Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်)

၁။                ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ၂၀၁၉  ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃)ဦး အနက် (၃၉၆)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

          (က)   ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

                             (၁)    ဒေါက်တာဦးစိုင်းလှသိန်း၊ ချမ်းမြသာစည် မဲဆန္ဒနယ်က မေးမြန်းသော တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနမှ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် နည်းဥပဒေများထွက်ရှိရန် မည်သို့ဆောင်ရွက်ထားသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှမော်ဦးက နည်းဥပဒေမူကြမ်းကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပြီး သဘောတူခွင့်ပြုချက်ဖြင့် ထုတ်ပြန်ပြီး ဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။

                             (၂)    ဦးအောင်စိုးမင်း၊ ရွာငံ မဲဆန္ဒနယ်က မေးမြန်းသော ရွေးကောက်ပွဲကာလ မဟုတ် သည့်အချိန်တွင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)ဟု ရေးသားကြေညာ ခြင်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေးက သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေနှင့် ညီညွတ်မှုမရှိပါကြောင်း၊ ထိုသို့ရေးသားကြေညာပါက မည်ကဲ့သို့ အရေးယူဆောင်ရွက် ရမည်ကို ပြဋ္ဌာန်းထားခြင်းမရှိပါကြောင်းနှင့် နောင်အလားတူဖြစ်စဉ်များ မပေါ်ပေါက် စေရန် အမည်သုံးစွဲခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီများနှင့် အခြားသက်ဆိုင်သည့် အဖွဲ့အစည်းများ/ပုဂ္ဂိုလ်များသို့ ကြေညာချက်ထုတ်ပြန်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                             (၃)    ဒေါက်တာဦးသန်းအောင်စိုး၊ မင်းလှ မဲဆန္ဒနယ်က မေးမြန်းသော မတ်ပဲစိုက် တောင်သူများ အကျိုးအမြတ်ရရှိစေရန်အတွက် နိုင်ငံတကာတွင် ခိုင်မာသော ဈေးကွက်ရရှိအောင် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက မြန်မာနိုင်ငံ၏အမျိုးသားပို့ကုန်မဟာဗျူဟာ မတ်ပဲအပါအဝင် ပဲမျိုးစုံကို ဦးစားပေးမြှင့်တင်ရမည့်ကဏ္ဍအဖြစ် ထည့်သွင်းထားရှိပါကြောင်း၊ လယ်ယာ ထွက်ကုန်သီးနှံများ နိုင်ငံတကာဈေးကွက်သို့ ပိုမိုတင်ပို့လာစေရေးအတွက် တာဝန်ရှိ သူများ၏ နိုင်ငံတကာခရီးစဉ်များ၊ ပြည်တွင်းဆွေးနွေးမှုများတို့တွင် ညှိနှိုင်းဆွေးနွေး ပေးလျက်ရှိပါကြောင်းနှင့် လယ်ယာထုတ်ကုန်အသင်းအဖွဲ့များနှင့် စဉ်ဆက်မပြတ် တွေ့ဆုံ၍ လိုအပ်သည့် အကူအညီများကို ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                   (၄)    ဒေါ်ချိုချို၊ အုတ်တွင်း မဲဆန္ဒနယ်က မေးမြန်းသော ပြည်ပဈေးကွက်သို့ တင်ပို့ ရောင်းချနေသော လယ်ယာထွက်ကုန်သီးနှံများကို ဝယ်ယူနေကျ ပြည်ပနိုင်ငံများမှ ဝယ်ယူခြင်းမရှိသည့်အချိန်တွင် ဈေးကွက်မပျက်စေရန် သက်ဆိုင်ရာဝန်ကြီးဌာန အနေဖြင့် ဈေးကွက်ခိုင်မာရေးအတွက် လိုအပ်သည်များကို ကူညီပံ့ပိုးပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းထားရှိပြီး လယ်ယာထွက်ကုန်များ ဈေးနှုန်းအလွန်အမင်း ကျဆင်းသည့် အခါ ဝယ်ယူရန်လိုအပ်ပါက ဝယ်ယူနိုင်ရန် လှည့်လည်ရန်ပုံငွေသီးသန့်ထားရှိပါ ကြောင်းနှင့် သင့်တင့်မျှတသော ဈေးကွက်ရရှိရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ ပူးပေါင်းဖွဲ့စည်းထားရှိပြီး ဈေးကွက်အခြေအနေများကို စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့် သုံးသပ်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                             (၅)    ဦးသန့်ဇင်ထွန်း၊ ဒက္ခိဏသီရိ မဲဆန္ဒနယ်က မေးမြန်းသော ပြည်တွင်းလုပ်ငန်းများတွင် နိုင်ငံခြားသားပိုင်ဘဏ်များအား  အသုံးပြုခွင့်ကို မည်သို့ခွင့်ပြုထားပြီး ငွေကြေး ဖောင်းပွမှုနှုန်း မြင့်မားမှုမရှိစေရန်နှင့်ပုဂ္ဂလိကကဏ္ဍတွင် ငွေရေးကြေးရေးအဖွဲ့အစည်း ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ခွင့်ပြုရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်ထားသည်တို့ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက နိုင်ငံခြားဘဏ် ဘဏ်ခွဲများအား ပြည်တွင်းပို့ကုန်လုပ်ငန်း ဆောင်ရွက် သူများအတွက် ပို့ကုန်ချေးငွေဖြည့်ဆည်းမှုနှင့် ပို့ကုန်လုပ်ငန်းနှင့်ဆက်စပ်သည့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုခြင်း၊ နိုင်ငံခြားဘဏ် ဘဏ်ခွဲများ အား ပြည်တွင်းစီးပွားရေးလုပ်ငန်းများသို့ မည်သည့် ချေးငွေဖြည့်ဆည်းမှုကိုမဆို ဆောင်ရွက်ခြင်းနှင့် အခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ခြင်းတို့ကို ခွင့်ပြုခဲ့ပါကြောင်း၊ ငွေကြေးဖောင်းပွနှုန်း ဖိအားမဖြစ်ပေါ်စေရန် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ အစိုးရလိုငွေဖြည့်ဆည်းရခြင်းကို လျှော့ချဆောင်ရွက်ခြင်း၊ ဈေးကွက်အခြေခံငွေကြေးမူဝါဒနည်းလမ်းများ အသုံးပြု၍ စီးပွားရေးစနစ်အတွင်း ငွေကြေးပမာဏ (Money Supply)ကို လိုအပ်သလို ထိန်းညှိခြင်းဖြင့် ထိရောက်စွာ ထိန်းသိမ်းထားနိုင်မည်ဖြစ်ပါကြောင်းနှင့် ပုဂ္ဂလိက ကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှုများ အတွက် ဘဏ်များမှ ငွေချေးခြင်းဖြင့် ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

