Skip to main content

မြန်မာနိုင်ငံနှင့် နိုင်ငံအချို့၏ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းဆောင်ရွက်မှုများအားလေ့လာခြင်း

 

မြန်မာနိုင်ငံနှင့် နိုင်ငံအချို့၏ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းဆောင်ရွက်မှုများအားလေ့လာခြင်း


အကျဉ်းချုပ်


လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအားလုပ်ဆောင်ခြင်းသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိရောက်မှုရှိသော လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် နိုင်ငံများ၏ အနေအထားအပေါ် မူတည်ပြီး မတူညီကြပါ။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ပြည်သူတစ်ရပ်လုံးကိုလွှမ်းခြုံ စဉ်းစားသည့် လူမှုဖူလုံရေးအပိုင်းကိုဦးတည်၍လုပ်ဆောင်ကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထိခိုက် ခံစားလွယ်သည့် အုပ်စုများအတွက် လက်ရှိအခက်အခဲအားတုံ့ပြန်နိုင်ရန် ရည်ရွယ်၍လုပ်ဆောင်ကြပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်၌ ထုတ်ပြန်ခဲ့သော လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာ စီမံချက်နှင့်အညီ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှဦးဆောင်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါသည်။
ဤစာတမ်းတိုတွင် ၂၀၁၄ ခုနှစ်၊  အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်အရ ဆောင်ရွက် လျက်ရှိသော အစိုးရ၏လက်ရှိလူမှု ကာကွယ်စောင့်ရှောက်ရေးဆောင် ရွက်မှုများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးစီမံချက်ချိတ် ဆက်မှုနှင့် နိုင်ငံအချို့၏ လူမှုကာကွယ်စောင့်ရှောက်မှု ပုံစံများစသည့် အချက်အလက်များကို စုစည်း၍ဖော်ပြထားပါသည်။

 

နိဒါန်း

၁။ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုသည်မှာ  လူတစ်ဦးချင်းစီနှင့် အိမ်ထောင်စုများအား စီးပွားရေးနှင့် လူမှုရေးအန္တရာယ် ကျရောက်နိုင်မှုများမှကြိုတင်ကာကွယ်လျှော့ချပေးသော၊ အခြေခံ ဝန်ဆောင်မှုများနှင့် အခြေခံအဆောက်အဦများ၊ စီးပွားရေးအခွင့်အလမ်းရရှိမှုအား မြှင့်တင်ပေး သော၊ ရုတ်တရက်ဝင်ငွေဆုံးရှုံးခြင်းနှင့် အရေးပေါ်အခြေအနအခက်အခဲများ တွေ့ကြုံလာသည့် အခါ စီမံဖြေရှင်းနိုင်သည့် အရည်အသွေး ရရှိစေရန် အစိုးရကစီမံဆောင်ရွက်ပေးရသည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပါသည်။ 

၂။  လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် လူမှုဘဝရပ်တည်ရန်ခက်ခဲသူများအား ထောက်ပံ့ပေးခြင်းနှင့် လူမှုစီးပွားဘဝပြင်ပသို့ရောက်ရှိ သွားသူများအား ပြန်လည်ရပ်တည်နိုင်စေရန် ရည်ရွယ်၍လုပ်ဆောင်ခြင်းဖြစ်ပါသည်။ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများလုပ်ဆောင် ရာတွင် နိုင်ငံများ၏ဖွံ့ဖြိုးတိုးတက်မှု အနေအထားအပေါ်မူတည်ပြီး မတူညီကြပါ။ ဖွံ့ဖြိုးပြီးနိုင်ငံ များတွင် ပြည်သူတစ်ရပ်လုံး၏လူမှုဖူလုံရေးအပိုင်းကို ဦးတည်၍ လုပ်ဆောင်ကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် ထိခိုက်ခံစားလွယ်သူများအတွက် လက်ရှိအခက်အခဲအားတုံ့ပြန်နိုင်ရန် ရည်ရွယ်၍လုပ် ဆောင်ကြပါသည်။

 

မြန်မာနိုင်ငံ၏လူမှုကာကွယ်စောင့်ရှောက်ရေးမျှော်မှန်းချက်

၃။ လူမှုကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် ငွေကြေးထောက်ပံ့မှုပေးခြင်း၊ စားနပ်ရိက္ခာ ဖူလုံရေးနှင့် အာဟာရပြည့်ဝရေးအတွက် ထောက်ပံ့မှုပေးခြင်း စသည်ဖြင့် လုပ်ငန်းနယ်ပယ် နှစ်ရပ် သတ်မှတ်၍ လုပ်ဆောင်ကြပါသည်။ မြန်မာနိုင်ငံ၏လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် မွေးကင်းစကလေးများ၊ ကျောင်းနေအရွယ်ကလေးများ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့်  သက်ကြီးရွယ်အို ဘိုးဘွားများစသည့် ထိခိုက်လွယ်သည့် အုပ်စုများနှင့် အရွယ်ရောက်ပြီးအလုပ်လုပ်ကိုင်နိုင်သူများအတွက် လိုအပ်သောအကာအကွယ်နှင့်  ခံစားခွင့်များရရှိနိုင်ရန် ဆောင်ရွက်ပေးမှုများပါဝင်ပါသည်။  မြန်မာနိုင်ငံသည် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာ၌ အောက်ပါအတိုင်းလူအများပါဝင်နိုင်ပြီး သာတူညီမျှရှိလျက် ရေရှည်ဆောင် ရွက်နိုင်သည့် စနစ်ဖြစ်စေရန် မျှော်မှန်း၍ဆောင်ရွက် လျက်ရှိပါသည် -

(က) ပညာရေး၊ ကျန်းမာရေး၊ အိုးအိမ်နှင့် ရေရရှိမှုကဲ့သို့သော အခြေခံဝန်ဆောင်မှုများ ရယူအသုံးပြုနိုင်ရေးကူညီပံ့ပိုးခြင်းဖြင့် လူသားအရင်းအနှီး တိုးတက်ကောင်းမွန် လာစေခြင်း၊

