို့ဖြစ်ပါ၍ ကျောင်းစည်းကမ်းထိန်းသိမ်းရေး ပိုမိုဆောင်ရွက်နိုင်ရန်အတွက်လည်း  အမျိုးသားဆရာများ ပိုမိုလိုအပ်လျက်ရှိပါသည်။ အနာဂတ်တွင် သားကောင်းရတနာများ ပေါ်ထွန်း လာစေရန် သင်ကြားပြသပေးမည့်  ဆရာ၊ ဆရာမ၏အခန်းကဏ္ဍသည်လည်း  လွန်စွာပင် အရေး ကြီးသောကြောင့် ဆရာ/ဆရာမများအတွက် ပိုမိုကောင်းမွန်ပြီး သင့်တင့် လျောက်ပတ်သည့် မူဝါဒများဖြစ်ပေါ်လာစေရေးကို အထောက်အကူ ပြုစေရန် ရေးသားပြုစုတင်ပြလိုက်ရပါသည်။

 

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန် အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော်သုတေသန ဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

 

ရက်စွဲ
၁၇.၀၅.၂၀၁၉