Skip to main content

မိမိတို့မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့်နိုင်ငံ ဖြစ်သည့်အလျောက် စိုက်ပျိုးရေး လုပ်ကိုင်သူ အချို့ တောင်သူများသည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းလုပ်ဆောင်နေ ကြပြီဖြစ်သလို အချို့တောင်သူများမှာ စစ်မှုလယ်ယာသို့မကူးပြောင်းနိုင်သေးသည့်အတွက် ကျွဲ၊ နွားများ ဖြင့်သာ ထွန်ယက်နေကြရဆဲ ဖြစ်ပါကြောင်း၊  မင်းတုန်းမြို့၏ ၉၉ ရာခိုင်နှုန်းသောတောင်သူများသည် ကျွဲ၊ နွားများဖြင့်သာ ထွန်ယက်နေကြပါကြောင်း၊  ထို့ကြောင့် ကျွဲ၊ နွားများ၏ အစာအတွက် မြက်ခင်းများ လိုအပ်လျက်ရှိပါကြောင်း၊ မြက်ခင်းများကို မိမိတို့လယ်အနီးတောင်ကုန်းကို မိဘ၊ ဘိုးဘွားလက်ထက်များ တွင်  ခြံစည်းရိုးခတ်ပြီး ကျွဲ၊ နွားများ လွှတ်ကျောင်းလေ့ရှိပြီး နွားစာအတွက်  သဘာဝပေါက်သည့် မြက်ပင်များကို မွေးမြူထားလေ့ရှိပါကြောင်း၊  များသောအားဖြင့် နွားစာအတွက် မြက်မွေးမြူထားသည့် ခြံထဲ မှာ အရိပ်ရပင်ကြီးများကို စိုက်ပျိုးလေ့ မရှိပါကြောင်း၊ အချို့မြက်ခင်းများသည် ကာကွယ်တော အတွင်း ပါဝင်နေကြသလို အချို့မြက်ခင်းများသည် ကာကွယ်တောအတွင်း မပါဝင်ဘဲ မြေလွတ်မြေရိုင်း စာရင်းတွင် ပါဝင်နေသည်ကို တွေ့ရှိရပါကြောင်း၊ မိမိဆွေးနွေးလိုသည်မှာ ကာကွယ်တောအတွင်း ရောက်နေ သည့် မြက်ခင်းများတွင် ကိုးခရိုင်စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရပင်ကြီးများကို စိမ်းစိုဦးစီး ဌာနက ဝင်ရောက်စိုက်ပျိုးကြပါကြောင်း၊ နွားစာမြက်မွေးမြူသည့်အတွက် အရိပ်ရအပင်ဖြစ်သည့် အပင်ကြီးများ ကို တောင်သူလယ်သမားများက မစိုက်ပျိုးလိုကြပါကြောင်း၊ အရိပ်ရအပင်ကြီးထွားလာပါက မြက်ပင် မရှင်သန်ဟု ဆိုပါကြောင်း၊  စိုက်ပျိုးပင်များရှင်သန်ရန်အတွက် ဆေးဖျန်းသည့်အတွက်  နွားကျောင်း၍ မရပါကြောင်း၊  နွားစာအခက်အခဲ ရှိလာပါကြောင်း၊  တောင်သူများအတွက် မြက်ခင်းမှ မရှိမဖြစ် လိုအပ်ပါကြောင်း၊ ၎င်းမြက်ခင်းများသည် လယ်ကဲ့သို့ ပိုင်ဆိုင်မှုပုံစံ(၇)လည်းမရသလို အခြား ပိုင်ဆိုင်မှု လည်း မရှိပါကြောင်း၊  မြေလွတ်မြေရိုင်းလျှောက်ခွင့်လည်း မရပါကြောင်း၊ မြေလွတ် မြေရိုင်း လျှောက်မည်ဆိုပါက ရာသီသီးနှံတစ်မျိုးမျိုးစိုက်ပျိုးရမည့်ဖြစ်သည့်အတွက် တောင်သူများက နွားစာ အတွက် မည်သည့်သီးနှံမှမစိုက်ဘဲ သဘာဝမြက်ကိုသာ မွေးမြူချင်ကြသည့်အတွက် စားကျက်သီးသန့် တည်ထောင်လိုခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကာကွယ်တောအတွင်းကျရောက်နေသည့် မြက်ခင်းများနှင့် ကာကွယ်တောပြင်ပမှ မြက်ခင်းများကို တောင်သူများ၏ ကျွဲ၊ နွားစာအတွက် ပိုင်ဆိုင်မှု ရရန် တစ်နည်းနည်းဖြင့် မည်ကဲ့သို့ ဆောင်ရွက်ပေးမည် ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်

