Skip to main content

စက်မှုဇုန်ဥပဒေကြမ်းဆိုင်ရာစာတမ်းတို

စက်မှုဇုန်ဥပဒေကြမ်းဆိုင်ရာစာတမ်းတို

ဥပဒေကြမ်းအကျဉ်းချုပ်

၁။       စက်မှုဇုန်ဥပဒေကြမ်းသည် စက်မှုဇုန်များကို နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာမူဘောင်နှင့်အညီ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံစေရန်၊ ဈေးကွက်အရ ယှဉ်ပြိုင်နိုင်သော စက်မှုလုပ်ငန်းများဖြစ်လာစေရန်၊ စက်မှုလုပ်ငန်းများ စက်မှုဇုန်အတွင်း အခြေ ချလုပ်ကိုင်လာစေရန်၊ စက်မှုလုပ်ငန်းများကြောင့် သဘာဝနှင့်လူမှုပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုး သက်ရောက်မှု လျော့နည်းစေရန်၊ အလုပ်အကိုင်အခွင့်အလမ်း တိုးမြင့်လာစေရန်နှင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ရည်ရွယ်၍ စက်မှုဝန်ကြီးဌာနမှ ဥပဒေကြမ်းရေးဆွဲခဲ့ ခြင်း ဖြစ်ပါသည်။ ယင်းဥပဒေကြမ်းသည် အခန်းပေါင်း (၂၀) နှင့် ပုဒ်မပေါင်း (၈၀) ခုပါရှိသည့် ဥပဒေကြမ်းအသစ်ဖြစ်ပါသည်။ စက်မှုဝန်ကြီးဌာနသည် အဆိုပါဥပဒေကြမ်းကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် စတင်ဆွေးနွေးနိုင်ရန်အတွက် တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။

၂။       ဝန်ကြီးဌာနအား လိုအပ်သော နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ခွင့်ပေးထားပါသည်။

၃။       ဥပဒေကြမ်းတွင် အစိုးရအဖွဲ့အနေဖြင့် ဗဟိုကော်မတီဖွဲ့စည်း၍ စက်မှုဇုန်ဆိုင်ရာမူဝါဒ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများထုတ်ပြန်နိုင်ပြီး စက်မှုဇုန်တည်ထောင်နိုင်ရေးနှင့် စပ်လျဉ်း၍ သဘောထားမှတ်ချက်ပေးခြင်း၊ ဒေသဆိုင်ရာကော်မတီများ ဖွဲ့စည်းခြင်းနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်နိုင်ပါသည်။

စာတမ်းတိုအမှတ်စဉ် - ၁၀၅

၄။       ဒေသဆိုင်ရာ ကော်မတီများသည် စက်မှုဇုန် ရင်းနှီးတည်ဆောက်သူများ၏ အဆိုပြုချက် များကို စိစစ်သုံးသပ်၍ သဘောထားမှတ်ချက်နှင့်တကွ ဗဟိုကော်မတီသို့ တင်ပြခြင်း၊ စက်မှုဇုန် ပြင်ပရှိ စက်မှုလုပ်ငန်းများ စက်မှုဇုန်အတွင်း လုပ်ကိုင်လာစေရန် ကြပ်မတ်ခြင်း၊ စက်မှုလုပ်ကိုင် နေသူများ၏ အခွင့်အရေးနှင့်သက်သာခွင့်ရရှိစေရန် ဗဟိုကော်မတီသို့ မူဝါဒတောင်းခံတင်ပြခြင်း၊ စက်မှုဇုန်အသစ်များ ထူထောင်ခြင်းနှင့် ဖော်ဆောင်ဆဲစက်မှုဇုန်များအား အဆင့်မြင့်တင်ရန် ဆောင်ရွက်ရခြင်းဖြစ်သည်။

၅။       စက်မှုဇုန်အကောင်အထည်ဖော်မှုအခြေအနေကို ခြောက်လ တစ်ကြိမ် အစီရင်ခံစာရေး၍ ဗဟိုကော်မတီသို့တင်ပြခြင်း၊ အခွန်အခများအနက် ဗဟိုကော်မတီက သတ်မှတ်သည့် ရာခိုင်နှုန်းကို နိုင်ငံတော်ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲရေး ကော်မတီ ဖွဲ့စည်းနိုင်ရန် အစီအမံချမှတ်တာဝန်ပေးခြင်းတို့ကို ဆောင်ရွက်ရပါသည်။ ရင်းနှီးမြှုပ်နှံ သူ၏ဝင်ငွေခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်တို့ကို ခံစားခွင့်ရှိသည်ဟု ဥပဒေကြမ်းတွင် ဖော်ပြ ထားပါသည်။

