Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်)

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ကို ၂၀၁၉  ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃)ဦး အနက် (၃၉၅)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

          (က)    ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

                    (၁)   ဦးစောဗစ်တာခလိုက်၊ သံတောင်ကြီး မဲဆန္ဒနယ်က မေးမြန်းသော သံတောင်မြို့ ပြည်သူ့စာကြည့်တိုက်ကို မြို့ရုံးပြည်သူ့စာကြည့်တိုက် အင်္ဂါရပ်နှင့်အညီ ပြန်လည် ဖွဲ့စည်းပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မြို့ရုံးအဆင့်ဖွင့်လှစ်ရန် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ထုတ်ပြန်ချက်ရရှိသည့် အခါမှသာ ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ယခုအခါ ဝန်ထမ်း (၂)ဦးဖြင့် ပြည်သူ့စာကြည့်တိုက်ဖွင့်လှစ်၍ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၂)    ဦးမင်းကြည်၊ သံတွဲ မဲဆန္ဒနယ်က မေးမြန်းသော‌ သံတွဲခရိုင်အတွင်းရှိ ပြည်ထဲရေး အမည်ပေါက် ကျေးရွာတချို့တွင် အမည် (၂)မျိုး ခေါ်ဝေါ်သုံးစွဲနေခြင်းအား မည်သည် က အမှန်ဖြစ်သည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့် ကြော်ငြာစာထုတ်ပြန်ပြီး နိုင်ငံတော်ပြန်တမ်းတွင် တရားဝင်သတ်မှတ်ထားသည့် ကျေးရွာအမည်များသာ အမှန်ဖြစ်ပါကြောင်းနှင့် ဒေသန္တရအခေါ်အဝေါ်များ ခေါ်ဝေါ်သုံးစွဲခြင်းကိုလည်း ကန့်သတ်ရန် အစီအစဉ်မရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                    (‌၃)   ဦးခင်ချို၊ လှိုင်းဘွဲ့ မဲဆန္ဒနယ်က မေးမြန်းသော ကျေးလက်နေတောင်သူများဘဝ တိုးတက်မြင့်မားလာရေး ကျွဲ၊ နွားအရှင် တင်ပို့ခွင့်အရ နိုင်ငံ၏မွေးမြူရေးကဏ္ဍ တိုးတက်လာရေးနှင့် GDP တိုးတက်လာစေရေးအတွက် မိမိပိုင်လယ်မြေတွင် စားကျက်မြေ စိုက်ပျိုးနိုင်ခွင့်၊ စိုက်ပျိုးနည်းပညာနှင့် အထောက်အပံ့ချေးငွေများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ကျွဲ၊ နွားများ စားကျက်မြေရရှိနိုင် ရေးအတွက် ဥပဒေနှင့်အညီ အခြားနည်း အသုံးပြုခွင့်ရရှိပြီး အဆိုပြုတင်ပြလာ ပါက ခွင့်ပြုချက်ရယူပြီး စားကျက်မြေများအဖြစ် ဖော်ဆောင်ပေးနိုင်မည်ဖြစ် ကြောင်းနှင့် စိုက်ပျိုးရေးနည်းပညာများကို အသိပေးဟောပြောခြင်း၊ ကွင်းဆင်း၍ နည်းပညာပေးခြင်း၊ မိုးစပါးနှင့်ဆောင်းသီးနှံများစိုက်ပျိုးရန် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းနှင့် ယခုထက် ပိုမိုထုတ်ချေးပေးနိုင်ပါက တိုးချဲ့လုပ်ကိုင်လာနိုင် မည်ဖြစ်၍ နိုင်ငံတော်၏ GDP ကိုလည်း တိုးတက်လာစေမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                      (၄)   ဦးသိန်းထွန်း၊ ကျောင်းကုန်း မဲဆန္ဒနယ်က မေးမြန်းသော ကျောင်းကုန်းမြို့နယ်တွင် နိုင်ငံတကာအဖွဲ့အစည်းဖြင့် ဆောင်ရွက်ရန်လျာထားသည့် ကျေးလက်လမ်း (၆)လမ်း အား မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ကျေးလက်လမ်းများ အား နိုင်ငံတကာအထောက်အပံ့ချေးငွေများ ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းနှင့် ချေးငွေများတွင် ပါဝင်ခြင်းမရှိခဲ့ပါက နှစ်ရှည်စီမံကိန်း များတွင် ဆောင်ရွက်ရန် ထည့်သွင်းလျာထားဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                    (၅)   ဦးမြင့်ဟန်ထွန်း၊ ဘုတလင် မဲဆန္ဒနယ်က မေးမြန်းသော တည်ဆောက်ရေးလုပ်ငန်း တစ်ခုတည်းတွင် မြို့နယ် QC နှင့်အခြားအရည်အသွေးစစ်ဆေးရေးအဖွဲ့တို့သည် မည်ကဲ့သို့ တာဝန်ယူဆောင်ရွက်နေသည်နှင့် တည်ဆောက်ရေးလုပ်ငန်းတစ်ခု သတ်မှတ်ကာလမတိုင်မီ ပျက်စီးပါက တင်ဒါအောင်ကုမ္ပဏီနှင့် အရည်အသွေး စစ်ဆေးရေးအဖွဲ့များက မည်သို့တာဝန်ယူမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက အရည်အသွေး ထိန်းကွပ်မှု QC အဖွဲ့များအနေဖြင့် သတ်မှတ် Design နှင့် Drawing ပုံစံများ အတိုင်းဆောင်ရွက်ခြင်း၊ နည်းပညာဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ အင်ဂျင်နီယာဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ တည်ဆောက်မှုလုပ်ငန်းစဉ်များအတိုင်း လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲမှု ရှိ၊ မရှိတို့ကို စစ်ဆေးပြီး ချို့ယွင်းချက်များတွေ့ရှိပါက သတင်းပေးပို့၍ ပြန်လည်ပြုပြင်စေခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားဝင် လွှဲပြောင်းပြီးစီးသည့်ရက်မှ (၂)နှစ်အတွင်း ပျက်စီးမှုများဖြစ်ပေါ်ပါက ကုမ္ပဏီအသုံး စရိတ်ဖြင့် ပြင်ဆင်ဆောင်ရွက်ပေးရမည်ကို စာချုပ်ပါစည်းကမ်းများတွင် ထည့်သွင်း ချုပ်ဆိုထားပါကြောင်းနှင့် တည်ဆောက်ရေးလုပ်ငန်းတစ်ခု သတ်မှတ်ကာလမတိုင်မီ ပျက်စီးပါက တင်ဒါအောင်ကုမ္ပဏီမှ ပြန်လည်ပြုပြင်ပေးရမည်ဖြစ်ပြီး ပြုပြင်နိုင်ခြင်း မရှိပါက Black list စာရင်းသွင်းခြင်း ၊ အင်ဂျင်နီယာကောင်စီမှ အရေးယူခြင်းများ ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၆)   ဒေါက်တာဦးခင်မောင်မောင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်က မေးမြန်းသော မြန်မာနိုင်ငံအနှံ့အပြားရှိ ကြိုးတံတားများကို သံကူကွန်ကရစ်တံတားများ အစားထိုး တည်ဆောက်သွားမည့် အစီအစဉ်အစား လက်ရှိကြိုးတံတားကြီးများ၏ ခိုင်ခံ့မှု ပိုမိုလာစေရန် ကြိုးအစားထိုးခြင်း (သို့မဟုတ်) အခြားနည်းလမ်းရှာ၍ လုပ်ဆောင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ကြိုးတံတားများကိုပြုပြင်ရာတွင် ပင်မကြိုးတံတား အပိုင်းကိုသာ ဖြုတ်သိမ်းတည်ဆောက်ပြီး ကျန်ချဉ်းကပ်တံတားအပိုင်းများကို မူလအတိုင်းသာ ဆက်လက်အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ်သက်သာအောင် စီမံဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၇)   ဦးညွန့်ဝင်း၊ ကန်ပက်လက် မဲဆန္ဒနယ်က မေးမြန်းသော ကန်ပက်လက်မြို့နယ်၊ မုန်းချောင်းကူး ဘေလီတံတား ပေ (၄၀၀)နှင့် မှေးချောင်းကူး ဘေလီတံတား ပေ (၂၀၀) တံတားနှစ်စင်းအား ပြည်ထောင်စုဘတ်ဂျက်ဖြင့် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက မုန်းချောင်းကူးတံတားကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံငွေ လျာထားတင်ပြထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် မှေးချောင်းကူးတံတားကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နောက်ပိုင်း ကာလများတွင် ရန်ပုံငွေထည့်သွင်းလျာထားတင်ပြသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

