Skip to main content

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် အပြည်ပြည် ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် ယာစူဟီဆာအိုဂျီးမား ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် IMF အနေဖြင့် မြန်မာလွှတ်တော်များသို့ ကူညီပေးလျက်ရှိသည့် ကိစ္စရပ်များ၊ ပြည်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲမှုနှင့် ဘဏ္ဍာငွေအရအသုံး၊ အခွန်အကောက် ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အကြံပြု ဆွေးနွေး ချက်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးအောင်မင်း၊ ဦးစောသန်းထွဋ်၊ အတွင်းရေးမှူးများ ဖြစ်ကြသည့် ဦးခင်မောင်သန်း၊ ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်