Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်)

၁။                ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ၂၀၁၉  ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃)ဦး အနက် (၄၀၀)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

          (က)   ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

                             (၁)    ဦးဇော်မင်းသိန်း၊ လေးမျက်နှာ မဲဆန္ဒနယ်က မေးမြန်းသော ပညာရေးနှင့်ကျန်းမာရေး တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် စံချိန်စံညွှန်းပြည့်မီပြီး အချိန်မီပြီးစီးအသုံးပြုနိုင်ရန် မည်သို့စီမံဆောင်ရွက်သွားမည်ကို သိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်း ပြည့်မီစွာဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်အလိုက် စနစ်တကျကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အချိန်မီပြီးစီးနိုင်ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                             (၂)    ဦးတင်နု(ခ)ဦးတင်နုအောင်၊ မာန်အောင် မဲဆန္ဒနယ်က မေးမြန်းသော ပြည်နယ်၊ ပြည်မ ပညာရေးကွာဟမှုနည်းပါးစေရန် ဝေးလံခေါင်သီဒေသများမှ ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ဝင်ခွင့်ရာခိုင်နှုန်းအား တိကျစွာသတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဝင်ခွင့်ရာခိုင်နှုန်းများသတ်မှတ်၍ ဝင်ခွင့်ပြုပေးလျက်ရှိ ပါကြောင်း၊ သမဝါယမတက္ကသိုလ်သို့ တက်ရောက်ခွင့်လျှောက်ထားလာပါက သတ်မှတ်အမှတ်စာရင်းသီးခြားစီစဉ်၍ လျှော့ပေါ့လက်ခံနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ဆေးတက္ကသိုလ်သို့ ဝင်ခွင့်ပြုနိုင်ရေးအတွက် မူလပုံမှန်ဝင်ခွင့်ပြု အနိမ့်ဆုံးရမှတ်အောက် လျှော့ပေါ့၍ တက်ရောက်ခွင့်ပြုခြင်း များကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                             (၃)    ဦးသာအောင်၊ မြို့သစ် မဲဆန္ဒနယ်က မေးမြန်းသော မြို့သစ်မြို့နယ်၌ ပြည်ထောင်စု ရန်ပုံငွေဖြင့် အခြေခံပညာကျောင်းများ ဆောက်လုပ်ရာတွင် တင်ဒါလုပ်ငန်းများ အချိန်မီပြီးစီးရန်နှင့် ဒီဇိုင်းများပိုမိုပြည့်စုံစွာ သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက လုပ်ငန်းဖြစ်မြောက်ရေးအဖွဲ့ဝင်များအနေဖြင့် ဒေသနှင့်ကိုက်ညီသော ပိုမိုပြည့်စုံမည့် စာသင်ကျောင်းဒီဇိုင်းများကို ရေးဆွဲပြုစုဆောင်ရွက်နိုင်ရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၄)    ဦးမင်းသိန်း၊ တောင်တွင်းကြီး မဲဆန္ဒနယ်က မေးမြန်းသော ဆရာကြီးမင်းသုဝဏ် နှင့်ဆရာဇော်ဂျီတို့၏ စာပေလက်ရာများနှင့် စာပေဩဇာအရှိန်အဝါကြီးမားသော အခြားစာပေပညာရှင်များ၏ စာပေလက်ရာများကို အခြေခံပညာအလယ်တန်းနှင့် အထက်တန်း မြန်မာစာပြဋ္ဌာန်း စာအုပ်များ၌ ထည့်သွင်းပြဋ္ဌာန်းရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက စာဆိုတော်ကြီး (၂)ဦး၏ စာပေလက်ရာများကို သင်ကြားပို့ချ ပေးလျက်ရှိပါကြောင်းနှင့် စာပေဩဇာအရှိန်အဝါကြီးမားသော စာပေပညာရှင်များ ၏လက်ရာများကို မြန်မာစာပြဋ္ဌာန်းစာအုပ်များ၌ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီ၏ကြီးကြပ်မှုဖြင့် ဆက်လက်စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                             (၅)    ဒေါက်တာဒေါ်ခင်စည်သူ၊ လွိုင်ကော် မဲဆန္ဒနယ်က မေးမြန်းသော အမျိုးသား ကျန်းမာရေးစီမံကိန်းတွင် ပါဝင်သော အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍနှင့်အတူ ကျန်းမာရေးစနစ်ခိုင်မာ တောင့်တင်းအောင် မည်သည့်ကိစ္စများ ဆောင်ရွက်ထားသည်ကို သိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က လူထုအခြေပြုကျန်းမာရေးလုပ်သားမူဝါဒရေးဆွဲခြင်း၊ လူတိုင်းလက် လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် ဘဏ္ဍာရေးဆိုင်ရာ မဟာဗျူဟာ လမ်းညွှန်ချက်ရေးဆွဲခြင်းတို့ကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် ကျန်းမာရေးဝန်ဆောင်မှုများကို တန်ဖိုးသင့်၍ ပေးချေ ဝယ်ယူခြင်း လေ့လာရေးအတွက် အထွေထွေရောဂါကုဆရာဝန်အသင်းနှင့်ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                             (၆)    ဒေါက်တာဦးသန်းအောင်စိုး၊ မင်းလှ မဲဆန္ဒနယ်က မေးမြန်းသော Online မှတစ်ဆင့် အထူးကုဆရာဝန်ကြီးများ၊ Radiologist များနှင့် တိုက်ရိုက်ဆက်သွယ်မေးမြန်း ကုသခြင်း၊ ပေးပို့အဖြေရယူခြင်း၊ ဓာတ်ခွဲအဖြေများကို Online ဖြင့် ပြန်ပို့ခြင်း စသည့် Telemedicine နှင့် Teleradiology ကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြင်ပ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနမှ တာဝန်ယူဆောင်ရွက်၍ Online ဖြင့် ပေးပို့လျက်ရှိပါကြောင်း၊ ကောင်းမွန်စွာအသုံးပြုနိုင်ရန်အတွက် Training များ လိုအပ်ပါကြောင်းနှင့် ဝန်ကြီး၏လမ်းညွှန်မှုဖြင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                             (၇)    ဦးပါထန်း၊ မတူပီ မဲဆန္ဒနယ်က မေးမြန်းသော မတူပီမြို့ ခုတင် (၁၀၀)ဆံ့ ခရိုင် ပြည်သူ့ဆေးရုံဖွဲ့စည်းပုံအား မည်သည့်နေ့ရက်တွင် ချပေးမည်ကို သိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က ချင်းပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် နယ်မြေအခြေအနေနှင့် မြေပြင်အခြေအနေအရ ခုတင်အဆင့်တိုးမြှင့်ပေးသင့်သည်ကို ပြန်ကြားထားပါကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ ဆက်လက်တင်ပြပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

          ( ခ )  ဥပဒေကြမ်း (၁)ခု လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးခြင်း     

                             အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော အခြေခံပညာရေး ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး အဆိုပါဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၆-၈-၂၀၁၉ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။

                   ( ဂ )  အဆို(၁)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဒေါက်တာဦးစံရွှေဝင်း၊ ရေကြည် မဲဆန္ဒနယ်က တင်သွင်းသည့် မကူးစက်နိုင်သော ရောဂါများ ကာကွယ်တားဆီးသွားရန်အတွက် ဝန်ကြီးဌာနပေါင်းစုံ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ် (၁၉) ဦးက ဆွေးနွေးပြီး အဆိုအား လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

၃။                ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၂ နာရီ ၂၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၂၇-၈-၂၀၁၉ ရက် (အင်္ဂါနေ့)  နံနက် ၁၀ နာရီ တွင် လျာထားပါသည်။