Skip to main content

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီနှင့်  ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု ဉပဒေဆိုင်ရာအထောက်အကူပေးရေး အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုဉပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် နေပြည်တော်ရှိ ဇမ္ဗူသီရိခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။   

ရှေးဦးစွာ ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက အမှာစကားပြောကြားပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြဟန်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်တို့သည် တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာနည်းဥပဒေများနှင့် စပ်လျဉ်းသည့် ဥပဒေရေးရာကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြသည်။

အဆိုပါ တင်ပြဆွေးနွေးမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေး၍ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက နိဂုံးချုပ်အမှာစကားပြောကြားကာ ဆွေးနွေးပွဲကို မွန်းလွဲ ၃ နာရီခွဲ အချိန် တွင် ရုပ်သိမ်းခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့  ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်များ၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ တရား စီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှတာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်