(ခ)    လူအများကိုအန္တရာယ်ကျရောက်မှုနှင့် ထိခိုက်မှုများမှ အကာအကွယ်ပေးခြင်း၊

(ဂ)    ဘဝသက်တမ်းအဆင့်ဆင့်တွင် စီးပွားရေးနှင့် လူမှုရေးဘဝရပ်တည်ရန် ခက်ခဲမှု များနှင့် စားနပ်ရိက္ခာမလုံခြုံမှုကို ဖြေရှင်းဆောင်ရွက်ပြီး စီးပွားရေး အခွင့်အလမ်း များတိုးပွားစေခြင်းနှင့်

(ဃ)    လူမှုရေးနယ်ပယ်ပြင်ပသို့ ရောက်ရှိမှုနည်းပါးသက်သာစေခြင်းတို့ဖြစ်ပါသည်။ 

 

ဥပဒေပါပြဋ္ဌာန်းချက်များနှင့် အစိုးရ၏ဆောင်ရွက်ချက်များ

၄။    လူမှုကာကွယ်စောင့်ရှောက်ရေးနှင့်စပ်လျဉ်း၍ ဥပဒေပါပြဋ္ဌာန်းချက်များနှင့် အစိုးရ၏ ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်။    ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁) နိုင်ငံတော်အခြေခံမူများ၊ပုဒ်မ ၃၂၊ ပုဒ်မခွဲ(က)တွင် နိုင်ငံတော် သည် မိခင်နှင့် ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသောတပ်မတော် သားများ၏ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်မစွမ်းသူများအား ကြည့်ရှု စောင့်ရှောက်ရမည်ဟုဖော်ပြထားပါသည်။ အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်း ချက်နှင့်အညီ နိုင်ငံတော်အစိုးရသည် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေများကို ပြဋ္ဌာန်းထားပါသည်။ 

(ခ)    လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်။ မြန်မာနိုင်ငံ၏လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာကို နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၄၇/၂၀၁၄) အရ ဖွဲ့စည်းထား သော လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုအောက်တွင် ရေးဆွဲခဲ့ပါသည်။ မဟာဗျူဟာရေးဆွဲရာတွင် ကော်မတီကိုအထောက်အကူပြုနိုင် ရန် ရည်ရွယ်၍ အမျိုးအသားအဆင့် နည်းပညာ ပံ့ပိုးမှုအုပ်စု (National Technical Support Group, NTSG) ကိုဖွဲ့စည်းခဲ့ပါသည်။ အဆိုပါမဟာဗျူဟာကို NTSG ၏ ပံ့ပိုးကူညီမှုဖြင့် ပြည်သူလူထုတစ်ရပ်လုံး၏ လိုအပ်ချက်များ အပေါ်အခြေခံပြီး ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်း အစီအစဉ်များကို ပံ့ပိုးမှုပေးမည့် အားလုံးအတွက်အကျုံးဝင်သော ဘက်စုံလူမှုကာကွယ် စောင့်ရှောက်ရေးစနစ် တစ်ရပ်အဖြစ်ရေးဆွဲ၍၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလတွင်ထုတ်ဝေခဲ့ပါသည်။ မဟာဗျူဟာ တွင်လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများဖြင့် လူမှုသက်တမ်းတစ်လျှောက် လုံးဖော်ဆောင်ရမည့်အောက်ဖော်ပြပါနယ်ပယ် ၄ ရပ် နှင့် ယင်းအဆင့်တစ်ဆင့် စီနှင့်ဆက်စပ်နေသည့် အန္တရာယ်ကျရောက်နိုင်မှု များနှင့် ဘဝရပ်တည်ရန်ခက်ခဲခြင်း ဥပမာများကိုဖော်ထုတ်ထားပါသည်-

myanmar

 

 

 

 

 

 

 

 

 

 

ယင်းမဟာဗျူဟာအရ သတ်မှတ်ထားသော နယ်ပယ် ၄ ရပ် အတွက် အဓိကဖော်ဆောင်ရမည့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ် ၈ ရပ် မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

(၁)    ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက်ကလေးသူငယ်များအား ထောက်ပံ့ကြေးပေးအပ်ခြင်း၊
(၂)    မသန်စွမ်းသူများအားထောက်ပံ့ကြေးပေးအပ်ခြင်း၊
(၃)    အသက်(၃)နှစ်မှ (၁၅) နှစ်အထိ ကလေးသူငယ်များအား ထောက်ပံ့ငွေပေး အပ်ခြင်း၊
(၄)     သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်ပေးအပ်ခြင်း၊
(၅)     ကလေးသူငယ်များအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း၊
(၆)    အများပြည်သူအလုပ်အကိုင်ရရှိရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများပေးခြင်း၊
(၇)    သက်ကြီးသူချင်းကူညီစောင့်ရှောက်ရေးအဖွဲ့များအားထောက်ပံ့ကူညီခြင်းနှင့်
(၈)    ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဝန်ဆောင်မှုများပေးခြင်းတို့ ဖြစ်ပါသည်။ 

မဟာဗျူဟာတွင် ယင်းလူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ် ၈ ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်ရမည့်ဝန်ကြီးဌာနများ၊ နည်းလမ်းများနှင့် ဆောင်ရွက်သွားရမည့် ကာလအပိုင်းအခြားတို့ကို ဖော်ပြထားပါသည်။ လက်ရှိတွင် အချို့အစီအစဉ်များသည် အစိုးရမှအကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။
အဆိုပါ မဟာဗျူဟာကို ထိရောက်စွာအကောင် အထည်ဖော်နိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် (၂၀၁၈-၂၀၂၃) ကာလလတ် (Medium – Term Costed Sector Plan) လူမှုကာကွယ် စောင့်ရှောက်ရေးအစီအစဉ်ကို ရေးဆွဲထားရှိပြီး ယင်းစီမံချက်နှင့်အညီ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။

