Skip to main content

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၁၉  ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦး အနက် (၄၁၁)ဦး တက်ရောက်သည်။

 

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

 

(က) အစားထိုးပြောင်းလဲထားသည့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၄)ဦး ကတိသစ္စာပြုပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြိုဆိုနှုတ် ခွန်းဆက် စကားပြောကြား ပါသည်။

 

(ခ) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေးနှင့် (၁၃) ကြိမ် မြောက်ပုံမှန်အစည်းအဝေး ကြားကာလအတွင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ အောက်ဖော်ပြပါ ပြည်ပခရီးစဉ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ချက်များအား ပြည်သူ့လွှတ်တော်သို့ အသိပေးတင်ပြပြီး မှတ်တမ်းတင်ခဲ့ ပါသည်-

 

(၁) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့၏ ၂၁-၆-၂၀၁၉ မှ ၂၃-၆-၂၀၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံ (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးကာလအတွင်း ကျင်းပသည့် ASEAN-AIPA Interface အစည်းအဝေးသို့ သွားရောက်ခဲ့သည့် ခရီးစဉ်၊

 

(၂) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း၊ ဝက်လက်မဲဆန္ဒနယ် ခေါင်းဆောင်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ၁၀-၆-၂၀၁၉ မှ ၂၁-၆-၂၀၁၉ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ (၁၀၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ သို့ သွားရောက်ခဲ့သည့် ခရီးစဉ်၊

 

(၃) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်အေး၊ နတ်တလင်းမဲဆန္ဒနယ် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ၁၁-၆-၂၀၁၉ မှ ၁၃-၆-၂၀၁၉ ရက်နေ့အထိ စင်္ကာပူသမ္မတနိုင်ငံ “RSIS - WTO Parliamentarian Workshop on International Trade 2019” သို့ သွားရောက်ခဲ့သည့် ခရီးစဉ်၊

 

(၄) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးလှမိုး၊ အောင်မြေသာစံမဲဆန္ဒနယ် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ၁၁-၆-၂၀၁၉ မှ ၁၄-၆-၂၀၁၉ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ 7th China - South and Southeast Asia Think Tank Forum သို့ သွားရောက်ခဲ့သည့် ခရီးစဉ်၊

 

(၅) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သိန်း၊ ဝါးခယ်မ မဲဆန္ဒနယ် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ၁၆-၆-၂၀၁၉ မှ ၁၉-၆-၂၀၁၉ ရက်နေ့အထိ မလေးရှားနိုင်ငံ 10th AIPA Causus Meeting သို့ သွားရောက် ခဲ့သည့် ခရီးစဉ်၊

 

(၆) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဦးစိုးမိုးသူ၊ မြောင်းမြမဲဆန္ဒနယ်၏ ၁၇-၆-၂၀၁၉ မှ ၂၁-၆-၂၀၁၉ ရက်နေ့အထိ အီတလီနိုင်ငံ Statelessness Course နိုင်ငံမဲ့ဖြစ်မှုဆိုင်ရာ သင်တန်းသို့ သွားရောက်ခဲ့သည့် ခရီးစဉ်၊

 

(၇) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးဝေဖြိုးအောင်၊ သာကေတ မဲဆန္ဒနယ်၏ ၂၄-၆-၂၀၁၉ မှ ၂၈-၆-၂၀၁၉ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ 14th Southeast and Northeast Asia Seminar on International Humanitarian Law (IHL) သို့ သွားရောက်ခဲ့သည့် ခရီးစဉ်၊

 

(၈) ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ခေါင်းဆောင်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၃)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၅)ဦး ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့၏ ၁-၇-၂၀၁၉ မှ ၁၂-၇-၂၀၁၉ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံသို့ လေ့လာရေး သွားရောက်ခဲ့သည့် ခရီးစဉ်၊

 

( ဂ )   လွှတ်တော်ရေးရာစွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့ ဖွဲ့စည်းခြင်း

လွှတ်တော်ရေးရာစွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ လွှတ်တော်ဥက္ကဋ္ဌက ရှင်းလင်းပြောကြားပြီး ဒုတိယဥက္ကဋ္ဌက အကြံပေးအဖွဲ့၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်သက်တမ်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ရေးရာစွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့တွင် ပါဝင်ရန် လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏အမည်စာရင်းနှင့် အဖွဲ့ ခေါင်းဆောင်၏အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခဲ့ပါသည်။

