Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက် နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်)

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက် နေ့ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၄၃၂ )ဦး အနက် (၃၈၁)ဦး တက်ရောက်သည်။                  

၂။       ( က )  ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

                    (၁)   ဦးဘရှိန်၊ ကျောက်ဖြူ မဲဆန္ဒနယ်က မေးမြန်းသော ကျောက်ဖြူခရိုင်တရားရုံး တရားမကြီးအမှုမှတ် (၁၁/၂၀၀၅) အမှုတွင် သက်သေခံ (ဈ-၁)၌ တင်ပြထားသည့် ကျူးကျော်မှုကို တာဝန်ရှိပုဂ္ဂိုလ်များကိုယ်တိုင် ကွင်းဆင်းစစ်ဆေးပေးကြပါမည်လား၊ တရားဝင်မြေပုံအထောက်အထားနှင့် မြေပြင်ရှိ ပကတိအနေအထားများကို တိုက်ဆိုင် စစ်ဆေးပေးကြပါမည်လားနှင့် ကွင်းဆင်းစစ်ဆေးကြသည့်အခါ မေးခွန်းမေးမြန်းသူ မိမိအား လိုက်ပါခွင့်ပြုပါမည်လားတို့ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က ယခင်အမြင့်ဆုံးတရားရုံးချုပ်က စီရင်ဆုံးဖြတ်ပြီးဖြစ်ပါ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကွင်းဆင်းစစ်ဆေး ပိုင်ခွင့်မရှိပါကြောင်းနှင့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးများ တွင် ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့သောမေးခွန်းနှင့် သဘောထားချင်းတူညီ သည့် မေးခွန်းဖြစ်ပါသဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပြည့်စုံစွာရှင်းလင်း ဖြေကြားခဲ့ပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၂)    ဦးစောသလေးစော၊ ရွှေကျင် မဲဆန္ဒနယ်က  မေးမြန်းသော တရားရုံးနေ့စဉ်မှတ်တမ်း များ မှန်ကန်စွာ မှတ်တမ်းတင်ရေးသွင်းမှု ရှိ၊မရှိကို တရားလွှတ်တော်ချုပ်အနေဖြင့် မည်ကဲ့သို့ စိစစ်ထိန်းကျောင်းလျက်ရှိသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က သက်သေထွက်ဆို ချက်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ လူသိရှင်ကြား တရားခွင်၌ ပွင့်လင်း မြင်သာစွာ ရေးမှတ်ရယူခြင်းဖြစ်ပါကြောင်း  ပြည်သူ့တရားသူကြီးအဖွဲ့ ညွှန်ကြား ချက်များ၊ တရားရုံးချုပ်၏ညွှန်ကြားချက်များကို ထုတ်ပြန်၍ ညွှန်ကြားထားပြီး ဖြစ်ပါကြောင်းနှင့် ရုံးစစ်ဆေးချက် အစီရင်ခံစာများရရှိသည့်အပေါ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က စိစစ်ကြပ်မတ်ပါကြောင်း   ပြန်လည်ဖြေကြားခဲ့သည်။