စားကျက်မြေနှင့်ပတ်သက်ပြီး ကျွဲ၊နွားတိရစ္ဆာန်များ အစာစားသုံးရန်နှင့် ကျန်းမာရေးအတွက် လွှတ်ကျောင်း ရန် သီးသန့်ထိန်းသိမ်းထားရှိရသည့် အများဆိုင်မြေဖြစ်ပါကြောင်း၊ စားကျက်မြေ တည်ထောင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ထုတ်နုတ်ပယ်ဖျက်ခြင်းများနှင့် ပတ်သက်ပြီး ၁၈၈၉ ခုနှစ်၊ အထက်မြန်မာနိုင်ငံ မြေနှင့် အခွန်စည်းမျဉ်းဥပဒေအရပြုလုပ်သည့် နည်းဥပဒေ အပိုဒ် ၇၅ မှ ၇၉ အထိလည်းကောင်း၊ ၁၈၇၆ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြေနှင့်အခွန် အက်ဥပဒေအရပြုလုပ်သည့် နည်းဥပဒေ အပိုဒ် ၆၆ မှ ၇၁ အထိ လည်းကောင်း၊ အောက်မြန်မာနိုင်ငံ မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက် ၉၀ မှ ၁၀၈ အထိလည်းကောင်း သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး ၁၈၇၆ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြေနှင့်အခွန်အက်ဥပဒေအရပြုလုပ်သည့် နည်းဥပဒေ အပိုဒ် ၆၇၊ ၆၈၊ ၆၉ နှင့် ၁၈၈၉ ခုနှစ်၊ အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်နည်းဥပဒေ အပိုဒ် ၇၆ မှ ၇၈ အရ စားကျက်မြေအဖြစ် သတ်မှတ်ထားသည့် မြေဧရိယာအတွင်း မည်သူမဆို ဝင်ရောက် ကျူးကျော်နေထိုင်ခြင်း၊ သစ်ပင်ခုတ်လှဲခြင်း၊ သယ်ဆောင်ခြင်း၊ ပေါက်ရောက်နေသည့် မြက်ပင်များကို ရိတ်သိမ်းခြင်းမပြုရန် ဥပဒေအရ တားမြစ်ထားပြီး လိုက်နာမှုမရှိပါက ဥပဒေနှင့်အညီ နှင်ထုတ်ဖယ်ရှား ခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါကြောင်း၊

လက်ရှိအခြေအနေတွင် နိုင်ငံတော်အကျိုးငှာလည်းကောင်း၊ အများပြည်သူအကျိုးငှာလည်းကောင်း၊ ကျွဲ၊ နွားစားကျက်မြေအဖြစ် အသုံးပြုမှုနည်းပါးလျှင်သော်လည်းကောင်း၊ မြို့မြေ၊ ရွာမြေတိုးချဲ့ခြင်း၊ လယ်ယာ မြေစိုက်ပျိုးမြေအဖြစ် ပြောင်းလဲအသုံးပြုခြင်း၊ တပ်ရင်း၊ တပ်ဖွဲ့များနှင့် ဌာနဆိုင်ရာ ရုံး၊ ဝန်ထမ်းအိမ်ရာ များအဖြစ် ပြောင်းလဲအသုံးပြုနိုင်ရန်အတွက် စားကျက်မြေများကို ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ ၃၃၊ နည်းဥပဒေအပိုဒ် ၉၉ တို့အရ ပြည်ထောင်စုဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ၁၈၈၉ ခုနှစ်၊ အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်နည်းဥပဒေ အပိုဒ် ၇၇ နှင့် ၁၈၇၆ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြေနှင့် အခွန်နည်းဥပဒေ အပိုဒ် ၆၈ တို့အရ တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူးက အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး စားကျက်မြေအဖြစ်မှ ထုတ်နုတ် ပယ်ဖျက်ပေးလျက်ရှိပါကြောင်း၊  ယခင်က မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် မူလစားကျက်မြေဧရိယာ စုစုပေါင်း ၈၆၆၈၈၂.၀၅ ဧကတည်ရှိပြီး မြေဧရိယာ ၁၃၆၇၀၁.၅၂၇ ဧကကို တရားဝင်ပယ်ဖျက်ခွင့် ပြုခဲ့ပြီးဖြစ်သည့်အတွက် ကျန်မြေဧရိယာ ၇၃၀၁၈၀.၅၂၃ ဧကကို စားကျက်မြေအဖြစ် ထိန်းသိမ်းထား လျက်ရှိပါကြောင်း၊  

၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃ ပုဒ်မခွဲ(က)တွင် လယ်ယာမြေဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေဟု သော်လည်းကောင်း၊ ဟင်းသီးဟင်းရွက် ပန်းမန်စိုက်ပျိုးသည့် ခြံမြေဟုလည်းကောင်း၊ မြေနုကျွန်းဟု လည်းကောင်း၊ သတ်မှတ် သည့် မြေများကိုဆိုခြင်းဖြစ်ပါကြောင်း၊ ၎င်းစကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ် အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေးအဆောက်အဦနှင့် ပရဝုဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေး အတွက် အသုံးမပြုသောမြေများ မပါဝင်ဟု အဓိပ္ပာယ်သတ်မှတ်ထားသည့် အတွက် လယ်ယာမြေအဖြစ် ဥပဒေပုဒ်မ ၃ ပုဒ်မခွဲ(က)အရ အကျုံးဝင်သောမြေများကိုသာ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ထုတ်ပေး နိုင်ပါကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးခြင်းသည် လယ်ယာမြေများကို သာ ထုတ်ပေးရခြင်းဖြစ်ပြီး စားကျက်မြေများပါဝင်ခြင်းမရှိပါကြောင်း၊ ပုံစံ(၇)များထုတ်ပေးရာတွင် ကျေးလက် နေ ပြည်သူများအနေဖြင့် ၎င်းတို့လုပ်ကိုင်စိုက်ပျိုးလျက်ရှိသည့် လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေ၊ မြေနု ကျွန်းမြေများအား သက်ဆိုင်ရာ တောင်သူများမှ ပုံစံ(၁)ဖြင့် လျှောက်ထားလာပါက ၂၀၁၂ ခုနှစ်၊ လယ်ယာ မြေဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြီး ခရိုင်၊ မြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များမှ လယ်ယာမြေလုပ်ပိုင်ခွင့်‌ပြုလက်မှတ် ပုံစံ(၇)များထုတ်ပေးရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ ၃၃ တွင် ပြည်ထောင်စုအစိုးရအဖွဲ့က လည်းကောင်း၊ ၎င်းကိစ္စအလို့ငှာ ပြည်ထောင်စုအစိုးရအဖွဲ့မှခန့်အပ်သော အာဏာပိုင်က လည်းကောင်း၊ အခြားနည်းအမိန့်ဆင့် ဆိုသည်မှ တစ်ပါး ကျွဲ၊ နွားစားကျက်မြေများနှင့် ကျေးရွာဘုံမြေများကို