(ဂ)    လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့်ကော်မတီ။ နိုင်ငံတော်အစိုးရသည် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယခင်အမိန့်ကြော်ငြာစာအမှတ် (၄၇/၂၀၁၄) အရ ဖွဲ့စည်းထားသောလူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းကော်မတီကို နိုင်ငံတော် သမ္မတရုံး၏ ၂၀၁၈ ခုနှစ်၊ မေလ ၁၇ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၉/၂၀၁၈)ဖြင့် ဒုတိယသမ္မတ (၁) ဦးဆောင်၍ တာဝန်ခံဝန်ကြီးဌာနများနှင့်  အစိုးရ မဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သောအဖွဲ့ဝင် (၁၁) ဦး    ဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့်ကော်မတီအဖြစ် ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အကောင်အထည်ဖော်မည့် လုပ်ငန်းတာဝန်  (၁၁)ရပ်ကို ချမှတ်ခဲ့ပါသည်။ ယင်းလုပ်ငန်းတာဝန်များနှင့်အညီ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

 

အစိုးရ၏လက်ရှိလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များ


၅။ လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်နှင့်အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနများသည် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အသက်အရွယ်အမျိုးအစား အလိုက် အောက်ပါအတိုင်းဝန်ဆောင်မှုပေးလျက်ရှိပါသည်-

(က)  ကိုယ်ဝန်ဆောင်မိခင်နှင့်အသက်၂နှစ်အောက်ကလေးထောက်ပံ့ကြေးပေးခြင်း။  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် ကလေးသူငယ်များ လူ့ဘဝအစရက်ပေါင်း (၁၀၀၀) အတွင်း အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များပြည့်မီပြီး၊ ကလေးသူငယ် နာမကျန်းမှုနှင့် သေဆုံးမှုနှုန်းကျဆင်းရန်ရွယ်၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကျပ် ၁၅,ဝဝ၀နှုန်း ဖြင့်လစဉ်ထောက်ပံ့ကြေးပေး အပ်လျက်ရှိပါသည်။ အဆိုပါထောက်ပံ့ကြေးပေးအပ်သည့်အစီအစဉ်အား ၂၀၁၈-၂၀၁၉ ကရင် ပြည်နယ် နှင့်ကယားပြည်နယ်တို့တွင် ထပ်မံတိုးချဲ့ပေးအပ်လျက် ရှိပါသည်။  ထို့ပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏ဘတ်ဂျက်အပြင် ကမ္ဘာ့ဘဏ် (World Bank) ၏ (International Development Association, IDA) အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေး အဖွဲအစည်းထံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို  ချေးငွေရယူ၍ လူဦးရေနှင့် ကျန်းမာရေးဆိုင်ရာစစ်တမ်း၂၀၁၅-၂၀၁၆ အရ ပုညှက်မှုနှုန်းမြင့်မားသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူပြီးဖြစ်ပါသည်။ ထိုကဲ့သို့အကောင်အထည်ဖော်ရာတွင် ထောက်ပံ့ကြေးအကျိုးခံစားခွင့်များကို မှန်မှန်ကန်ကန်ရရှိစေရေး အတွက်မြို့နယ်များတွင် လွှတ်တော်ကိုယ်စားလှယ် များပါဝင်သော လူမှုကာကွယ်စောင့်ရှောက်ရေးကော်မတီများကိုဖွဲ့စည်း၍ ရပ်ရွာ လူထုအားအသိပေးခြင်း၊ တိုင်ကြားမှုများ လက်ခံဆောင်ရွက်ခြင်းနှင့် စောင့်ကြည့် ကြီးကြပ်ခြင်းအဆင့်များကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ထပ်မံ၍တိုးချဲ့ဆောင်ရွက်သွားမည့် တိုင်းဒေသကြီး/ပြည်နယ်များမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင်မန္တလေးတိုင်းဒေသကြီး နှင့် မကွေးတိုင်း ဒေသကြီး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးတို့ဖြစ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားရန်အတွက်  ကာလလတ် အစီအစဉ် ၅ နှစ် စီမံကိန်းများရေးဆွဲထားပြီးဖြစ်ပါသည်။ ကျန်ရှိသော တိုင်းဒေသကြီး/ ပြည်နယ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကသုတေသနပြုထားသော လူဦးရေနှင့် ကျန်းမာရေးဆိုင်ရာစစ်တမ်း ၂၀၁၅-၂၀၁၆ တွင်ဖော်ပြထားသော ပုညှက်မှုနှုန်း များအရ တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 

(ခ)    မသန်စွမ်းထောက်ပံ့ရေးအစီအစဉ်များ။    နိုင်ငံတော်အစိုးရသည် မသန်စွမ်းသူများလူမှုအသိုင်းအဝိုင်းအတွင်း  အခွင့်အရေး တန်းတူညီမျှရရှိစေရန်အတွက်  ၂ဝ၁၅ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေကို ပြဋ္ဌာန်း ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် နည်းဥပဒေကို ထုတ်ပြန်ခဲ့ပါသည်။ မသန်စွမ်းသူများအခွင့်အရေးဥပဒေပုဒ်မ ၄ အရ မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာအမျိုးသားကော်မတီကို ဒုတိယသမ္မတ-၂ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်၍ သက်ဆိုင်ရာ၊ ဝန်ကြီးဌာနများမှပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ သက်ဆိုင်ရာဝန်ကြီးများဖြင့် ဖွဲ့စည်း၍ မသန်စွမ်းသူများ၏အခွင့်အရေးအတွက် ဆောင်ရွက် လျက်ရှိပါသည်။ ယင်းဥပဒေအရ နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မသန်စွမ်းသူများအနေဖြင့် ကျရာအခန်းကဏ္ဍမှပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့်မဟာဗျူဟာ (၂ဝ၁၆-၂ဝ၂၅) ကို ရေးဆွဲထားပါသည်။
ထို့ပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းနှင့် မသန်စွမ်းမှုအဆင့်သတ်မှတ်ရေး စနစ်ပေါ်ထွက် လာစေရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။  လက်ရှိတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဦးဆောင် ၍ မသန်စွမ်းသူများစာရင်းကောက်ယူပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကနဦးထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀နှုန်းဖြင့် ထောက်ပံ့ ပေးလျက်ရှိပါသည်။ 

