Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်)

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ကို ၂၀၁၉  ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃)ဦး အနက် (၃၉၁)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

          (က)    ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

                    (၁)   ဒေါက်တာဒေါ်ခင်စည်သူ၊ လွိုင်ကော် မဲဆန္ဒနယ်က မေးမြန်းသော ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ ယခုလက်ရှိ မက်သဒုံးဆေးတိုက်ကျွေးနေသည့် ဌာန (၅၅)ခု အပြင် ထပ်မံတိုးချဲ့ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မဟာဗျူဟာနည်း ဗျူဟာများ ချမှတ်၍ လုပ်ဆောင်ရန် ရှိပါကြောင်း၊ ၂၀၂၀ ခုနှစ်တွင် ဆက်လက်ဖွင့်လှစ်ရန် အစီအစဉ်ရှိပါကြောင်းနှင့် မူးယစ်ဆေးဝါး Center (၅၅)ခုမှ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင် ရည်မြှင့်တင်မှု အပေါ်မူတည်၍ လိုအပ်သလို ပြုပြင်ပြီး ကောင်းမွန်စွာ လုပ်ဆောင်ရန်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၂)    ဒေါက်တာဦးစံရွှေဝင်း၊ ရေကြည် မဲဆန္ဒနယ်က မေးမြန်းသော‌ မြန်မာနိုင်ငံ တစ်ဝန်းရှိ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ(၂၀၁၅)နှင့် နည်းဥပဒေ (၂၀၁၇) ပြဋ္ဌာန်းချက်များပါအချက်များကို ထိထိရောက်ရောက် အကောင် အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံအထက်ပိုင်းတွင် ပြန်လည်သန်စွမ်းရေးဆေးရုံ (၁)ရုံ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက မတ္တရာမြို့အနာကြီးဆေးရုံကို ပြန်လည် သန်စွမ်းရေးဆေးရုံအဖြစ် ခေါ်ဝေါ်ရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါကြောင်းနှင့် တရားဝင်ဖြစ်စေရန် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် အမည်ပြောင်းလဲရေးကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ အမြန်ဆုံး ပြန်လည်တင်ပြဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (‌၃)   ဦးစောဗစ်တာခလိုက်၊ သံတောင်ကြီး မဲဆန္ဒနယ်က မေးမြန်းသော သံတောင်ကြီး မြို့ပေါ်တွင် အဆင့်မြင့်အားကစားကွင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြေနေရာ မလုံလောက်သည့်အတွက် အဆင့်မြင့်အားကစား ကွင်းအစား ဘောလုံး အားကစားလေ့ကျင့်ရေးကွင်း ဆောက်လုပ်ပေးရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေတွင် ထည့်သွင်း လျာထား ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                      (၄)   ဦးမြင့်ထွန်း၊ တန့်ဆည် မဲဆန္ဒနယ်က မေးမြန်းသော တန့်ဆည်မြို့နယ် အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန် ချထားပေး ခဲ့သော တည်ဆောက် ရေးလုပ်ငန်း အချို့မှာ မည်သည့်အတွက်ကြောင့် ဆောင်ရွက်ချိန်နောက်ကျခြင်းနှင့် လုပ်ငန်းများစတင်ဆောင်ရွက်ခြင်း မရှိ သည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက နိုင်ငံ့ဝန်ထမ်းများ လစာတိုးပေးခဲ့မှုကြောင့် ရန်ပုံငွေ လုံလောက်ခြင်းမရှိသည့်အတွက် ခွဲဝေချထားပေးသော ရန်ပုံငွေများကို ပြန်လည်ရုပ်သိမ်းသွားခဲ့ပါသဖြင့် တင်ဒါပြန်လည်ခေါ်ယူခြင်း၊ ဖွင့်ဖောက ်ခြင်း လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ၂၀၁၉ ခုနှစ်၊ ဧပြီလ အစပိုင်းမှ စတင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း တည်ဆောက်ရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အတွင်း စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိ ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၅)   ဦးအောင်ကျော်ကျော်ဦး၊ လှိုင် မဲဆန္ဒနယ်က မေးမြန်းသော လက်ရှိ ရန်ကုန်မြို့ ရေပေးဝေမှုအခြေအနေနှင့် တိုးပွားလာမည့် ရန်ကုန်မြို့နေ လူထုအတွက် ရေလုံလောက်စွာ ပေးဝေနိုင်ရန် မည်သို့စီမံထားသည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက ရန်ကုန်မြို့ ရေပေးဝေရေး ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများတွင် ၂၀၂၅ ခုနှစ်မှ ၂၀၄၀ ခုနှစ်အတွင်း ပန်းလှိုင်မြစ် ရေပေးဝေရေးစီမံကိန်း၊ ကုက္ကိုလ်ဝမြစ်ရေ ပေးဝေရေးစီမံကိန်းအဆင့် (၂)၊ (၃)၊ (၄) နှင့်တိုးမြှင့်ရေပေးဝေရေး စီမံကိန်း တို့ကို ဆက်လက်ဆောင်ရွက်ရန် ရေးဆွဲထားပြီး ဖြစ်ကြောင်းနှင့် ၂၀၄၀ ခုနှစ်တွင် မဟာဗျူဟာစီမံချက်အရ ရန်ကုန်မြို့လူဦးရေသည် ၁၀ သန်းခန့် တိုးပွားလာမည်ဟု ခန့်မှန်းတွက်ချက်ထားပြီး လူဦးရေ၏ ၈၀ ရာခိုင်နှုန်း ကို ရေပေးဝေနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၆)   ဦးမောင်မောင်ဦး၊ အင်းစိန် မဲဆန္ဒနယ်က မေးမြန်းသော ၂၀၁၈ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေအသစ် အကျိုးသက်ရောက် နိုင်ရန်နှင့် လုပ်ငန်းများ အောင်မြင်ပြီးမြောက်နိုင်ရန်အတွက် စည်ပင် သာယာရေးဝန်ထမ်းအင်အားနှင့် ယာဉ်စက်ယန္တရားအင်အားများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထပ်မံဖြည့်တင်း ဝယ်ယူရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက စည်ပင် သာယာရေးဥပဒေအရ လုပ်ငန်းများအောင်မြင်ပြီး မြောက်နိုင်ရန် အတွက် ဝန်ထမ်းဖွဲ့စည်းပုံရေးဆွဲ၍ လာမည့်ဘဏ္ဍာနှစ်တွင် အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အမှိုက်သိမ်း ယာဉ်များ ထပ်မံဝယ်ယူရန် လိုအပ်သည့်အတွက် ဘတ်ဂျက်လျာထားမှုများ ပြင်ဆင်ရေးဆွဲ တင်ပြထားပါကြောင်းနှင့် နောင်လာမည့် ဘဏ္ဍာနှစ်များတွင် ဘတ်ဂျတ်ခွဲဝေရရှိမှု အပေါ်မူတည်၍ ယာဉ်ယန္တရားများ ဝယ်ယူဖြည့်တင်း ရေးကို ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                   (၇)   ဒေါက်တာဦးစောနိုင်၊ တောင်ဥက္ကလာပမဲဆန္ဒနယ်က မေးမြန်းသော တောင် ဥက္ကလာပ မြို့နယ်ရှိ အားကစားကွင်းအဖြစ် ဆောင်ရွက်ပေးမည်ဟု ဖြေကြားထားသော (၄)ရပ်ကွက်၊ (၆)ရပ်ကွက်၊ (၇)ရပ်ကွက်တို့ရှိ မြေကွက် တို့အနက်မှ တစ်နေရာရာအား ဖူဆယ်အားကစားကွင်းအဖြစ် ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် အားကစား  ကွင်းဆိုင်းဘုတ်တပ်ဆင်ပေး နိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက မြေနေရာများအား သက်ဆိုင်ရာ အသုံးပြုဌာနများမှ လည်းကောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် လည်းကောင်း ကျူးကျော်ဝင်ရောက်မှုမရှိစေရေး၊ တစ်ဦးဦးရယူသွားခြင်းမှ ကာကွယ်နိုင်ရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ မြေစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို စီမံခန့်ခွဲ ဆောင်ရွက်သွားစေမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

