Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်)

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို ၂၀၁၉  ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃)ဦး အနက် (၃၈၂)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

(က)    ပြည်သူ့လွှတ်တော်ကော်မတီများတွင် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် ပြောင်းလဲတာဝန်ပေးအပ်ခြင်းနှင့် ပယ်ဖျက်ခြင်း

(၁)   ရင်းနှီးမြှုပ်နှံမှုနှင့်စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ အဖွဲ့ဝင် ဦးဝင်းထွဋ်၊ ဖျာပုံမဲဆန္ဒနယ်အား ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက် လုပ်ရေးဆိုင်ရာကော်မတီမှ အဖွဲ့ဝင် ဒေါ်ယဉ်မင်းလှိုင်၊ ဂန့်ဂေါ မဲဆန္ဒနယ်အား ယင်းကော်မတီ၏ အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ အတွင်းရေးမှူး ဦးနေဖူးဗဆွေ၊ ပန်းဘဲတန်း မဲဆန္ဒနယ်အား ယင်းကော်မတီ၏ အဖွဲ့ဝင်အဖြစ် လည်းကောင်း ပြောင်းလဲတာဝန်ပေးအပ်ခဲ့သည်။

(၂)    ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီမှ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ ဆိပ်ကမ်းမဲဆန္ဒနယ်အား ကော်မတီဥက္ကဋ္ဌအဖြစ်မှ ပယ်ဖျက်ခဲ့ သည်။

          ( ခ )   ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

                    (၁)   ဦးဦးထွန်းမောင်၊ ပုဏ္ဏားကျွန်း မဲဆန္ဒနယ်က မေးမြန်းသော ပုဏ္ဏားကျွန်းမြို့နယ်၊ ခမီကြိမ်ချောင်း တာတမံမှ ပုဏ္ဏားကျွန်းစက်မှုဇုန်သို့ ရေပိုက်များ သွယ်တန်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းမှာ အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေအနေမရှိသေးပါသဖြင့် လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၂)    ဦးအောင်ကျော်ဇံ၊ ပေါက်တောမဲဆန္ဒနယ်က မေးမြန်းသော‌ ပေါက်တောမြို့လူထု၏ သောက်သုံးရေ သိုလှောင်ရာ နတ်တောင်ပြင်ဆည်ကို ၎င်းနှင့် ဆက်စပ်တည် ရှိသော ဆည်ငယ်များနှင့်ပေါင်းကာ ရေပိုမိုသိုလှောင်နိုင်ရန်အတွက် ကျန်တာပေါင် တစ်ဖက်ကို မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က တည်ဆောက်မှု ကုန်ကျစရိတ်များပြားပြီး ရေထုထည်ပမာဏ အနည်းငယ်သာ သိုလှောင်နိုင်မည် ဖြစ်သည့်အတွက် အခြားနည်းဖြင့် လျှိုပိတ်တမံအသစ်တစ်ခု တည်ဆောက်နိုင် ခြင်းရှိ၊ မရှိ စူးစမ်းရှာဖွေပြီး ဖြစ်မြောက်နိုင်စွမ်းရှိပါက လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေဖြစ်ပါကြောင်း  ပြန်လည်ဖြေကြား ခဲ့သည်။