(ဂ) သက်ကြီးရွယ်အိုများအတွက်လူမှုရေးပင်စင်ပေးအပ်ခြင်း။    နိုင်ငံတော်အစိုးရသည်  သက်ကြီးရွယ်အိုများတွင် ရင်ဆိုင်တွေ့ကြုံရသည့်ဆင်းရဲမှု၊ ကျန်းမာရေး မပြည့်စုံမှု၊ လူမှုရေးအထီးကျန်ဆန်မှုနှင့် အခွင့်အရေးများကိုဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍  သက်ကြီးရွယ်အိုများ၏အခန်းကဏ္ဍကို ဦးစားပေးဆောင်ရွက်လျက် ရှိပါသည်။ ပြည်ထောင်စုလွှတ်တော်က သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေကို ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် (၄၄/၂၀၁၆) ဖြင့် ၃၀-၁၂ -၂၀၁၆ ရက်နေ့တွင်  ပြဋ္ဌာန်းခဲ့ပါ သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သည်၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍အသက် (၉၀) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်ထောက်ပံ့ပေးခဲ့ရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မှစတင်၍ အသက် (၉၀)နှစ် အစားအသက် (၈၅)နှစ်နှင့် အထက်ဟု ပြင်ဆင်သတ်မှတ် ခဲ့ပြီးလစဉ်ထောက်ပံ့ကြေး ငွေကျပ် ၁၀,၀၀၀ နှုန်းဖြင့် ၃ လ တစ်ကြိမ် ပုံမှန် ထောက်ပံ့ပေးလျက်ရှိပါသည်။

(ဃ)    စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက်ငွေကြေးထောက်ပံ့ခြင်း။      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် မြန်မာနိုင်ငံတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သည့် ဘိုးဘွားရိပ်သာ၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ မသန်စွမ်းဂေဟာ၊ အမျိုးသမီး စောင့်ရှောက်ရေးရိပ်သာ၊ ကိုယ့်အားကိုယ်ကိုးမူလတန်း ကြိုကျောင်းများစသည်တို့ အတွက်လည်း ထောက်ပံ့ငွေပေးအပ် ပွဲများပြုလုပ်၍ ထောက်ပံ့ကြေးပေး အပ်လျက်ရှိပါသည်။

(င)    လူမှုဖူလုံရေးအစီအစဉ်များ။       လူမှုဖူလုံရေးကဏ္ဍသည် လူမှုကာကွယ်စောင့်ရှောက် ရေးတွင် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသည် အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့် အလုပ်သမားများအတွက် တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင်ဖြစ်ပေါ်စေရေး၊ လုပ်ငန်းခွင်ဆိုင်ရာ ဘေးအန္တရယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင်မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါ ရရှိခံစားမှု လျော့နည်းကျဆင်းရေး၊ လူမှုဖူလုံရေးအာမခံ အလုပ်သမားများအတွက် လူမှုကာကွယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းစသည့် လူမှုဖူလုံရေးလုပ်ငန်းများကို ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကောင်အထည်ဖော် လျက်ရှိပါသည်။ လူမှုဖူလုံရေးအဖွဲ့သည် လူမှုဖူလုံရေးအာမခံ အလုပ်သမားများအားကျန်းမာရေးစောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်များကို ထိရောက်မြန် ဆန်စွာပေးနိုင်ရန်ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊ သတင်းအချက်အလက်နည်းပညာကဏ္ဍ၊ စီမံခန့်ခွဲမှုကဏ္ဍ၊ ဥပဒေရေးရာကဏ္ဍစသည့်   ကဏ္ဍ ၄ ခုကို နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသည့် လူမှုဖူလုံရေးစနစ်ဖြစ်ပေါ်      စေရန်အတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိပါသည်။   ထို့ပြင် လူမှုဖူလုံရေး အဖွဲ့သည် အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပိုမိုထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြင်ပလူနာ ဝန်ဆောင်မှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကိုပေးသော ဝန်ဆောင်မှုပေးသူ နှင့်ဝန်ဆောင်မှုဝယ်ယူသူစနစ် (Provider Purchaser Split – PPS) စနစ်ကို           အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းများနှင့် သဘောတူ  စာချုပ်ချုပ်ဆိုပြီး စမ်းသပ်ဆေးခန်းများကို ၂၀၁၈ ခုနှစ်မှ စတင်၍ ဖွင့်လှစ်လျက် ရှိပါသည်။  

(စ)    အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများပေးခြင်း။             လူမှုကာကွယ်     စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်နှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့်  အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ အရွယ်ရောက်သူများနှင့်  အလုပ်လုပ်ကိုင်နိုင်သော အသက်အရွယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာသင်ကြားရေးနှင့် လေ့ကျင့် သင်တန်းပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

 

ဆက်လက်ဆောင်ရွက်မည့် လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များ

၆။    မဟာဗျူဟာအရ ဆက်လက်ဆောင်ရွက်မည့် လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က)    ကျောင်းတွင်းအာဟာရကျွေးမွေးရေးအစီအစဉ်။      ကလေးသူငယ်များကို အခမဲ့ အာဟာရကျွေးမွေးခြင်းဖြင့်ကျောင်းနေနှုန်းမြင့်မားလာစေရန်ရည်ရွယ်၍ ကျောင်း များတွင် နေ့စဉ်ကလေးတစ်ဦးလျှင် ထမင်းနှင့်ဟင်းတစ်နပ်ကျွေးမွေးရန် ဖြစ်ပါ သည်။ ကနဦးအနေဖြင့် စားနပ်ရိက္ခာဖူလုံမှုအလွန် နည်းပါး၍ ကျောင်းတက်နှုန်း နည်းပါးသည့်ဒေသများတွင် စတင်ဆောင်ရွက်မည်ဖြစ်ပါသည်။ ယင်းအစီအစဉ် အား ၂၀၁၉ ခုနှစ်တွင် စတင်ဆောင်ရွက်ရန်မျှော်မှန်းထားသည်ဟု မဟာဗျူဟာ တွင်ဖော်ပြထားပါသည်။ တာဝန်ယူဆောင်ရွက်မည့်ဝန်ကြီးဌာနမှာ ပညာရေး ဝန်ကြီးဌာန ဖြစ်ပါ သည်။

