Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်)

၁။                ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ၂၀၁၉  ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃)ဦး အနက် (၄၀၁)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

          (က)    ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

(၁)     ဦးဇုံးတိန့်၊ ချီဖွေ မဲဆန္ဒနယ်က မေးမြန်းသော နယ်ခြားစောင့်တပ် (၁၀၀၁)မှ သိမ်းယူထားသော လှေကားထစ်လယ် (၂၄)ဧက အတွက် နစ်နာကြေး ငွေပေးရန် စီစဉ်ထားမှု ရှိ၊ မရှိနှင့် သိမ်းဆည်းထားပြီးသော ဧရိယာထဲမှ အသုံး မပြုသည့်မြေများ ပြန်လည်စွန့်လွှတ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က လှေကားထစ်လယ် (၂၄) ဧကအား တပ်၏လျာထားအဆောက်အဦများနှင့် လွတ်ကင်းပြီး အသုံးပြုခြင်းမရှိပါသဖြင့် ပြန်လည်စွန့်လွှတ်ပေးသွားမည်ဖြစ်ပါ ကြောင်းနှင့် သိမ်းဆည်းထားသော ကျန်လယ်ယာမြေများကို ဆက်လက် သိမ်းဆည်းရန်မရှိတော့ပါကြောင်းကို ဒေသခံတောင်သူများအား အသိပေး ရှင်းလင်းပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

(၂)     ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ် မဲဆန္ဒနယ်က မေးမြန်းသော မောက်မယ် မြို့နယ်၊ ဟိုလွိုင်ကျေးရွာအုပ်စု၊ ကုန်းလေမုတ်ကျေးရွာ လျှပ်စစ်ဓာတ်အား အသုံးပြုခွင့်ရရှိရေးအတွက် နိုင်ငံတော်အစိုးရမှ မည်ကဲ့သို့ ကူညီဆောင်ရွက် ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများ အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၃)     ဦးနေလင်းအောင်၊ မင်းတပ် မဲဆန္ဒနယ်က မေးမြန်းသော မင်းတပ်မြို့၏ အနီး ပတ်ဝန်းကျင်ကျေးရွာများတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် ပလိပ်တွီကျေးရွာတွင် 33/11KV3MVA ဓာတ်အားခွဲရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် စီမံချက်လျာထားရေးဆွဲပြီး ဘဏ္ဍာငွေခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၄)     ဒေါ်တင်တင်ရီ၊ ကျွန်းစု မဲဆန္ဒနယ်က မေးမြန်းသော ကျွန်းစုမြို့နယ်၊ ကတ္တလူ ကျေးရွာရှိ အသေးစားရေအားလျှပ်စစ်စက်ရုံအား ဓာတ်အားတိုးမြှင့်ထုတ်လုပ် ပေး နိုင်ရန်အတွက် ပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ အပြီးလွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါ၍ ဆောင်ရွက်ပေးရန်အစီအစဉ် မရှိပါကြောင်းနှင့် ဓာတ်အားတိုးမြှင့် ထုတ်လုပ် ခြင်းလုပ်ငန်း ဆောင်ရွက်ပါက သဘာဝပတ်ဝန်းကျင်ဘေးအန္တရာယ် ထိခိုက်မှု ရှိလာနိုင်သည့်အတွက် လတ်တလော အခြေအနေတွင် ဆောင်ရွက်ပေး နိုင်ခြင်းမရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၅)     ဦးဉာဏ်ထွန်း၊ ဇီးကုန်း မဲဆန္ဒနယ်က မေးမြန်းသော နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်များသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် PARDON သို့တည်းမဟုတ် လွတ်ငြိမ်းချမ်းသာခွင့် AMNESTY ဖြစ်သည်ကို ကွဲပြားစွာ သိလိုခြင်းနှင့် ၉-၅-၂၀၁၉ ရက်စွဲပါ သတင်းထုတ်ပြန်ချက်မှ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပေးရေးအတွက် အကျဉ်းသား၊ အကျဉ်းသူများ လွှတ်ပေးရန် စနစ်တကျ စိစစ်ခဲ့သည့် မူဝါဒများကို ရှင်းလင်းစွာ သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်သူက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကို နိုင်ငံတော်သမ္မတ၏ သဘောဆန္ဒဖြင့် ပေးနိုင်ကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ကို အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် နိုင်ငံတော် သမ္မတက ပေးနိုင်ပါကြောင်းနှင့် မူဝါဒအသေးစိတ်အချက်များသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် လျှို့ဝှက်ချက်အဖြစ် ထားရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