                    (‌၃)   ဦးကံမြင့်၊ သရက် မဲဆန္ဒနယ်က မေးမြန်းသော ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ OA စာရင်းလက်ကျန် အခြေအနေများကို မည်သို့ ရှင်းလင်းဆောင်ရွက်သည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက UFA (OA) လက်ကျန် စာရင်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူအတည်ပြုချက်ဖြင့် စာရင်းများ ပိတ်သိမ်း၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်းသို့ စာရင်းပြောင်းရွှေ့ညှိနှိုင်းရန် အတွက် ညွှန်ကြားချက်နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                      (၄)   ဦးကျော်အောင်လွင်၊ စေတုတ္တရာ မဲဆန္ဒနယ်က မေးမြန်းသော စေတုတ္တရာမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေး အဘက်ဘက်မှ နိမ့်ပါးဆင်းရဲ ခက်ခဲပါသဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဦးစားပေး ထည့်သွင်းပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံတော်အနေဖြင့် ဒေသ၊ ကဏ္ဍနှင့် နိုင်ငံတစ်ဝန်းလွှမ်းခြုံပြီး ထည့်သွင်းစဉ်းစားဆောင်ရွက်နေသည့်အတွက် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များကို ဦးစားပေး        အလိုက် လျာထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၅)   ဦးခင်မောင်မြင့်၊ ရပ်စောက်  မဲဆန္ဒနယ်က မေးမြန်းသော ရပ်စောက်မြို့နယ်၊        အင်တောမြို့၊ ကျောက်ဂူကျေးရွာအုပ်စု၊ ကျောက်ဂူကျေးရွာတွင် နယ်မြေမီးသတ် စခန်းဖွင့်လှစ်၍ မီးသတ်ယာဉ်များ ခွင့်ပြုချထားပေးနိုင်မည့် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက လောလောဆယ် အစီအစဉ်မရှိသေးပါကြောင်းနှင့် နယ်မြေလိုအပ်ချက်အရ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ထောက်ခံချက်ဖြင့် တင်ပြတောင်းခံလာပါက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                     (၆)   ဦးမောင်မြင့်၊ မင်းကင်း မဲဆန္ဒနယ်က မေးမြန်းသော မင်းကင်းမြို့နယ်၊ ကြွေကျေးရွာ နှင့် မြစ်ရိုးအထက်ပိုင်းဒေသတွင် ပြည်သူများလုံခြုံမှုရှိစေရေး၊ တရားဥပဒေစိုးမိုး      စေရေးတို့အတွက် အမှန်တကယ် လိုအပ်နေသော ရဲစခန်းအား ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ၊မရှိ  သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး        ဗိုလ်ချုပ်အောင်သူက မှုခင်းဖြစ်ပွားမှုနည်းပါးခြင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်း မွန်ခြင်း၊ မှုခင်းဖြစ်ပါက အချိန်မီသွားရောက်နိုင်ခြင်း၊ ဆက်သွယ်မှုကွန်ရက် ကောင်းမွန်၍ သတင်းများအချိန်မီရရှိခြင်းလှည့်ကင်းများဖြင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် ရဲစခန်းဖွင့်လှစ်ပေးနိုင်ခြင်း အစီအစဉ် မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၇)   ဒေါက်တာဦးခင်မောင်မောင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်က မေးမြန်းသော သီရိမြိုင်ယာဉ်ထိန်းသင်တန်းကျောင်းဝင်းရှိ လွန်ခဲ့သော (၁၇)နှစ်ခန့်က ရောင်းချထား သော ဈေးဆိုင်ခန်း (၆၈)ခန်းအား ဖယ်ရှားရန် စီစဉ်ဆောင်ရွက်မှုအပေါ် ဆိုင်ခန်း ဝယ်ယူထားသူများ နစ်နာမှုမရှိစေရန် မည်သို့ဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက  စတင်အငှားချထားသည့် စာချုပ်ပါစည်းကမ်းများဖောက်ဖျက်ခြင်း၊ ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာနှင်ထုတ်ခြင်း အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပါအချက်များ ဖောက်ဖျက်ခြင်းနှင့် ၂၀၁၃ ခုနှစ်မှစ၍ ဆိုင်ငှားရမ်းခများ ကောက်ခံမှုမရှိခြင်း        တို့ကြောင့် တစ်စုံတစ်ရာ ဆောင်ရွက်ပေးရန်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(ခ)     ဥပဒေကြမ်း (၃)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

                     အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့လာသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း တို့ကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၂၀၀ အရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

           ( ဂ )   အစီရင်ခံစာ(၃)ခုတင်ပြခြင်း

ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့်အလုပ်သမားရေးရာကော်မတီ၊ ပြည်သူ့ လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်‌ရေးကော်မတီနှင့် ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီတို့က နှစ်ပတ်လည် အစီရင်ခံစာများ တင်ပြပြီး ယင်းအစီရင်ခံစာ (၃)ခုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက  ၅-၁၂-၂၀၁၉ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။

၃။      ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁ နာရီ ၃၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို    ၆-၁၂-၂၀၁၉ ရက် (သောကြာနေ့) ‌ နံနက် ၁၀ နာရီ တွင် လျာထားပါသည်။