Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်)

၁။                ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက် မြောက်နေ့ကို ၂၀၁၉  ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃)ဦး အနက် (၃၈၉)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

(က)   ဝမ်းနည်းကြောင်းအဆို (၁)ခုတင်သွင်းခြင်း

                   ဦးစတီဖန်၊ ကျိုင်းတုံမဲဆန္ဒနယ်က တင်သွင်းသည့် ၁၅-၈-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်အတွင်းရှိ တပ်မတော်နည်းပညာတက္ကသိုလ်၊ ဂုတ်တွင်း လုံခြုံရေးစခန်း၊ တိုးဂိတ်များနှင့် မူးယစ်ဆေးဝါးစိစစ်ရေးဂိတ်၊ တပ်ဌာနချုပ် တစ်ခုတို့အား အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒဏ်ရာရသေဆုံးမှုများဖြစ်ပြီး အဆောက်အဦ၊ ယာဉ်၊ စက်များနှင့် ဂုတ်တွင်းတံတား ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသဖြင့် အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များအား ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနှင့် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးသူများအတွက် ကြေကွဲဝမ်းနည်းရပါကြောင်း အဆိုကို ဦးစဲကီကော်၊ မိုင်းခတ်မဲဆန္ဒနယ်က ထောက်ခံဆွေးနွေးပြီး လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။

          ( ခ )  ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

                   (၁)    ဒေါ်နန်းထွေးသူ၊ ဖားဆောင်း မဲဆန္ဒနယ်က မေးမြန်းသော ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၊ လိုခါးလိုကွက်သစ် အမှတ်(၃) လုပ်ကွက်အတွင်းရှိ သတ္တုကျင်းများကို အရေးပေါ်အမြန်ဆုံး ပိတ်သိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက တရားမဝင်သတ္တုတူးဖော် နေမှုများကြောင့် မြေပြိုကျမှု ဘေးအန္တရာယ်ကင်းဝေးစေရန် ဒေသအာဏာပိုင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီများ ပူးပေါင်း၍ ပညာပေးဆွေးနွေးခြင်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ထိခိုက်မှုဆိုင်ရာ အသိပညာပေးခြင်းများကို ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် အန္တရာယ်ရှိသော Portion များကို ပိတ်သိမ်းပြီး လုပ်ပိုင်ခွင့်ကို တားမြစ်သွားမည် ဖြစ်ကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

                   (၂)    ဦးကျော်အောင်လွင်၊ စေတုတ္တရာ မဲဆန္ဒနယ်က မေးမြန်းသော စေတုတ္တရာမြို့၌ ဆီမီးချောင်းရေတိုက်စားနစ်မြုပ်မှုမှ ကာကွယ်ရန်အတွက် ရေကာတာတည်ဆောက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက လတ်တလောဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၃)    ဒေါ်မိကွန်ချမ်း၊ ပေါင် မဲဆန္ဒနယ်က မေးမြန်းသော ပေါင်မြို့နယ်အတွင်းရှိ ရေစီး ရေလာကောင်းမွန်သော ချောင်း၊ မြောင်းများကို မြေဖို့ကျူးကျော်ပြီး အကွက်ချ ရောင်းချခြင်းကြောင့် သဘာဝအရင်းအမြစ်များ ပျောက်ဆုံးသွားနိုင်သည့်ဘေးမှ မည်သို့ကာကွယ်ထိန်းသိမ်းပေးရန်နှင့် ကျူးကျော်သူများကို ဥပဒေနှင့်အညီ မည်သို့ ထိရောက်စွာ အရေးယူမည်တို့ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ပေးနိုင်ရန် မြစ်ချောင်းနယ်၊ ကမ်းပါးနယ်၊ ကမ်းနားနယ်အတွင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဒေသအာဏာပိုင်များနှင့် ပေါင်းစပ်ညှိနှိုင်း၍ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၄)    ဦးကျော်စိုး၊ ဗန်းမောက် မဲဆန္ဒနယ်က မေးမြန်းသော ဗန်းမောက်-ဝန်းသို မြို့နယ် ချင်းဆက်လမ်းပေါ်တွင်ရှိသော အောင်သာကုန်းချောင်းကူးတံတား၊ ကန်တော်ရွာ အနီး သဲဖြူချောင်းကူးတံတားနှင့် မင်းကုန်းရွာအနီး ချောင်းကူးတံတားများအား မည်သို့စီမံချက်ချမှတ်၍ ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က အောင်သာကုန်း ချောင်းကူးတံတားနှင့် သဲဖြူချောင်းကူးတံတားအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံငွေလျာထားချက်တွင် ပါဝင်ပြီးဖြစ်၍ ရန်ပုံငွေခွင့်ပြုချက်ရရှိပါက ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် မင်းကုန်းရွာအနီး ချောင်းကူးတံတားနှင့်ပတ်သက်၍ လတ်တလော ဆောင်ရွက်ပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောထားထောက်ခံချက်ဖြင့် တင်ပြလာပါက ရန်ပုံငွေဝင်ဆံ့မှု အပေါ်မူတည်၍ လုပ်ငန်းဦးစားပေးအစီအစဉ်အရ လျာထားဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

