Skip to main content

စက်မှုဇုန်များ အကောင်အထည်ဖော်နေမှုအခြေအနေများနှင့် စက်မှုဇုန် ဥပဒေ၏အရေးပါမှု

စက်မှုဇုန်များ အကောင်အထည်ဖော်နေမှုအခြေအနေများနှင့် စက်မှုဇုန် ဥပဒေ၏အရေးပါမှု

အကျဉ်းချုပ်

          မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေပြုနိုင်ငံဖြစ်သည့်အတွက် ၁၉၉၀-၁၉၉၁ ခုနှစ်တွင် လယ်ယာကဏ္ဍကြီးပါဝင်မှု အချိုးအစားသည် ၅၇.၃ ရာခိုင်နှုန်းဖြင့် အများဆုံးပါဝင်ခဲ့ပြီး စက်မှု ကဏ္ဍကြီးအနေဖြင့် ၁၀.၅ ရာခိုင်နှုန်းဖြင့် အနည်းဆုံးတည်ရှိခဲ့ပါသည်။

          မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှုကို စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဖြင့် ပြောင်းလဲရည်မှန်း ဆောင်ရွက်ရန်အတွက် ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ၃၃ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင်  ၃၅ ရာခိုင်နှုန်း၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင်  ၃၅.၄ ရာခိုင်နှုန်းအထိတိုးတက်ခဲ့ပြီး ၂၀၃၀-၂၀၃၁ ခုနှစ် တွင် ၃၇ ရာခိုင်နှုန်းအထိ တိုးတက်လာရန်ရည်မှန်း၍ ဆောင်ရွက်လျက်ရှိပါသည်။

          ဤစာတမ်းတိုတွင် စက်မှုဇုန်များနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန် ဥပဒေမူကြမ်း၏ရည်ရွယ်ချက်များကို ဖော်ပြထားပါသည်။ တည်ထောင်ပြီးသည့်စက်မှုဇုန်ပေါင်း ၆၀ ခန့်ရှိပြီး လတ်တလောစက်မှုဇုန်များ၏ ဆောင်ရွက်မှုအခြေအနေများနှင့် ကြုံတွေ့နေရသည့် အခက်အခဲများ၊ စက်မှုဇုန်တစ်ခု၏ မရှိမဖြစ်အခြေခံလိုအပ်ချက်များကို ယှဉ်တွဲဖော်ပြထားပါသည်။ စက်မှုဇုန်တည်ထောင်ရာတွင် လိုအပ်သည့်ဥပဒေနှင့် ဆက်စပ်သည့်အခြားဥပဒေများ၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၏အမြင်နှင့်အကြံပြုချက်များ၊ ထိုင်းနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံတို့တွင်စက်မှုဇုန်တည်ထောင် နေမှုအခြေအနေများ၏ အချက်အလက်များကိုရှာဖွေပြုစု၍ လွှတ်တော်တွင် မကြာမီဆွေးနွေးမည့် စက်မှုဇုန်ဥပဒေကြမ်းအတွက် လွှတ်တော်ကိုယ်စားလှယ်များ ဖတ်ရှု့လေ့လာနိုင်ရန် တင်ပြခြင်း ဖြစ်ပါသည်။

စာတမ်းတိုအမှတ်စဉ် - ၁၀၆

မာတိကာ

စဉ်                                       အကြောင်းအရာ                                စာမျက်နှာ

၁။    နိဒါန်း     ၃

၂။   စက်မှုဇုန်အဓိပ္ပါယ်နှင့် စက်မှုဇုန်ဥပဒေမူကြမ်း                                                      ၃

၃။   နောက်ခံအကြောင်းအရာ                                                                              ၄

၄။   ဆောင်ရွက်လျက်ရှိသည့် စက်မှုဇုန်များ                                                              ၅

၅။   လတ်တလောကြုံတွေ့နေရသည့် စက်မှုဇုန်များ၏အခြေအနေ                                  ၆

၆။   စက်မှုဇုန်များ၏ အခြေခံလိုအပ်ချက်များ                                                             ၈

၇။   စက်မှုဇုန်ဥပဒေ လိုအပ်ရခြင်းအကြောင်းအရင်း                                                    ၉

၈။   ဆက်စပ်သည့်အခြားတည်ဆဲဥပဒေများ                                                             ၁၀

၉။   ကြုံတွေ့နေရသည့်ပြဿနာရပ်များ                                                                  ၁၀

၁၀။ စက်မှုဇုန်များနှင့်ပတ်သက်သည့်အမြင်များ                                                                   ၁၁

၁၁။ နိုင်ငံအချို့၏ ဆောင်ရွက်ချက်များ                                                                             ၁၂

      (က) ထိုင်းနိုင်ငံ                                                                                          ၁၂

      (ခ )  ဗီယက်နမ်နိုင်ငံ                                                                                   ၁၃

၁၂။ နိဂုံး                                                                                                        ၁၄

 