၆။       ဥပဒေကြမ်းတွင် တားမြစ်ချက်နှင့်ပြစ်ဒဏ်များပါဝင်ပြီး ဥပဒေကိုဖောက်ဖျက်သည့် မည်သူ့ ကိုမဆို သုံးနှစ်ထက်ပိုသော ထောင်ဒဏ်၊ ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သည်။ ပုဒ်မ ၆၆၊ ၆၇၊ ၆၈၊ ၆၉၊ ၇၀ နှင့် ၇၁ ပါ ပြစ်မှုများ ကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်ထား သည်ကို တွေ့ရှိရပါသည်။ 

၇။       စက်မှုဇုန်ဥပဒေကြမ်းကို လေ့လာရာတွင် ၎င်းဥပဒေကြမ်းနှင့်ဆက်စပ်လျက်ရှိသော တည်ဆဲဥပဒေများဖြစ်သည့် ၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေ၊ ၁၉၉၀ ပြည့်နှစ် ပုဂ္ဂလိက စက်မှုလုပ်ငန်းဥပဒေ၊ ၂၀၁၅ ခုနှစ် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ဥပဒေများနှင့် လိုက်လျောညီထွေဖြစ်ရန် လိုအပ်ပါသည်။ 

ဥပဒေကြမ်း၏အခန်းလိုက်ပုဒ်မများအပေါ်လေ့လာတွေ့ရှိချက်များ

၈။       ဥပဒေကြမ်း၏အခန်း (၃) ဗဟိုကော်မတီဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များ၊ ပုဒ်မ ၄ (က) တွင် “ဗဟိုကော်မတီ” ကို ဥက္ကဋ္ဌအပါအဝင် (၁၅) ဦးထက် မပိုသောဖွဲ့စည်းခြင်း၊ အခန်း (၄) ပုဒ်မ ၆ (ဂ) တွင် “ဒေသဆိုင်ရာကော်မတီ” ကို ဥက္ကဋ္ဌ အပါအဝင် (၁၅) ဦးဖြင့် ဖွဲ့စည်းနိုင်သည်ဟု ဖော်ပြထားပါသည်။

၉။       အလားတူ ဥပဒေကြမ်း၏ အခန်း (၅) စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းခြင်းနှင့်လုပ်ငန်း တာဝန်များ၊ ပုဒ်မ ၈ (ဃ) တွင် “စီမံခန့်ခွဲရေးကော်မတီ” ကို ဥက္ကဋ္ဌအပါအဝင် အနည်းဆုံး (၁၅) ဦးမှ အများဆုံး (၂၁) ဦးထိ ဖွဲ့စည်းရမည်ဟုဖော်ပြထားပါသည်။ ပုဒ်မ ၉ တွင် စီမံခန့်ခွဲရေး ကော်မတီ၏ သက်တမ်းကို စတင်ဖွဲ့စည်းသည့်ရက်မှစ၍ ၅ နှစ် ဖြစ်ပါသည်။ ကော်မတီဝင်များ ၏သက်တမ်းသည် တစ်ဆက်တည်း နှစ်ကြိမ်အထိသာဆောင်ရွက်နိုင်သည်ဟု ဖော်ပြထားပါသည်။

၁၀။     အထက်ပါ အခန်း (၃) ဗဟိုကော်မတီ ဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များ၊ ပုဒ်မ ၄ (က) ပါ “ဗဟိုကော်မတီ” နှင့် အခန်း (၄) ဒေသဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များ ပုဒ်မ ၆ (ဂ) ပါ “ဒေသဆိုင်ရာကော်မတီ” ဖွဲ့စည်းခြင်းတို့တွင် သက်တမ်းသတ်မှတ်ချက်များဖော်ပြ မထားခြင်းသည် အမြဲတမ်း တာဝန်ထမ်းဆောင်ရန် အဓိပ္ပာယ်သက်ရောက်နေပါသည်။

၁၁။     အခန်း (၄) ဒေသဆိုင်ရာကော်မတီဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များ၊ ပုဒ်မ ၇ (တ) တွင် စက်မှုဇုန်အတွင်း ကျူးကျော်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦဆောက်လုပ်ခြင်း၊ လမ်းဖောက် ခြင်းများကို သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်း၍ တည်ဆဲဥပဒေအရ အရေးယူခြင်းဟုဖော်ပြထား သကဲ့သို့ ပုဒ်မ ၁၁ (ဍ) စက်မှုဇုန်တွင် ကျူးကျေုာ်ခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ လမ်းဖောက် ပြုပြင် ခြင်း၊ အဆောက်အဦဆောက်လုပ်ခြင်းများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းဟု ဖော်ပြ ထားခြင်းသည် အဆိုပါပုဒ်မနှစ်ခုသည် ဖြစ်ရပ်တစ်ခုတည်းအပေါ် ပြဋ္ဌာန်းနေပါသည်။

