Skip to main content

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC - International Criminal Court)

 

နိဒါန်း

၁။ ကမ္ဘာအနှံ့အပြားတွင် ဖြစ်ပွားနေသော ပြစ်မှုထင်ရှားသော လူအခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှု ကျူးလွန်မှုများနှင့် နိုင်ငံတစ်နိုင်ငံမှ အခြားနိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲမှုနှင့် လွတ်လပ်ခြင်းကို အင်အားသုံး၍ ကျူးလွန်သည့် အမှုကိစ္စများကို အရေးယူရန်အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးအား ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သတ်၍ ၎င်းရုံးတွင် စစ်ဆေးနိုင်ရန်အတွက် ရာဇဝတ်မှုအခြေခံသော သက်သေအထောက်အထား ကောက်ယူခြင်းကို နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိပြီး ကောက်ယူ စစ်တမ်းပြုစုခဲ့သော အချက်အလက်များသည် မှန်ကန်တိကျမှုရှိ/မရှိနှင့် ယုံကြည်ခိုင်မာခြင်း ရှိ/မရှိတို့ကို တိကျသေချာစွာ စစ်ဆေးဆုံးဖြတ်ရန် လိုအပ်ပါသည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး အဖွဲ့ဝင်နိုင်ငံမဟုတ်သော မြန်မာနိုင်ငံအား ၎င်းရုံးသို့တင်သွင်း စစ်ဆေးနိုင်ရန်အတွက် ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီ၏ အတည်ပြုချက်သည် များစွာအရေးကြီး ပါသည်။

 

ရည်ရွယ်ချက်

၂။ နိုင်ငံတကာအဖွဲ့အစည်း တစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး၏ ဆောင်ရွက်ချက်များကို သိရှိစေရန် ရည်ရွယ်ပါသည်။

 

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ပေါ်ပေါက်လာပုံ

၃။ ပထမကမ္ဘာစစ်အပြီး ၁၉၁၉ ခုနှစ်တွင် နိုင်ငံပေါင်းချုပ်အသင်းကြီးကို တည်ထောင်ခဲ့သော် လည်း မအောင်မြင်ဘဲ ဒုတိယကမ္ဘာစစ်ကြီး ထပ်မံဖြစ်ပွားခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဟစ်တလာ ခေါင်းဆောင်သော နာဇီပါတီသည် ဂျူးလူမျိုး ၆ သန်းကျော် အပါအဝင် အခြားလူများအား လူသားချင်း စာနာထောက်ထားမှု ကင်းစွာဖြင့်သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် စစ်အပြီးတွင် နာဇီစစ်ခေါင်းဆောင်များ သာမက အရပ်သားတာဝန်ရှိသူများ အပါအဝင်  ၂ဝဝ ဦးကျော်ကို ဂျာမနီနိုင်ငံ၊ နျူရင်ဘတ်မြို့တွင် စစ်ခုံရုံးတင်၍ စစ်ဆေးအပြစ်ပေးခဲ့ပါသည်။ နျူရင်ဘတ်ခုံရုံးတွင် ဒုတိယကမ္ဘာစစ်အတွင်း ဥရောပတွင် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သော ထိပ်တန်းခေါင်းဆောင်များ၊ သံတမန်များနှင့် စစ်ဗိုလ်ချုပ်များကို အပြစ်ပေးနိုင်ခဲ့သည်။ ၁၉၄၅ ခုနှစ်မှ ၁၉၄၆ ခုနှစ်အထိ စီရင်ချက်များ ချမှတ်နိုင်ခဲ့သည်။ အရှေ့အာရှတွင်လည်း ဂျပန်လူမျိုးများ၏ ဖက်ဆစ်စနစ်ကြောင့် တာဝန်ရှိသူများကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ခုံရုံးတင်စစ်ဆေး အပြစ်ပေးခဲ့သည်။ တိုကျိုခုံရုံးတွင် အရှေ့အာရှမှ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သော ဂျပန်ထိပ်တန်းခေါင်းဆောင်များ၊ သံတမန်များနှင့် စစ်ဗိုလ်ချုပ်များကို အပြစ်ပေး နိုင်ခဲ့သည်။ ၁၉၄၆ ခုနှစ်မှ ၁၉၄၈ ခုနှစ်အတွင်း စီရင်ချက်များ ချမှတ်နိုင်ခဲ့သည်။ သို့သော် စစ်ရှုံးသူများကိုသာစီရင်ခဲ့ပြီး စစ်နိုင်သည့်နိုင်ငံများမှ ကျူးလွန်သူ တစ်ဦးကိုမှ အရေးယူခဲ့ခြင်းမရှိဟု ထောက်ပြကြသည်။ စစ်အတွင်းကျူးလွန်သူများကို ခုံရုံးတင်စစ်ဆေး အရေးယူမှုများသာမက အလားတူ လူသားချင်းမတရားရက်စက်မှု၊ နှိပ်စက် ညှဉ်းပန်းသတ်ဖြတ်မှုများ ထပ်မံမပေါ်ပေါက်စေရန်၊ ငြိမ်းချမ်းမှု ထွန်းကားရေးနှင့် ပဋိပက္ခချုပ်ငြိမ်းရေးအတွက် နိုင်ငံ့အစိုးရများက ကြိုးပမ်းလုပ်ဆောင် လာခဲ့ကြသည်။ ၁၉၄၆ ခုနှစ် နျူရင်ဘတ် ခုံရုံးနောက်ပိုင်း “အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (International Criminal Court – ICC) နှင့် နိုင်ငံတကာပြစ်မှုဆိုင်ရာ ဥပဒေတစ်ခု လက်ခံစေရန် “International Criminal Code prohibiting crimes against humanity” ကို ပဲရစ်မြို့တွင် နိုင်ငံတကာ ညီလာခံတစ်ရပ် ကျင်းပပြီး ဆွေးနွေးခဲ့ပါသည်။

၄။ ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် လူမျိုးတုံးသတ်ဖြတ်မှုကို ပြစ်မှုတခုခုအပေါ် ပြစ်ဒဏ်ပေးခြင်းနှင့် ကာကွယ်ခြင်းသဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို ကုလသမဂ္ဂအထွေထွေ ညီလာခံက အတည်ပြု လက်ခံခဲ့ပြီး ယင်းစာချုပ်ကိုအခြေခံ၍ တရားရုံးတစ်ခုကို တည်ထောင်ရန် သင့်လျော်သော ပြဋ္ဌာန်းချက်များကို လေ့လာရန်အတွက် နိုင်ငံတကာဥပဒေကော်မရှင် (International Law Commission – ILC) ကို ကုလသမဂ္ဂအထွေထွေညီလာခံက တာဝန်ပေးခဲ့ပါသည်။ ထို့ကြောင့် ၁၉၄၉ –၁၉၅၄ ခုနှစ်တွင် “နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံး၏ Draft Statute for an ICC” တစ်ရပ်ကို ရေးဆွဲခဲ့ရာ အင်အားကြီးနိုင်ငံများက ဆန့်ကျင်ခဲ့ပါသည်။ ၁၉၅၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးဖွဲ့စည်းရန် အစီအစဉ်များ နှောင့်နှေးကြန့်ကြာ နေခဲ့ပါသည်။ တချိန်တည်း မှာပင် အစိုးရများက မိမိတို့ပြည်သူများအပေါ် လူ့အခွင့်အရေးအကြီး အကျယ်ချိုး ဖောက်မှု၊ လက်နက်ကိုင် စစ်ပွဲများအတွင်း အပြစ်မဲ့ပြည်သူများအပေါ် ရက်ရက်စက်စက် သတ်ဖြတ်မှုများကို ကျူးလွန်လာခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာတရားရုံးအပြင် တရားဥပဒေ ရရှိခံစားနိုင်ရေးအတွက်  လုပ်ဆောင်မှုများလည်း ပေါ်ထွန်းလာခဲ့ပါသည်။ နိုင်ငံတကာအနေနှင့်မဟုတ်သော်လည်း နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူရန် နိုင်ငံအလိုက် လုပ်ဆောင်ကြိုးပမ်းမှုများ ရှိလာခဲ့ပါသည်။ ဥပမာအနေဖြင့် တောင်အာဖရိကနိုင်ငံတွင် ဖြစ်ပွားခဲ့သော လူဖြူ/လူမည်းခွဲခြား မှုကို စုံစမ်းစစ်ဆေးသည့် အမှန်တရားကော်မရှင် (Truth Commission)၊ ယခင် ယူဂိုစလားဗီးယားနိုင်ငံ၊ ရဝမ်ဒါနိုင်ငံတို့တွင် ဖြစ်ပွားခဲ့သည့် လူမျိုးတုံး သတ်ဖြတ်မှုများကို အရေးယူစစ်ဆေးသည့် အထူးတရားခုံရုံး (ad Hoc Tribunal)၊ ကမ္ဘောဒီးယား၊ အရှေ့တီမော၊ ကိုဆိုဗို၊ ဆီရီယာလီယွန် စသည့်နိုင်ငံများတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးဆိုးဝါးစွာ ချိုးဖောက်မှုများကို ကိုင်တွယ်စစ်ဆေးသည့် နိုင်ငံတကာ တရားစီရင်မှုများဖြင့် လုပ်ဆောင်သော အထူးတရားရုံး (Hybrid Court applying International Criminal Law) များကို ထူထောင်ပြီး တရားဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် လုပ်ဆောင်လာခဲ့သည်။ သို့သော် ကမ္ဘာနိုင်ငံများအား လွှမ်းခြုံနိုင်သော လုပ်ဆောင်မှုကို ဆောင်ရွက်နိုင်ခြင်း မရှိသေးပါ။

၅။ ၁၉၉၁-၁၉၉၂ ခုနှစ် ဘော့စနီးယား၊ ဟာဇီဂိုးဗီးနားနှင့် ခရိုအေးရှားစစ်ပွဲမှာ “လူမျိုးတုံး သတ်ဖြတ်မှုနှင့် ဂျီနီဗာသဘောတူစာချုပ်” အပေါ် ချိုးဖောက်သည့် ထင်ရှားသောချိုးဖောက်မှုများ၊ ကျူးလွန်မှုများကို တရားစွဲဆိုနိုင်ရန် ယူဂိုစလားဗီးယားနိုင်ငံအတွက် နိုင်ငံတကာရာဇဝတ်မှု တရားရုံး (Ad-hoc Tribunal – International Criminal Tribunal for the former Yugoslavia-ICTY) ကို ၁၉၉၃ ခုနှစ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်ချမှတ်၍ တည်ထောင်ခဲ့ပါသည်။ ထိုတရားရုံးသည် “သီးသန့်တရားရုံး Ad-hoc” တခုဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် ရဝမ်ဒါနိုင်ငံ၏ ပဋိပက္ခများမှ ကျူးလွန်ခဲ့သော ပြစ်မှုများကိုအရေးယူရန် လုံခြုံရေးကောင်စီသည် ၁၉၉၄ ခုနှစ်တွင် ရဝမ်ဒါနိုင်ငံအတွက် နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (International Criminal Tribunal of Rwanda-ICTR) ကို တည်ထောင်နိုင်ခဲ့သည်။ ထိုတရားရုံးသည်လည်း “သီးသန့်တရားရုံး ad-hoc” တစ်ခုဖြစ်ပါသည်။ ထိုသို့ နိုင်ငံအလိုက် ထူထောင်ပေးသော တရားရုံးများသာမက လူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံတကာအဆင့် တွင် ကြိုတင်တားဆီးနိုင်ရန်နှင့် ထိရောက်စွာ အရေးယူနိုင်ရန် အမြဲတမ်းတရားရုံး တစ်ခုကို ဖွင့်လှစ်ထားရန် ဆက်လက် ကြိုးပမ်းလာခဲ့သည်။

၆။ ထို့ကြောင့် ၁၉၉၈ ခုနှစ်တွင် အီတလီနိုင်ငံ၊ ရောမမြို့၌ ကုလသမဂ္ဂမှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးကို ဖွဲ့စည်း တည်ထောင်ရန်အတွက် သဘောတူစာချုပ် မူကြမ်းကိုရေးဆွဲသည့် ညီလာခံကိုကျင်းပခဲ့ပါသည်။ နိုင်ငံပေါင်း ၁၆ဝ မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ၅ ပတ်ကြာ ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် တက်ရောက်လာသည့် နိုင်ငံများထဲမှ နိုင်ငံပေါင်း ၁၂ဝ က ၎င်းစာချူပ်ကို အတည်ပြုရန် ထောက်ခံမဲပေးခဲ့၍ တရုတ်၊ လစ်ဗျား၊ အီရတ်နှင့် အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံ ၇ နိုင်ငံက ထိုစာချုပ်ကို ကန့်ကွက်မဲပေးပြီး နိုင်ငံပေါင်း ၂၁ နိုင်ငံက ကြားနေမဲပေးခဲ့ပါသည်။ ထိုစာချုပ်ကို ၁၉၉၈ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့သည်။ ထိုစာချုပ်အား လက်မှတ်ရေးထိုးခဲ့သည့် နေရာဖြစ်သော ရောမမြို့ကို အစွဲပြု၍ ရောမစာချုပ်ဟုလည်း ခေါ်ဝေါ်ပါသည်။  စာချုပ်အရ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးကို ဖွဲ့စည်းထူထောင် နိုင်ရန်အတွက် နိုင်ငံပေါင်း ၆ဝ က အတည်ပြုလက်မှတ် ရေးထိုးရန်လိုအပ်ပြီး ၂ဝဝ၂ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် နိုင်ငံပေါင်း ၆၆ နိုင်ငံမှ အတည်ပြုလက်မှတ် ရေးထိုးခဲ့သဖြင့် ၂ဝဝ၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးကို စတင်ဖွဲ့စည်း နိုင်ခဲ့ပါသည်။

 

စာချုပ် ချုပ်ဆိုရာတွင် ပါဝင်သောနိုင်ငံများ

၇။ ၂ဝ၁၉ ခုနှစ်၊ မတ်လအထိ စာချုပ်အဖွဲ့ဝင် နိုင်ငံပေါင်း ၁၂၂ နိုင်ငံရှိပါသည်။ အာဖရိကနိုင်ငံ ၃၃ နိုင်ငံ၊ အာရှပစိဖိတ် ၁၈ နိုင်ငံ၊ အရှေ့ဥရောပ ၁၈ နိုင်ငံ၊ လက်တင်အမေရိကနှင့် ကာယေဘီယံ ၂၈ နိုင်ငံနှင့်အနောက်ဥရောပနှင့် အခြားနိုင်ငံများမှ ၂၅ နိုင်ငံဖြစ်ပါသည်။  မြန်မာနိုင်ငံသည် အဖွဲ့ဝင် နိုင်ငံအဖြစ် ယနေ့အချိန်ထိ ရောမစာချုပ် (Rome Statutes) တွင် လက်မှတ်ရေးထိုး ထားခြင်းမရှိပါ။ စာချုပ်ချုပ်ဆိုခဲ့သော နိုင်ငံများအနက် ၂၀၁၇ခုနှစ်၊ အောက်တိုဘာလတွင် ဘူရွန်ဒီနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံအဖြစ်မှ ပထမဆုံးနှုတ်ထွက်ခဲ့ပါသည်။  ဖိလစ်ပိုင်နိုင်ငံသည်လည်း သမ္မတ Rodrigo Duterte ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် လူပေါင်းများစွာ သေစေနိုင်ခဲ့မှုအတွက် သမ္မတအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးက စုံစမ်းစစ်ဆေးရန် ဆောင်ရွက်လျက် ရှိသောကြောင့် ၂၀၁၉ခုနှစ်၊ မတ်လ ၁၇ ရက်တွင် ဒုတိယမြောက် နှုတ်ထွက်သည့်နိုင်ငံ ဖြစ်လာပါသည်။

၈။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးတွင် နိုင်ငံပေါင်း ၁၀ဝ ခန့်မှ ဝန်ထမ်း ၈၀ဝ ကျော် ရှိပါသည်။ တရားရုံး၏ ရုံးသုံးဘာသာစကားအဖြစ် အင်္ဂလိပ်၊ ပြင်သစ်၊ အာရပ်၊ တရုတ်၊ ရုရှားနှင့် စပိန်တို့ကို သတ်မှတ်ထားသော်လည်း လုပ်ငန်းလည်ပတ်ရာတွင် အသုံးပြုသည့် ဘာသာစကားမှာ အင်္ဂလိပ်နှင့် ပြင်သစ်တို့ဖြစ်သည်။ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံ (ကင်ဆနာနှင့်ဘူနီယာ)၊ ယူဂန်ဒါနိုင်ငံ (ကန်ပလာ)၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ (ဘန်ဂူအီ)၊ ကင်ညာနိုင်ငံ (နိုင်ရိုဘီ)၊ ကိတ်ဒီဗာနိုင်ငံ (အဘစ်ဂျန်) နှင့် ဂျော်ဂျီယာနိုင်ငံ (တီဘလီဆီ) တို့တွင် ဒေသဆိုင်ရာရုံးခွဲ ၇ ခု ဖွင့်လှစ်ထားပါသည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးချုပ်ကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ (The Hague) တွင် ဖွင့်လှစ်ထားပါသည်။

 

ဥပဒေပြုအာဏာပိုင်အဖွဲ့က ပြဋ္ဌာန်းထားသည့် ရောမဥပဒေ (Rome Statute)

၉။     ၂၀၀၂ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင် ရောမဥပဒေကို စတင်အသက်ဝင်ပြဋ္ဌာန်း ကျင့်သုံး ခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး၏ ရောမဥပဒေတွင် အပိုင်း (၁၃) ပိုင်းနှင့် ပုဒ်မ ပေါင်း ၁၂၈ ခုပါဝင်ပါသည်။ အပိုင်း (၁၃) ပိုင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က)    အပိုင်း (၁) တရားရုံးဖွဲ့စည်း တည်ထောင်ခြင်း၊ (Establishment of the Court)(ခ)     အပိုင်း (၂) တရားစီရင်ပိုင်ခွင့်၊ သက်သေခံခွင့်ပြုခြင်းနှင့် ပတ်သက်သင့်လျော်သော ဥပဒေ (Jurisdiction, admissibility and applicable law)

(ဂ)     အပိုင်း (၃) ပြစ်မှုဆိုင်ရာဥပဒေ၏ ယေဘုယျကျသော အရေးပါမှု (General principles of criminal law)

(ဃ)    အပိုင်း (၄) တရားရုံး၏ ဖွဲ့စည်းပုံနှင့် စီမံခန့်ခွဲခြင်း (Composition and administration of the Court)

(င)     အပိုင်း (၅) စုံစမ်းစစ်ဆေးခြင်းနှင့် ပြစ်မှုကြောင်းအရ တရားစွဲခြင်း (Investigation and prosecution)

                   (စ)     အပိုင်း (၆) စစ်ဆေးစီရင်ခြင်း (The trial)

                  (ဆ)    အပိုင်း (၇) ပြစ်ဒဏ်စီရင်ခြင်း (Penalities)

                   (ဇ)     အပိုင်း (၈) အယူခံဝင်ခြင်းနှင့်ပြန်လည်ပြင်ဆင်စိစစ်ခြင်း ( Appeal and  revision)

(ဈ)     အပိုင်း (၉) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းခြင်းနှင့် တရားစီရင်ရေးကူညီထောက်ပံ့ခြင်း (International cooperation and Judicial assistance)

                  (ည)    အပိုင်း (၁၀) အတည်ပြုခြင်း (Enforcement)

                  (ဋ)     အပိုင်း (၁၁) နိုင်ငံများ၏ အစည်းအဝေး (Assembly of States Parties)

                  (ဌ)     အပိုင်း (၁၂) ဘဏ္ဍာရေး (Financing)

                  (ဍ)     အပိုင်း (၁၃) အဆုံးသတ် ပုဒ်မခွဲငယ် (Final clauses)

 

ဖွဲ့စည်းပုံ

၁၀။ ရောမဥပဒေအရ သီးခြားဖွဲ့စည်းထားသော ရုံး (၃) ရုံးရှိပါသည်။ ၎င်းတို့မှာ အဖွဲ့ဝင်နိုင်ငံများ၏ အစည်းအဝေးကျင်းပခြင်း (The Assembly of States Parties)၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး (The International Criminal Court)၊ ဘေးဒုက္ခသည်များအတွက် ရံပုံငွေ (The Trust Fund for Victims) တို့ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးတွင် အဓိကဌာနကြီး ၄ ခုရှိပါသည်။ ၎င်းတို့မှာ သဘာပတိရုံး (Presidency)၊ တရားရေးဌာန (Judicial Division)၊ တရားစွဲအမှုလိုက်ရုံး (The Office of Prosecutor)၊ မှတ်ပုံတင်ဌာန (Registry) တို့ဖြစ်ပါသည်။

 

သဘာပတိရုံး

၁၁။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး၏ သဘာပတိရုံးသည် တရားရုံးဖွဲ့စည်းပုံ၏ လေးခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ၎င်းတရားရုံးတွင် သဘာပတိနှင့် ဒုတိယသဘာပတိနှစ်ဦး ပါဝင်ပြီး ၎င်းတို့အား တရားရုံးမှ အကဲဖြတ်အဖွဲ့ဝင်များ၏ မဲထက်ဝက်ကျော်ဖြင့် ၃ နှစ်လျှင် တစ်ကြိမ် ရွေးချယ်တင်မြှောက်ပါသည်။ ၎င်းအကဲဖြတ်အဖွဲ့ဝင်များသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံးတွင် အချိန်ပြည့် တာဝန်ထမ်းဆောင်သူများ ဖြစ်ပါသည်။

၁၂။ သဘာပတိသည် အဓိကကဏ္ဍ ၃ ခုအားတာဝန်ယူဆောင်ရွက်ရပြီး ၎င်းတို့မှာ တရားရေး/ ဥပဒေရေးရာလုပ်ငန်း၊ အုပ်ချုပ်ရေး၊ပြည်ပဆက်ဆံရေး တို့ဖြစ်ပါသည်။ တရားရေး/ ဥပဒေရေးရာ ကဏ္ဍတွင် သဘာပတိသည် ကိစ္စရပ်များကို သဘာပတိရုံးခန်းမှ တာဝန်ခွဲဝေပေးပါသည်။ နိုင်ငံများ၏ သဘောတူညီချက်ဖြင့် ပူးပေါင်းဆောင်ရွက်ပြီး တရားရုံးရှိအမှုများအား မှတ်ပုံတင်အရာရှိနှင့် ကောက်ချက် ချမှုများဖြင့် ပြန်လည်ဆန်းစစ်၍ သေချာသောဆုံးဖြတ်ချက်များကို တရားရုံးတွင် ချမှတ် ပေးပါသည်။ ခြွင်းချက်အနေဖြင့် တရားစွဲအမှုလိုက် အရာရှိ၊ သဘာပတိသည် တရားရုံးအား မှန်ကန်သော တရားစီရင်ရေးဖြစ်ရန် တာဝန်ခံရပြီးနောက် မှတ်တမ်းတင်ရန် ကြီးကြပ် ကွပ်ကဲရပါသည်။ သဘာပတိသည် အမှုနှင့်သက်ဆိုင်သော အပြန်အလှန်ကိစ္စရပ်များတွင် ရှေ့နေများ၏ သဘောတူညီချက်များကို ရှာဖွေ၍ ဟန်ချက်ညီစွာ ထိန်းချုပ်ညှိနှိုင်း ဆောင်ရွက်ပေးရ ပါသည်။ သဘာပတိသည် ၎င်းတာဝန်ယူရသော နယ်မြေအတွင်းရှိ အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်ဆံရေး ကောင်းမွန်စေရန် ဆောင်ရွက်ရပြီး အခြားထူးခြားမှုအနေဖြင့် အသိပညာနိုးကြားသော ပြည်သူလူထုနှင့် တရားရုံးတို့ကြား နားလည်အဆင်ပြေစေရန် ဆောင်ရွက်ရပါသည်။

၁၃။ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ရောမဥပဒေ (Rome Statute) အပိုဒ် ၃၈ အရ သဘာပတိအား တရားရုံးမှ အကဲဖြတ်အဖွဲ့ဝင်များဖြင့် ရွေးချယ်တင်မြှောက်ပြီး ဖြစ်ပါသည်။ လက်ရှိ သဘာပတိ Chile Eboe-Osuji သည် နိုင်ဂျီးနီးယားနိုင်ငံမှဖြစ်ပြီး ဒုတိယသဘာပတိ-၁ အဖြစ် Robert Fremr ၊ ချက်သမ္မတနိုင်ငံ ၊ ဒုတိယသဘာပတိ-၂ အဖြစ် Mare Perrin de Brichambaut ၊ ပြင်သစ်နိုင်ငံ တို့မှဖြစ်ပါသည်။ တရားစွဲအမှုလိုက်အရာရှိ (တရားလိုအရာရှိ) သည် အမျိုးသမီး ဖာတူဘင်ဆူဒါ  Mrs Fatou Bensouda ၊ ဂမ်ဘီယာနိုင်ငံမှ ဖြစ်ပါသည်။            

 

တရားရေးဌာန

၁၄။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး၏ အကဲဖြတ်အဖွဲ့ဝင်တရားသူကြီး (၁၈) ဦး အား ၎င်းတို့၏ ပညာအရည်အချင်း၊ ဘက်မလိုက်မှု၊ သမာဓိရှိမှုနှင့် သက်တမ်းတစ်ခုတွင် ၉ နှစ် တာဝန် ထမ်းဆောင်နိုင်ပြီး ထပ်မံရွေးချယ်ခြင်း မခံရတော့ပါ။ လိုအပ်ပါက အစည်းအဝေးတွင် နိုင်ငံကိုယ်စားပြု အဖွဲ့ဝင်များမှ ရွေးချယ်ပါသည်။ ၎င်းတို့သည် တရားရုံး၌အမှုများကို စစ်ဆေးရာတွင် ဆုံးဖြတ်ချက်များကို တရားမျှတစွာ ဆုံးဖြတ်ပေးရန် တာဝန်ရှိပါသည်။ ထိုပြင် အမှုကိစ္စများအတွက် အမိန့်စာ (ဝရမ်း) ထုတ်ခြင်း သို့မဟုတ် ဖြစ်စဉ်တွင် ပါဝင်သူများကို သမ္မန်စာဆင့်ခေါ်ခြင်း၊ ဘေးဒုက္ခ ကျရောက်ရာတွင် ပါဝင်သူများ၏ လုပ်ပိုင်ခွင့်အာဏာ လွှဲပြောင်းရယူခြင်း၊ မျက်မြင်သက်သေများအား ကာကွယ်ပေးခြင်းနှင့် အခြားသော အမှုနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို ဆောင်ရွက်ရပါသည်။ ၎င်း ၁၈ ဦးမှ သဘာပတိ၊ ဒုတိယ သဘာပတိ ၂ ဦးတို့အား ရွေးချယ်ပေးပါသည်။

၁၅။     အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးတွင် တရားစီရင်ရေး ဆောင်ရွက်ခြင်းအား အပိုင်း ၃ ပိုင်းခွဲထားပြီး ၎င်းတို့မှာ ကြိုတင်တရားစီရင်ခြင်း၊ တရားရုံးတွင် အမှုရင်ဆိုင်ခြင်းနှင့် အယူခံဝင်ခြင်း တို့ဖြစ်ပါသည်။

(က)   ကြိုတင်တရားစီရင်ခြင်း။ အမှုကိစ္စတစ်ခုတွင် ယေဘုယျအားဖြင့် တရားသူကြီး ၃ဦး  ပါဝင်ပါသည်။၎င်းတရားသူကြီးများသည် အောက်ပါတို့ကို ဆောင်ရွက်ရပါသည်-

(၁)     အမှုကိစ္စအတွက် လုံလောက်သော သက်သေထွက်ဆိုချက်များ ပြည်စုံပါက တရားရုံးသို့ လွှဲအပ်ရန် ဆုံးဖြတ်ခြင်း။

(၂)  ခိုင်မာသော စွဲချက်များဖြင့်  အတည်ပြု  ခိုင်မာစေခြင်း နှင့်   တရားရုံးတွင် စစ်ဆေးနိုင်ရန်အတွက် ဆုံးဖြတ်ပေးရခြင်း။

