Skip to main content

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၁၉) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမှာစကား ပြောကြားရာတွင် ယခု ကျင်းပလျက် ရှိသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးသည် များစွာ အရေးကြီးပါကြောင်း၊ နိုင်ငံတော်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းတို့ကို စိစစ်အတည်ပြုရမည် ဖြစ်သည့်အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်ရေး လုပ်ငန်းစဉ်များကိုလည်း ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကော်မတီများ၏ လုပ်ငန်း ဆောင်ရွက်ချက်များသည် များစွာ အရေးကြီးပါကြောင်း၊ ကော်မတီများ၏ လုပ်ငန်း ဆောင်ရွက်ချက်များ လျင်မြန်တိုးတက်မှသာ လွှတ်တော် လုပ်ငန်းများလည်း လျင်မြန်ထိရောက်မည် ဖြစ်ပါကြောင်းနှင့် လွှတ်တော်၏ ရည်မှန်းချက်၊ ဆုံးဖြတ်ချက်များသည် အများပြည်သူအတွက် ပိုမိုအကျိုးရှိလာမည် ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် ရေးရာကော်မတီ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများအနေဖြင့် လိုအပ်ချက်များ ရှိပါက ပွင့်ပွင့်လင်းလင်းညှိနှိုင်း ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသည့် ကော်မတီ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက သက်ဆိုင်ရာ ကော်မတီများအလိုက် ဆောင်ရွက်လျက်ရှိသည့် ဥပဒေကြမ်းများ၊ တိုင်ကြားစာများ၊ အစီရင်ခံစာပါ တွေ့ရှိချက်များနှင့် သုံးသပ်အကြံပြု ဆွေးနွေးချက်များကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က သက်ဆိုင်ရာ ကော်မတီများအလိုက် ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ညနေ(၄)နာရီ အချိန်တွင် ရုပ်သိမ်းလိုက်သည်။

အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်