(ခ) ကလေးသူငယ်များ အားထောက်ပံ့ငွေပေး အပ်ခြင်း။ အသက် ၃ နှစ် အရွယ် ကလေးသူငယ်မှစ၍ ၁၅ နှစ်အထိ ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ် သွားမည်ဟု မဟာဗျူဟာတွင်ဖော်ပြထားပါသည်။ ထောက်ပံ့ငွေကို ကလေး တစ်ဦးလျှင် တစ်လ ကျပ် ၈၀၀၀ ဖြစ်ပြီး ၃ နှစ်အရွယ်မှ စတင်ပေးအပ်မည်ဖြစ်ပြီး နှစ်စဉ် အသက်တစ်နှစ်စီတိုး၍ ခွင့်ပြုငွေတိုးချဲ့ပေးအပ်မည်ဖြစ်ပါသည်။ တာဝန်ယူ ဆောင်ရွက်မည့်ဝန်ကြီးဌာနမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနဖြစ်ပါသည်။ ယင်းအစီအစဉ်ကို ၂၀၁၈ ခုနှစ်တွင် စတင် လုပ်ဆောင်မည်ဟု မဟာဗျူဟာတွင်ဖော်ပြထားသော်လည်း နိုင်ငံတော်၏ဘတ်ဂျက် အခြေအနေအရ ဆောင်ရွက်ရန် လျာထားဆဲဖြစ်ကြောင်း သိရှိရပါသည်။ 

 

အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှုများ

၇။ ၂၀၁၃ခုနှစ်၊ အောက်တိုဘာလတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၌ ကျင်းပပြုလုပ်သော၂၃ ကြိမ် မြောက်အာဆီယံအဖွဲ့ဝင်နိုင်ငံများထိပ်သီးဆွေးနွေးပွဲတွင် လူမှုကာကွယ်စောင့်ရှောက်မှု အားကောင်း စေရေးဆိုင်ရာ အာဆီယံကြေညာချက်ကို မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံလုံးက အတည်ပြု ခဲ့ပါသည်။ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာတွင် ယင်းအာဆီယံကြေညာချက်ပါမူများကို ထည့်သွင်းရေးဆွဲထားပါသည်။ 

၈။    မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ဘက်ပေါင်းစုံမှ ကူညီထောက်ပံ့ပေးလျက် ရှိသည့် (Livelihoods and Food Security Fund, LIFT)  အသက်မွေးဝမ်းကြောင်းမှုနှင့်  စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့အစည်းသည် အစိုးရ၏လူမှုကာကွယ်ရေးစနစ် အားကောင်းခိုင်မာစေရန် အကူအညီများပေးအပ် လျက်ရှိပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့်LIFT တို့ပူးပေါင်း၍ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသူငယ်များ အတွက် ထောက်ပံ့ကြေးပေးခြင်းနှင့် သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်ပေးအပ်ခြင်း အစီအစဉ်များတွင် ပူးပေါင်း၍လုပ်ဆောင်လျက် ရှိပါသည်။ 

၉။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် အလုပ်သမားများ၏ လူမှုဖူလုံရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ လူမှုဖူလုံရေးအဖွဲ့ အစည်းများဖြစ်သည့် (International Social Security Association – ISSA )  နှင့် (ASEAN Social Security Associatiion – ASSA ) တို့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာတို့နှင့်ပူးပေါင်း၍ လူမှုဖူလုံရေးစီမံကိန်းကိုနိုင်ငံတကာ စံနှုန်းများ နှင့်အညီ မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက်အသိပညာ၊ ကျွမ်းကျင်မှုများဖလှယ်၍ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ 

 

လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေးစီမံချက်

၁၀။ အစိုးရသည်လူမှုကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုများကြောင့်ကြုံတွေ့ရသော ဘဝရပ်တည်ရန် ခက်ခဲမှုများနှင့် အန္တရာယ်ကျရောက်လွယ်မှုများကို လွမ်းခြုံသောနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ သဘာဝဘေးစီမံခန့်ခွဲရေး (Disaster Risk Management,DRM) သည် ပြည်သူလူထုအပေါ် သဘာဝဘေးအန္တရာယ်များ ကျရောက်နိုင်မှုကို ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြစ်ပြီး လူမှုကာကွယ် စောင့်ရှောက်ရေးမှာ ဆင်းရဲ နွမ်းပါးသော မိသားစုများ၏ လူမှုရေးနှင့်စီးပွားရေး အန္တရာယ်ကျရောက်လွယ်မှုများကို ဦးတည်ဆောင်ရွက်ခြင်းဖြင့် ဘဘာဝဘေးဖြင့် ကြုံတွေ့လာသည့်အခါ ခံနိုင်ရည်ရှိမှုတိုးမြှင့်လာစေရန် ရည်ရွယ်ပါသည်။ သဘာဝဘေးစီမံခန့်ခွဲရေး (DRM) နှင့် လူမှုကာကွယ်စောင့်ရှောက် မှုနှစ်ရပ်စလုံးကို ဖြေရှင်းဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးများကိုခံနိုင်ရည်ရှိသော ပတ်ဝန်းကျင်တစ်ရပ် ပေါ်ပေါက်လာပြီး သဘာဝဘေးကြောင့်ထိခိုက်မှုများကို လျင်မြန်စွာပြန်လည်ထူထောင်နိုင်သည့် စွမ်းဆောင်ရည်များကို တိုးမြှင့်စေမည်ဖြစ်ပါသည်။

 