(၃)     အမှုနှင့် သက်ဆိုင်သူများကို တရားခွင်သို့ရောက်ရှိစေရန်  အမိန့်စာ/ ဝရမ်းထုတ်ခြင်း၊ သမ္မန်စာဆင့်ခေါ်ခြင်း။

(၄) တစ်ဦးချင်းသက်သေ ထွက်ဆိုချက်များ၊ သံသယရှိသူများကို ကာကွယ်ခြင်းနှင့် အမျိုးသားလုံခြုံရေးကို  ထိခိုက်စေသော သတင်း အချက်အလက်များကို ကာကွယ်ခြင်း။

(၅) သက်သေများ၊ ဘေးဒုက္ခရောက်သူများ၊ အမှုကိစ္စတွင် ပါဝင်သည့် သံသယရှိသူများကို စုံစမ်းစစ်ဆေးမှု အဆင့်များတွင် လူပုဂ္ဂိုလ်များ အပေါ် မှန်ကန်သော အာမခံမှုရရှိစေရန် ဆောင်ရွက်ပေးခြင်း။

(၆)     ဘေးဒုက္ခရောက်သူများနှင့် သက်သေများအတွက် အထောက်အပံ့များ ပေး၍ကာကွယ်ပေးခြင်း။

(၇) အမှုအခင်းတွင် ဖြေရှင်းဆောင်ရွက်ရမည့်  ခန့်အပ်ထားသော ဥပဒေ အကျိုးဆောင်များ သို့မဟုတ် အခြားသောသူများအား  ကာကွယ် စောင့်ရှောက်ရေးအတွက် ထောက်ပံ့မှုရရှိအောင် ဆောင်ရွက်ပေးခြင်း။

(၈)     တရားရုံးချိန်းမတိုင်မီ  မလျော်ကန်မှုများနှင့် တရားစွဲအမှုလိုက် အရာရှိ၏ လက်သင့်မခံနိုင်သော နှောင့်နှေးမှုများ ဖြစ်လာသည့်အခါ  အမှုအား သေချာစွာစစ်ဆေး ဆုံးဖြတ်နိုင်ရန်အတွက် တရားရုံးအား ဆိုင်းငံ့ကာလ သတ်မှတ်ရာတွင် အဆုံးအဖြတ်ပေးခြင်း။

(၉)  တရားစွဲအမှုလိုက် အရာရှိသည် စုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်ရန် လုပ်ပိုင်ခွင့်အာဏာ လွှဲအပ်ခြင်း သို့မဟုတ် စုံစမ်းစစ်ဆေးမှုကို  ဆက်လက် ဆောင်ရွက်ရန် အဖွဲ့ဝင်နိုင်ငံများမှ တောင်းဆိုလာသော အခါ ၎င်းတရားရုံးကို သက်ဆိုင်ရာ နိုင်ငံများ၏ အမျိုးသားစုံစမ်း စစ်ဆေးရေး ဌာနများသို့ရွှေ့ဆိုင်းခြင်း သို့မဟုတ် အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများနှင့်ပူးပေါင်း ပါဝင်ခြင်းမရှိဘဲ စုံစမ်းစစ်ဆေးမှုကို စတင်ဆောင်ရွက်ခြင်း။

(၁၀)   အမှုတွဲအား စုံစမ်းစစ်ဆေးခြင်းမပြုမီ တရားစွဲအမှုလိုက် အရာရှိ၏ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ခြင်း။

(၁၁)   စောဒကတက်လာသော အမှုကိစ္စအား တရားစီရင်ပိုင်ခွင့် သို့မဟုတ်  ခွင့်ပြုရန်  ဆုံးဖြတ်ခြင်း။

(၁၂)   တရားရုံးစည်းမျဉ်း ၄၆ (၃) ပါအတိုင်း ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် မှတ်တမ်းတင်ခြင်း

(ခ) တရားရုံးတွင်အမှုရင်ဆိုင်ခြင်း။ အမှုကိစ္စတစ်ခုတွင် ယေဘုယျအားဖြင့် တရားသူကြီး ၃ ဦး ပါဝင်ပါသည်။ ၎င်းတရားသူကြီးများသည် အောက်ပါ တို့ကို ဆောင်ရွက်နိုင်ပါသည်-

(၁)     တရားရုံးအား တရားမျှတမှုရှိအောင် စီမံခန့်ခွဲခြင်။

(၂)     ခိုင်လုံသော သံသယများကို ကျော်လွန်ပြီး လုံလောက်သော သက်သေပြရန် အထောက်အထားများကို ဖြေရှင်း၍    စွပ်စွဲချက်သည် ငွေတန်ဖိုးကဲ့သို့ ပေးရသောပြစ်ဒဏ်သတ်မှတ်ခြင်း၊

           (၃)     အပြစ်ရှိသည်ကိုတွေ့၍ ပြစ်ဒဏ်ချမှတ်ခြင်းနှင့် အများပြည်သူနှင့် ဆိုင်သော အပြစ်ဒဏ်ဟု ထုတ်ပြန်ခြင်။

  (၄) ဒုက္ခသည်များ၏ ပျက်စီး/ပျောက်ဆုံးပစ္စည်းများ ပြန်လည်ပေးအပ်ခြင်း၊ လျော်ကြေး ပေးအပ်ခြင်းနှင့် ပြန်လည် ထူထောင်ပေးခြင်းများကို အစီအစဉ် တကျဆောင်ရွက်ပေးခြင်း၊

(ဂ)    အယူခံဝင်ခြင်း။ တရားသူကြီး ၅  ဦးပါဝင်ပါသည်။ ၎င်းတရားသူကြီးများသည် အောက်ပါတို့ကိုဆောင်ရွက် ရပါသည်-

(၁)     အယူခံဝင်သည့်အမှုတွဲများကို အဖွဲ့ဖြင့် ဖြေရှင်းဆောင်ရွက်ခြင်း။

(၂) စီရင်ချက်ချမှတ်ခြင်း၊  အပြစ်ကင်းခြင်း   သို့မဟုတ်  အပြစ်မကင်းသည်ဟု ဆုံးဖြတ်ချက် ချမှတ်ခြင်းများကို နောက်ကြောင်း ပြန်စေခြင်း သို့မဟုတ် ပြင်ဆင်ချက် ထုတ်ရာတွင်   တိကျစေရန်   ခိုင်မာသော  အတည်ပြုချက် များကို ချမှတ်ပေးရခြင်း၊ အကယ်၍လိုအပ်ချက်အရ  အခြားတရားသူကြီး ရုံးခန်းသို့ မရောက်မီ တရားရုံးသစ်မှ ညွှန်ကြားချက် ထုတ်ပြန်ပေးရခြင်း။

                          (၃) တရားစွဲဆိုမှုများသည် တရားမျှတမှုမရှိခြင်း သို့မဟုတ်  မှားယွင်းခြင်းများသည် သက်ဆိုင်သူများအပေါ် စိတ်ထိခိုက်မှုမရှိစေရန် ပြစ်မှုစီရင်ခြင်းအား သေချာစေရန် ဆောင်ရွက်ပေးရခြင်း။

(၄) ဥပဒေချိုးဖောက်မှုများအား ထိုက်သင့်သောပြစ်ဒဏ် ချမှတ်မှုရှိစေခြင်း။

(၅) နောက်ကြောင်းပြန်ခြင်း သို့မဟုတ် ပြင်ဆင်ချက် ထုတ်ပြန်ခြင်းများကြောင့် ကျေလည်အောင် လျော်ကြေးပေးရသည့် အတွက်   ညွှန်ကြားချက်များကို အတည်ပြုခိုင်မာစေခြင်း

(၆) ပြစ်ဒဏ်ချမှတ်ခြင်း သို့မဟုတ် စီရင်ချက်ချမှတ်ရာတွင် နောက်ဆုံးစီရင်ဆုံး ဖြတ်မိန့်ကို ပြင်ဆင်ခြင်း (ဥပမာအားဖြင့် အကယ်၍ အမှုနှင့်သက်ဆိုင်သည့် သက်သေအထောက် အထားအသစ် ရှာဖွေတွေ့ရှိခဲ့လျှင်)။

(၇) အယူခံမှုများအား  ကြားနာသည့် အမှုကိစ္စများတွင် ပါဝင်ဆွေးနွေးသူနှင့် စီရင်ချက်ထုတ်ပြန်သည့် ကြားကာလတွင် စီရင်ချက်အပေါ် တရားစီရင်ပိုင်ခွင့် သို့မဟုတ် ခွင့်ပြုချက်ပေးရခြင်း။

 

တရားစွဲအမှုလိုက်ရုံး

၁၆။     တရားစွဲအမှုလိုက်ရုံးသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးတွင်  သီးခြားရပ်တည်သော အဖွဲ့အစည်း ဖြစ်ပါသည်။  လူမျိုးတုံးသတ်ဖြတ်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်သည့် ရာဇဝတ်မှု ကျူးလွန်ခြင်း၊ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းနှင့် ရာဇဝတ်ကျူးလွန်မှု ပေါ်ပေါက်စေရန် ဆောင်ရွက်ခြင်း များကို တရားစွဲအမှုလိုက်ရုံးတွင် တရားစီရင်ရာ၌ အမှုအခြေအနေပေါ် မှုတည်၍ စစ်ဆေး ဆောင်ရွက်ရန် တာဝန်ရှိပါသည်။ ရာဇဝတ်မှုများအတွက် အများဆုံးတာဝန်ရှိသည့် မည်သည့် ပုဂ္ဂိုလ်မဆို ပြင်ပတွင်စုံစမ်း စစ်ဆေးခြင်းနှင့် တရားရုံး၌အမှုစစ်ဆေးခြင်းကို ကျူးလွန်ခဲ့သည့် ပြစ်မှုအပေါ် မူတည်၍ စစ်ဆေးစီရင်နိုင်ပါသည်။ နယ်မြေအပေါ် သို့မဟုတ် လူမျိုးအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်ယုတ်မာသော ရာဇဝတ်မှုများအား စုံစမ်းစစ်ဆေးရာတွင် လွတ်လပ်ခြင်းနှင့် သမာသမတ်ကျခြင်းတို့ ဖြစ်စေရန် တရားစွဲအမှုလိုက်ရုံးအား လုပ်ပိုင်ခွင့်အပ်နှင်းထားသော အခြေအနေများကြောင့် ပထမဆုံးအကြိမ် စတင်ဖွဲ့စည်းစဉ်ကပင် အဖွဲ့ဝင်နိုင်ငံများ အစဉ်တိုးပွား လာခဲ့ပါသည်။ အဖွဲ့ဝင်နိုင်ငံများပါဝင်သော အစည်းအဝေး၌ အမှုလိုက်အရာရှိနှင့် ဒုတိယအမှုလိုက် အရာရှိတို့ကို  (၉) နှစ် သက်တမ်းအတွင်း ထပ်မံမရွေးချယ်တော့ဘဲ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းခြင်းကို တရားရုံးရှိ တရားသူကြီးများက ကြိုက်နှစ်သက်ကျပါသည်။

 

(က)   ရုံးလုပ်ငန်းဆောင်ရွက်ပုံ။     ၎င်းရုံးတွင် မတူညီသောနိုင်ငံ (၈၀) မှ ရံပုံငွေဖြင့် ဝန်ထမ်းအင်အား ၃၈၀ ဦး ခန့်သည် စိတ်ထက်သန်စွာဖြင့် တာဝန်ထမ်းဆောင် လျက်ရှိပြီး ၎င်းတို့ထဲတွင် ဥပဒေဆိုင်ရာကျွမ်းကျင်သူ၊ စုံစမ်းစစ်ဆေးရေးကျွမ်းကျင် သူနှင့်အမှုအား စိစစ်/ ဝေဖန်သူ၊ လူမှုစိတ်ပညာရှင်များ၊ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာများတွင် အတွေ့အကြုံရှိသော ပုဂ္ဂိုလ်များ၊ ပြည်သူ့ဆက်ဆံရေးနှင့် ဆက်သွယ်ရေး အတွေ့အကြုံရှိ ပုဂ္ဂိုလ်များနှင့် အခြားပညာရှင်များ တာဝန်ထမ်းဆောင်လျက် ရှိပါသည်။ လက်ရှိတရားစွဲအမှုလိုက် အရာရှိသည် ဂန်ဘီယာနိုင်ငံမှ ဖာတူဘင်ဆူဒါ  (Ms Fatou Bensouda) ဖြစ်ပြီး လက်ထောက်တရားစွဲ အမှုလိုက်အရာရှိသည်  ကနေဒါနိုင်ငံမှ  ဂျိန်းစ်စတီးဝပ် (Mr James Stewart) ဖြစ်ပါသည်။ ၎င်းရုံးသည် အောက်ပါတာဝန် ၃ ရပ်ကို ထမ်းဆောင်လျက်ရှိပါသည် -

(၁) ပြည့်စုံသော တရားစီရင်ပိုင်ခွင့်နှင့်ပူးပေါင်း ဆောင်ရွက်ခြင်းအပိုင်းတွင် ပဏာမ စစ်ကြောချက်ရရှိရန် ဆောင်ရွက်ပေးခြင်း၊ တရားစီရင်ပိုင်ခွင့်ကိစ္စ တစ်ခုပေါ်၌ အကြံဉာဏ်ရယူရန် စီစဉ်ပေးခြင်း၊ ခွင့်ပြုချက်နှင့် ပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းစဉ်ချမှတ်ခြင်း၊ ၎င်းရုံးအတွက် ပြင်ပနှင့်ဆက်ဆံရေးများကို ညှိနှိုင်းပူးပေါင်း၍ တရားစီရင်ရေး ကောင်းမွန်စေရန် ဆောင်ရွက်ပေးခြင်း။

(၂) စုံစမ်းစစ်ဆေးရေးအပိုင်းတွင် ကျွမ်းကျင်သူများနှင့် ထောက်ခံသူ၏  စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို တရားစွဲဆိုရန် ပြည့်စုံအောင် ဖြည့်စွက်၍ စီစဉ်ပေးရခြင်း၊ ဝန်ထမ်းများထိရောက်စွာ လက်တွေ့ဆောင်ရွက်ရာတွင် ညှိနှိုင်းပူးပေါင်းပေးရခြင်း၊ လုံခြုံရေးအစီအစဉ် ရေးဆွဲခြင်း၊ မူဝါဒအား ကာကွယ်စောင့်ထိန်းခြင်း၊ ရာဇဝတ်မှုအားလေ့လာဆန်းစစ်ခြင်း၊ သက်သေအထောက်အထားနှင့် သတင်းအရင်းအမြစ်အား လေ့လာဆန်းစစ်ခြင်း။