မပျက်စီးစေဘဲ ဆက်လက်ထိန်းသိမ်းထား ရှိရမည်ဟု လည်းကောင်း၊ လယ်ယာမြေနည်းဥပဒေ အပိုဒ် ၉၉ တွင် ပြည်ထောင်စုအစိုးရအဖွဲ့ က လည်းကောင်း၊ ၎င်းကိစ္စအလို့ငှာ ပြည်ထောင်စုအစိုးရအဖွဲ့က ခန့်အပ်သော အာဏာပိုင်က လည်းကောင်း၊ အခြားနည်းအသုံးပြုရန် အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့်ကိစ္စမှတစ်ပါး ကျွဲ၊ နွားစားကျက်မြေများနှင့် ကျေးရွာဘုံများကို မပျက်စီးစေရန် စီမံ ဆောင်ရွက်ရမည်သ၏ဟု ဖော်ပြထားပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်ကြီး နောက်ဆုံး မေးမြန်းသွားသည့် မေးခွန်းအရ စားကျက်မြေမပေါ်ခင် က Pastureland နှင့် ပတ်သက်ပြီး ကျေးရွာပိုင်အဖြစ် တည်ဆောက်လိုပါကြောင်း၊ သို့သော် သက်ဆိုင်ရာ သရက်ခရိုင် အတွင်းရှိ စားကျက်မြေများသည် သစ်တောဧရိယာတွင် တချို့ကလည်း တွင်ပါဝင်သည့်အတွက်ကြောင့် ၎င်းစားကျက်မြေတည်ဆောက်ပုံနှင့် ပတ်သက်ပြီး အခက်အခဲဖြစ်နေပါကြောင်း၊ ထို့ကြောင့်  တည်ဆောက် ပေးရန် တင်ပြအပ်ပါသည်ဟု နောက်ဆုံးသိရှိရပါကြောင်း၊ ထို့ကြောင့် စားကျက်မြေ တည်ထောင် လိုပါက သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးမှူးများထံတွင် လျှောက်ထားပြီး လျှောက်ထား သည့် မြေသည် မည်သည့်မြေအမျိုးအစားဖြစ်သည်ကို သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲရေး မြေစာရင်း ဦးစီးဌာန၊ ယခင် မြေစာရင်းဦးစီးဌာနနှင့် ကွင်းဆင်းတိုင်းတာပြီး ၎င်းမြေများသည် လွှတ်တော်ကိုယ်စား လှယ် ကြီးတင်ပြသလို မြေလွတ်မြေလပ်ဖြစ်နေပါက သက်ဆိုင်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင်‌့ ဆည်မြောင်း ဝန်ကြီးဌာနနှင့်ညှိနှိုင်းပြီး Agroforestry စိုက်ပျိုးနိုင်သည့် စသဖြင့် သစ်တောမြေဆိုလည်း မိမိတို့ ဆက်စပ်ပြီး  Agroforestry  စိုက်ပျိုးသီးနှံနှင့် သစ်တောနှင့်ရောနှောသည့် နေရာမျိုးများတွင်  ခွင့်‌ပြု လျက်ရှိပါကြောင်း၊ သို့သော် ၎င်းစားကျက်မြေတစ်ခုသည် တစ်ဦးတစ်ယောက်ပိုင်မဟုတ်ဘဲကျေးရွာပိုင်၊ ဘုံပိုင်၊ အများပိုင်အဖြစ် လျှောက်ထားမည်ဆိုပါက တင်ပြပါအတိုင်း သက်ဆိုင်ရာ သစ်တောဝန်ကြီးဌာန၊ သို့မဟုတ်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်‌ဆည်မြောင်းဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီးှ ကျေးရွာပိုင် စားကျက်မြေ (Pastureland)အဖြစ် သတ်မှတ်ဆောင်ရွက်ပေးနိုင်ရန် အတွက် သက်ဆိုင်ရာ သရက်ခရိုင် အုပ်ချုပ် ရေးမှူးထံတွင် လျှောက်ထားနိုင်ပါကြောင်းနှင့် အဆင့်ဆင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။