Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြေက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြေက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

             ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို တက်ရောက်လာကြ တဲ့ လွှတ်တော်ကိုယ်စားလှယ်များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့ အကျိုးကို ဆက်လက်ထမ်းဆောင် နိုင်ကြပါစေကြောင်း ဆုတောင်းအပ်ပါတယ်။ ဒီနေ့စတင် ကျင်းပတဲ့ (၁၄)ကြိမ်မြောက်ပုံမှန် အစည်းအဝေးကာလအတွင်းမှာ ဆွေးနွေးကြရမယ့် ဥပဒေကြမ်း (၁၆) ခုရှိပါတယ်။ အဆိုများအနေနဲ့ (၁၃)ကြိမ်မြောက်ပုံမှန် အစည်းအဝေးကာလအတွင်းမှာ တင်သွင်းခဲ့ပြီး ဆွေးနွေးရန်ကျန်အဆို (၁)ခု အပါအဝင် အသင့်ဖြစ်အဆို (၅)ခု ရှိပါတယ်။ အသင့်ဖြစ် ကြယ်ပွင့်ပြမေးခွန်း    (၁၆၅) ခု ရှိပါတယ်။ ကိုယ်စားလှယ်များရဲ့ အခွင့်အရေး ပိုမိုရရှိစေရန်အတွက် ယခင်အကြိမ်များက ကျန်ရှိခဲ့တဲ့ ကြယ်ပွင့်ပြမေးခွန်း (၁၀၈) ခုကို (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ ပြောင်းရွှေ့ထားပြီးဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

          လွှတ်တော်များခိုင်မာအားကောင်းပြီး ပြည်သူကပိုမိုအားကိုးလာဖို့အတွက် လွှတ်တော်ကိုယ်စား လှယ်များရဲ့အခန်းကဏ္ဍနှင့် ဥပဒေပြုရေးတာဝန်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ထမ်းဆောင်ကြဖို့ အထူးလိုအပ်ပါတယ်။ မိမိတို့ဟာ ပြည်သူလူထုကို ကိုယ်စားပြုထားသူများဖြစ်ပြီး တာဝန်ယူထားရတဲ့ လွှတ်တော်လုပ်ငန်းစဉ်များဟာ ဒီမိုကရေစီ စံချိန်စံညွှန်းများနဲ့အညီ ကျင့်သုံးဆောင်ရွက် ကြရတာဖြစ်ပါ တယ်။ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေကို စိစစ်ထိန်းညှိပြီး အချင်းချင်းအပြန်အလှန် ထိန်းကျောင်း သွားရမှာဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ချစ်ကြည်ရင်းနှီးစွာဖြင့် မိမိတို့နိုင်ငံမှာ ဒီမိုကရေစီစနစ် ခိုင်မာ ဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ အတူတကွ လက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ ဒါကြောင့် ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးကို ဖြူစင်တဲ့စိတ်စေတနာ၊ မှန်ကန်တဲ့ ဆောင်ရွက်ချက်များနဲ့ စည်းစည်းလုံးလုံး လက်တွဲညီညီ ဆောင်ရွက်ကြဖို့ တိုက်တွန်း ပြောကြားရင်း ကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်