စိန်ခေါ်မှုများ၊ လေ့လာတွေ့ရှိချက်များနှင့် အကြံပြုချက်များ

၁၁။ လူမှုကာကွယ်စောင့်ရှောက်ရေးဆောင်ရွက်ရာတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများ၊ ကမ္ဘာ့ဘဏ်    (World Bank) ကလေ့လာပြုစုထားသည့် သုတေသန စာတမ်းများအရ လေ့လာ တွေ့ရှိချက်အချို့နှင့် လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာတွင် ဖော်ပြ ထားသောအကြံပြုချက်များမှာ တစ်ဖက်ပါအတိုင်းဖြစ်ပါသည်-

(က) စိန်ခေါ်မှုများ။ မြန်မာနိုင်ငံ၏လူမှုကာကွယ်စောင့်ရှောက်ရေးစနစ် ဖော်ဆောင် ရာတွင်ကြုံတွေ့ရသည့်  စိန်ခေါ်မှုအချို့မှာ လက်ရှိ လူမှုကာကွယ် စောင့်ရှောက်ရေး ဝန်ဆောင်မှုများသည် လိုအပ်ချက်များရှိနေပြီး နယ်မြေဒေသအနည်းငယ်ကိုသာ ဆောင်ရွက်ပေးနိုင်ပါသည်။ မြို့နယ်အဆင့်တွင် ရုံးများ မရှိခြင်းနှင့် ဝန်ဆောင်မှုများ ပေးအပ်ရန် တရားဝင်ခန့်အပ်ထားသော ဝန်ထမ်းအင်အားမှာလည်း နည်းပါးပါသည်။ ထို့အပြင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် ရန်ပုံငွေပိုမိုလိုအပ်လျက်ရှိခြင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနသည် အသစ်ဖွဲ့စည်းထားသည့်ဌာနဖြစ်သောကြောင့် မသန်စွမ်းသူများပြန်လည်ထူထောင် ရေးတွင် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်ပေးရန်လိုအပ်နေခြင်း၊ မသန်စွမ်းစာရင်းကောက်ယူခြင်းနှင့် မသန်စွမ်းမှတ်ပုံတင်ရန်အတွက် အချက်အလက်များကောက်ယူရန် IT နည်းပညာအကူအညီများနှင့် ကျွမ်းကျင်သူများ လိုအပ်လျက်ရှိခြင်းနှင့် ရေရှည်ဆောင်ရွက်နိုင်မည့် နည်းပညာအကူအညီနှင့် အထောက်အပံ့များ လိုအပ်လျက်ရှိပါသည်။ 

(ခ)    လေ့လာတွေ့ရှိချက်များ။       အစိုးရသည် လူမှုကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ်များကို တိုးမြှင့်လျက်ရှိသော်လည်း  နိုင်ငံတကာနှင့်နှိုင်းယှဉ်ပါက နည်းပါးနေဆဲဖြစ်၍ ဆက်လက်တိုးမြှင့်ရန်လိုအပ်လျက်ရှိခြင်း၊ အစိုးရနှင့် ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရာတွင်  တိကျခိုင်မာသည့်စနစ် တစ်ခုလိုအပ်လျက်ရှိခြင်း၊ အစိုးရသည်လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများစွာပြုလုပ်ခဲ့ပြီး လုပ်ငန်းအစီအစဉ်သစ်များတိုးချဲ့ဆောင်ရွက် ခဲ့သော်လည်း ရေရှည် ဆောင်ရွက်သွားနိုင်ရေးအတွက် ငွေကြေးအကန့်အသတ် ရှိနေပါသည်။ ထို့ကြောင့် အနာဂတ်အစီအစဉ်များတွင် ထိရောက်ပြီးရေရှည် ဆောင်ရွက်ပေးနိုင်မည့်အစီအမံများပေးဆောင်နိုင်စေရန် အစိုးရအဖွဲ့အစည်းများ အကြား သင့်လျော်သည့်ပူးပေါင်းဆောင်ရွက်မှုစနစ်တစ်ခု ထူထောင်ရန်လိုအပ် သည်ဟု ဖော်ပြထားပါသည်။ 

(ဂ) အကြံပြုချက်များ။ လူမှုကာကွယ်စောင့်ရှောက်ရေး အဓိကလုပ်ငန်းအစီအစဉ်များသည် ပြည်သူများဘဝတစ်သက်တာတွေ့ကြုံရသည့် အန္တရာယ်ကျရောက်နိုင် မှုများနှင့် ဘဝရပ်တည်ရန်ခက်ခဲမှုများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် လိုအပ်ပါသည်။ မိသားစုများနှင့် ကလေးသူငယ်များသည် ဘဝရပ်တည်ရန် ခက်ခဲမှုများကို စဉ်ဆက်မပြတ်ရင်ဆိုင်နေရပြီး ယင်းတို့ကိုထိရောက်စွာ ဖြေရှင်း ဆောင်ရွက်ရန်နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ဘဝရပ်တည် ရန်ခက်ခဲမှုအပိုင်းကဏ္ဍများအားဖော်ထုတ်၍ လိုအပ်သောအစီအမံများကိုထိရောက် စွာပံ့ပိုးပေးနိုင်ရန်၊ ဝန်ဆောင်မှုပေးသောအဖွဲ့အစည်းအချင်းချင်း ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းဆောင်ရွက်မှုအားကောင်းလာစေရန် ဆောင်ရွက်ရ မည်ဟု မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ တွင် ဖော်ပြထားပါသည်။ ။ 

 

နိုင်ငံအချို့၏ လူမှုကာကွယ်စောင့်ရှောက်ရေးဆောင်ရွက်မှုများ

၁၂။    လူမှုကာကွယ်စောင့်ရှောက်ရေးနှင့်စပ်လျဉ်း၍နိုင်ငံအချို့၏ဆောင်ရွက်မှုများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

