Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယ နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်)

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယ နေ့ကို ၂၀၁၉  ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၂ )ဦး အနက် (၃၇၄)ဦး တက်ရောက်သည်။                  

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

          (က)    ဝမ်းနည်းကြောင်းအဆိုတင်သွင်းခြင်းနှင့် မှတ်တမ်းတင်ခြင်း

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးအေးကြူ လပွတ္တာမဲဆန္ဒနယ် ကွယ်လွန် အနိစ္စရောက်ခြင်းအတွက် လေးမျက်နှာမဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်းက ဝမ်းနည်းကြောင်း အဆိုတင်သွင်းပြီး လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။

          ( ခ )   ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

                    (၁)   ဦးသောင်းအေး၊ ပျော်ဘွယ် မဲဆန္ဒနယ်က မေးမြန်းသော ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေအရ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များက ထုတ်ပြန်ထားသော ဒေသန္တရစည်းကမ်းချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့် သဘောထားကွဲလွဲ ဆန့်ကျင်မှုများကို ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်လိုသူများအား အနှောက်အယှက်နှင့် ဟန့်တားမှု၊ စိတ်ကိုငြိုငြင်မှုများ ဖြစ်ပေါ်စေသည်ဟု ထင်မြင်သည့်အတွက် တည်ဆဲဥပဒေနှင့် မညီညွတ်ဟု ယူဆပါက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန်တော် ထုတ်ဆင့်ပယ်ဖျက်ပေးနိုင်ပါရန်  လျှောက်ထားခွင့် ရှိပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

                    (၂)    ဦးကျော်စိုးလင်း၊ ပြည်ကြီးတံခွန် မဲဆန္ဒနယ်က  မေးမြန်းသော သိမ်းဆည်းခံ ထားရသည့် မြေယာများအပေါ် ပုံစံမမှန်ချထားပေးသော ဂရန်မြေများကို ပြန်လည် စိစစ်၍ မမှန်မကန်ချထားပေးပါက ဂရန်များကို ပြန်လည်ရုပ်သိမ်းပြီး မူလ တောင်သူ များထံသို့ ပြန်လည်ချထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က  မမှန်မကန်ထုတ်ပေး ထားခြင်း မဟုတ်ပါကြောင်းနှင့်  တရားရုံးအဆင့်ဆင့် အမှုရင်ဆိုင်နေဆဲဖြစ်၍ ဂရန် များကို တရားရုံးအမိန့်အတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                    (‌၃)   ဦးခင်မောင်သိန်း၊ စစ်ကိုင်း မဲဆန္ဒနယ်က မေးမြန်းသော စစ်ကိုင်းမြို့နယ်အတွင်းရှိ လူငယ်၊ လူရွယ်များ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ယူ နိုင်ရန် ကျောက်တာကျေးရွာအနီးတွင် အဆင်သင့်ရှိနေသော မြေဧရိယာ (၁၄)ဧက ကျော်ခန့်ပေါ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း တစ်ကျောင်းတည်ဆောက်ပေး ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မြေနေရာရရှိမည်ဆိုပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တွင် ရန်ပုံငွေထည့်သွင်းလျာထား တင်ပြဆောင်ရွက်ရေးအတွက် စိစစ်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                      (၄)   ဦးအေးနိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်က ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ မြို့နယ် ပညာရေးမှူးရုံး အဆောက်အဦသည် ဟောင်းနွမ်းပြီး အန္တရာယ်ရှိ ရုံးအဆောက် အဦအဖြစ် တည်ရှိနေသောကြောင့် အဆောက်အဦသစ် တည်ဆောက်ပေးရန် အစီ အစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဆောက်အဦသစ် တည်ဆောက်ပေးရန် လိုအပ်သော ရန်ပုံငွေကို သက်ဆိုင်ရာ ဘဏ္ဍာနှစ်၏ငွေလုံးငွေရင်း(တည်ဆောက်ရေး) စာရင်းတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိပေါ်မူတည်၍ မြို့နယ်ဦးစားပေး အစီအစဉ်အရ စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

                    (၅)   ဦးမြတ်လေးဦး၊ ထီးလင်း မဲဆန္ဒနယ်က မေးမြန်းသော  ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနအနေဖြင့် ကျောင်းဆောင်သစ် လိုအပ်ချက်များ ဖြည့်ဆည်း ရာတွင် အမှန်တကယ်လိုအပ်သော ကျောင်းများကို ဦးစားပေးဖြည့်ဆည်းပေး နိုင်ရေးအတွက် မူဝါဒပြုပြင်ပြောင်းလဲပြီး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က မြို့နယ်အလိုက် မျှတမှုရှိသော ပျမ်းမျှရာခိုင်နှုန်းကို အခြေခံ၍ ရန်ပုံငွေရရှိမှု ပေါ်မူတည်ပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ ဦးစားပေးအစဉ်လိုက် တင်ပြလာသော လုပ်ငန်းများကို ထည့်သွင်းလျာထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                    (၆)   ဦးမင်းသိန်း၊ တောင်တွင်းကြီး မဲဆန္ဒနယ်က မေးမြန်းသော တောင်တွင်းကြီးမြို့ပေါ်ရှိ ရွှေအိုး(၂)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းသည် ကျောင်းဝိုင်းမြေကျဉ်းမြောင်း ခြင်းနှင့် အဆောက်အဦများ သက်တမ်းရင့် အိုမင်းနေခြင်းတို့ကြောင့် လေးထပ် ကျောင်းဆောင်တစ်ခု ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လေးထပ် ကျောင်းဆောင်တစ်ခု ဆောက်လုပ်ပေးရန် လာမည့်ဘဏ္ဍာနှစ်တွင်ထည့်သွင်း လျာထားနိုင်ရေး စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၇)   ဦးစိုင်းသီဟကျော်၊ မိုင်းရယ် မဲဆန္ဒနယ်က မေးမြန်းသော မြန်မာနိုင်ငံတစ်ဝန်းရှိ အစိုးရအခြေခံပညာကျောင်းများတွင် တိုင်းရင်းသားလူမျိုးများအလိုက် တိုင်းရင်း သား ဘာသာစာပေ ကျောင်းသုံးသင်ရိုးပုံနှိပ်စာအုပ်များ ရိုက်နှိပ်ထုတ်ဝေပေးရန်နှင့် သင်ထောက်ကူပစ္စည်းများ လိုအပ်လာပါက မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တိုင်းဒေသကြီး/ပြည်နယ်များအလိုက် လိုအပ်ချက်များ တင်ပြတောင်းခံလာပါက အခြေခံပညာဦးစီးဌာနအနေဖြင့် အဆင့်ဆင့်စိစစ်ပြီး ပုံနှိပ်၍ အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် သင်ထောက်ကူ ပစ္စည်းများကို ထောက်ပံ့ပေးနိုင်ခြင်း မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 ( ဂ )  ဥပဒေကြမ်း(၁)ခု လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးခြင်း

                     အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော အမျိုးသား     မှတ်တမ်းနှင့် မော်ကွန်းဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၇-၁၁-၂၀၁၉ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံး ထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။

၃။          ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပမည့်ရက်ကို ၇-၁၁-၂၀၁၉ ရက်    (ကြာသပတေးနေ့) ‌ နံနက် ၁၀ နာရီ တွင် လျာထားပါသည်။