နိဒါန်း

၁။       မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅ အရ ဈေးကွက်စီးပွားရေး စနစ်ကိုကျင့်သုံး၍ အစိုးရသည် ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်၏စီးပွားရေးမူဝါဒ (၁၂) ရပ်ကိုချမှတ် ခဲ့ပါသည်။ အဆိုပါစီးပွားရေးမူဝါဒ (၁၂) ရပ်အနက် တစ်ခုအပါအဝင်ဖြစ်သော ဘက်စုံဖွံ့ဖြိုးတိုးတက် ရေး၊ ပို့ကုန်မြှင့်တင်နိုင်ရေးတို့အတွက် လယ်ယာကဏ္ဍနှင့်စက်မှုကဏ္ဍ ဟန်ချက်ညီညီချိတ်ဆက်၍ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ရန်လိုအပ်ပါသည်။ ထို့ကြောင့် စက်မှုဇုန်များပြန်လည် အသက်ဝင်စေရေးနှင့် အသစ်တည်ထောင်မည့်စက်မှုဇုန်များ စနစ်တကျဖြစ်ထွန်းလာရေးတို့အတွက် အစိုးရအနေဖြင့် မူဝါဒကောင်းများ ချမှတ်ရန်လိုအပ်ပါသည်။

စက်မှုဇုန်အဓိပ္ပါယ်နှင့် စက်မှုဇုန်ဥပဒေမူကြမ်း

၂၊       စက်မှုဇုန်ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာထုတ်ပြန်၍ စက်မှုဇုန် အဖြစ် နယ်နိမိတ်ပိုင်းခြားသတ်မှတ်တည်ထောင်သည့် ဇုန်မြေနေရာကိုဆိုသည်ဟု စက်မှုဇုန် ဥပဒေကြမ်းတွင် အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။  မြန်မာနိုင်ငံ၏ စက်မှုဇုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် စက်မှုဇုန်များစနစ်တကျရှိရေး၊ လုပ်ငန်းရှင်များ အချင်းချင်းပူးပေါင်းဆောင်ရွက်ရန်နှင့် အခက်အခဲများဖြေရှင်းရန်အတွက် စက်မှုဇုန်ဥပဒေကြမ်းကို စက်မှုဝန်ကြီးဌာနက ဦးဆောင်၍ ရေးဆွဲထားခြင်းဖြစ်ပါသည်။ 

၃။       စက်မှုဇုန်ဥပဒေကြမ်းတွင် ပါဝင်သောအချက်များသည် ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်များ   ရင်းနှီးမြှုပ်နှံလာနိုင်စေရန်၊ ဈေးကွက်အရယှဉ်ပြိုင်နိုင်သည့် စက်မှုလုပ်ငန်းများဖြစ်လာစေရန်၊ စက်မှုလုပ်ငန်းများ စက်မှုဇုန်အတွင်းအခြေချလာစေရန်နှင့် စက်မှုလုပ်ငန်းများကြောင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုလျော့နည်းစေရေးစသည်ရည်ရွယ်ချက်များ ပါဝင်ထားပါသည်။ စက်မှုဇုန်ဥပဒေမူကြမ်းတွင်    အခန်းပေါင်း (၂၀) နှင့် ပုဒ်မပေါင်း (၈၀)ပါရှိပြီး အများပြည်သူ သိရှိလေ့လာအကြံပြုနိုင်ရန်အတွက်   ၃-၅-၂၀၁၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ထုတ်ပြန်ကြေငြာခဲ့ပါသည်။ အဆိုပါဥပဒေကြမ်းကို   ဒုတိယအကြိမ်ပြည်သူ့  လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဆွေးနွေးရန်လျာထားပါသည်။

နောက်ခံအကြောင်းအရာ

၄။       မြန်မာနိုင်ငံရှိစက်မှုဇုန်များကို ၁၉၉၀ ပြည့်လွန်နှစ်များတွင် အစိုးရမှမြေယာစီစဉ် ပေး၍ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖော်ဆောင်ခဲ့ကြခြင်းဖြစ်ပါသည်။  ၁၉၉၇ ခုနှစ်မှစတင်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မြို့ပြနှင့်အိုးအိမ်ဦးစီးဌာနက စက်မှုဇုန်များကို တာဝန်ယူအကောင်အထည်ဖော်ခဲ့ပါသည်။ စက်မှုဇုန်များကို စက်မှုကဏ္ဍဖွံ့ဖြိုးစေရန်၊ ပြည်ပ ပို့ကုန်တင်ပို့နိုင်ရန်၊ ပြည်တွင်းအစားထိုးသွင်းကုန် ထုတ်လုပ်နိုင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်း များစွာဖန်တီးနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ထူထောင်ခဲ့ခြင်းဖြစ်ပါသည်။