 

( ဃ )  ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

 

(၁) ဦးမျိုးဇော်အောင်၊ ကောလင်းမဲဆန္ဒနယ် က မေးမြန်းသော ကောလင်းမြို့၊ လာကာ ကြိုးဝိုင်းအတွင်း ရှာဖွေတွေ့ရှိထားသော ရွှေထွက်ရာနေရာအား အသေးစား၊ အလတ်စား သို့မဟုတ် အကြီးစားပေးမည်ကို ပွင့်လင်းမြင်သာစွာ ကြေညာ၍ လေလံပစ်သည့်စနစ်ဖြင့် မျှတသော ယှဉ်ပြိုင်ခွင့်ပေးရန် စီစဉ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဦးရဲမြင့်ဆွေက လက်ရှိစာချုပ်ချုပ်ဆိုထားသည့် ကုမ္ပဏီများ လုပ်ကွက်ပြန်လည်အပ်နှံပြီးမှသာ မြန်မာ့သတ္တုတွင်း နည်းဥပဒေများ အခန်း (၁၂)၊ နည်းဥပဒေ ၁၁၆၊ နည်းဥပဒေခွဲ (ခ) နှင့် (ဂ) တို့အရ အလတ်စား၊ အကြီးစားဧရိယာအဖြစ် လျှောက်ထားလာပါက တင်ဒါစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၂) ဒေါ်ခင်နှင်းသစ်၊ ပန်းတောင်းမဲဆန္ဒနယ် က မေးမြန်းသော ဒေသခံပြည်သူအစု အဖွဲ့ပိုင် သစ်တောလုပ်ငန်းဆောင်ရွက်ခွင့် လက်မှတ်ရရှိထားသူများအား နိုင်ငံတော်မှ ထိုက်သင့်သည့် ချေးငွေထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဦးရဲမြင့်ဆွေက လတ်တလော အစီအစဉ်မရှိသေးပါကြောင်း နှင့်ချေးငွေရရှိနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် လက်ရှိညှိနှိုင်းဆောင်ရွက်လျက်ရှိ ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၃) ဦးသန့်ဇင်ထွန်း၊ ဒက္ခိဏသီရိမဲဆန္ဒနယ် က မေးမြန်းသော ဒက္ခိဏသီရိမြို့နယ်ရှိ ဒေသခံတောင်သူများ၏ အမှန်တကယ် စိုက်ပျိုးထားရှိသည့် လယ်မြေများကို တရားဝင်စိုက်ပျိုးခွင့် အမြန်ရရှိရေး မည်သို့ ဆောင်ရွက်ထားသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဦးရဲမြင့်ဆွေက သစ်တောမြေအဖြစ်မှ ပယ်ဖျက်နိုင်ရန် နေပြည်တော်ကောင်စီမှ သဘောတူခွင့်ပြုပါက စိစစ်ဆောင်ရွက်ပေးသွားမည် ဖြစ်သည့်အတွက် တောင်သူများ အမှန်တကယ် စိုက်ပျိုးနေသည့် လယ်မြေများ သစ်တောမြေအဖြစ်မှ ပယ်ဖျက်ရာတွင် ပါဝင်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

 

