Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထ နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

( ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ   ရက် )

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၀၂၀  ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၂ )ဦး အနက် ( ၃၉၈ )ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          (က)    ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

                    (၁)   ဦးစိုင်းထွန်းအေး၊ မိုင်းရှူး မဲဆန္ဒနယ်က မေးမြန်းသော ရှမ်းပြည်နယ်တွင် လက်နက်နှင့်သက်ဆိုင်သော ဥပဒေများအား မည်သို့ကျင့်သုံးလျက်ရှိသည်ကို ရှင်းလင်းစွာ ဖြေကြားပေးရန်နှင့် နိုင်ငံတော်တစ်ဝန်းလုံး တစ်ပြေးညီ အာဏာ သက်ရောက်စေမည့် လက်နက်နှင့်သက်ဆိုင်သော ဥပဒေတစ်ရပ်ကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများမှ အသစ်ရေးဆွဲပြဋ္ဌာန်းသွားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးလျက်ရှိသည့်  လက်နက်နှင့်သက်ဆိုင်သော ဥပဒေ များအား လက်ရှိအခြေအနေနှင့် ကိုက်ညီမှုရှိသော်လည်း ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တစ်ပြေးညီ အာဏာသက်ရောက်မှုရှိစေရေး လက်နက် ဥပဒေအသစ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရေးဆွဲလျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                    (၂)   ဒေါက်တာဦးဇော်ဝင်းမြင့်၊ စဉ့်ကူး မဲဆန္ဒနယ်က  မေးမြန်းသော ခေတ်စနစ်အချိန် ကာလ ရွေ့လျားတိုးတက် ပြောင်းလဲလာမှုဖြစ်စဉ်တို့နှင့် ဆီလျော်မှုမရှိတော့သော ၁၈၇၈ ခုနှစ်၊ လက်နက်ဥပဒေအား မဖြစ်မနေပြင်ဆင်ခြင်း (သို့) ပယ်ဖျက်ခြင်း များပြုလုပ်၍ အသစ်ပြန်လည်ပြဋ္ဌာန်းရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးလျက်ရှိသည့် လက်နက်နှင့်သက်ဆိုင်သော ဥပဒေများအား မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ လက်ရှိအခြေအနေနှင့်ကိုက်ညီပြီး တစ်ပြေးညီ အာဏာသက်ရောက် စေသည့် လက်နက်ဥပဒေဖြစ်စေရေးအတွက် အသစ်ရေးဆွဲလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (‌၃)   ဦးဝင်းမင်း၊ လှိုင်သာယာ မဲဆန္ဒနယ်က မေးမြန်းသော လှိုင်သာယာမြို့နယ်တွင် ရွှေလင်ဗန်းစက်မှုဇုန်နယ်မြေရဲစခန်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ဖွဲ့စည်းပုံ အရ ခွင့်ပြုပြီးဖြစ်သည့် နယ်မြေရဲစခန်း ကစင်အား ရွှေလင်ဗန်းစက်မှုဇုန် နယ်မြေ ရဲစခန်းအဖြစ် အမည်ပြောင်းဖွင့်လှစ်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဖွင့်လှစ်ခွင့်ရရှိပါက တပ်ဖွဲ့ပိုင်အမည်ပေါက် ရရှိထားသော မြေဧရိယာအပေါ်တွင် နယ်မြေရဲစခန်းနှင့် ဝန်ထမ်းအိမ်ရာများအား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် တည်ဆောက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                      (၄)   ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီး၊ ကလေး မဲဆန္ဒနယ်က မေးမြန်းသော ကလေး မြို့နယ်အတွင်းရှိ ပျက်စီးယိုယွင်းလျက်ရှိသော လယ်ယာချောင်းမြာင်းများအား မူလအနေအထား ပြန်လည်ရောက်ရှိရေးအတွက် နှစ်အပိုင်းအခြားတစ်ခုအတွင်း ဆောင်ရွက်ပေးရန်  အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ကလေး လွင်ပြင်ဒေသအတွင်းရှိ လယ်ယာချောင်းမြောင်းများ မူလအနေအထားအတိုင်း ပြန်လည်ရောက်ရှိစေရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ကလေးခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်စီမံကြီးကြပ်မှုဖြင့် ပတ်သက်ဆက်နွယ်သည့် ဌာနဆိုင်ရာများပူးပေါင်းပြီး ကွင်းဆင်းလေ့လာကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