၅။       ယခင်စက်မှုဇုန်ဆိုင်ရာဥပဒေဟူ၍ သီးသန့်ပြဋ္ဌာန်းခဲ့ခြင်းမရှိဘဲ အမိန့်ညွှန်ကြားချက်များဖြင့် သာစက်မှုဇုန်များကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပါသည်။ စက်မှုဇုန်များကို စီမံခန့်ခွဲရန်အတွက်  ၁/၉၇ အမိန့်ညွှန်ကြားချက်တစ်စောင်ထုတ်ပြန်၍ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီကိုဖွဲ့စည်းခြင်း နှင့် ဗဟိုအဆင့်နှင့်ပြည်နယ်အဆင့် စက်မှုဇုန်ကြီးကြပ်ရေးကော်မတီများကို ဖွဲ့စည်းခဲ့ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။  ယခုအခါ စက်မှုဇုန်များကြီးကြပ်မှုကို သက်ဆိုင်ရာပြည်နယ်၊ တိုင်း ဒေသကြီးတို့တွင် ဝန်ကြီးချုပ်ဦးဆောင်သည့် ဗဟိုစက်မှုလက်မှုတိုးတက်ရေးကော်မတီ၊ ခရိုင် အထွေထွေအတွင်းရေးမှူးဦးဆောင်သည့် ကြီးကြပ်မှုကော်မတီနှင့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ တို့က ကြီးကြပ်ကွပ်ကဲလျှက်ရှိပါသည်။

၆။       စက်မှုဝန်ကြီးဌာနသည် ၂၀၁၆ ခုနှစ်က စက်မှုလုပ်ငန်းမူဝါဒကိုချမှတ်ခဲ့ပြီး အဆိုပါမူဝါဒ တွင် စက်မှုဇုန်နှင့် အထူးစီးပွားရေးဇုန်များတွင် စက်မှုလုပ်ငန်းများအောင်မြင်စွာ ထူထောင်နိုင်ရန်၊ စိုက်ပျိုးရေးစက်မှုဇုန်၊ နယ်စပ်စက်မှုဇုန်နှင့် စီးပွားရေးစက်မှုဇုန်များထူထောင်ရန် ဖော်ပြထားပါ သည်။

ဆောင်ရွက်လျက်ရှိသည့် စက်မှုဇုန်များ

၇။       မြန်မာနိုင်ငံတွင် တည်ထောင်ပြီးသည့်စက်မှုဇုန်စုစုပေါင်း (၆၀) ခန့်ရှိပါသည်။ ထိုစက်မှုဇုန် များအနက် စက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တည်ဆောက်ပြီးသည့်စက်မှုဇုန် (၁၈)ခု၊ တိုးချဲ့တည်ဆောက်ဆဲစက်မှုဇုန် (၆) ခုနှင့်    အထူးစီးပွားရေးဇုန် (၃)ခုရှိပါသည်။ အထူးစီးပွားရေး ဇုန် (၃) ခုသည် သီလဝါအထူးစက်မှုဇုန် (ရန်ကုန်တိုင်းဒေသကြီး)၊ ကျောက်ဖြူစက်မှုဇုန် (ရခိုင် ပြည်နယ်)နှင့် ထားဝယ်စက်မှုဇုန် (တနင်္သာရီတိုင်းဒေသကြီး)တို့ဖြစ်ပါသည်။

၈။       မြန်မာ့ရေရှည်စီးပွားရေးသည် ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံ မှုများတိုးချဲ့ခြင်းနှင့် အသစ်ဝင်ရောက်လာနိုင်မည့် အလားအလာကောင်းများရှိနေပါသည်။  ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန် (၂၉) ဇုန်အပြင် စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပ မြို့နယ် (၁၁) မြို့နယ်တွင် စက်မှုဇုန်အသစ် (၁၁) ဇုန်တည်ထောင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရက စီစဉ်လျက်ရှိပြီး အဆိုပါစီမံကိန်းကို တိုင်းလွှတ်တော်သို့ တင်ပြထားဆဲဖြစ်ပါသည်။ တိုင်းဒေသကြီးအစိုးရမှ ဒဂုံမြို့သစ် (အရှေိ့ပိုင်းနှင့်တောင်ပိုင်းမြို့နယ်)များတွင် ပြည်ပ        ရင်းနှီးမြှုပ်နှံမှုဖြင့် စက်မှုမြို့တော်စီမံကိန်းတစ်ခုဆောင်ရွက်နေသကဲ့သို့ တိုင်းဒေသကြီးပိုင် (New Yangon City Development Company Ltd - NYDC) ကုမ္ပဏီမှဦးဆောင်အကောင်အထည်ဖော် နေသော ရန်ကုန်မြို့သစ်စီမံကိန်းသည်လည်း စက်မှုဇုန်အခြေပြုစီမံကိန်း တစ်ရပ်ပင်ဖြစ်ပါသည်။

၉။       ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင် ထန်းတပင်မြို့နယ်နှင့် လှည်းကူးမြို့နယ်တို့၌ ပြုလုပ်မည့် စက်မှုဥယျာဉ်မြို့တော်စီမံကိန်းများနှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခဲ့ရာ ကန့်ကွက်သူမရှိအတည်ပြုခဲ့ပါသည်။