(၃) တရားစွဲဆိုခြင်းအပိုင်းတွင်  တရားလို/တရားခံရှေ့နေများ၏  လျောက်လဲချက်များကို   နှိုင်းယှဉ်ခြင်း၊ ရှေ့နေများနှင့်ဆက်သွယ် ဆောင်ရွက်ခြင်း၊ တရားခွင်၌ ရေးသားချက်နှင့်  နှုတ်မှထွက်ဆို ချက်များကို   တရားသူကြီးထံ တင်သွင်းခြင်း။

(ခ) တရားစီရင်ရေးဆောင်ရွက်ပုံ။  ရောမဥပဒေပုဒ်မ-၁၃အရ တရားရုံး၏ တရားစီရင် ပိုင်ခွင့်အောက်တွင် မည့်သည့်ရာဇဝတ်မှုမျိုးမဆို အစပျိုးပေါ်ပေါက်လာပါက ကော်မတီဖွဲ့၍ တရားရုံးတွင် အောက်ပါနည်းလမ်း  ၃  ခုဖြင့် စစ်ဆေးစီရင်ခံရမည် ဖြစ်ပါသည်-

(၁) မည်သည့်အဖွဲ့ဝင်နိုင်ငံမဆို ရောမဥပဒေအရတရားစွဲ အမှုလိုက်အရာရှိမှ တောင်းဆို လာခဲ့လျင် စုံစမ်းစစ်ဆေးခွင့် ရှိပါသည်။ (ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ယူဂန်ဒါ၊ ဗဟိုအာဖရိက သမ္မတနိုင်ငံမှ ဖြစ်စဉ် ၂ ခု နှင့် မာလီနိုင်ငံ) ။

(၂) ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှ တရားစွဲအမှုလိုက် အရာရှိထံသို့ အမှုကိစ္စအား လွှဲအပ်နိုင်ပါသည်။ (ဒါဖာနှင့်လစ်ဗျားနိုင်ငံ)။  ကုလသမဂ္ဂမှ တရားရုံး၏ တရားစီရင်ပိုင်ခွင့်အား အဖွဲ့ဝင် မဟုတ်သည့် နိုင်ငံများသို့ အမှုတွဲလွှဲပြောင်းခြင်း မပြုနိုင်ကြောင်း ရောမဥပဒေတွင် ဖော်ပြထားပါသည်။

(၃) တရားသူကြီး၏လုပ်ပိုင်ခွင့်ပြီးနောက် တရားစွဲအမှုလိုက်အရာရှိသည် ၎င်း၏ ကိုယ်ပိုင်ဆုံးဖြတ် ချက်ဖြင့် နောက်ဆုံးအကြိမ်       စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်နိုင်ပါသည်။ (ကင်ညာနိုင်ငံ၊ အိုင်ဗရီကို့စ်နိုင်ငံ၊ ဂျော်ဂျီယာနိုင်ငံ)။ တရားစွဲအမှုလိုက်သူ၏ အရာရှိသည်  ၎င်းတစ်ဦးတည်း  ဆုံးဖြတ်ချက်ဖြင့် အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများကို စုံစမ်းစစ်ဆေးမှုတွင် လေးစားမှုအရ အစမပြုနိုင်ပါ။ အကယ်၍ပြုလုပ်သည့်ကိစ္စတွင် အဖွဲ့ဝင်တို့၏ အမျိုးသားရေး ဝါဒပါသည့် ရောမဥပဒေအား ကျူးလွန်သည်ဟုစွပ်စွဲချက်အဆိုအရ အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများ၏ ပိုင်နက်နယ်မြေများ အပေါ်တွင် မေးခွန်းများ /ပြစ်မှုများ ပါဝင်လာပါသည်။

(၄) ခြွင်းချက်အားဖြင့် နိုင်ငံများသည် တရားစီရင်ပိုင်ခွင့်အား ad hoc  ကို အခြေခံ၍ ရောမဥပဒေ ပုဒ်မ ၁၂ (၃) အရ ကြေညာချက်ထုတ်ပြန်၍ တင်ပြဆောင်ရွက်ခြင်းကို     လက်ခံရပါသည်။

(ဂ)    ကြိုတင်စစ်ဆေးခြင်း။         တစ်ဦးချင်း၊ အဖွဲ့လိုက် သို့မဟုတ် နိုင်ငံများမှ ရာဇဝတ်မှုနှင့် ပတ်သတ်သည့် စွပ်စွဲချက်များကို  တရားစွဲအမှုလိုက် အရာရှိထံသို့   ပေးပို့နိုင်ပြီး တရားရုံး၏ တရားစီရင်ပိုင်ခွင့်အောက်တွင်  ဆောင်ရွက်ကြပါသည်။ ယနေ့အထိ     တရားစွဲအမှုလိုက်အရာရှိထံသို့ အကြိမ် ၁၀၀၀၀အထက် ဆက်သွယ်ဆောင်ရွက်ကျပြီး ကနဦးအနေဖြင့် ပမာဏစစ်ဆေးရေးရုံးတွင် စတင်ဆောင်ရွက်ရပါသည်။ ၎င်းရုံးသည် အခြေခံကျသော ကျိုးကြောင်းဆီလျော်ချက်များ ရရှိရန် ကနဦးစုံစမ်း စစ်ဆေးချက်များအဖြစ် ကြိုတင်စစ်ဆေးရန် ဆုံးဖြတ်ပါသည်။ ၎င်းရုံးမှ ကနဦး စုံစမ်း စစ်ဆေးခြင်းကို လက်တွေ့ကျသော အကြောင်းကိစ္စများထဲမှ တစ်ခုမဟုတ် တစ်ခုကို ကြိုတင် စစ်ဆေးခြင်းအဖြစ် ဆုံးဖြတ်ပါသည်။ ထိုကြောင့် လုပ်ဆောင်ချက်ရလဒ်အရ ၎င်းရုံးသည်   ဥပဒေရေးရာစံနှုန်းများ အတည်ပြုရန်နှင့်  အကဲဖြတ်ခြင်းများ လိုအပ်ပါသည်။ အခြားအရာများထဲတွင် စံနှုန်းများသည် - ၂၀၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့   နောက်ပိုင်းတွင် ရာဇဝတ်မှုကျူးလွန်ခဲ့လျှင် ရောမဥပဒေအရ ၎င်းနေ့တွင် အကျုံးဝင်သော တရားရုံး၏ တရားဝင်သဘော တူညီချက်တွေ့ရှိမှုများ၊ အကယ်၍ ရာဇဝတ်မှုချိုးဖောက်မှုများကြောင့် အဖွဲ့ဝင်နိုင်ငံများ၏ နယ်မြေအတွင်း၌ အစားထိုးမှုများ (သို့မဟုတ်) အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံသားများမှ ရာဇဝတ်မှု ကျူးလွန်မှုများ (ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှ အခြေအနေအား လွှဲပြောင်းပေးခြင်း မပြုခဲ့လျှင်)၊ အကယ်၍ ရာဇဝတ်မှု အရေအတွက် များပြားလျှင် လူ့သဘောသဘာဝကို ဆန့်ကျင်သောရာဇဝတ်မှု (သို့မဟုတ်) လူမျိုးတုံးသတ်ဖြတ်မှု၊ ရာဇဝတ်မှုများ၏ အတိမ်အနက်များလေးနက်မှု၊ အကယ်၍မမှန်ကန်သော အမျိုးသား နိုင်ငံတော် အဆင့်နှင့်ဆိုင်သော တူညီသော ရာဇဝတ်မှုကျူးလွန်ခြင်းအတွက်နှင့် ရှင်းလင်းမြင်သာသည့်  စုံစမ်းစစ်ဆေးမှုများတွင် တရားစွဲဆိုမှုများသည်  တရားမျှတမှုကို စိတ်ဝင်စားသော အမှုထမ်း မဟုတ်သူနှင့် ဒုက္ခသည်များအတွက် ကြိုးပမ်းဆောင်ရွက်သူများ ပါဝင်ပါသည်။ နိုင်ငံ့အာဏာပိုင် အဖွဲ့အစည်းများ၏ မူလကနဦး တာဝန်ယူမှုသည် ပထမဆုံးသာဓကအရ အစုလိုက်အပြုံလိုက်သော ရာဇဝတ်ကျူးလွန်မှုများတွင် ကော်မရှင်ဖွဲ့၍ တာဝန်ယူဆောင်ရွက်ပြီး ဖြစ်စဉ်အပေါ် စုံစမ်း စစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ပါဝင်ပါသည်။ တရားရုံးမှ စတင်စုံစမ်းခြင်းသည် ရောမဥပဒေ၏ ဥပဒေဆိုင်ရာ စံနှုန်းများအရ ဥပဒေပြဋ္ဌာန်းခြင်း၊ အဓိကတာဝန်ရှိသော  အမျိုးသားနိုင်ငံတော်အဆင့် အာဏာပိုင် အဖွဲ့အစည်းမှ ထိန်းသိမ်းရန် မအောင်မြင်ခြင်းနှင့် သက်ဆိုင်ရာနိုင်ငံမှ အမှန်တကယ် တရားစွဲဆိုရန် ပျက်ကွက်ခြင်းများတွင် ကနဦးတာဝန်ယူစုံစမ်း စစ်ဆေးခြင်းကို အတည်ပြု ဆောင်ရွက်နိုင်ပါသည်။ ၎င်းတို့အား အချိန်နှင့်တပြေးညီ မဆောင်ရွက်သော်လည်း ရောမဥပဒေ သတ်မှတ်ချက်တွင် ကြိုတင်စစ်ဆေးခြင်းကို ဖြစ်ပေါ်စေခြင်းက အမှုပိတ်သိမ်း နိုင်ရန်အတွက် ဖြစ်ပါသည်။ ပတ်ဝန်းကျင်အနေအထား တစ်ခုခြင်း၏ ဖြစ်ရပ်မှန်နှင့် အခြေအနေအပေါ် မူတည်၍ အားထားမှီခိုရသော တရားစွဲအမှုလိုက်အရာရှိသည် အောက်ပါအခြေအနေ ၃ ခုမှ တစ်ခုခုပေါ်တွင် ဆုံးဖြတ်နိုင်ပါသည်-

 

(၁)     ကနဦးစုံစမ်းစစ်ဆေးရန် ငြင်းဆိုခြင်း။

(၂) ရာဇဝတ်မှုအပေါ် တိုင်တန်းစွဲဆိုချက်များ စုစည်းပြီး ဆက်လက်ဆောင် ရွက်ခြင်းနှင့် ဆက်စပ်နေသည့်နိုင်ငံကို တရားစွဲဆို အမိန့်ထုတ်ပြန်ရန် ဆုံးဖြတ်ခြင်းများ ပြုလုပ်ခြင်း (သို့မဟုတ်)

(၃) သင့်လျော်သော တရားရေးခွင့်ပြုမိန့်ဖြင့် စုံစမ်းမှုကိုစတင်ခြင်းတို့ ဖြစ်ပါသည်။ ကြိုတင် စစ်ဆေးခြင်းတွင် တရားစွဲအမှုလိုက်ရုံးသည်လည်း သက်ဆိုင်ရာနိုင်ငံ၏ အမိန့်အာဏာကို အားပေးကူညီ ဖြည့်ဆည်းပေးရန် အဓိကတာဝန်ရှိပြီး သက်ဆိုင်ရာနိုင်ငံမှ  ၎င်းတို့ကိုယ်တိုင် စုံစမ်းစစ်ဆေးရန်နှင့် တရားစွဲဆိုသည့် သဘောတရားအတိုင်း စီစဉ်ပေးခြင်းနှင့် အခွင့်အရေးပေးရန် ဆောင်ရွက်ပေးရပါသည်။ ရောမဥပဒေသတ်မှတ်ချက် အကျိုးသက်ရောက်မှုတွင် တရားစွဲအမှုလိုက် ရုံး၏ဆုံးဖြတ်ချက်သည် ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးရန်လိုအပ်ပြီး နှောင့်နှေးခြင်းမရှိစေရန် ဆောင်ရွက်ရပါမည်။ နိုင်ငံရေးနှင့်ပတ်သက်သော စဉ်းစားသုံးသပ်ခြင်း၏ အစိတ်အပိုင်းမဖြစ်စေရန် တရားစွဲအမှုလိုက်ရုံးမှ  ဆုံးဖြတ်ချက် ချမှတ်နိုင်ပါသည်။

