Skip to main content

လွှတ်တော်စာကြည့်တိုက်သို့ အမေရိကန်သံရုံးမှ စာအုပ်များလှူဒါန်းပွဲကျင်းပ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ လွှတ်တော်စာကြည့်တိုက်သို့ ဥပဒေပြုရေးဆိုင်ရာနှင့် အုပ်ချုပ်မှုဆိုင်ရာ  အထောက်အကူပြု စာအုပ်များဖြစ်သည့် အင်္ဂလိပ်ဘာသာ စာအုပ် (၅၀) အုပ်နှင့် မြန်မာဘာသာစာအုပ် (၂၇) အုပ် စုစုပေါင်း (၇၇)အုပ်၊ အမေရိကန်ဒေါ်လာ ၃၄၈၆.၇၈ တန်ဖိုးရှိ စာအုပ်များ ပေးအပ်လှူဒါန်းပွဲကို  ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁ ရက် နံနက် (၀၈း၃၀) နာရီအချိန်တွင် လွှတ်တော်ဝန်းအတွင်းရှိ ဇမ္ဗူသီရိဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးတီခွန်မြတ်မှ အဖွင့်အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ အမေရိကန်သံရုံး Political Officer Mr. Mark R. Maloneyက စာအုပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး စာအုပ်များ ပေးအပ်လှူဒါန်းပါသည်။

အဆိုပါလှူဒါန်းပွဲသို့ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အမေရိကန်သံရုံးနှင့် လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

၂၀၁၇ ခုနှစ်၊ ဇွန်လ ၁ ရက်