လတ်တလောကြုံတွေ့နေရသည့် စက်မှုဇုန်များ၏အခြေအနေ

၁၀။     တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်စက်မှုဇုန်များ တည်ထောင်ခဲ့ကြပြီး  စက်မှုဇုန်အများစု သည် ရန်ကုန်တိုင်းဒေသကြီးတွင်တည်ရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ သည် အဓိကကျသောအခန်းကဏ္ဍ၌ ရပ်တည်နေပါသည်။ ကြုံတွေ့နေရသည့် စက်မှုဇုန်များ၏ အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    တည်ထောင်ပြီးသည့် စက်မှုဇုန်များအနက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှု ဇုန်များကသာ ထိုက်သင့်သောအခြေခံအဆောက်အအုံပြည့်စုံမှုများ ရှိနေသော်လည်း ရန်ကုန်တိုင်းဒေသကြီးပြင်ပရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင်ရှိသော စက်မှုဇုန်အများစုသည် လျှပ်စစ်မီးအပြည့်အဝမရခြင်း၊ လမ်းကွန်ယက်ချိတ်ဆက်မှု အားနည်းခြင်း၊ ရေနှင့်ရေအရင်းအမြစ် စီမံခန့်ခွဲမှုအားနည်းခြင်း၊ ဇုန်ပြင်ပသယ်ယူ ပို့ဆောင်ရေး ချိတ်ဆက်မှုအားနည်းခြင်းများရှိနေသည်ဟု မြန်မာ့စက်မှုဇုန် ဆန်းစစ် ချက်တွင် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

(ခ )    မွန်ပြည်နယ်၊ မော်လမြိုင်စက်မှုဇုန်ကို ၂၀၀၂ ခုနှစ်တွင် စတင်ထူထောင်ခဲ့ရာ အလုပ်ရုံပေါင်း ၃၀၀ ကျော်ရှိခဲ့ပြီး လက်ရှိတွင် ၁၄၉ ရုံသာကျန်ရှိပါသည်။ လုပ်ငန်း အများစုမှာ အခြေခံအဆောက်အအုံ၊ နည်းပညာ၊ ဈေးကွက်၊ ရေ၊ လျှပ်စစ်မီး၊ လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများစွာကို ရင်ဆိုင်နေကြရပါသည်။ စက်မှုဇုန်များ       အတွင်း၌လုပ်ငန်းအားလုံး၏ သုံးပုံတစ်ပုံပိတ်သိမ်းထားသည်ကိုတွေ့မြင်နိုင်ပါသည်။ 

(ဂ )    မော်လမြိုင်စက်မှုဇုန်သည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး နယ်စပ်     လမ်းကြောင်းချိတ်ဆက်နိုင်ခြင်းတို့ကြောင့် စီးပွားရေးလုပ်ငန်းအတွက် အချက် အချာကျသော်လည်း ၎င်းစက်မှုဇုန်အတွက်လျှပ်စစ်မီးရရှိရေးသည် ကိုယ်ထူ ကိုယ်ထ အစီအစဉ်ကိုသာ အားကိုးနေရခြင်းအတွက်  အစိုးရထံမှလျှပ်စစ်မီးရရှိရန် သည် အဓိကအခက်အခဲတစ်ခုအဖြစ် ကြုံတွေ့နေရဆဲဖြစ်ပါသည်။

(ဃ)    တည်ထောင်ပြီးစီးသည့် စက်မှုဇုန်အများစုသည် အသေးစား၊ အလတ်စားစက်မှု လုပ်ငန်းများနှင့် မိရိုးဖလာလုပ်ငန်းများဖြစ်ကြပြီး ခေတ်မမီသောစက်ပစ္စည်းများ သာတပ်ဆင် ထားရခြင်းကြောင့် အောင်မြင်မှုနှေးကွေးခြင်းဖြင့် ရင်ဆိုင်နေကြရပါ သည်။

(င )    စက်မှုဇုန်၏အခြားသော အခြေအနေတစ်ရပ်အနေဖြင့် စက်မှုဇုန်များကို စတင် ထူထောင်စဉ်က ပေ ၁၀၀ ပတ်လည်၊ ပေ ၆၀ x ပေ ၄၀ မြေကွက်များသာ ဖော်ဆောင်အကွက်ချခဲ့ခြင်းကြောင့် နောင်တွင်လုပ်ငန်းတိုးချဲ့ရန်အတွက် ခက်ခဲ လျက်ရှိနေပါသည်။

 (စ )   စက်မှုဇုန်များ၏ လမ်းပန်းဆက်သွယ်ရေးတွင် သက်တမ်းကြာမြင့်ပြီး ခံနိုင်ရည် နိမ့်ကျလာသည့် အခြေအနေများကြောင့် ကုန်စည်သယ်ယူပို့ဆောင်မှုအတွက် အခက်အခဲ တစ်ခုဖြစ်နေပါသည်။ (ဥပမာ- မော်လမြိုင်စက်မှုဇုန်အနီးရှိ အတ္တရံ   တံတားသည် ၁၃ တန်အောက်ခံနိုင်ဝန်ရှိခြင်းကြောင့် စက်မှုဇုန်ရှိလုပ်ငန်းရှင်များ သည် ကုန်စည်သယ်ယူပို့ဆောင်ရာ၌  နှစ်ခေါက် သုံးခေါက် ကျော့နေရခြင်းကြောင့် စရိတ်ပိုမိုမြင့်တက်လာပါသည်။