(ဃ) စုံစမ်းစစ်ဆေးခြင်း။      ယေဘုယျအားဖြင့် စုံစမ်းစစ်ဆေးခြင်း ဆောင်ရွက်ရာတွင် တရားစွဲအမှုလိုက်ရုံးမှ ရည်မှန်းချက်များအား ပေးပို့ပါသည်။အကယ်၍ လိုအပ်ပါက အမှုလိုက် ရှေ့နေများသည် အများအားဖြင့် သက်ဆိုင်သည့်နိုင်ငံများသို့ မတူညီသော သက်သေ အမျိုးအစားများ စုဆောင်းခြင်းနှင့်စစ်ဆေးခြင်း၊ လူတန်းစားအလွှာ အသီးသီးကိုမေးခွန်းများ မေးမြန်းခြင်း၊ ဒုက္ခသည်များနှင့် မျက်မြင်သက်သေများအား စုံစမ်းစစ်ဆေးခြင်းတို့ကို စုံစမ်းစစ်ဆေးသူများမှ အမှုတွဲတည်ဆောက်ခြင်း၊ အကြံပေးပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပါသည်။ ၎င်းလှုပ်ရှားမှုများကို တာဝန်ယူဆောင်ရွက်ရာတွင်  တရားစွဲအမှုလိုက်ရုံးသည်   အဖွဲ့ဝင်နိုင်ငံများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကူညီမှုများရယူခြင်း၊ အပြည်ပြည် ဆိုင်ရာနှင့်ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ ရယူချိတ်ဆက် ဆောင်ရွက်ခြင်းများ  ပြုလုပ်ရပါသည်။ စုစည်းသက်သေ ဖြစ်စဉ်များအရ တရားစွဲအမှုလိုက်ရုံးသည် အရေးကြီးသော ဖြစ်ရပ်များနှင့် ပြစ်မှုကျူးလွန်ရာတွင် တာဝန်ရှိသူများအား ဖော်ထုတ်ရပါသည်။ ၎င်းရုံးသည် သတ်မှတ်ထားသည့် အခြေအနေအပေါ်တွင် ဖြစ်စဉ်မှန်စတင်ပေါ်ပေါက်စေရေးအတွက် ပြစ်မှုကျူးလွန် သူများနှင့် အပြစ်မရှိသော သက်သေများအား စုစည်းရန်တာဝန်ရှိပါသည်။ တရားစွဲဆိုခြင်းအပိုင်းတွင် ထုချေလျှောက်လဲချက်များဖြင့် အပြစ်မရှိကြောင်း  ထုတ်ဖော်ကြေညာ နိုင်ပါသည်။ တရားရုံး၏  တရားစီရင်ပိုင်ခွင့်အတွင်း တရားစွဲအမှုလိုက်ရုံးမှ တစ်ကြိမ်စဉ်းစား ဆုံးဖြတ်မှုသည် ပြည့်စုံသော သက်သေများ၏ သက်သေထွက် ဆိုချက်များကို တရားသူကြီးထံမရောက်မီ ရာဇဝတ်မှုအတွက် တစ်ဦးချင်းတာဝန်ယူရပြီး ၎င်းရုံးမှအမှုကိစ္စတွင် လာရောက်သက်သေ ခံရန်အတွက် ဖမ်းဝရမ်းထုတ် ခြင်း သို့မဟုတ် သမ္မန်စာထုတ်ခြင်းအား တရားသူကြီးထံ တောင်းဆိုနိုင်ပါသည်။

(င) အမှုကိစ္စတွင်  လာရောက်  သက်သေခံရန်အတွက် ဖမ်းဆီးရန်  ဝရမ်းထုတ်ခြင်း သို့မဟုတ် သမ္မန်စာထုတ်ခြင်း။ သက်သေများအပေါ်အခြေခံ၍ အမှုစုံစမ်းစစ်ဆေးသည့် ကာလအတွင်း စုစည်းခြင်းသည် ၎င်းရုံးမှ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး၏ တရားသူကြီးများထံ အမှုကိစ္စနှင့် ပတ်သက်သူများကို တရားရုံးသို့ လာရောက်သက်သေခံရန် ဝရမ်းထုတ်ခြင်း သို့မဟုတ် သမ္မန်စာ ထုတ်ခြင်းများ တင်ပြတောင်းဆိုနိုင်ပါသည်။ တရားသူကြီးများသည် ရာဇဝတ်မှုကျူးလွန်သည့် ၎င်းလူပုဂ္ဂိုလ်အား တစ်ကြိမ်တစ်ခါမျှသာ သဘာဝကျသော အကြောင်းပြချက်ပေး၍ ယုံကြည်မှုရှိစေရန် တရားရုံး၏ တရားစီရင်ပိုင်ခွင့်အတွင်း ဆောင်ရွက်စေခြင်း၊ တရားသူကြီးများသည် အမှုကိစ္စ တစ်ခုတည်းအပေါ်၌ တရားရုံးတွင် အမှုရင်ဆိုင် ရန်အတွက်    ဝရမ်းထုတ်သော လူပုဂ္ဂိုလ်အား ကြိုတင်တရားစီရင်၍ သေချာ စေခြင်း၊ ၎င်းပုဂ္ဂိုလ်အား စုံစမ်းစစ်ဆေးခြင်း/ရုံးတင် စစ်ဆေးရာတွင် တားဆီး ပိတ်ပင်သည် (သို့မဟုတ်) အန္တရာယ်မဖြစ်စေသည် (သို့မဟုတ်) တရားရုံး၏ အမှု ဆိုင်ရာဆောင်ရွက်ချက်များသည် ၎င်းပုဂ္ဂိုလ်အား ရာဇဝတ်မှု နှင့်ပတ်သက်သည့် မေးခွန်းများ ဆက်လက်မေးမြန်းရာတွင် ကာကွယ်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။ ကောက်ချက်ချမှု/ ငြင်းချက် ထုတ်မှုတစ်ခုခု ပေါ်ပေါက်စေသော အမှုကိစ္စများတွင် မည်သည့်နေရာတွင်မဆို ဖမ်းဆီးရန် နှောင့်နှေးစေခြင်း၊ ဖမ်းဆီးဝရမ်းထုတ်ခြင်းများသည် အသက်ရှင်သန်ရန်အတွက် ခိုင်လုံမှုရှိစေရပါမည်။ တစ်ကြိမ် ဖမ်းဆီးမှုတွင်  သံသယရှိသူအား တရားရုံး၏  ခေတ္တထိန်းသိမ်းထားသောစခန်း (အချုပ်ခန်း) တွင် ချုပ်နှောင်ထားနိုင်ပါသည်။ အခြားစွဲဆိုချက်ဖြင့် တရားသူကြီးများသည် အမှုကိစ္စများ ပေါ်ပေါက်လာပါက သမ္မန်စာဆင့်ခေါ်ခြင်းကို ခိုင်လုံသော အကြောင်းပြချက်၊ ယုံကြည်ချက်ဖြင့်  တရားရုံးရှေ့မှောက်သို့  ရောက်ရှိလာအောင် ဆောင်ရွက်ရပါမည်။ တရားရုံးသို့ ထွက်ဆိုချက်ပေးရန် လာရောက်သော တရားပြိုင်/တရားခံများသည် တရားရုံး၏ဆန္ဒအရ လာရောက်ခြင်းဖြစ်သဖြင့် တရားရုံးမှချုပ်နှောင်ထားခြင်း (သို့မဟုတ်) ထိန်းသိမ်းထားခြင်း မဟုတ်သကဲ့သို့ ဆောင်ရွက်ရပါသည်။

(စ) တရားစွဲဆိုခြင်း။      လူပုဂ္ဂိုလ်တစ်ဦးသည် မည်သူ့ကိစ္စတွင်မဆို ဖမ်းဆီးရန်ဝရမ်းထုတ်ခြင်း သို့မဟုတ်  သမ္မန်စာဆင့်ဆိုခြင်းခံရပါက တရားရုံး၏   ထိန်းသိမ်းစောင့်ရှောက်ခွင့် သို့မဟုတ် စီရင်ခွင့်တို့ဖြင့် တရားရုံးသို့ စေတနာအလျောက်လာရောက် ထွက်ဆိုနိုင်ခြင်း၊ တရားစွဲအမှုလိုက် ရုံးသည် ပထမဆုံးအနေဖြင့် တရားသူကြီးများ၏ လက်ခံယုံကြည်မှုဖြင့် ကြိုတင်အမှုစစ်ဆေးခြင်းကို   အဆင့်လိုက်ဆောင်ရွက်ပြီး လုံလောက်သော အထောက်အထားရရှိပါက ကျူးလွန်ခဲ့သည့် အမှုအတွက် တရားရုံးတွင် အမှုရင်ဆိုင်စေပါသည်။ ထိုအဆင့်တွင် တရားသူကြီးများသည်  တရားစွဲအမှုလိုက် အရာရှိရုံးမှ  တရားပြိုင်များကို ဆန့်ကျင်၍ စွဲချက်များ၌ အတည်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ ပြန်လည်သုံးသပ်ခြင်း စသည်ဖြင့် တစ်ခုမဟုတ်တစ်ခုကို ရွေးချယ်ရန်ဆုံးဖြတ် ပါလိမ့်မည်။ အကယ်၍   တရားသူကြီးများမှ စွဲဆိုချက်များကို  အတည်ပြုပါက ၎င်းအမှုကိစ္စကို တရားရုံးသို့ တင်သွင်းပါသည်။ အမှုတစ်ကြိမ် စစ်ဆေးရာတွင် တရားစွဲအမှုလိုက် အရာရှိသည် ပထမဆုံးအနေဖြင့်    ၎င်းအမှု၌  တရားခံ၏သံသယ ဖြစ်မှုများအား အကျိုးသင့်အကြောင်းသင့်  လျောက်လဲခြင်းဖြင့် အပြစ်မရှိကြောင်း သက်သေအဖြစ် တင်သွင်းနိုင်ပါသည်။တရားစွဲအမှုလိုက်ရုံးတွင်  သက်သေခံအဖြစ် အထောက်အထားများ၊  အခြားသေချာသော  အရာဝတ္တုများ  သို့မဟုတ်   မျက်မြင် တွေ့ရှိချက်များကို ၎င်းရုံး၏ မျက်မြင်သက်သေများမှ  မေးခွန်းများ အပြန်အလှန် မေးမြန်းရာတွင်လည်း  ခုခံချေပချက်များအဖြစ် တင်သွင်းနိုင်ပါသည်။ တရားစွဲဆိုခြင်းအပိုင်းတွင်     တရားစွဲအမှုလိုက် အရာရှိသည် အပြစ်ကျူးလွန်သူဖြစ်ကြောင်း သက်သေထွက်ဆိုချက်နှင့် ခုခံချေပချက်များမှ  အပြစ်မရှိကြောင်း  ကြေညာချက်များအားထုတ်ဖော် ပြောဆိုနိုင်ပါသည်။ ၎င်းရုံးသည်  စုံစမ်းစစ်ဆေးမှု နှစ်မျိုးအားပြုလုပ်သည့် ကာလတစ်လျောက်လုံးတွင် ထည့်သွင်းစဉ်းစားသင့်သည့် အခြေအနေများအား မှန်ကန်မှုရှိစေရန်အတွက် ခိုင်မာသောသက်သေများအဖြစ်   စုစည်းရန် တာဝန်ရှိပါသည်။ ထိုရုံးမှသက်သေခံများ၊ စွဲချက်များအား အလှည့်ကျတင်သွင်းခြင်း၊ ဥပဒေအကျိုးဆောင် အဖွဲ့များ၏ အကြံပြုချက်များဖြင့်  အကူအညီရယူခြင်း၊  ချေပလျှောက်လဲချက်များ တင်သွင်းခြင်း         စသည်တို့ကို ဆောင်ရွက်နိုင်ပါသည်။ 

(ဆ)   ချေပလျှောက်လဲခြင်း။ တရားမျှတသော အမှုစစ်ဆေးခြင်းအတွက် ခိုင်မာသောချေပ လျှောက်လဲချက်များသည် မရှိမဖြစ်လိုအပ်သော   အစိတ်အပိုင်းဖြစ်ပါသည်။ ချေပလျှောက်လဲသော အဖွဲ့များသည်     တရားမျှတသောတရားပြိုင်များ   (သင်္ကာမကင်းရှိသူနှင့် တရားခံများ) အားကိုယ်စားပြုခြင်းနှင့်  ကာကွယ်စောင့်ရှောက်ခြင်းများ  ဆောင်ရွက်ရပါသည်။ တရားပြိုင်များအား သက်သေများမှ   အပြစ်မဲ့သည်ဟု ထွက်ဆိုခဲ့သည့်တိုင်အောင်တရားရုံးတွင်မူ သံသယဖြစ်မှုများအား အပြစ်ရှိသကဲ့သို့ ဆောင်ရွက်ရပါမည်။တရားပြိုင်တိုင်းသည်ပြည်သူထံသို့ဘက်မလိုက်သော တရားစွဲ ဆိုခြင်းများအား သမာသမတ်ကျခြင်းနှင့်ပြည့်ဝသောညီမျှခြင်းများဖြင့် ဆောင်ရွက်ရပါသည်။ ရောမဥပဒေအရ တရားပြိုင်များ၏  တိကျမှန်ကန်သော ခုခံမှုများ ပါဝင်သော အပိုင်းတွင်-

(၁)     တရားစွဲဆိုရန်သတင်းမှန်ကန်မှု၊  လုံလောက်သောအချိန်ပေးမှု၊  လိုအပ်သည့်  သက်သေခံ ပစ္စည်းများဖြင့် ခုခံချေပမှု၊

(၂)     မလိုလားအပ်သော နှောင့်နှေးကြန့်ကြာမှုအပိုင်းတွင်   လွတ်လပ်စွာ ရှေ့နေရွေးချယ်မှု၊ သက်သေများကို စစ်ဆေးမှုနှင့် သက်သေခံချက်များ   တင်သွင်းရာတွင် အတင်းအကြပ်  မဆောင်ရွက်စေခြင်း  သို့မဟုတ်  အပြစ်ကို   ဝန်ခံစေခြင်း၊

(၃)     ငြိမ်သက်တိတ်ဆိတ်နေသော တရားစွဲဆိုခြင်း ဆောင်ရွက်ရာတွင် ဘာသာစကား နားလည်ရန်  လိုအပ်ပါက ဆောင်ရွက်ပေးခြင်း၊

(၄)     တရားစွဲအမှုလိုက်၏ သက်သေသည် သူ/သူမဟူ၍ သက်သေအဖြစ်ပြခြင်း (သို့မဟုတ်) အပြစ်မဲ့စွပ်စွဲခံရသူဟူ၍ပြခြင်း (သို့မဟုတ်) စွပ်စွဲခံရခြင်း ပြစ်မှုလျှော့ပါးစေခြင်း၊

(၅)     စကားပြန်ဖြင့်ဘာသာပြန် ဆိုပေးခြင်းတို့အား ခွင့်ပြုဆောင်ရွက်နိုင်ပါသည်။ ချေပလျှောက်လဲသည့် ရှေ့နေသည် အပြည်ပြည်ဆိုင်ရာ  ရာဇဝတ်တရားရုံးမှ ဝန်ထမ်း မဟုတ်သူ သီးခြားနေရာမှ   ဖြစ်ရပါမည်။ ခုခံချေပသည့်အဖွဲ့သည် ၎င်းတို့၏ သင့်လျော်သော အမည်စာရင်းဖန်တီးမှုနှင့် ထိန်းသိမ်းခြင်း အသုံးပြုရန်  တရားရုံးသည် လက်တွေ့တွင် အရည်အချင်းရှိရပါမည်။  ၎င်းတို့မှာရှေ့နေ (ညှိနှိုင်းသူ)၊ လက်ထောက် ရှေ့နေ၊ ကျွမ်းကျင်စုံစမ်းသူများ။