(၄) ဦးမြင့်ကြည်၊ ကသာမဲဆန္ဒနယ် က မေးမြန်းသော ကသာ-ရွှေကူ-ဗန်းမော်လမ်း (ပုလွေရွှေလမ်း) အား ကျောက်သားများ လိုအပ်သလို ပြန်လည်ဖြည့်စွက် ပြုပြင် မွမ်းမံခြင်း၊ ကတ္တရာစေးခင်းခြင်း တို့အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘတ်ဂျက်မှ ချမှတ်ခွင့်ပြုပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ ဆက်လက်တင်ပြသွားမည်ဖြစ်ပြီး နှစ်စဉ် ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၅) ဦးလွင်ကိုလတ်၊ သန်လျင်မဲဆန္ဒနယ် က မေးမြန်းသော  ပဲခူးမြစ်ကူးတံတား (သံလျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်းအား စီမံကိန်းမျှော်မှန်း ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိ၊ လက်ရှိစီမံကိန်း ဆောင်ရွက်မှုအခြေအနေ မည်သည့်အဆင့်ရောက်ရှိနေကြောင်းနှင့်စီမံကိန်းတံတားကို မည်သည့် ဒီဇိုင်းဖြင့် တည်ဆောက်နေသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မှစတင်ပြီး ၂၀၂၂ ခုနှစ် အတွင်း ပြီးစီးအောင် စီမံချက်ရေးဆွဲ၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် Cable Stayed Bridge Steel Box Girder + PC Box Girder Bridge နှင့် Flyover Bridge ပုံစံဖြင့် တည်ဆောက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၆) ဦးနေစိုးအောင်၊ ဝန်းသိုမဲဆန္ဒနယ် က မေးမြန်းသော ဝန်းသို-မဲဇာလမ်းပေါ်ရှိ ကတ္တရာလမ်းခင်းရန် ကျန်ရှိနေသေးသည့်အပိုင်းအား ကတ္တရာခင်းပေးခြင်းနှင့် ၎င်းလမ်းပေါ်ရှိ တံတား (၁၂)စင်းတို့အား သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့် တင်ခြင်း၊ သံကူကွန်ကရစ်ကြမ်းခင်းတည်ဆောက်ခြင်း၊ Box Culvert များ တည်ဆောက်ခြင်းတို့အား မည်သည့် ဘဏ္ဍာရေးနှစ်တွင် ပြီးစီးအောင် ဆောင်ရွက် ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ကျန်ရှိသည့် ကတ္တရာလမ်းသစ် ခင်းခြင်းနှင့် သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းများအား လာမည့်ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံငွေတင်ပြတောင်းခံပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၇) ဒေါ်ခင်သန်းနု၊ မင်းတုန်းမဲဆန္ဒနယ် က မေးမြန်းသော ပုသိမ်-မုံရွာလမ်းမကြီး၏ မိုင်တိုင်အမှတ် ၂၀၅ နှင့် ၂၀၆ အကြား လမ်းအလိမ်အကွေ့အဆင်းမှာ အန္တရာယ် ကွေ့ဖြစ်နေသည့်အတွက် ယာဉ်များ အဆင်ပြေပြေသွားလာနိုင်ရေးနှင့် အန္တရာယ် လျော့နည်းစေရေးအတွက် မည်သို့စီမံပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း/ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ထား ရှိပြီးဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

 

(င) အဆို (၁) ခုတင်သွင်းခြင်း

သဘာပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုကြောင့် ၂၀၁၉ ခုနှစ် နွေရာသီတွင် ထူးခြားစွာ ဖြစ်ပေါ်ခဲ့သော ရာသီဥတုပြောင်းလဲမှုနှင့် အပူချိန်မြှင့်တက်လာမှုဖြစ်စဉ်များကို သုံးသပ်ပြီး အနာဂတ်နိုင်ငံတော်နှင့် နောင်မျိုးဆက်များအပေါ် ကောင်းမွန်သော ပတ်ဝန်းကျင်နှင့် အကျိုးစီးပွားဖြစ်ထွန်းစေရေးတို့အတွက် သဘာဝပတ်ဝန်းကျင်အား ဆိုးရွားစွာ ထိခိုက်ပျက်စီးနိုင်သော အခြေအနေများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးကာကွယ်ပြီး ပြန်လည်ထူထောင်အားဖြည့်ခြင်းလုပ်ငန်းများအား စနစ်တကျ အရှိန်မြှင့်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဦးဇော်မင်းသိန်း၊ လေးမျက်နှာမဲဆန္ဒနယ်က တင်သွင်းပြီး ဦးနေထက်ဝင်း၊ ဆင်ပေါင်ဝဲ မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၇-၇-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

 

(စ) ဥပဒေကြမ်း (၁) ခု လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးခြင်း

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံရ ရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ဥပဒေကြမ်းကော်မတီက ယင်းဥပဒေကြမ်းကို အစီရင်ခံစာနှင့်အတူ တင်သွင်းသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက် အဆိုတင်သွေးဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၈-၇-၂၀၁၉ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။

 

၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၂၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပမည့်ရက်ကို ၁၈-၇-၂၀၁၉ ရက်    (ကြာသပတေးနေ့)  နံနက် ၁၀ နာရီ တွင် လျာထားပါသည်။