(ဆ)    လက်ရှိစက်မှုဇုန်များအတွင်း လမ်းများအလွန်ပျက်စီးနေခြင်း၊ ရေသန့်မရရှိနိုင် သေးခြင်း၊ လူမှုဖူလုံရေး ဆေးရုံ/ဆေးခန်းမရှိသေးခြင်း၊ စက်ရုံများအနေဖြင့် လျှပ်စစ်မီတာခ အပို ထပ်ဆောင်းယူနစ် ၁၀ ရာခိုင်နှုန်းအပြင် မြင်းကောင်ရေကြေး အား လစဉ်ပေးဆောင်နေရခြင်း၊ စည်းကမ်းမဲ့ကျူးကျော်များကြောင့် ရေစီးဆင်းမှု နှင့် လမ်းများဆိုးရွားလာသည့်အခြေအနေများသည် တွေ့ကြုံနေရသည့်အခက်အခဲ များဖြစ်ပါသည်။

(ဇ )    စက်မှုဇုန်များတွင် လယ်သမားအမည်ခံ ကျူးကျော်သူအချို့သည် တဲထိုးပိတ်ဆို့၍ ငွေညစ်နေသကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များရှိ ကျူးကျော် ပြဿနာမှာလည်း တစ်ဆထက်တစ်ဆကြီးထွားနေပြီး ဖြေရှင်းနိုင်မှုမရှိသေးပါ။

(ဈ )    ရာနှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများရှိသည့် မင်္ဂလာဒုံစက်မှုဇုန်၏ ပင်မဝင်ပေါက် တွင် ဈေးသည်များ တရားမဝင်ဆိုင်ကယ် ကယ်ရီများနှင့် မှတ်တိုင်တွင် ဆိုက်ကပ် ခြင်းမရှိသည့် YBS ယာဉ်များကြောင့် ဝင်ပေါက်ပိတ်ဆို့မှုများ ဖြစ်ပေါ်နေပါသည်။

(ည )   စက်မှုဇုန်များသည် ဇုန်အလိုက်ကြီးကြပ်မှုကော်မတီနှင့် စီမံခန့်ခွဲရေးကော်မတီ များဖွဲ့စည်းထားပါသည်။ အဆိုပါကော်မတီနှစ်ရပ်သည် စက်မှုဇုန်များရှိအခက်အခဲ များနှင့် လိုအပ်ချက်များကို တိုင်းအဆင့်ကော်မတီထံတင်ပြပြီး ၎င်းမှတစ်ဆင့် ယင်းအခက်အခဲများကို အစိုးရ၏ Cabinet အစည်းအဝေးတွင်ဆုံးဖြတ်၍ အကောင် အထည်ဖော်ဆောင်ရွက်နေရခြင်း စသည့်အခက်အခဲများရှိနေပါသည်။

စက်မှုဇုန်များ၏ အခြေခံလိုအပ်ချက်များ

၁၁။     စက်မှုဇုန်များဖွံ့ဖြိုးရေးနှင့်       အကောင်အထည်ဖော်ရန်စီစဉ်နေသော စက်မှုဇုန်အသစ်များ အောင်မြင်ရေးသည် ဇုန်အတွင်းလျှပ်စစ်မီး၊ ရေ၊ လမ်းစသည့်အခြေခံအဆောက်အအုံများ ကောင်းမွန် ပြည့်စုံရန်လိုအပ်သကဲ့သို့ ဇုန်ပြင်ပသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ချိတ်ဆက်ဆောင်ရွက် မှုကောင်းမွန်ရန် လိုအပ်ပါသည်။ စက်မှုဇုန်တည်ဆောက်ရာ၌ အဓိကအခြေခံလိုအပ်ချက်များမှာ-

          (က)    ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်နိုင်သည့် တည်နေရာရှိရန်၊

          (ခ)     ရေအရင်းအမြစ်ကောင်းမွန်စွာရရှိရန်၊

          (ဂ)     လျှပ်စစ်ဓာတ်အားကောင်းမွန်စွာရရှိရန်၊

          (ဃ)    လုပ်သားအင်အား လုံလောက်စွာရရှိနိုင်ရန်၊

          (င)     သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးကောင်းမွန်ရန်၊

          (စ)     သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကောင်းမွန်စွာစီမံနိုင်ရန်၊

          (ဆ)    ကုန်းလမ်း၊ ရေကြောင်း၊ လေကြောင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည့်

 နေရာ(ဥပမာ- အမြန်လမ်းမကြီးများ၊ လေဆိပ်ကြီးများနှင့်နီးကပ်သည့်နေရာ)

          (ဇ )    ရေမီးပြည့်စုံသည့် အဆင့်မြင့် Infrastructure များရှိခြင်း၊

          (ဈ )    High-density soil ဖြစ်ခြင်းသည် ဆောက်လုပ်ရေးကုန်ကျစရိတ်အား ၂၀ရာခိုင်နှုန်း 

                   အထိလျှော့ချနိုင်ခြင်း၊

          (ည)    ဝန်ထမ်းများနှင့် စီမံအုပ်ချုပ်မှုပိုင်းအတွက် Accomodation များ ပြည့်စုံစွာရှိခြင်း၊