 

မှတ်ပုံတင်ဌာန      

၁၇။  မှတ်ပုံတင်ဌာနသည် တရားရုံးတွင် ဘက်မလိုက်သောဌာနဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးမှ လုပ်ငန်းတာဝန်ခွဲဝေခြင်း၊ တရားမျှတစွာစီမံခန့်ခွဲခြင်းနှင့် ထိရောက်သော တရားစွဲဆိုခြင်းများ ပြုလုပ်ရန် အခြားဌာနများအား ဝန်ဆောင်မှုပေးရသော ဌာနဖြစ်ပါသည်။ ၎င်းဌာနသည် အောက်ပါ အမျိုးအစား ၃ မျိုးအား အဓိကတာဝန်ယူဆောင်ရွက်ရပါသည်-

(က)    တရားစီရင်ရေးနှင့်ပတ်သက်သည့် ကူညီဆောင်ရွက်မှု။   ၎င်းတွင် တရားရုံး၏ စီမံခန့်ခွဲမှု၊  တရားရုံးမှတ်တမ်း၊ ဘာသာပြန်ဆိုခြင်းနှင့်  စကားပြန်ဆောင်ရွက်ခြင်း၊ ဥပဒေအကျိုးဆောင် များအားကူညီပေးခြင်း (ဥပဒေအကျိုးဆောင်များစာရင်း၊ အကြံဉာဏ်ပေးသူများ၊ ကျွမ်းကျင်သူများ၊ စုံစမ်းမေးမြန်းသူများ၊  ဒုက္ခသည်များနှင့်ချေပ လျှောက်လဲသူများအား ကူညီသူများ၏ရုံးများ) ဗဟိုစုံစမ်းရေး၊  ဥပဒေဆိုင်ရာအကူအညီ၊  တရားစွဲဆိုရာတွင်   ပါဝင်သည့်   ဒုက္ခသည်များအား  ကူညီထောက်ပံ့မှုများ၊ လျော်ကြေးတောင်းခံမှုများ၊ သက်သေများအတွက် ကူညီထောက်ပံ့မှုများနှင့် ကာကွယ်စောင့်ရှောက်ပေးမှုများတို့ ပါဝင်ပါသည်။

(ခ)    ပြည်ပကိစ္စများ ။     ပြည်ပဆက်ဆံရေး၊  အများပြည်သူဆိုင်ရာ အချက်အလက်များနှင့် ပြင်ပသို့ ကူညီထောက်ပံ့မှုများ၊ မြေပြင်သို့ လက်တွေ့ကူညီထောက်ပံ့မှုများ၊ ဒုက္ခသည်နှင့် သက်သေများအား ကူညီထောက်ပံ့မှုများ။

(ဂ)    စီမံခန့်ခွဲမှု။    လုံခြုံရေး၊ရ/သုံးငွေစာရင်း၊ဘဏ္ဍာငွေ၊လူ့စွမ်းအားအရင်းအမြစ်နှင့်အထွေထွေဝန်ဆောင်မှု။

 

ရန်ပုံငွေသုံးစွဲခြင်း

၁၈။     ၂၀၀၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ပြုလုပ်သော ပထမအကြိမ်အဖွဲ့ဝင်နိုင်ငံ များ၏ အစည်းအဝေးတွင် တရားရုံး၏ငွေကြေး သုံးစွဲမှုအား ပြန်လည်သုံးသပ်ခြင်းနှင့် စောင့်ကြည့်ရန်အတွက် ဘတ်ဂျက်နှင့်ဘဏ္ဍာရေးကော်မတီဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည်။ ၂၀၁၈ ခုနှစ် အတွက် ငွေကြေး သုံးစွဲမှုမှာ ယူရိုငွေ ၁၄၇,၄၃၁,၅၀၀ ဖြစ်ပြီး အဖွဲ့ဝင် (၁၂) ဦးဖြင့် ဖွဲ့စည်း၍ ၎င်းတို့သည် တူညီသော နိုင်ငံများမှမဖြစ်ရပါ။ ပြက္ခဒိန်နှစ်၏ (၃) နှစ်လျှင်တစ်ကြိမ် ပြန်လည်ရွေးချယ်၍ တာဝန်များကို ဆက်လက်ထမ်းဆောင် ရပါသည်။ ပထမနှစ်တွင် (၄) ဦး၊ ဒုတိယနှစ်တွင် အခြား (၄) ဦး ကျန်သည့်နှစ်တွင် ကျန် (၄) ဦးမှ သုံးနှစ်တွင် တစ်နှစ်စီခွဲဝေ၍ ထမ်းဆောင်ရပါသည်။

 

အဖွဲ့ဝင်နိုင်ငံများ၏ အစည်းအဝေးကျင်းပခြင်း

၁၉။     အဖွဲ့ဝင်နိုင်ငံများ၏ အစည်းအဝေးအား တရားရုံး၏ စီမံကြီးကြပ်စောင့်ကြည့်မှု၊ ဥပဒေပြုမှု၊ နိုင်ငံ့ကိုယ်စားလှယ်များ၏ အတည်ပြုမှုနှင့် ရောမဥပဒေပါ သဘောတူညီချက်များအတိုင်း အတည် ပြုကျင်းပပါသည်။ ရောမဥပဒေပုဒ်မ ၁၁၂ နှင့်အညီ အဖွဲ့ဝင်နိုင်ငံများ၏ အစည်းအဝေးအား တရားရုံး ဖွင့်လှစ်ထားသည့် နယ်သာလန်နိုင်ငံ၊သည်ဟိဂ်မြို့(The Hague)သို့မဟုတ် နယူးယောက်မြို့ရှိ  ကုလသမဂ္ဂဌာနချုပ်တွင် တစ်နှစ်လျှင်တစ်ကြိမ်ကျင်းပပြီး အခြေအနေအရ လိုအပ်ပါက အထူးအစည်းအဝေးများလည်း ကျင်းပပါသည်။ အဆိုပါ ညီလာခံတွင်အဖွဲ့ဝင် နိုင်ငံရှိ ကိုယ်စားလှယ် တစ်ဦးသည် အလှည့်ကျ အကြံပေးခြင်းအား လိုက်နာဆောင်ရွက်ကြရပါမည်။ ရောမဥပဒေတွင် အဖွဲ့ဝင်နိုင်ငံတိုင်းသည် ဆန္ဒမဲတစ်ခုပေးနိုင်သော်လည်း ဆုံးဖြတ်ချက်ရရှိစေရန်အများ ဆန္ဒဖြင့်သာ ကြိုးစားဆောင်ရွက် ရပါသည်။ အဖွဲ့ဝင်မဟုတ်သော နိုင်ငံများသည် မဲပေးပိုင်ခွင့် မရှိသော်လည်း လေ့လာသူအဖြစ် တက်ရောက်နိုင်ပါသည်။ အစည်းအဝေးခန်းမတွင် သဘာပတိ၊ တရားစွဲအမှုလိုက် အရာရှိ၊ မှတ်ပုံတင်အရာရှိ သို့မဟုတ် ၎င်းတို့၏ ကိုယ်စားလှယ်များသည် ဝင်ရောက်၍ သင့်လျော်သလို ဆွေးနွေးနိုင်ပါသည်။

၂၀။     ရောမဥပဒေပုဒ်မ ၁၁၂ အရ သဘာပတိ၊ တရားစွဲအမှုလိုက်အရာရှိ၊ မှတ်ပုံတင်အရာရှိ တို့အား အစည်းအဝေး၌ ၎င်းတရားရုံး၏ စီမံအုပ်ချုပ်စောင့်ကြည့်ရေးနှင့် ပတ်သက်၍ တာဝန်ပေး အပ်ထားပါသည်။ ထို့အပြင် အစည်းအဝေးတွင် ရာဇဝတ်မှုအပေါ် လုပ်ထုံးလုပ်နည်း၊ အထောက် အထားနှင့် အဓိကအချက်များကို ချမှတ်ပေးပါသည်။ ၎င်း၏နှစ်ပတ်လည်အစည်းအဝေးများတွင် တရားရုံး၏ ဘတ်ဂျက်သုံးစွဲမှုများ၊ နိုင်ငံများမှ ထည့်ဝင်သောငွေကြေးကိစ္စများ၊ စာရင်းစစ်အစီရင် ခံစာများကိုပါ အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးကြပါသည်။ ဖြည့်စွက်ဆွေးနွေးမှု အနေဖြင့် အစည်းအဝေးများတွင် ဗျူရို၏လှုပ်ရှားမှုအစီရင်ခံစာ၊ တရားရုံးနှင့်ဘုတ်အဖွဲ့ ဒါရိုက်တာများ၏ ဒုက္ခသည်များအပေါ် ကူညီထောက်ပံ့ငွေ ကိစ္စရပ်များ ပါဝင်ပါသည်။ ၎င်းအစည်းအဝေးမှ နောက်ထပ် တာဝန်ပေးအပ်မည့် တရားသူကြီးများ၊ တရားစွဲအမှုလိုက်အရာရှိ၊ ဒုတိယတရားစွဲအမှုလိုက် အရာရှိများကို ရွေးချယ်တင်မြှောက်ပါသည်။ တရားသူကြီး၊ တရားစွဲအမှုလိုက်အရာရှိ သို့မဟုတ် ဒုတိယတရားစွဲအမှုလိုက်အရာရှိများကို လျှို့ဝှက်မဲ များဖြင့် အစည်းအဝေးတွင် ဖယ်ရှားနိုင်ပါသည်။

 

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးမှ အရေးယူနိုင်သော ပြစ်မှုများ

၂၁။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးသည် လူမျိုးတုံးသတ်ဖြတ်မှု(genocide)၊ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု (war crimes)၊ လူသားမျိုးနွယ် တစ်ခုလုံးကိုထိခိုက်စေသည့် ရာဇဝတ်မှုများ (crimes against humanity)နှင့် အခြားနိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမှုနှင့် လွတ်လပ်ခြင်းကို အင်အားသုံး၍ ကျူးကျော်ခြင်း (Crime of aggression) စသော အဖွဲ့ဝင် နိုင်ငံများမှ ဥပဒေချိုးဖောက်သည့် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက် (သို့) အဖွဲ့အစည်းတစ်ရပ်ကို တရားစွဲဆိုရန်အတွက် စုံစမ်းစစ်ဆေးခြင်းနှင့် မည်သည့်နေရာ၌မဆို ဖမ်းဆီးဝရမ်းထုတ်ခြင်းဖြင့် ခုံရုံးတင်အရေးယူနိုင်ပါသည်။ ၎င်းတရားရုံး၏ ဆောင်ရွက်ချက်များတွင် ကမ္ဘာတစ်ဝှမ်းတွင် ကျူးကျော်သူများ၏ ရာဇဝတ်မှုမှ  ပြစ်ဒဏ်ကင်းလွတ်နေ မှုများ၊ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှု တရားရုံးသို့ ရှောင်တိမ်းနေမှုများ၊ ရာဇဝတ်ချိုးဖောက်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံတတ်စေရန်နှင့် ရာဇဝတ်မှုများကို ကာကွယ်တားဆီးရန်တို့လည်း ပါဝင်ပါသည်။

၂၂။     အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးမှ အဖွဲ့ဝင်နိုင်ငံများအပေါ် အရေးယူနိုင်သောပြစ်မှု များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)   လူမျိုးတုံး သတ်ဖြတ်မှု (Genocide)။ လူမျိုးတုံးသတ်ဖြတ်မှုဆိုသည်မှာ စစ်ပွဲကာလတွင်ဖြစ်စေ၊ စစ်မဖြစ်သည်ဖြစ်စေ၊ မည်သည့် ကာလမျိုးတွင်မဆို နိုင်ငံသား၊ လူမျိုးနွယ်စု၊ လူမျိုးစု သို့မဟုတ် ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့များ အားလုံးကို ဖျက်ဆီးရန် ရည်ရွယ်ချက် သို့မဟုတ် အချို့အစိတ်အပိုင်းကို ဖျက်ဆီးရန် ရည်ရွယ် ချက်ဖြင့် ကျူးလွန်မှုများနှင့် လူအုပ်စုတစ်စုအပေါ် ကျူးလွန်ခြင်းမျိုးကိုလည်း ဆိုလိုပါသည်။ထို့ကြောင့် လူမျိုးတုံးသတ်ဖြတ်မှုသည် နိုင်ငံသား၊  တိုင်းရင်းသား၊  လူမျိုးနှင့်ဘာသာရေးအဖွဲ့ အုပ်စုတစ်စုကိုဖြစ်စေ၊  အုပ်စုတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ် တစ်ပိုင်းကိုဖြစ်စေ ပျက်စီးရန် ရည်ရွယ်ချက်ဖြင့် ကျူးလွန်သောအမှုများ ဖြစ်ပါသည်။ လူမျိုးတုံးသတ်ဖြတ်မှုနှင့် သက်ဆိုင်သော ပြစ်မှုအမျိုးအစား ၅ မျိုး မှာ-

 

(၁)    လူတစ်စု၏အဖွဲ့ဝင်များကို ပစ်မှတ်ထားသော သတ်ဖြတ်ခြင်း

(၂)     လူတစ်စု၏အဖွဲ့ဝင်များကို ရုပ်ပိုင်း  သို့မဟုတ်  စိတ်ပိုင်းဆိုင်ရာ  ပြင်းထန်စွာ အန္တရာယ်ပြုခြင်း

(၃)     အသင်းအဖွဲ့တစ်ခုလုံး သို့မဟုတ် အချို့ကို ရုပ်ပိုင်းဆိုင်ရာ ကျဆင်းပျက်စီး မှုဖြစ်ပေါ်စေရန် ဘဝတစ်လျှောက်လုံးအတွက်ရည်ရွယ်၍ အသက်အန္တရာယ်ကိုထိပါးခြင်း

(၄)     လူအုပ်စုအတွင်းရှိ ကလေးမွေးဖွားမှုကို တားဆီးရန်ဟူသော ရည်ရွယ်ချက်ဖြင့် ချမှတ်သည့် သတ်မှတ်ချက်ကို လိုက်နာစေခြင်း