(၆)     ဦးရဲလွင်၊ အလုံ မဲဆန္ဒနယ်က မေးမြန်းသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ ဝင်မိသားစုများ ကျန်းမာရေးဆေးကုသမှုခံယူရာတွင် အဆင်ပြေ လွယ်ကူချောမွေ့စွာ ကုသနိုင်စေရန် ရန်ကုန်နှင့် မန္တလေးအစရှိသည့် မြို့ကြီးများတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆေးရုံ (ရဲဆေးရုံ) တည်ဆောက်ပေးရန်  အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်သူက လတ်တလောအခြေအနေတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့(ရဲဆေးရုံ) ဖွင့်လှစ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

(၇)     ဦးမြင့်ဝေ၊ ဂွ မဲဆန္ဒနယ်က မေးမြန်းသော ဂွမြို့နယ်၊ ဆက်သွားချောင်း သဗြာဆိပ်တွင် ဖမ်းဆီးရမိခဲ့သည့် သစ်တင်လှေအား သစ်တောဝန်ထမ်း၊ ရဲ ဝန်ထမ်းများ လက်သို့ အပ်နှံခဲ့ပြီးမှ လွတ်မြောက်သွားခြင်းအား မည်ကဲ့သို့ အရေးယူမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ကမ်းသာယာနယ်မြေရဲစခန်းတွင် ဥပဒေနှင့်အညီ အမှုဖွင့်ထားရှိပြီး စုံစမ်းစစ်ဆေး လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          ( ခ )   အဆို (၁)ခု ရုပ်သိမ်းခြင်း

ဦးကျော်မြင့်၊ တိုက်ကြီး ဆန္ဒနယ်က တင်သွင်းသော  လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် တရားမျှတစွာ ကုစားဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော်သမ္မတကြီးက (၅၂)ချက်သော မူဝါဒ များကို ချမှတ်ညွှန်ကြားပေးခဲ့ပါသော်လည်း မူဝါဒများအပေါ် ထိရောက်စွာ အကောင် အထည်ဖော်မှုများမရှိသည့်အတွက် အောင်မြင်ပြီးစီးမှု နည်းပါးပြီး ကြန့်ကြာမှုများ တွေ့ရှိနေ ရပါသဖြင့် (၅၂)ချက်သော မူဝါဒအတိုင်း လိုက်နာဆောင်ရွက် ခြင်းမရှိသော တာဝန်ရှိ သူများကို ဖော်ထုတ်အရေးယူပြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်း ခံရမှုများကို ပွင့်လင်းမြင်သာစွာဖြင့် တိတိကျကျမှန်မှန်ကန်ကန် အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးပါရန်နှင့် ဖြေရှင်းဆောင်ရွက်ပြီးမှုများအား ပွင့်လင်းမြင်သာစွာ ထုတ် ပြန်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ၎င်းအဆိုရှင် က ပြန်လည်ရုပ်သိမ်း ပေးရန် စာဖြင့် တင်ပြလာပါသဖြင့် ရုပ်သိမ်းကြောင်း ကြေညာ ခဲ့သည်။

( ဂ )             ဥပဒေကြမ်း (၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီက တင်သွင်းသည့် တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ တင်ပြချက်အတိုင်း ပြင်ဆင်ချက်ဖြင့် အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဉပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

၃။                ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၂၂-၈-၂၀၁၉ ရက် (ကြာသပတေးနေ့)  နံနက် ၁၀ နာရီတွင် လျာထားပါသည်။