                    (၅)   ဦးခင်မောင်သိန်း၊ စစ်ကိုင်း မဲဆန္ဒနယ်က မေးမြန်းသော  စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ သောက်သုံးရေရရှိရေးအတွက် မူးမြစ်အတွင်းစီးဝင်သော သိမ်ချောင်းမှ တစ်ဖက်ပိတ်ဆည်ပိတ်၍ ဆားတောင်မြို့သို့ စက်ဖြင့် သို့မဟုတ် လျှပ်စစ်သုံး၍ တင်ပို့နိုင်ရေး သက်ဆိုင်ရာမှ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်၍  ကွင်းဆင်း စစ်ဆေးပြီး ရရှိသည့်အဖြေအရ ဖြစ်မြောက်နိုင်စွမ်းရှိသည်ဆိုပါက တိုင်းဒေသကြီး ရန်ပုံငွေတွင် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် နည်းပညာဆိုင်ရာ အကူအညီများ ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၆)   ဦးလဂန်ဇယ်ဂျုံး၊ ဝိုင်းမော် မဲဆန္ဒနယ်က မေးမြန်းသော ဝိုင်းမော်မြို့နယ်ရှိ မိုင်းနားကျေးရွာ၊ နောင်တာလောကျေးရွာ၊ မဒိန်ကျေးရွာနှင့် မြို့ပေါ်ရပ်ကွက် (၁/၂)တို့တွင် ပါဝင်သော လယ်ယာမြေများအား ပုံစံ(၇)ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၅)စုရှိ ဧရိယာပေါင်း (၉၃၀၈)ဧကကို ပုံစံ(၇)များထုတ်ပေးပြီးဖြစ်ပြီး (၄၈၆၀)ဧကကို စက်မှုဇုန်၊ အိမ်တွင်း မှုဇုန် စီမံကိန်းမြေနေရာအဖြစ် သတ်မှတ်ပြီးဖြစ်ပါသဖြင့် ပုံစံ(၇)ထုတ်ပေးရန် မသင့်ပါကြောင်းနှင့် ကျန်ရှိနေသော ဧက(၄၀)ခန့်အား သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် နှိုးဆော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၇)   ဦးဝင်းဝင်း၊ မင်းဘူး မဲဆန္ဒနယ်က မေးမြန်းသော မင်းဘူး(စကု)မြို့နယ်၊ ပန်းတောင်းကျေးရွာ ဒေသခံပြည်သူများ ဓါးမဦးချလုပ်ကိုင်ခဲ့သော မြေများတွင် စိုက်ပျိုးလုပ်ကိုင်ခဲ့သည့် ဒေသခံတောင်သူများ စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိရေးနှင့် အကယ်၍ ဒေသခံမဟုတ်သူများမှ အလားတူ လုပ်ကိုင်ခွင့်လျှောက်ထားမှုများ ပေါ်ပေါက်လာပါက ဒေသခံပြည်သူများအား ပွင့်လင်းစွာ ချပြအသိပေးကာ သဘောတူညီမှု ရယူပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ၂၀၁၉ ခုနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နှစ်ရှည်ပင်၊ ဉယျာဉ်ခြံသီးနှံ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမှုအတွက် လုပ်ပိုင်ခွင့်ပြုမိန့်ပုံစံ ၁၂(က) ထုတ်ပေးခဲ့ပြီး လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများက နှစ်ရှည်ပင်များ စိုက်ပျိုးလျက်ရှိပါကြောင်းနှင့် ဒေသခံဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မည်သည့်နိုင်ငံသားမဆို မြေအသုံးချခွင့် လျှောက်ထားနိုင်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

            ( ခ )  ဥပဒေကြမ်း(၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

                     ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက တင်သွင်းသည့် အသေးစားငွေရေးကြေးရေး ဥပဒေကြမ်း တစ်ရပ်လုံးကို  ပြင်ဆင် ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

၃။          ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့ ကျင်းပမည့်ရက်ကို ၇-၂-၂၀၂၀ ရက် (သောကြာနေ့) ‌ နံနက် ၁၀ နာရီ တွင် လျာထားပါသည်။