          (ဋ )    စီးပွားရေးဇုန်၊အပန်းဖြေအနားယူနိုင်သည့်နေရာများနှင့် သွားလာရေးလွယ်ကူခြင်း၊

          (ဌ )    အခွန်ဆိုင်ရာအထူးအခွင့်အရေးပေးခြင်း၊

          (ဍ )    စတင်လည်ပတ်ချိန်မှ ဝင်ငွေခွန်အား ရာခိုင်နှုန်းအလိုက်လျှော့ချပေးခြင်း၊

          (ဎ )    ကုန်ထုတ်လုပ်မှုအတွက် တင်သွင်းရသည့်ကုန်ကြမ်းများအပေါ် အခွန်သက်သာခွင့်

                   ပေးခြင်း။

စက်မှုဇုန်ဥပဒေ လိုအပ်ရခြင်းအကြောင်းအရင်း

၁၂။     စက်မှုဇုန်များနှင့် စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေမူဘောင်များ ချမှတ်ရမည်ဖြစ်ပါသည်။ ကုန်ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများအတွက် အခြေခံအဆောက် အအုံ တည်ရှိမှု၊ လိုအပ်သည့်ကုန်ကြမ်းပစ္စည်းရရှိနိုင်မှု၊ သယ်ယူပို့ဆောင်ရေးစရိတ်လျှော့ကျစေမှု၊ နည်းပညာရရှိမှုနှင့် ပြည်တွင်းပြည်ပဈေးကွက်ရရှိမှု စသည်များစနစ်တကျဖြစ်စေရန် စက်မှုဇုန် ဥပဒေတစ်ရပ်မဖြစ်မနေလိုအပ်ပါသည်။ ဥပဒေတစ်ရပ်မရှိဘဲ စက်မှုဇုန်များကို ဖော်ဆောင်ခဲ့မည် ဆိုလျှင် အခြားသောကျန်းမာရေးဆိုင်ရာ ဥပဒေများ၊ လူမှုရေး၊ စီးပွားရေး လူမှုပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများနှင့် နောင်တစ်ချိန်တွင် ပဋိပက္ခဖြစ်လာနိုင်စရာရှိပါသည်။

ဆက်စပ်သည့်အခြားတည်ဆဲဥပဒေများ

၁၃။     ယခုစက်မှုဇုန်ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အခြားဆက်စပ်သည့် တည်ဆဲဥပဒေများမှာ -     

(က)    ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ

(ခ )    ၁၉၉၀ ပြည့်နှစ်၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေ

(ဂ )    ၂၀၁၅ ခုနှစ်၊ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ စသည်တို့ဖြစ်ကြပါသည်။

ကြုံတွေ့နေရသည့်ပြဿနာရပ်များ

၁၄။     စက်မှုဇုန်အများစုတွင် ကြုံတွေ့နေရသည့် ပြဿနာများမှာ-

          (က)    စက်မှုလုပ်ငန်းမြေနေရာအတွက် ဈေးနှုန်းကြီးမြင့်ခြင်း၊

(ခ )    အရည်အသွေးပြည့်ဝသော စွမ်းအင်နှင့် လျှပ်စစ်အပြည့်အဝမရရှိခြင်း၊

(ဂ )    လမ်းပန်းဆက်သွယ်ရေး ပြည့်စုံကောင်းမွန်မှုမရှိသေးခြင်း၊

(ဃ)    ထိရောက်သောရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်ရန်ဓနအင်အားမရှိခြင်း၊

(င )    လူ့စွမ်းအားအရင်းအမြစ်မဖွံ့ဖြိုးခြင်း၊

(စ )    အလုပ်သမား အလုပ်ရှင် ပဋိပက္ခဖြေရှင်းမှုများပြားခြင်း၊

(ဆ)    ကျူးကျော်ပြဿနာများဖြစ်ပေါ်ခြင်း၊

(ဇ )    အချို့ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများသည် ခေတ်နှင့်လျော်ညီမှုမရှိခြင်း၊

စက်မှုဇုန်များနှင့်ပတ်သက်သည့်အမြင်များ

၁၅။     မြန်မာနိုင်ငံတွင် စက်မှုဇုန်များစတင်အကောင်အထည်ဖော်ရာတွင် အခြေခံအဆောက်အအုံ၊ လမ်း၊ တံတား၊ လျှပ်စစ်လိုအပ်ချက်များ မစတင်မီ မြေကွက်များ အကွက်ချအကောင်အထည် ဖော်မှုကြောင့် လုပ်ငန်းရှင်များမည်သည့်အရာကို စတင်အကောင်အထည်ဖော်ရမည်ကို မသိရှိ ခဲ့ပါ။ နည်းပညာလိုအပ်ချက်များလည်းရှိခဲ့ကြပါသည်။

၁၆။     စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံခန့်ခွဲရာတွင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ ၏လုပ်ပိုင်ခွင့် ပြည်ထောင်စုအစိုးရ၏လုပ်ပိုင်ခွင့်များကိုပိုင်းခြားထားရန်၊ အစိုးရလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ပြီး ဟန်ချက်ညီစေရန်၊ အစိုးရ၏ပံ့ပိုးမှုနှင့် လုပ်ငန်းရှင်၏လိုအပ်ချက် သဟဇာတဖြစ်မှုရှိရန်လိုအပ်ပါသည်။

