Skip to main content

ပြည်သူ့လွှတ်တော်၊အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန(၂၉) ဌာန၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ရုံး(၁၂)ခုတို့မှ ရုံးအဖွဲ့မှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေး ကော်မတီ နှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန (၂၉) ဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ရုံး (၁၂) ခုတို့မှ ရုံးအဖွဲ့မှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-3) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကော်မတီအတွင်းရေးမှူး ဦးဇုံးတိန့်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေးကာလအတွင်း အတည်ပြုခဲ့သည့် အဆိုများ၊ ကတိ ဖြစ်ခဲ့သည့် ကြယ်ပွင့်ပြ၊ ကြယ်ပွင့်မပြ မေးခွန်းများနှင့်ပတ်သက်၍ ဝန်ကြီးဌာနများအနေဖြင့်  ဆောင်ရွက်ပြီးစီးသော လုပ်ငန်းများအား ဓာတ်ပုံမှတ်တမ်းနှင့်တကွ ကော်မတီသို့ တင်ပြပေးပို့ရန်နှင့် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီအဖွဲ့ဝင်များက လွှတ်တော်အစည်းအဝေးများအတွင်း အတည်ပြုခဲ့သည့် အဆိုများ၊ ကတိဖြစ်ခဲ့သည့် ကြယ်ပွင့်ပြ၊ ကြယ်ပွင့်မပြ မေးခွန်းများနှင့်ပတ်သက်၍ ဆောင်ရွက် ပြီးစီးမှုများ၊ ဆောင်ရွက်ဆဲလုပ်ငန်းအခြေအနေများ၊ ဆောင်ရွက်ရန်ကျန်ရှိနေသော လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ရှင်းလင်းတင်ပြမှုများ အပေါ် ကော်မတီဝင်များက ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ညနေ ၄ နာရီ ၂၀ မိနစ် အချိန်တွင် ရပ်နားပြီး ၁၆.၈.၂၀၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးဇုံးတိန့်နှင့်အတူ ကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန (၂၉) ဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ရုံး (၁၂) ခု တို့မှ ရုံးအဖွဲ့မှူးများနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်