(က)    ကမ္ဘောဒီးယားနိုင်ငံ။ ကမ္ဘောဒီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လူမှုကာကွယ်စောင့်ရှောက်ရေးကိုအလေးထား၍ဆောင်ရွက်ရန် ပုဒ်မများရေးဆွဲ ၍ဖော်ပြထားပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂၊  ၂၅ ၊  ၇၅ တွင် လူတိုင်း သည် လူမှုကာကွယ်စောင့်ရှောက်မှုရပိုင်ခွင့် ခံစားခွင့်ရှိသည်ဟုလည်းကောင်း၊  ဘဝရပ်တည်ရန်အခက်အခဲရှိသူများအား ကာကွယ်စောင့်ရှောက်ရမည်ဟု      လည်းကောင်း၊ အလုပ်သမားများအတွက်လူမှုဖူလုံရေးစနစ်ကို တည်ထောင် ရမည်ဟူ ၍ လည်းကောင်းဖော်ပြထားပါသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ကဏ္ဍအလိုက် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကိုဆောင်ရွက်ရန် သက်ဆိုင်ရာဥပဒေများကိုလည်း ပြဋ္ဌာန်းပြီးဖြစ်ပါသည်။ လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံသည် အစိုးရဝန်ကြီးဌာန (၇) ခုနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများဖြင့်ပူးပေါင်း၍ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်း များကိုဆောင်ရွက်လျက် ရှိပါသည်။ ထို့ပြင်အစိုးရသည် လူမှုကာကွယ်စောင့်ရှောက် ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်ရန် အမျိုးသားအဆင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနည်းဗျူဟာ၊ ကမ္ဘောဒီးယားထောင်စုနှစ် ဖွံ့ဖြိုးရေးရည်မှန်းချက် (Cambodia Millennium Development Goal, CMDGs)နှင့် အခြားနည်းဗျူဟာ များပါဝင်သော လူမှုကာကွယ်ရေးအမျိုးသားအဆင့်မဟာဗျူဟာ (၂၀၀၉-၂၀၁၃) ကိုရေးဆွဲခဲ့ပါသည်။ မဟာဗျူဟာသည် ကျေးလက်ဒေသ ရှိပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေးကိုအဓိကဦးတည်ပါသည်။မဟာဗျူဟာတွင်ပြည်သူများအတွက် ပုံမှန် နှင့်ပုံမှန်မဟုတ်သောအခြေအနေများအတွက် အလုပ်များ ဖန်တီးပေးခြင်း လုံခြုံ စိတ်ချပြီးကောင်းမွန်သောလုပ်ငန်းခွင်အခြေအနေများ ဖန်တီးပေးခြင်း၊ သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ရသည့်အခါတွင် ကူညီထောက်ပံ့ပေးခြင်း၊ ထိခိုက်လွယ် သောအုပ်စုများအတွက် အထူးအစီအစဉ်များနှင့် မိဘမဲ့ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် ပြုစုစောင့်ရှောက် ရေးဂေဟာများ တည်ထောင်ခြင်း၊ အကြမ်းဖက်ခြင်းနှင့် လူကုန်ကူးမှုကိုတားမြစ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုမြှင့်တင်ခြင်းစသည့် အစီအစဉ်များ ပါဝင်ပါသည်။
သို့ရာတွင် ကမ္ဘောဒီးယားနိုင်ငံသည် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများဆောင်ရွက်ရာ၌ လိုအပ်ချက်များနှင့်  အခက်အခဲများရှိနေပါသည်။ အစိုးရ၏လူမှုဝန်ထမ်းစောင့်ရှောက်ရေးအတွက်ခွဲဝေပေးသော အသုံးစရိတ်မှာ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ထောက်ပံသောငွေကြေးနှင့်နှိုင်းယှဉ်ပါက နည်းပါးနေပါသည်။ ထို့ပြင် ဝန်ကြီးဌာနအချင်းချင်း လုပ်ငန်းများဆောင်ရွက်ရာ တွင်ချိတ်ဆက်မှုအားနည်းခြင်း၊ ပူးပေါင်းဆောင်ရွက်ရန်လုပ်ပိုင်ခွင့်များဖော်ပြထား မှုမရှိခြင်း၊ ဝန်ကြီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကို တိုင်းတာစစ်ဆေး သည့်စနစ်မရှိခြင်းစသည့် အခက်အခဲများရှိနေပါသည်။ ထိုအခက်အခဲများကို ဖြေရှင်းနိုင်ရန် ကမ္ဘောဒီးယားအစိုးရသည် ဝန်ကြီးဌာနအဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသားလူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာ အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုနိုင်ရန်အတွက်  စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာကောင်စီ(The Council for Agricultural and Rural Development, CARD) ကိုဖွဲစည်း၍ဆောင်ရွက် လျက်ရှိပါသည်။ 