( ခ )   ဥပဒေကြမ်း(၁)ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာဖတ်ကြားခြင်း

                    ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီက မြန်မာနိုင်ငံဆေး ကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ကိုတင်သွင်းပြီး ဥပဒေကြမ်း ကော်မတီက အစီရင်ခံ စာဖတ်ကြားရှင်းလင်းသည်။ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၂-၉-၂၀၁၉ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည် စာရင်းတင်သွင်းရန် ဖြစ်သည်။    

           ( ဂ )   အဆို(၁)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဒေါ်သန္တာ၊ အိမ်မဲ မဲဆန္ဒနယ်က တင်သွင်းသည့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် အလွန်အရေးပါသော အရပ်ဘက်လူထုဆိုင်ရာ ရပိုင်ခွင့်နှင့် နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်များကို လေးစားလိုက်နာရန်နှင့် တရား ဥပဒေစိုးမိုးမှုရှိစေရန် အတွက် အရပ်ဘက်လူထုဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်များနှင့် သက်ဆိုင်သော နိုင်ငံတကာသဘောတူစာချုပ် (International Covenant on Civil Political Rights-ICCPR)ကို လက်မှတ်ရေးထိုးရန် တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၁၄)ဦးက ဆွေးနွေးပြီး အဆိုအား လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်မည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ သည်။

၃။      ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၂ နာရီ ၁၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉)ရက်မြောက် နေ့ ကျင်းပမည့်ရက်ကို ၁၁-၉-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) ‌ နံနက် ၁၀ နာရီ တွင် လျာထားပါသည်။