(၅)     ကလေးသူငယ်များကို  လူအုပ်စုတစ်စုမှ တခြားလူအုပ်စုတစ်စုသို့  အတင်းအဓမ္မ ရွှေ့ပြောင်းစေခြင်း

(ခ)    လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများ (Crime against Humanity)။     လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများ ဆိုသည်မှာ မည်သည့်ကာလ၊ မည်သည့်အရပ်သားလူထုကိုမဆို ဦးတည်၍ အသိ ပညာ ဗဟုသုတအဖြာဖြာတို့ကိုပါ စနစ်တကျတိုက်ခိုက်သော သို့မဟုတ် ကျယ်ကျယ်ပြန့်ပြန့်တိုက်ခိုက်သော ကျူးလွန်မှုများကို ဆိုလိုပါသည်။ ထိုပြစ်မှု ဖြစ်မြောက်ရန်အတွက် အရပ်သားပြည်သူများအပေါ်  ဆိုးဝါးစွာ ကျူးလွန်ဖြစ်ပျက် သည့် သို့မဟုတ် စနစ်တကျ ကြံစည်သည့်တိုက်ခိုက်မှုမျိုး ဖြစ်ရပါမည်။လူသားမျိုး နွယ်တစ်ခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုနှင့်သက်ဆိုင်သည့် ပြစ်မှု ၁၁ ခု မှာ-

                    (၁)     လူသတ်ခြင်း၊

                    (၂)     မျိုးဖြုတ်ခြင်း၊

(၃)     ကျွန်ပြုခြင်း၊

(၄)     ပြည်နှင်ဒဏ်ပေးခြင်း သို့မဟုတ် လူ့အသိုင်းအဝိုင်းမှ အတင်းအကြပ် ရွှေ့ပြောင်းစေခြင်း၊

(၅)     ထောင်သွင်းအကျဉ်းချခြင်း  သို့မဟုတ်  အပြည်ပြည်ဆိုင်ရာ  အခြေခံစည်း မျဉ်းများကို ချိုးဖောက်၍ လူတစ်ယောက်၏ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ပြင်းထန်စွာ ဆုံးရှုံးစေခြင်း၊

                   (၆)     ညဉ်းပန်းနှိပ်စက်ခြင်း၊

(၇)     မုဒိမ်းကျင့်ခြင်း၊ လိင်ကျေးကျွန်ပြုခြင်း၊အတင်းအကျပ် ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်း၊ အာဏာဖြင့် ကိုယ်ဝန်ရှိစေခြင်း၊ အတင်းအကြပ် ကိုယ်ဝန်မရစေခြင်း သို့မဟုတ် အခြားဆိုးဝါးသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို နှိုင်းယှဉ်၍ မဖြစ်ဖြစ်အောင် ပြုလုပ်ခြင်း၊

(၈)     သက်သေအထောက်အထားပြနိုင်သည့်  ရွေးချယ်ထားသော မည်သည့်လူစုကို မဆို ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် နိုင်ငံရေး၊ လူမျိုးရေး၊ အမျိုးသားရေး၊ မျိုးနွယ်စုရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ ကျား/မအရေး စသည့်အုပ်စုများ အား ပုဒ်မ(၃)အရ  သို့မဟုတ်  အခြားသောနယ်ပယ်များ၊လူအများလက်ခံ အသိအမှတ်ပြုထားသည့် နိုင်ငံတကာဉပဒေအရ ခွင့်မပြုနိုင်သောနေရာ များ၌ မည်သည့်ဉပဒေကို ရည်ညွှန်းမှီငြမ်းထားသော ဆက်သွယ်ခြင်း သို့မဟုတ် တရားရုံး၏ တရားစီရင်ချက်အရ မည်သည့်ရာဇဝတ်မှုကိုမဆို ဆန့်ကျင်၍ ဖိနှိပ်ညှဉ်းပန်းခြင်း၊

                    (၉)     လူများအား အတင်းအကျပ် ပျောက်ကွယ်သွားစေခြင်း၊

(၁၀)   လူမျိုးအလိုက် နိုင်ငံရေး၊ လူမှုရေး၊ အသားအရောင်ခွဲခြားရေး မူဝါဒနှင့်ဆိုင်သော ရာဇဝတ်မှု၊

(၁၁)   အလားတူ  လက္ခဏာကဲ့သို့   ရည်ရွယ်၍  ကြီးစွာသော  ခံစားမှုဖြစ်စေခြင်း၊  စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိခိုက်အနာတရ ဖြစ်စေခြင်းစသည့် အခြားလူမဆန်သည့် လုပ်ရပ်များကို ဆိုလိုပါသည်။

(ဂ)    စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုများ (War Crime) ။        စစ်ရာဇဝတ်မှုဆိုသည်မှာ ပြည်တွင်း    စစ်တွင်ဖြစ်စေ၊ နိုင်ငံတကာစစ်ပွဲတွင်ဖြစ်စေ လက်နက်ကိုင် ပဋိပက္ခကာလအတွင်း စီမံကိန်းတစ်ခု၊ မူဝါဒတစ်ခု၏ အစိတ်အပိုင်းဖြင့် ကျူးလွန်ခြင်း သို့မဟုတ် ထိုပြစ်မှု မျိုးကို ကျယ်ပြန့်သော ပမာဏတခုဖြင့် ကျူးလွန်ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါ သည်။ စစ်ရာဇဝတ်မှုဆိုသည်မှာ  စစ်ပွဲနှင့်လက်နက်ကိုင် ပဋိပက္ခကာလအတွင်း အရပ်သားများ နှင့် စစ်သုံ့ပန်းများအပေါ် ရည်ရွယ်ချက်ရှိရှိဖြင့်  ကျူးလွန်သော ပြစ်မှုများ ဖြစ်ပါသည်။ စစ်ရာဇဝတ်မှုနှင့် ပတ်သက်၍ အဓိကကျသော အောက်ပါ အချက် ၄ ချက် ကို ကျူးလွန်ပါက စစ်ရာဇဝတ်မှုမြောက်သည်ဟု ဆိုနိုင်ပါသည်-

(၁)     ၁၉၄၉ ခုနှစ် သြဂုတ်လ ၁၂ ရက် ဂျီနီဗာသဘောတူညီချက်မှ အရေးကြီးသော ဥပဒေစည်းကမ်းများ၊ ပြဋ္ဌာန်းချက်များကို လူအများ သို့မဟုတ် ထိန်းသိမ်းထားသော ပိုင်ဆိုင်မှုအပေါ် ပြင်းထန်စွာ ချိုးဖောက်မှုများပြုမူခြင်း၊

(၂)     ကမ္ဘာတစ်ဝှမ်းရှိ စစ်ရေး/လက်နက်ကိုင် ပဋိပက္ခအတွင်း ကျင့်သုံးရမည့် နိုင်ငံတကာဥပဒေအရ ဖွဲ့စည်းထားသော စည်းမျဉ်းအတွင်း ဥပဒေနှင့် ဓလေ့ ထုံးတမ်းများကို ပြင်းထန်စွာ ချိုးဖောက်မှုများ၊

(၃)  အပြည်ပြည်ဆိုင်ရာ လက္ခဏာမဆောင်သည့် လက်နက်ကိုင်ပဋိပက္ခ ဟု ဆိုရာတွင် ၁၉၄၉ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ ဂျီနီဗာ သဘောတူညီချက် ၄ ချက်နှင့်သက်ဆိုင်သည့်  ပုဒ်မ  ၃  ကို ပြင်းထန်စွာ  ချိုးဖောက်မှုများ ဖြစ် သည့် ဖျားနာနေသော၊ ထိခိုက်ဒဏ်ရာရနေသော၊ ဖမ်းဆီးချုပ်နှောင်ခံရ သော သို့မဟုတ် အခြားအကြောင်းကြောင့် စစ်မတိုက်နိုင်တော့သည့် လက်နက်ချပြီးဖြစ်သော လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် တက်ကြွစွာပါဝင်တိုက်ခိုက်ခြင်း မရှိသော သူများကို ဆန့်ကျင်တိုက်ခိုက်ကျူးလွန်မှုများ၊

(၄)     အပြည်ပြည်ဆိုင်ရာ လက္ခဏာမဆောင်သည့် လက်နက်ကိုင်ပဋိပက္ခများ၊ နိုင်ငံအတွင်း အနှောင့်အယှက်နှင့် ဆက်ဆံရေးတင်းမာမှုပုံစံ၊ အဓိကရုဏ်း မကြာခဏဖြစ်ခြင်း၊ အကြမ်းဖက်မှုနှင့် အခြားအလားသဏ္ဍာန်တူ အဖြစ်အပျက်များ (ပြည်တွင်းစစ်) များအတွက် ကျင့်သုံးသည့် စစ်ဘက်ဥပဒေကို ပြင်းထန်စွာ ချိုးဖောက်မှုတို့ဖြစ်ပါသည်။ ၎င်းအပြင် အောက်ပါတို့မှ တစ်ခုခုအား ကျူးလွန်ပါကလည်း စစ်ရာဇဝတ်မှုမြောက်သည့် အမှုဟူ၍ သတ်မှတ်နိုင်ပါသည်-

(၁) ရည်ရွယ်ချက်ဖြင့် အရပ်သားများကို သတ်ဖြတ်ခြင်း၊ မျိုးတုံးစေခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ရက်စက်စွာဆက်ဆံခြင်း၊

(၂) လူတစ်ယောက်၏  ဂုဏ်သိက္ခာကို  ထိခိုက်ညှိုးနွမ်းအောင် ဆက်ဆံ ခြင်း၊ ဓားစာခံအဖြစ် ခေါ်ဆောင်ခြင်း၊

          (၃) ရည်ရွယ်ချက်ဖြင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊

(၄) ဂျီနီဗာစာချုပ်က သတ်မှတ်ထားသည့် သင်္ကေတများပါရှိသည့် အဆောက်အဦများ၊ ပစ္စည်းများ၊ ဆေးဝါးဌာနများနှင့် ယာဉ်များကို ပစ်မှတ် ထား တိုက်ခိုက်ဖျက်ဆီးခြင်း၊

          (၅) လူသားချင်းစာနာမှု   ဝန်ထမ်းများနှင့်  ငြိမ်းချမ်းရေးတပ်ဖွဲ့များကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊

(၆) ဘာသာရေး၊ယဉ်ကျေးမှု အထိမ်းအမှတ်များ၊ ဆေးရုံများနှင့်လူနာများထားရှိသည့် နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊

(၇) လိင်ကျွန်ပြုခြင်းခြင်း၊ အတင်းအကျပ်ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်း၊ အာဏာဖြင့် ကိုယ်ဝန်ရစေခြင်း၊ သားကြောဖြတ်ခြင်းနှင့်အခြား ပုံစံ များဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊

(၈)  စစ်မှုမထမ်းမနေရဥပဒေအရ တာဝန်ထမ်းဆောင်စေခြင်း သို့မဟုတ် တပ်ထဲဝင်ရန်  အသက် ၁၅ နှစ်အောက် ကလေးများကို  စစ်မိန့်အရ စစ်မက် ဖြစ်ပွားစဉ်အတွင်းတွင် တက်ကြွစွာပါဝင်ရန် စေခိုင်းခြင်း၊

(၉)  ရပ်ရွာလူထုများကို လုံခြုံရေးအကြောင်းကြောင့်  မဟုတ်ဘဲ ပဋိပက္ခများဖြင့် ဆက်နွယ်သည် ဆိုသည့် အကြောင်းပြချက်ဖြင့်  ရွေ့ပြောင်းရန် အမိန့်ဖြင့် စေခိုင်းခြင်း၊

(၁၀) ဒဏ်ရာရသည့် တစ်ဖက်တပ်သားများကို ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊ ရန်ဘက်တိုက်ပွဲဝင်စစ်သည်ကို  အာဏာ ဆန့်ကျင်စွာဖြင့် သတ်ခြင်း သို့မဟုတ် ဒဏ်ရာရစေခြင်း။

(၁၁) ဦးတည်ပစ်မှတ်ထားသူများ၊ အယူအဆမတူသည့် အခြားပါတီမှ အာဏာရှိသူများ၏ ရုပ်ပိုင်းဆိုင်ရာကို ဖြတ်တောက်ခြင်း၊ ဆေးပညာရပ်အတွက် သို့မဟုတ်  သိပ္ပံစမ်းသပ်မှုများကို  ဆေးပညာ၊  သွားနှင့်ခံတွင်းဆိုင်ရာ  ကုသရေးကိစ္စများကို ထိုသူများ  လုပ်ဆောင်လိုခြင်း ရှိ/မရှိအား   အကျိုးအကြောင်းကို   ရှင်းမပြဘဲ  လုပ်ဆောင်ခြင်းနှင့် ၎င်းတို့အား အန္တရာယ်ရှိသော ကျန်းမာရေး  သို့မဟုတ်  သေဆုံးခြင်းများ ဖြစ်ပျက်စေခြင်း၊

(၁၂)   ပဋိပက္ခဖြစ်ခြင်းသည် မရှိမဖြစ်လိုအပ်ချက် မဟုတ်ဘဲ အရေးပါသော တောင်းဆိုချက်များကို  ဖျက်စီးပစ်ခြင်း သို့မဟုတ်  သိမ်းဆည်းခြင်းတို့ကို  မလိုအပ်ဘဲ  ရန်ဘက်၏  ပိုင်ဆိုင်မှုများကို  ဖျောက်ဖျက်ခြင်း သို့မဟုတ် သိမ်းဆည်းခြင်း။

          (၁၃)   အဆိပ်နှင့် အဆိပ်လက်နက်များ အသုံးချခြင်း၊

(၁၄)   အဆိပ်ငွေ့ သို့မဟုတ် အခြားဓါတ်ငွေ့သုံး၍ မွန်းကြပ်စေခြင်းနှင့် အလားတူ အဆိပ်ရည် ပစ္စည်းနှင့် လက်နက်ကိရိယာသုံးခြင်း၊