၁၇။     တည်ထောင်ပြီးသည့် စက်မှုဇုန်များသည် အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများနှင့် မိရိုးဖလာလုပ်ငန်းများအားကိုးနေရသည့် လုပ်ငန်းရှင်များအတွက် ခေတ်မီနည်းစနစ်များ အစားထိုး လေ့ကျင့်ပံ့ပိုးပေးရန်လိုအပ်ပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသည် မိမိဒေသနှင့် ကိုက်ညီသော စက်မှုဇုန်ဆိုင်ရာမူဝါဒများ ရေးဆွဲသင့်ပါသည်။

 ၁၈။    စက်မှုဇုန်အများစုသည် မီးအားမပြည့်မှု၊ မီးပြတ်မှုများရှိနေသည့်အတွက် ကုန်ကျစရိတ်များ ပိုကုန်ကျနေရပါသည်။ 

၁၉။     စက်မှုဇုန်များ၏ အခက်အခဲများကိုဖြေရှင်းရန် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်သာယာရေး၊ လျှပ်စစ်၊ စက်မှုလက်မှု၊ ဆောက်လုပ်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးများပါဝင်သည့် ဦးဆောင်အဖွဲ့သည် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဝင် များ၊ လုပ်ငန်းရှင်များနှင့် ပုံမှန်အစည်းအဝေးများကျင်းပပြီး အချိန်တိုအတွင်း ထိရောက်လျင်မြန် စွာ အမြဲမပြတ်ဆောင်ရွက်ပေးနိုင်သည့် ယန္တရားတစ်ခုဖော်ဆောင်ပေးရန် လိုအပ်လျက်ရှိပါသည်။

နိုင်ငံအချို့၏ ဆောင်ရွက်ချက်များ

၂၀။ (က)       ထိုင်းနိုင်ငံ။      ထိုင်းနိုင်ငံသည် စက်မှုနယ်မြေနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးရေးအတွက် စက်မှုနယ်မြေအာဏာပိုင်အဖွဲ့သည် မဟာဗျူဟာနှင့် စီမံကိန်းများကိုချမှတ်၍ ဆောင်ရွက်ကြသည်။ ထိုင်းနိုင်ငံ၏ “စက်မှုနယ်မြေဆိုသည်မှာ” စက်မှုကုန်ထုတ် လုပ်မှုစက်ရုံများကို စနစ်တကျ ကောင်းမွန်စွာတည်ဆောက်ရန် သတ်မှတ်ပေးထား သည့်နေရာဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ စက်မှုနယ်မြေ၌ စက်မှုလုပ်ငန်းနေရာ၊ ကားလမ်းများ၊ ရေနုတ်မြောင်းစနစ်၊ ရေဆိုးစီမံခန့်ခွဲသည့်စနစ်၊ ရေကြီးရေလျှံ ကာကွယ်ခြင်း၊ လျှပ်စစ်၊ ရေ၊ တယ်လီဖုန်း စနစ်စသည့်အများသုံး အခြေခံအဆောက်အဦ များသာမက စာတိုက်၊ ဘဏ်၊ အရောင်းစင်တာ၊ အလုပ်သမားများအတွက် အိမ်‌နေရာ၊ ဓာတ်ဆီဆိုင် စသည့်ဝန်ဆောင်မှုလုပ်ငန်းများလည်းပါရှိသည်။ မဟာဗျူဟာရေးဆွဲရာ တွင် အကောင်းဆုံးစီမံခန်ခွဲမှုစနစ်ဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ရှိသော တိုးတက်မှုကိုဖန်တီးရန်ရည်ရွယ်သည့် “3Gs” မဟာဗျူဟာ ကိုအသုံးပြုသည်။ “3Gs” မဟာဗျူဟာ ဆိုသည်မှာ အောက်ပါအချက် (၃)ချက်ကို ရေးဆွဲထားခြင်းဖြစ် ပါသည်-

          (၁)     ဖွံ့ဖြိုးရေးမဟာဗျူဟာ (Growth)၊ စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေး၊

(၂)     အစိမ်းရောင်မဟာဗျူဟာ (Green)၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်း  စိုပြည်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး၊

(၃)     အကောင်းဆုံးမဟာဗျူဟာ (Great)၊ အကောင်းဆုံးဝန်ဆောင်မှုပေးရေးနှင့်  လူ့စွမ်းအားအရင်းအမြစ်ပြည့်ဝရေး။