                    (‌၃)   ဦးဝင်းမြင့်အောင်၊ ဒီပဲယင်း မဲဆန္ဒနယ်က မေးမြန်းသော တန့်ဆည်မြို့နယ်အတွင်းရှိ R.M.C လက်ယာမြောင်းမကြီး၏ ရွှေဂူရေငုပ်ပြွန်အလျားပေ (၃၀၀)ကျော်၊ (၈)ပေ ပတ်လည် ပြွန်နှစ်လုံး ထပ်မံတည်ဆောက်ပေးရန်နှင့် R.M.C မြောင်းပေါင်များကို ပြုပြင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရွှေဂူရေငုပ်ပြွန်ကို (၈ပေ x ၈ပေ) (၄) ပေါက် အရွယ်အစားအဖြစ် တိုးချဲ့တည်ဆောက်ရန် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းနှင့် ကင်းတပ်လက်ယာမြောင်းမကြီး အဆင့်မြှင့်တင်ပြုပြင် ခြင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွင် ထည့်သွင်းဆောင်ရွက်ရန် လျာထားပြီး နှစ်အလိုက် အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်များအရ စီမံဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                      (၄)   ဦးပိုက်ကို၊ ပခုက္ကူ မဲဆန္ဒနယ်က မေးမြန်းသော ပခုက္ကူမြို့နယ် အစိုးရနည်းပညာ အထက်တန်းကျောင်းတွင် တက်ရောက်သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများ အတွက် လိုအပ်နေသော ကျောင်းအိပ်ဆောင်များကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တည်ဆောက်နိုင် ရေးအတွက် ခွင့်ပြုဘဏ္ဍာငွေရရှိရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်စီမံကိန်းလုပ်ငန်းတွင် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၅)   ဦးမျိုးဇော်အောင်၊ ကောလင်း မဲဆန္ဒနယ်က မေးမြန်းသော အခြေခံပညာကျောင်း များတွင် ပုံမှန်သင်ရိုးဖြင့် သင်ကြားခြင်းအပြင် ကျောင်းသား၊ ကျောင်းသူများ ကာယဉာဏ တန်းတူတိုးတက်စေရန်နှင့် အထွေထွေဗဟုသုတများရရှိစေရန် အောင်မြင်သောပညာရှင်၊ လုပ်ငန်းရှင်များအား ဖိတ်ကြား၍ ဟောပြောပွဲများ ပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ စတင်၍ ဦးစားပေးလုပ်ငန်းစဉ် (၇)ခု ဖြင့် အသိပညာပေးရေးဟောပြောပွဲများကို လူထုလုပ်ရှားမှုအသွင်ဖြင့် လူငယ်များ၊ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၆)   ဒေါ်နီနီမေမြင့်၊ တောင်ကုတ် မဲဆန္ဒနယ်က မေးမြန်းသော ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စစ်ဖြစ်ပွားနေသောဒေသများမှ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန်အတွက် မည်သို့စီစဉ်ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက စခန်းနှင့်အနီးဆုံးကျောင်းတွင် ဝင်ဆံ့မှုမရှိပါက ယာယီကျောင်းဆောင်များ ဆောက်လုပ်၍ သင်ကြားပေးရန်စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကျောင်း အပ်သည့်နေ့မှစ၍ ယနေ့အထိ သင်ကြားရေး၊ သင်ယူရေးအဆင်ပြေစေရန်အတွက် ဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသည့် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာ စာအုပ်များ ပံ့ပိုးပေးလျက်ရှိပြီး UNICEF မှ ကျောပိုးအိတ်များ ဖြန့်ဝေပေးထား ပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၇)   ဦးဝင်းဝင်း၊ မင်းဘူး မဲဆန္ဒနယ်က မေးမြန်းသော အဆင့်တိုးသော အခြေခံပညာ ကျောင်းများတွင် လိုအပ်သော ဆရာ၊ ဆရာမများ တစ်ပါတည်း ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဆင့်တိုးသော အခြေခံပညာကျောင်းများသို့ ရာထူးတိုး/ ပြောင်း လျှောက်ထားသူများအနက် ဆန္ဒပြုဒေသလစ်လပ်မှု၊ ဘာသာရပ် ကိုက်ညီမှု၊ လုပ်သက်ရမှတ်၊ တန်းစီဇယားများအရသော်လည်းကောင်း၊ PPTT, DTED သင်တန်းဆင်းများ အသစ်ခန့်ထားရာတွင်လည်းကောင်း လုပ်ထုံးလုပ်နည်း နှင့်အညီ ဖြည့်ဆည်းခန့်ထားပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

          ( ဂ )   အဆို (၂)ခုတင်သွင်းခြင်း

(က) မြန်မာနိုင်ငံရှိတောင်သူလယ်သမားများ၏ အခွင့်အရေးများ၊ ရပိုင်ခွင့်များ၊ အခက်အခဲ များကို နိုင်ငံတော်အစိုးရမှ စနစ်တကျ ကျစ်လစ်ခိုင်မာစွာ လုပ်ဆောင်နိုင်ရန်၊ နိုင်ငံတော်၏စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်နှင့် တောင်သူ လယ်သမားမိသားစုများ၏လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူလယ်သမား ရေးရာဝန်ကြီးဌာနတစ်ခုအား ပြည်ထောင်စုအဆင့်တွင် ထပ်မံတိုးချဲ့ဖွဲ့စည်းပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဦးသိန်းထွန်း၊ ကျောင်းကုန်း မဲဆန္ဒနယ်က တင်သွင်းပြီး  ဦးခင်မောင်မြင့်၊ ရပ်စောက် မဲဆန္ဒနယ်က ထောက်ခံ ခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေး လိုသော လွှတ်တော်ကိုယ်စားလှယ်များက ၄-၉-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

(ခ)   လယ်ယာသားငါးထုတ်ကုန်များ သင့်တင့်သောဈေးနှုန်း၊ စဉ်ဆက်မပြတ်ဈေးကွက်များ တည်ရှိစေရန် မြို့နယ်အလိုက် “တောင်သူလယ်သမားဈေးကွက်စနစ်” (Farmer Market System) ထူထောင်၍ ပိုမိုဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ဦးစိန်ဝင်း၊ မအူပင် မဲဆန္ဒနယ်က တင်သွင်းပြီး  ဦးအောင်သောင်းရွှေ၊ ဘူးသီးတောင် မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၄-၉-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

(ဃ)    ဥပဒေကြမ်း (၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း      

                               ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီက တင်သွင်းသည့် စက်မှုဇုန် ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြု ကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဉပဒေ ၁၉၁ အရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

၃။      ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၅-၉-၂၀၁၉ ရက် (ကြာသပတေးနေ့) ‌ နံနက် ၁၀ နာရီ တွင် လျာထားပါသည်။