၁၂။     အခန်း (၉) ရင်းနှီးမြှုပ်နှံသူ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပုဒ်မ ၂၄ (က) တွင် ရင်းနှီး တည်ဆောက်သူသည် “ဒေသဆိုင်ရာကော်မတီ” နှင့် လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုပြီးနောက် ခွင့်ပြုထားသည့်သတ်မှတ်ချက်များနှင့်အညီ စက်မှုဇုန်လုပ်ငန်း အကောင်အထည်ဖော်ခြင်း၊ ရင်းနှီး မြှုပ်နှံသူများအားထပ်ဆင့်မြေအငှားချထားခြင်း၊ အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းတို့ကို ပြုလုပ်နိုင်သည်ဟု ဖော်ပြထားသော်လည်း ပုဒ်မ ၃၇ (ဃ) အရ ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီး တည်ဆောက်သူသည် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရန် ခွင့်ပြုထားသည့်ကာလအတွင်း အခြားသူ သို့မဟုတ် အခြားအဖွဲ့အစည်းများသို့ မြေငှားရမ်းခြင်း၊ မြေအသုံးပြုခွင့်နှင့် အဆောက်အအုံများကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်း ပြုလုပ်လိုပါက “သက်ဆိုင်ရာစီမံခန့်ခွဲရေး ကော်မတီ” သို့ တင်ပြပြီး သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

၁၃။     အခန်း (၁၇) စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခြင်းနှင့် အယူခံခြင်း၌ ပုဒ်မ ၅၆ (က) တွင် စာဖြင့် သတိပေးခြင်း (ခ) တွင် သတ်မှတ်ထားသော ဒဏ်ငွေပေးဆောင်စေခြင်းနှင့် (ဂ) တွင် လုပ်ငန်းကို ယာယီရပ်ဆိုင်ခြင်းဟုဖော်ပြထားသော်လည်း မည်သည့်အတိုင်းအတာအထိ ပျက်ကွက် မှုအပေါ် စာဖြင့်သတိပေးခြင်းဟု တိတိကျကျဖော်ပြမထားခြင်း၊ သတ်မှတ်ထားသော ဒဏ်ငွေပေး ဆောင်စေခြင်းတွင် မည်မျှပမာဏဟု ဖော်ပြမှုမရှိခြင်း၊ လုပ်ငန်းကို ယာယီရပ်ဆိုင်းခြင်းသည် ကာလသတ်မှတ်ချက်မရှိခြင်းကြောင့် “ယာယီ” သည် ကာလအမျိုးမျိုးကို ဆောင်စေပါသည်။ စီမံခန့်ခွဲရေးကော်မတီသည် စက်မှုဇုန်အကောင်အထည်ဖော်မည့် ပြည်နယ်/ တိုင်းဒေသကြီး အလိုက် စီမံခန့်ခွဲရေးကော်မတီများ ဖွဲ့စည်းခြင်းနှင့် ပြစ်ဒဏ်တွင် တိကျသည့်သတ်မှတ်ချက် မရှိ ခြင်းကြောင့် သတ်မှတ်ချက်အမျိုးမျိုးကို ဖြစ်စေပါသည်။

၁၄။     အခန်း (၁၈) တားမြစ်ချက်များ ပုဒ်မ ၅၉ တွင် မည်သူမှစက်မှုဇုန်အတွင်း ကျူးကျော်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ အဆောက် အဦဆောက်လုပ်နေထိုင်ခြင်းမပြုရဟု ဖော်ပြထားပြီး ၎င်းပုဒ်မ ၅၉ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ပုဒ်မ ၆၈ တွင် သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ် လည်းချမှတ်နိုင်သည်ဟု ဖော်ပြထားပါသည်။

၁၅။     အဆိုပါ အခန်း (၁၈) တားမြစ်ချက်များ ပုဒ်မ ၅၉ ပါ တားမြစ်ချက် ဖောက်ဖျက်ကျူးလွန် ပါက အခန်း (၄)၊ ဒေသဆိုင်ရာ ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ပုဒ်မ ၇ (တ) အရ တည်ဆဲဥပဒေနှင့်အရေးယူခြင်းဖြင့် လည်းကောင်း၊ အခန်း (၅) စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်း ခြင်းနှင့် လုပ်ငန်းတာဝန်များ ပုဒ်မ ၁၁ (ဍ) အရ ဥပဒေနှင့်အညီ အရေးယူခြင်းဖြင့်လည်းကောင်း၊ ပုဒ်မ ၆၈ အရ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင် သည်ဟုလည်းကောင်း ပုဒ်မသုံးမျိုးဖြင့် အရေးယူမည့်အခြေအနေများကို  တွေ့ရှိရပါသည်။

