Skip to main content

ပြည်သူ့လွှတ်တော်ရုံး၏ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကျင်းပ

ပြည်သူ့လွှတ်တော်ရုံး၏ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့ လွှတ်တော်ဧည့်ခန်းမဆောင်၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်း ကျောင်းတိုက်ကြီး၏ ပဓာနနာယက၊ နိုင်ငံတော်သြဝါဒစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ သာသနဓဇ သိရီပဝရဓမ္မာစရိယ ဘဒ္ဒန္တကဝိသာရ ဆရာတော်ကြီးအမှူးပြုသော သံဃာတော် အရှင်မြတ်တို့ ကြွရောက်ကြ သည်။

ဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ထို့နောက် သံဃာတော်အရှင်မြတ်များက အန္တရာယ်ကင်းပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများကို ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြသည်။

ယင်းနောက် ဆရာတော်၊ သံဃာတော် အရှင်မြတ်များထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းပြီးနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။        

အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်