( ခ )   ဥပဒေကြမ်း (၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ အသိပေးတင်ပြခြင်း         

                               ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ပေးပို့လာသော ရေနံစူးစမ်းရှာဖွေခြင်း၊ တူးဖော်စမ်းသပ် ခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် စတင် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုလွှတ်တော်က ပေးပို့လာကြောင်းနှင့် ယင်းဥပဒေကြမ်း သည် ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက တင်သွင်း သည့် ရေနံစူးစမ်းရှာဖွေခြင်း၊ ရေနံတူးဖော်စမ်းသပ်ခြင်းနှင့် ရေနံထုတ်လုပ်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် တူညီနေပါသဖြင့် တစ်ပေါင်းတည်း စိစစ်သွားနိုင်ရန် ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီသို့ လွှဲပြောင်း ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေး တင်ပြခဲ့သည်။

           ( ဂ )   ဥပဒေကြမ်း (၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း      

                                အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့လာသော လယ်ယာမြေ ဥပဒေကို ပြင်ဆင်သည့် ဉပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲ များအတိုင်း အတည်ပြုခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဉပဒေ ၂၀၀ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

           (ဃ)    အဆို(၁)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဒေါက်တာဦးစိုးမိုးသူ၊ မြောင်းမြ မဲဆန္ဒနယ်က တင်သွင်းသည့် ဘဏ္ဍာရေးနှစ် ပြောင်းလဲ သတ်မှတ်ခြင်း၏ အနှစ်သာရအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်စေရေး အတွက် လာမည့်ဘဏ္ဍာရေးနှစ်မှ စတင်ကာ တည်ဆောက်ရေးတင်ဒါခေါ်ယူခြင်း လုပ်ငန်းများအား ဘဏ္ဍာရေးနှစ်၏ ပထမသုံးလပတ်အတွင်း အပြီးအပြတ်ဆောင်ရွက် ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ် (၂၃)ဦးက ဆွေးနွေးပြီး အဆိုအား လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

၃။      ပြည်သူ့လွှတ်တော် အစည်းအဝေးကို ညနေ ၄ နာရီ ၅ မိနစ်တွင် ရပ်နားပြီး ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၀-၉-၂၀၁၉ ရက် (အင်္ဂါနေ့) ‌ နံနက် ၁၀ နာရီ တွင် လျာထားပါသည်။