(၁၅) လက်နက်များသုံး၍ လူသား၏ခန္ဓာကိုယ်ထဲသို့ လွယ်ကူစွာပြန့်ဝင်စေရန် သုံးခြင်း (ဥပမာ  - ကျောရိုးထဲသို့  ခွဲစိတ်ထည့်သည့်  ပစ္စည်းသည် လုံခြုံမှုမရှိခြင်း)

(ဃ) အခြားနိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမှုနှင့် လွတ်လပ်ခြင်းကို     အင်အားသုံး၍ ကျူးကျော်ခြင်း (Crime of aggression)။     ၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် ရောမဥပဒေပုဒ်မ (၆) အား ထပ်မံသုံးသပ်၍ ရောမဥပဒေပုဒ်မ (၈)အောက်တွင် Crime of aggression ကိုထပ်မံပြဋ္ဌာန်းခဲ့ပါသည်။ရောမဥပဒေ ၏ ရည်ရွယ်ချက်အရ Crime of aggression  ဆိုသည်မှာ ကုလသမဂ္ဂ၏ ပဋိဉာဉ် စာချုပ် (UN Charter) ၏ ပြဋ္ဌာန်းချက်များကို ကျော်လွန်၍ လူတစ်ယောက်သည် ၎င်း၏ လုပ်ပိုင်ခွင့်ကို အသုံးချပြီး အခွင့်အာဏာဖြင့် အခြားနိုင်ငံတစ်ခုသို့ အစီအစဉ်ရှိရှိ ဆောင်ရွက်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ စတင်ဆောင်ရွက်ခြင်း စသည့် အပြုအမူများဖြင့် ထိန်းချုပ်ခြင်း သို့မဟုတ် နိုင်ငံရေး (သို့) စစ်ရေးအရ အရေးယူဆောင်ရွက်ချက်များကို တိုက်ရိုက်ဆောင်ရွက်ခြင်းသည် တရားဝင် ကျူးလွန်ချိုးဖောက်ခြင်း (Characters, Gravity, Scale, Constitutes)များဖြစ် ပါသည်။အထက်ပါ ရည်ရွယ်ချက်အရ Act of aggression ဆိုသည်မှာ နိုင်ငံတစ်ခု က အခြားနိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာပိုင်နက် နယ်မြေတည်တံ့ခိုင်မြဲမှု (သို့မဟုတ်) နိုင်ငံရေးလွတ်လပ်မှုကို ဆန့်ကျင်၍ စစ်တပ်အင်အားကို အသုံးပြုခြင်း ဖြင့် ကုလသမဂ္ဂ၏ ပဋိဉာဉ်စာချုပ်ပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင်   ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် 3314(XXIX) နှင့်အညီ အောက်ပါ ပုဒ်မများသည် စစ်ကြေညာခြင်းကို ထည့်သွင်းစဉ်းစားသော်လည်း Act of aggression နှင့် အကြုံးဝင်ပါသည်-

(၁) နိုင်ငံတစ်ခု၏ စစ်တပ်မှ တခြားနိုင်ငံတစ်ခု၏  ပိုင်နက်နယ်မြေ (သို့မဟုတ်) အခြားမည်သည့် (သို့မဟုတ်) အခြားနိုင်ငံတစ်ခု (သို့မဟုတ်) နယ်မြေအစိတ် အပိုင်းတစ်ခုအားအင်အား အသုံးပြု၍ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုကို ကျူးကျော်တိုက်ခိုက်ခြင်း။

(၂) နိုင်ငံတစ်ခုမှ  အခြားနိုင်ငံတစ်ခု၏   ပိုင်နက်နယ်မြေများသို့   စစ်လက်နက်များကို    အသုံးပြု၍    ကျူးကျော်ခြင်း   (သို့မဟုတ်)   စစ်တပ်အင်အားကို အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခြင်း၊

(၃) နိုင်ငံတစ်ခုမှ စစ်တပ်အင်အားကို အသုံးပြု၍ အခြားနိုင်ငံတစ်ခု၏        ကမ်းရိုးတန်း (သို့မဟုတ်) ဆိပ်ကမ်းများအား ဝန်းရံပိတ်ဆို့ တိုက်ခိုက်ခြင်း၊

(၄) နိုင်ငံတစ်ခု၏ စစ်တပ်အင်အားကို အသုံးပြု၍ ကုန်းမြေ၊ ပင်လယ် (သို့မဟုတ်) လေကြောင်း၊ ရေကြောင်းနှင့်  အခြားနိုင်ငံ၏  လေတပ်စခန်း များကို  တိုက်ခိုက်ခြင်း၊

(၅) နိုင်ငံတစ်ခု၏ စစ်တပ်အင်အားကို အသုံးပြုခြင်းဖြင့် နှစ်နိုင်ငံ သဘောတူညီချက်များအား ဖောက်ဖျက်၍ အခြားနိုင်ငံ၏ ပိုင်နက်နယ်မြေအား တိုက်ခိုက်ခြင်း (သို့မဟုတ်)  နှစ်နိုင်ငံ သဘောတူညီချက်များတွင် ပါဝင်သည့်အချက်များထက်ပို၍ သဘောတူညီချက်များကို  ဆန့်ကျင်ဖောက် ဖျက်ခြင်း၊

(၆) နိုင်ငံတစ်ခု၏  ပိုင်နက်နယ်မြေအတွင်း  အခြားနိုင်ငံမှ  ကျူးကျော်သူများ၏ ဆောင်ရွက်ချက် များကို    အခြားနိုင်ငံတစ်ခုအား   အသုံးချ၍ တတိယနိုင်ငံ တစ်ခုအား အရေးယူဆောင်ရွက် စေခြင်း။

(၇) နိုင်ငံတစ်ခု၏ ကိုယ်စားပြု တပ်မတော်အဖွဲ့၊ အဖွဲ့အစည်းတစ်ခုခု၊ ကြေးစား (သို့မဟုတ်)  အခြားသူများကို  အခြားနိုင်ငံသို့  ပို့ဆောင်ခြင်းဖြင့် အထက်ပါ ပြဋ္ဌာန်းချက်များ ဆန့်ကျင်ခြင်း သည်လည်း အခြားနိုင်ငံကို ကျူးကျော်ခြင်းဖြစ်ပါသည်။

 

ကြိုတင်စစ်ဆေးသည့် နိုင်ငံများ

၂၃။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးတွင် တရားစွဲဆိုရန် ကြိုတင်စစ်ဆေးမည့် နိုင်ငံများမှာ အာဖဂန်နစ္စတန်နိုင်ငံ၊ ကိုလံဘီယာနိုင်ငံ၊ ဂီနီနိုင်ငံ၊ အီရတ်နိုင်ငံ၊ နိုက်ဂျီးရီးယားနိုင်ငံ၊ ပါလက်စတိုင်း၊ ဖိလစ်ပိုင်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ / မြန်မာနိုင်ငံ၊ ယူကရိန်းနိုင်ငံ၊ ဗင်နီဇွဲလားနိုင်ငံ တို့ဖြစ်ပါသည်။

 

စုံစမ်းစစ်ဆေးသည့် နိုင်ငံများ

၂၄။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးမှ ကြိုတင်စစ်ဆေးပြီး အတည်ပြုစုံစမ်းစစ်ဆေး သည့်နိုင်ငံများမှာ ယူဂန်ဒါနိုင်ငံ၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဒါဖာ(ဆူဒန်)၊ ဗဟိုအာဖရိက သမ္မတနိုင်ငံ၊ ကင်ညာနိုင်ငံ၊ လစ်ဗျားနိုင်ငံ၊ အိုင်ဗရီကို့စ်နိုင်ငံ၊ မာလီနိုင်ငံ၊  ဂျော်ဂျီယာနိုင်ငံ၊ ဘူရွန်ဒီနိုင်ငံ တို့ဖြစ်ပါသည်။

 

ဖမ်းဆီးရန်ဝရမ်းထုတ်ခဲ့မှုများ

၂၅။ ဖမ်းဆီးရန်ဝရမ်းထုတ်သည့် ၃၄ ကြိမ်တွင် ၁၆ ကြိမ်အား  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ၃ ကြိမ်သည် မူကြမ်းအဖြစ်နှင့်သာ သံသယအမှုအဖြစ် အဆုံးသတ်ခဲ့ပါသည်။ ၂၇ မှုသည် တရားရုံးသို့ တရားစွဲဆိုနိုင်ခဲ့ပါသည်။ သမ္မန်စာဆင့်ဆိုမှုကြောင့် ဆန္ဒအလျောက် လာရောက်အဖမ်းခံသူ ၉ ဦး ရှိပြီး ၎င်းတို့အား ဖမ်းဆီးချုပ်နှောင်ခြင်းမပြုဘဲ လွတ်လပ်စွာထား ရှိပါသည်။ ၅ ဦးအား အချုပ်ခန်းတွင် ထားရှိပါသည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး၏ တရားခံများဖမ်းဆီးရမိရေးသည် ၎င်းနိုင်ငံနှင့်နိုင်ငံတကာအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက် မှုအပေါ်တွင် မူတည်ပါသည်။

 

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ/မြန်မာနိုင်ငံ နှင့်ပတ်သတ်၍ ဆောင်ရွက်နေမှုများ

၂၆။ မြန်မာနိုင်ငံမှ ဘင်္ဂလီလူမျိုးများ(၎င်းတို့အခေါ် ရိုဟင်ဂျာလူမျိုးများ)အား ရာဇဝတ်မှု ကျူးလွန်ခြင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှင်ထုတ်ပြီး အခြားရာဇဝတ်မှုများကျူးလွန်ရန် အလား အလာရှိသည်ဟူသော စွပ်စွဲချက်ဖြင့် ရောမဥပဒေပုဒ်မ ၇ အရ ဖြေရှင်းဆောင်ရွက်ရန် ဖြစ်ပါ သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရောမသဘောတူစာချုပ်သို့ အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၁၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီးဖြစ်ပါသည်။အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရား ရုံးမှ ရောမဥပဒေတွင် ဖော်ပြထားသော ပြစ်မှုများထက်ကျော်လွန်၍ ဘင်္ဂလားဒေ့ရှ်နယ်မြေအပေါ် ကျူးလွန်ခဲ့သည့်ပြစ်မှုများကို ၎င်း၏တရားစီရင်ပိုင်ခွင့်အောက်တွင် ဆောင်ရွက်စေခြင်း သို့မဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြင့် ဆောင်ရွက်ရန် ၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်နေ့မှ စတင်ရန် ခွင့်ပြုခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် တရားစွဲအမှုလိုက်အရာရှိမှ ရောမ ဥပဒေပုဒ်မ ၁၉ (၃) နှင့်အညီ ကြိုတင်တရားစီရင်ခြင်း ဆောင်ရွက်ရန် တောင်းဆိုတင်သွင်းခဲ့ရာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးတွင် မြန်မာနိုင်ငံပိုင်နက်အတွင်း ဖြစ်ပွားခဲ့သည့် ဘင်္ဂလီ လူမျိုးများ (ရိုဟင်ဂျာလူမျိုး)အား မြန်မာနိုင်ငံမှ ပြည်နှင်ဒဏ်ပေးခဲ့သည့်အပေါ် "မြန်မာနိုင်ငံ(အဖွဲ့ဝင်မဟုတ်သောနိုင်ငံ)မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ(အဖွဲ့ဝင်နိုင်ငံ)" ဟူသောကိစ္စဖြင့် တရားရုံး၏ စီရင်ပိုင်ခွင့် ဖြစ်မြောက်စေရန် အဖွဲ့ဝင်နိုင်ငံအများစုမှ ဆုံးဖြတ်ခဲ့ကြပါသည်။ ၂၀၁၈ ခုနှစ်၊စက်တင်ဘာလ ၁၈ ရက်နေ့တွင် တရားစွဲအမှုလိုက်အရာရှိသည်မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဘင်္ဂလီလူမျိုးများ(ရိုဟင်ဂျာလူမျိုး) နေရပ်စွန့်ခွာခဲ့သည့်အပေါ် ပဏာမစစ်ဆေးခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ၎င်းရုံးမှ ရောမဥပဒေပုဒ်မ ၁၅ အရ အဆိုပါ စွပ်စွဲမှု များကို အကြောင်းပြု၍ ဆက်လက်ဆောင်ရွက်ရန်နှင့် အစီရင်ခံစာများ ပြန်လည်တင်ပြရန် လက်ခံခဲ့ပါသည်။ အဆိုပါ ကြိုတင်စစ်ဆေးခြင်းတွင် ရောမဥပဒေပုဒ်မ ၇  အရ မြန်မာနိုင်ငံမှ ဘင်္ဂလီလူမျိုးများ (ရိုဟင်ဂျာလူမျိုး) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာခဲ့သည့် စွပ်စွဲချက်မှ အခြားပြစ်မှုများကိုပါ ကျူးလွန်နိုင်သည် ဟူသောအချက်ဖြင့် အဓိကထား စစ်ဆေးသွားမည် ဖြစ်ပါသည်။ 

 

နိဂုံး

၂၇။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးအနေဖြင့် ၎င်း၏ သဘောတူညီချက်စာချုပ်အရ ပါဝင် လက်မှတ်ရေးထိုးထားသည့် နိုင်ငံသည် ၎င်း၏အချုပ်အခြာအာဏာ နယ်နိမိတ်အတွင်း ရာဇဝတ်မှုကျူးလွန်လျှင်သော်လည်းကောင်း၊ နိုင်ငံအတွင်းရှိ ပြည်သူများမှ တရားစွဲဆိုလျှင်သော် လည်းကောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ လွှဲပြောင်းပေးအပ်သည့် တရားစီရင်ရေး အမှုများ တွင်သော်လည်းကောင်း အလိုအလျောက် တရားစီရင်ပိုင်ခွင့်ရှိပါသည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးတွင် တရားခံအား ဖမ်းဆီးနိုင်သည့် ရဲတပ်ဖွဲ့အင်အားမရှိသောကြောင့် သက်ဆိုင်ရာနိုင်ငံအတွင်းရှိ ရဲတပ်ဖွဲ့များမှ တရားခံအား ဖမ်းဆီးကာတရားရုံးသို့ လွှဲပြောင်း ပေးအပ်မှသာလျှင် တရားစီရင်ပိုင်ခွင့်ကို ဆက်လက်လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူ ပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။