                             ထိုင်းနိုင်ငံ၏စက်မှုနယ်မြေများတွင် ထိရောက်သောပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု၊ လုံခြုံရေးကိစ္စများ၊ သတင်းအချက်အလက်များ ပေါင်းစပ်ခြင်းတို့အတွက် စက်မှုနယ်မြေ များနှင့် စက်မှုနယ်မြေများရှိ စက်ရုံများကိုစောင့်ကြည့်စစ်ဆေးရန် စင်တာအဖြစ် တည်ထောင်ထားပါသည်။ ယင်းစင်တာသည် အရေးပေါ်အခြေအနေ သို့မဟုတ် သဘာဝ ဘေးအန္တရာယ်ဖြစ်ပေါ်ပါက ဗဟိုထိန်းချုပ်သောစနစ်ဖြင့် ညွှန်ကြား ချက်များ ထုတ်ပြန်ပေးပါသည်။ နိုင်ငံအနှံ့တွင် ဗဟိုစင်တာ (၇)ခုထားရှိပြီး ယင်း စင်တာများမှတစ်ဆင့် စက်မှုနယ်မြေအားလုံး၏ သတင်းအချက်အလက်များကို ပေါင်းစပ်ခြင်း၊ လုံခြုံရေးကဏ္ဍအတွက် CCTV များထောက်ပံ့ပေးခြင်း၊ လေအရည်အသွေး စီမံခန့်ခွဲမှု စနစ်ထားရှိခြင်း၊ ဓာတ်ငွေ့ထွက်ရှိမှုကို စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေး ခြင်း၊ ရေအရည်အသွေးစောင့်ကြည့်စစ်ဆေးခြင်းနှင့် သတင်းအချက်အလက်များ ချိတ်ဆက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

(ခ)     ဗီယက်နမ်နိုင်ငံ။                   ဗီယက်နမ်နိုင်ငံသည် စက်မှုဇုန်များတည်ထောင်ရာ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ထိန်းသိမ်းထားနိုင်သကဲ့သို့ စက်မှုဇုန်များကိုလည်း အခြေခံ      အဆောက်အဉီများ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဖွံ့ဖြိုးတိုးတက်ရန်      ဆောင်ရွက်ပါသည်။ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်မှုများတွင် ယေဘုယျအားဖြင့်အရည်အသွေး မြင့်စက်မှုဉယျာဉ်များ၊ အရည်အသွေးမြင့်စက်ရုံအဆောက်အဦများနှင့် ကုန်လှောင်ရုံ များ၊ ရေနှင့် လျှပ်စစ်တည်ငြိမ်မှု အရင်းအမြစ်များ၊ ရေဆိုးကုသမှုအပင်များ၊ အမှိုက် စွန့်ပစ်ခြင်းများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစနစ်များ၊ ပိုမိုကောင်းမွန် လာသော ဆက်သွယ်ရေးစနစ်များ၊ သတင်းအချက်အလက်များလက်ခံရရှိရန် ဘဏ် များနှင့်စာတိုက်ရုံး၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုများနှင့် အလွယ်တကူသွားလာ နိုင်သော ပြည်တွင်းလမ်းများ စသည်တို့ပါဝင်ပါသည်။  သယ်ယူပို့ဆောင်ရေးများ အဆင်ပြေချောမွေ့စေရန်အတွက် စက်မှုဉယျာဉ်အများစုသည် လေဆိပ်၊ ပင်လယ် ဆိပ်ကမ်းနှင့် ရထားလမ်းများသွားရာ အမြန်လမ်းမကြီးအနီးတွင် တည်ရှိပါသည်။ 

နိဂုံး

၂၁။     နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုကဏ္ဍဖွံ့ဖြိုးရေးသည် မဖြစ်မနေဆောင်ရွက်ရန်လိုအပ် သကဲ့သို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဂေဟစနစ်နှင့် လိုက်လျောညီထွေရှိစေရေးတို့ကို လည်း အလေးထားဆောင်ရွက်ရန် အရေးကြီးပါသည်။ မြန်မာနိုင်ငံအနေဖြင့် စက်မှုကဏ္ဍ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အားနည်းချက်များကိုပြုပြင်၍ စက်မှုစီးပွားရေးစနစ်ကို ဦးတည်ဆောင်ရွက်ခြင်း၊ ဦးဆောင်ကော်မတီအဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှုအားကောင်းခြင်း၊ စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့၏    အချက်အလက်များအပေါ်မူတည်၍ လိုအပ်သည့်မူဝါဒ များကို ပြင်ဆင်ရေးဆွဲခြင်းနှင့် မူဝါဒဆိုင်ရာအကောင်အထည်ဖော်ရာတွင် အစိုးရအရပ်ဖက် အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကစက်မှုလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ အားကောင်းခြင်း တို့သည် စက်မှုလုပ်ငန်းများ ကဏ္ဍအလိုက်၊ ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်၍ ခေတ်မီဖွံ့ဖြိုးတိုးတက် သော စက်မှုနိုင်ငံအဖြစ်သို့ တက်လှမ်းနိုင်မည်ဖြစ်ပါသည်။

 

သုတေသနဌာန

ပြည်သူ့လွှတ်တော်ရုံး

 

ဤစာတမ်းတိုအား ဒေါ်ဆွေနွယ်ဝင်း (လက်ထောက်ညွှန်ကြားရေးမှူး) မှ တာဝန်ယူရေးသား၍ သုတေသနဌာနမှ အရာထမ်းအဆင့်ဆင့်က ဝိုင်းဝန်းကြီးကြပ်တည်းဖြတ်၍ ထုတ်ဝေခြင်းဖြစ်ပါ သည်။

 

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ  ၇    ရက်