(ခ) မက္ကဆီကိုနိုင်ငံ။  မက္ကဆီကိုနိုင်ငံသည်စီးပွားရေးတိုးတက်ရန်နှင့် အလုပ်လက်မဲ့ နှုန်းလျှော့ချရန် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း ပြုပြင်ပြောင်းလဲမှုအား ၁၉၉၀ ပြည့်နှစ်တွင်စတင်ဆောင်ရွက်ခဲ့ပါသည်။ ယင်းပြုပြင်ပြောင်းလဲမှုသည် ကျောင်းနေနှုန်းနိမ့်ကျခြင်း၊ ကလေးသူငယ်များအာဟာရမပြည့်ဝခြင်း၊ ကျန်းမာရေး အဆင့် နိမ့်ကျခြင်းကိုထိရောက်စွာဆောင်ရွက်နိုင်ခြင်းမရှိ၍ ၁၉၉၇ ခုနှစ် တွင် အစီအစဉ် အသစ်ကို ပြန်လည်ရေးဆွဲခဲ့ပါသည်။ ယင်းအစီအစဉ်အသစ်တွင် မိခင် များကိုထောက်ပံ့ကြေးပေးအပ်ခြင်းဖြင့်ကလေးသူငယ်များကို ကျောင်းတက်ရောက် ရန် ဖန်တီးပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အမျိုးသမီးကလေး သူငယ်များအား ဓလေ့ထုံးတမ်းအရခွဲခြားဆက်ဆံခြင်းမပြုရေးတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ယင်းအစီအစဉ်ကြောင့် ကလေးသူငယ်များ စာတတ်မြောက်မှုကောင်းမွန် လာပြီး ကျောင်းနေနှုန်းမြင့်မားလာခြင်း၊ တိုင်းရင်းသားနှင့် တိုင်းရင်းသား မဟုတ် သောအမျိုးသား/အမျိုးသမီး ကလေးသူငယ်များကြားရှိ စာတတ်မြောက်မှုကွာဟ ချက်အားနည်းပါးအောင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့ပြင်ကလေးသူငယ်များနှင့် အမျိုးသမီးများ၏ကျန်းမာရေးအဆင့်အတန်း မြင့်မားအောင်ဆောင်ရွက်နိုင်ခြင်း အပြင် အခြေခံလူတန်းစားများမှ ကျန်းမာရေးဝန်ဆောင်မှုအား ရရှိအသုံးပြုနိုင် အောင် စီမံဆောင်ရွက်နိုင်ခဲ့ပါသည်။
ယင်းအစီအစဉ်သည် အောင်မြင်မှုအချို့ရှိခဲ့သော်လည်း  နွမ်းပါးချို့တဲ့သော တိုင်းရင်းသားလူမျိုးများ၏ကျန်းမာရေး၊ လူမှုရေးကိစ္စများကို အောင်မြင် အောင် ဆောင်ရွက်နိုင်ရန် လိုအပ်နေပါသေးသည်။  ထို့ကြောင့်  အစိုးရသည် ယခု လက်ရှိအစီအစဉ်များအား လေ့လာသုံးသပ်၍ ပိုမိုကောင်းမွန်သော နည်းဗျူဟာ များအသုံးပြု၍  ဆောင်ရွက်လျက်ရှိပါသည်။ 

(ဂ)    ဂျာမနီနိုင်ငံ။ ဂျာမနီနိုင်ငံတွင် အလုပ်သမားများအတွက် လူမှုကာကွယ် စောင့်ရှောက်ရေးနှင့်သက်ဆိုင်သည့် အာမခံစနစ်(၅)မျိုး ရှိပါသည်။ ယင်းတို့မှာ  ကျန်းမာရေးအာမခံ၊ ဆေးကုသမှုအာမခံ၊ မတော်တဆထိခိုက်မှုအာမခံ၊ ပင်စင် အာမခံနှင့် အလုပ်လက်မဲ့အာမခံတို့ဖြစ်ပါသည်။ အာမခံစနစ်သည် အလုပ်ဝင်သည် နှင့်တစ်ပြိုင်နက်စတင်ပြီး အာမခံစနစ်များရရှိခံစားနိုင်ရန်အတွက်  မိမိတို့လစဉ်ရရှိ သည့် အလုပ်သမားခမှ လစဉ်အာမခံကြေးများထည့်သွင်းရပါသည်။ အလုပ်လက်မဲ့ အခြေအနေများနှင့် အလုပ်မလုပ်နိုင်သည့်အခါများတွင် ငွေကြေး ထောက်ပံ့ပေး၍ အလုပ်ရှိသူများအား ကျန်းမာရေးနှင့် ကုသမှုအာမခံရရှိအောင် ဆောင်ရွက်ပေး ပါသည်။ ဂျာမနီနိုင်ငံ၏ လူမှုဖူလုံရေးအာမခံစနစ်ကို လူတိုင်းလက်လှမ်းမီသည့် အာမခံစနစ်ဖြစ်အောင် ပုံဖော်ဖန်တီးပေးထားပြီး လက်ရှိ လူဦးရေ ၉၀ ရာခိုင်နှုန်း ခန့်ကိုလွှမ်းခြုံပေးထားပါသည်။ အခြားလူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ် များကိုလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ပြဋ္ဌာန်းထားသော ဥပဒေများအရ အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါသည်။   
ထို့အပြင်ဂျာမနီနိုင်ငံအစိုးရသည် ကျောင်းသားလူငယ်များအတွက် ကျောင်းပညာရေးနှင့် ချိတ်ဆက်သော သက်မွေးမှုဆိုင်ရာ သင်တန်းများပေးခြင်းဖြင့် အလုပ်အကိုင် ရရှိမှုကို အားပေးမြှင့်တင်သော အစီအစဉ်များကို လုပ်ဆောင်ခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ်မှစ၍ အလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများ၊  အလုပ်အကိုင်ရရှိရေး စင်တာများနှင့် စာသင်ကျောင်းများပူးပေါင်း၍ လူငယ်များကျောင်းပြီးလျှင် လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန် လူငယ်နှင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းပေါင်းစည်း ရေးအစီအစဉ်များကို ထောက်ပံပေးခဲ့ပါသည်။

 

နိဂုံး

၁၃။ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်နေပြီး စဉ်ဆက်မပြတ် ဦးစားပေး လုပ်ဆောင်ရမည် ဖြစ်ပါသည်။  လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အခြားကဏ္ဍများတွင် ရင်းနှီးမြုပ်နှံသကဲ့သို့ ချက်ချင်းတိုးတက်မှု မရရှိသော်လည်း ရေရှည်တွင်ဆင်းရဲချမ်းသာကွာဟမှု ကျဉ်းမြောင်းလာခြင်း၊ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ အညွှန်းကိန်းများမြင့်မားလာခြင်း၊ ကလေးသူငယ်များ၏ ပညာရည်မြင့်မားလာခြင်းစသည့် ရလဒ်ကောင်းများရရှိလာနိုင်ပါသည်။ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းသည် ကြီးမားကျယ်ပြန့်သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ် သောကြောင့် ထိရောက်ပြီး ရေရှည်တည်တံ့သည့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်တစ်ရပ် ဖြစ်ပေါ်လာစေရန် အစိုးရ၊ ပြည်သူလူထု၊ ပြည်တွင်း/ပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများ နှင့် ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများစသည်တို့ အတူတကွလက်တွဲ၍ပူးပေါင်းပါဝင် လုပ်ဆောင် ကြရမည်ဖြစ်ပါသည်။

 

သတိပြုရန်


ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန် အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

 

ရက်စွဲ
၂၄.၇.၂၀၁၉