                   (၅)    ဦးစိုင်းသီဟကျော်၊ မိုင်းရယ် မဲဆန္ဒနယ်က မေးမြန်းသော မိုင်းရယ်မြို့နယ်အတွင်း လမ်းအပိုင်းများနှင့် တံတားလုပ်ငန်းများကို သက်ဆိုင်ရာဌာနမှ နှစ်အလိုက်ပြီးစီးရန် လျာထားချက်နှင့် အစီအစဉ်များ မည်ကဲ့သို့ ရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လမ်းပိုင်း (၆)ခုအနက် လမ်းပိုင်း (၄)ခုသည် ကိုယ်ထူကိုယ်ထ ဆောင်ရွက်ထားသည့် မြေသားလမ်းကျဉ်းများဖြစ်ပါသဖြင့် မြေယာကိစ္စရပ်များ ပြီးပြတ်အောင် ကွင်းဆင်းလေ့လာစိစစ်ညှိနှိုင်းဆောင်ရွက်ပြီး ရှမ်းပြည်နယ်အစိုးရ အဖွဲ့သို့ တင်ပြပေးရန် လိုအပ်ပါကြောင်းနှင့် ရန်ပုံငွေဆက်လက် တင်ပြလာပါက ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အနီးစပ်ဆုံး ဘဏ္ဍာနှစ်တွင် လုပ်ငန်းဦးစားပေးအနေဖြင့် အပိုင်းလိုက် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

                   (၆)    ဦးစောသလေးစော၊ ရွှေကျင် မဲဆန္ဒနယ်က မေးမြန်းသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် ထိစပ်လျက်ရှိသည့် ဒေသများရှိ ပြည်သူများအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် လက်တွေ့ကျသည့် ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းခြင်း၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ၏လမ်းညွှန်မှုဖြင့် ရန်ပုံငွေလျာထားပေးခြင်း၊ ထောက်ပံ့ပေးခြင်းများကို ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ကို ဖွဲ့စည်းပြီး ဦးစားပေးကဏ္ဍကြီး (၄)ရပ် သတ်မှတ်ကာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လက်တွေ့ကျသည့် ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

                   (၇)    ဦးတင်အေး၊ မက်မန်း မဲဆန္ဒနယ်က မေးမြန်းသော မက်မန်းမြို့နယ်ရှိ “နမ့်ကျွတ်-ပန်ကောက်-ရောင်ပန်” ကျေးရွာများတွင် ကျေးရွာချင်းဆက်မြေသားလမ်း (၁၂)မိုင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရန်ပုံငွေဆက်လက်ထောက်ခံတင်ပြလာပါက အနီးစပ်ဆုံးဘဏ္ဍာနှစ်မှစတင်ပြီး နှစ်စဉ်ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းဦးစားပေးအစီအစဉ်ဖြင့် လျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

( ဂ )  ဥပဒေကြမ်း(၁)ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာဖတ်ကြားခြင်း

                   ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီက စက်မှုဇုန် ဥပဒေကြမ်း ကိုတင်သွင်းပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားရှင်းလင်းသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၂၀-၈-၂၀၁၉ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။

        (ဃ)   အဆို(၁)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဦးဇော်မင်းသိန်း၊ လေးမျက်နှာ မဲဆန္ဒနယ်က တင်သွင်းသည့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီး လာမှုကြောင့် ၂၀၁၉ ခုနှစ် နွေရာသီတွင် ထူးခြားစွာဖြစ်ပေါ်ခဲ့သော ရာသီဥတုပြောင်းလဲလာမှုနှင့် အပူချိန်မြင့်တက်လာမှု ဖြစ်စဉ်များကို သုံးသပ်ပြီး အနာဂတ်နိုင်ငံတော်နှင့် နောင်မျိုးဆက်များအပေါ် ကောင်းမွန်သော ပတ်ဝန်းကျင်နှင့် အကျိုးစီးပွားဖြစ်ထွန်းစေရေးတို့အတွက် သဘာဝပတ်ဝန်းကျင်အား ဆိုးရွားစွာ ထိခိုက် ပျက်စီးနိုင်သောအခြေအနေများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးကာကွယ်ပြီး ပြန်လည်ထူထောင် အားဖြည့်ခြင်းလုပ်ငန်းများအား စနစ်တကျ အရှိန်မြှင့်ဆောင်ရွက် ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၈) ဦးက ဆွေးနွေးပြီး အဆိုအား လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

၃။                ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁ နာရီ ၃၀ မိနစ်တွင် ရပ်နားပြီး ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ ကျင်းပမည့် ရက်ကို ၂၀-၈-၂၀၁၉ ရက် (အင်္ဂါနေ့)  နံနက် ၁၀ နာရီ တွင် လျာထားပါသည်။