၁၆။     အခန်း (၁၈) တားမြစ်ချက်များ ပုဒ်မ ၆၀ တွင် မည်သူမျှစက်မှုဇုန်အတွင်း စွန့်ပစ်ပစ္စည်း များကို စနစ်တကျမရှိသောနည်းလမ်းဖြင့် စွန့်ပစ်ခြင်းမပြုရဟု ဖော်ပြထားသကဲ့သို့ အခန်း (၁၈) တားမြစ်ချက်များ ပုဒ်မ ၆၃ တွင် မည်သည့် ရင်းနှီးမြှုပ်နှံသူမျှ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ ကို စုပေါင်းစနစ်ဖြင့် သန့်စင်စွန့်ပစ်ခြင်းမရှိသော စက်မှုဇုန်များ၌ မိမိအစီအစဉ်ဖြင့် သန့်စင်စွန့် ပစ်ရန် ပျက်ကွက်ခြင်း မရှိစေရဟု ဖော်ပြထားပါသည်။

၁၇။     အထက်ပါ ဖြစ်ရပ်တစ်ခုတည်းအပေါ် အခန်း (၁၈) တားမြစ်ချက်များ ပုဒ်မ ၆၀ ဖြင့်သော် လည်းကောင်း၊ အခန်း (၁၈) တားမြစ်ချက်များ ပုဒ်မ ၆၃ ဖြင့် လည်းကောင်း တားမြစ်ထား သည်ကိုတွေ့ရှိရပါသည်။ အဆိုပါ တားမြစ်ချက် ပုဒ်မ ၆၀ ကို ဖောက်ဖျက်ပါက အခန်း (၁၉)၊ ပြစ်ဒဏ်များ ပုဒ်မ ၆၉ အရ အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်းအထိ ငွေဒဏ် ချမှတ်နိုင်သည်ဟု ဖော်ပြ၍လည်းကောင်း၊ အခန်း (၁၈) တားမြစ်ချက်များ ပုဒ်မ ၆၃ ကို ဖောက်ဖျက်ကျူးလွန်ပါက အခန်း (၁၉)၊ ပြစ်ဒဏ်များ ပုဒ်မ ၇၀ အရ ငွေဒဏ် ကျပ်သိန်းနှစ်ဆယ် ချမှတ်ရမည့်အပြင် ခြောက်လထက်မပိုသော ထောင်ဒဏ်လည်း ချမှတ်နိုင်သည်ဟု ဖော်ပြထား သည်ကို တွေ့ရှိရပါသည်။

၁၈။     ဤဥပဒေကြမ်း၏ အခန်း (၂) ပုဒ်မ (ဃ) ရည်ရွယ်ချက်တွင် စက်မှုလုပ်ငန်းများကြောင့် သဘာဝနှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာဆိုးကျိုးသက်ရောက်မှု မဖြစ်ပေါ်စေရေး၊ လျော့နည်းစေရေး အတွက် စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျစီမံဆောင်ရွက်စေရန်ဟု ရည်ရွယ်၍ ဥပဒေကြမ်း၏ အခန်း (၁၂) ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံဆောင်ရွက်ခြင်းကို ပုဒ်မ ၄၀၊ ၄၁၊ ၄၂၊ ၄၃၊ ၄၄၊ ၄၅ တို့ဖြင့် ဖော်ပြထားပါသည်။

၁၉။     ဥပဒေကြမ်း၏ ရည်ရွယ်ချက်အတိုင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စပ်လျဉ်း၍ အထက်ဖော်ပြပါ ပုဒ်မများဖြင့် ဖော်ပြထားသော်လည်း စွန့်ပစ်ပစ္စည်းဆိုင်ရာ ပြစ်ဒဏ်သည် တင်းကြပ်မှုမရှိဘဲ စွန့်ပစ်ပစ္စည်းများအပေါ် ဒဏ်ငွေပေးဆောင်ရုံဖြင့် ဆောင်ရွက်နိုင်ခြင်းကြောင့် အဆိုပါ ပြစ်မှုပြစ်ဒဏ်သည် ဥပဒေ၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရာတွင် အကျိုး သက်ရောက်မှု အားနည်းနိုင်ပါသည်။ 

သုတေသနဌာန

ပြည်သူ့လွှတ်တော်ရုံး

 

ဤစာတမ်းတိုအား ဒေါ်ဆွေနွယ်ဝင်း (လက်ထောက်ညွှန်ကြားရေးမှူး) မှ တာဝန်ယူရေးသား၍ သုတေသနဌာနမှ အရာထမ်းအဆင့်ဆင့်က ဝိုင်းဝန်းကြီးကြပ်တည်းဖြတ်၍ ထုတ်ဝေခြင်းဖြစ်ပါ သည်။

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်