Skip to main content

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၏ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကား

မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ နှစ်သစ်မင်္ဂလာ အခါသမယမှာ နိုင်ငံတစ်ဝန်းလုံးရှိ မိဘ ပြည်သူ၊ ညီအကိုမောင်နှမများ အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ် ခင်ဗျာ။

         ကျွန်တော်တို့နိုင်ငံဟာ လွန်ခဲ့သောနှစ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ၊ (ICJ) တရားရုံးကိစ္စနှင့် လတ်တလောရင်ဆိုင်ကြုံတွေ့နေရတဲ့ Coronavirus (covid 19) ကူးစက်မြန် အဆုတ်ရောင် ရောဂါကိစ္စတို့ကို အောင်မြင်စွာ ကျော်လွှားနိုင်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ရတဲ့ကာလ ဖြစ်ပါတယ်။ တွေ့ကြုံရတဲ့ အတွေ့အကြုံများအရ အဆိုပါ ကိစ္စအားလုံးသည်ပင် ရေရှည် ဆောင်ရွက်ရမည့် ကိစ္စများဖြစ်ကြောင်းနှင့် ပြည်သူ့ စွမ်းအားဖြင့်သာ အောင်မြင်အောင် ဆောင်ရွက်နိုင်မည့်ကိစ္စများသာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

         ကျွန်တော်တို့အနေနဲ့ ကုန်လွန်ခဲ့တဲ့ နှစ်ဟောင်းရဲ့ အတွေ့အကြုံတွေကို အခြေခံကာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး စည်းလုံး ညီညွတ်စွာနဲ့  ဖြတ်သန်းကြရင်း လာမည့်နှစ်မှာ တွေ့ကြုံနိုင်တဲ့ စိန်ခေါ်မှု အသစ်၊ အဟောင်းစတဲ့ အခက်အခဲတွေကို ပြည်သူ့စွမ်းအားနှင့် အောင်မြင်စွာ ဖြတ်သန်းနိုင်ကြပြီး ရလဒ်ကောင်းများ ရရှိနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

         နှစ်သစ်အခါသမယမှာ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ၊ ရောဂါဘယ ကင်းဝေးကြပါစေ၊ လိုအင်ဆန္ဒများ ပြည့်ဝပြီးမြောက် ကြပါစေ။ စိတ်သစ်၊ လူသစ်၊ ခွန်အားအသစ်တွေနဲ့ အတူ နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာ ပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။

အားလုံးကို ကျေးဇူးတင်ပါတယ် ။