                             (၆)    ဦးမောင်မြင့်၊ မင်းကင်း မဲဆန္ဒနယ်က မေးမြန်းသော SME ချေးငွေများကို ယခု ကျင့်သုံးနေသော စနစ်ထက် ပိုမိုဖြေလျှော့ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် ဗဟိုဘဏ် အနေဖြင့် NPL ကို သတ်မှတ်ရာတွင် ဘဏ်တစ်ခုချင်းစီ၏ သဘောသဘာဝ အပေါ်မူတည်၍ သတ်မှတ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက SME ချေးငွေများ နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များအား လျှော့ပေါ့ပေးရန် ဘဏ်များမှ အဆိုပြုတင်ပြလာပါက အလေးအနက်ထားစဉ်းစားပေးမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံချက် (Business Plan)၊ လုပ်ငန်းအရအသုံးစာရင်း (Budget)များ စနစ်တကျထားလေ့မရှိခြင်း၊ အခွန်ပေးဆောင်မှုအားနည်းခြင်းတို့နှင့်ပတ်သက်၍ လိုအပ်သည်များကို ပြင်ဆင်မှု ပြုသင့်ပါကြောင်းနှင့် NPL များကို သတ်မှတ်ရာတွင် အပြည်ပြည်ဆိုင်ရာ ကျင့်သုံး နေသည့် စံနှုန်း(Criteria)များ ဖြစ်ပါသဖြင့် ဘဏ်တစ်ခုချင်းစီအတွက် သီးခြား ခွဲခြားပြီး သတ်မှတ်ရန် မဖြစ်နိုင်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                             (၇)    ဦးကံမြင့်၊ သရက် မဲဆန္ဒနယ်က မေးမြန်းသော ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် နောက်ပိုင်းငွေကြေးမူဝါဒ အကောင်အထည်ဖော်ဆောင်ရွက်ချက်နှင့် ငွေရေးကြေးရေး စနစ် တည်ငြိမ်ရေးဆောင်ရွက်ချက် အစီအရင်ခံစာများအား ထုတ်ပြန်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၃၇ နှင့်အညီ တစ်နှစ်လျှင် (၂)ကြိမ် အစီရင်ခံစာများကို Update ပြုလုပ်နိုင်မည်ဖြစ်၍ အချိန်နှင့်တစ်ပြေးညီ အစီရင်ခံတင်ပြသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          ( ခ )          ဥပဒေကြမ်း (၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

                             အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအနက် ဥပဒေကြမ်းကော်မတီ၏ ထပ်မံပြင်ဆင်ချက် (၃)ချက်နှင့် အမျိုးသားလွှတ်တော်၏ပြင်ဆင်ချက်များအတိုင်း သဘောမတူဘဲ ပြည်သူ့လွှတ်တော်၏ ယခင်အတည်ပြုချက်အတိုင်း ထားရှိသင့်သည့် အချက် (၂)ချက် စုစုပေါင်း အချက် (၅)ချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်း နှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၅၊ နည်းဥပဒေခွဲ (က) နှင့် (ခ)တို့အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

          ( ဂ )          အဆို(၁)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဦးဘိုကြီး၊ ချောက် မဲဆန္ဒနယ်က တင်သွင်းသည့် စက်မှုဝန်ကြီးဌာန၏ နိုင်ငံတော်ပိုင် စက်ရုံများမှ နိုင်ငံပိုင်စက်ရုံ၊ ပုဂ္ဂလိကပိုင် ပြုလုပ်လိုသည့် စက်ရုံ၊ ပုဂ္ဂလိကပူးပေါင်း ထားပြီး စက်ရုံ၊ စက်မှုနယ်မြေနှင့် လတ်တလော ရပ်ဆိုင်းထားသောစက်ရုံများအား ပြည်သူ့ဘဏ္ဍာများ ဆုံးရှုံးမှုမရှိစေရန်နှင့် နိုင်ငံတော်အတွက် အမြန်ဆုံး အကျိုးရှိအောင် ဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းသည့်အဆိုကို လွှတ်တော် ကိုယ်စားလှယ် (၁၃) ဦးက ဆွေးနွေးပြီး အဆိုအား လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

၃။                ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၂၉-၈-၂၀၁၉ ရက် (ကြာသပတေးနေ့)  နံနက် ၁၀ နာရီ တွင် လျာထားပါသည်။