Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး (၃၂)ရက်မြောက်နေ့တွင်ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပြောကြားသည့် နိဂုံးချုပ်အမှာစကား

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား- 

          ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးဟာ ဒီနေ့ ပြီးဆုံးမှာဖြစ်ပါတယ်။  (၁၅-၁-၂၀၁၈) ရက်နေ့က စတင်ကျင်းပခဲ့တဲ့ သတ္တမပုံမှန်အစည်းအဝေးဟာ ဒီကနေ့ဆိုရင် (၃၂)ရက် မြောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီအစည်းအဝေးကာလအတွင်း ဆောင်ရွက်ချက်များအနေနဲ့ ကြယ်ပွင့်ပြ မေးခွန်း (၁၉၁)ခု မေးမြန်းဖြေကြားခြင်း၊ ကြယ်ပွင့်မပြမေးခွန်း (၆၂၈)ခု ဖြေကြားခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဆို (၉)ခု တင်သွင်းနိုင်ခဲ့ပြီး အတည်ပြုအဆို (၂)ခုနှင့် မှတ်တမ်းတင်အဆို (၇)ခုတို့ ဖြစ်ကြပါတယ်။ ဥပဒေကြမ်းများအနေနဲ့ ဆွေးနွေးဆောင်ရွက်ခဲ့တဲ့ ဥပဒေကြမ်း (၃၅)ခု ရှိပြီး၊ ဥပဒေကြမ်း (၁၄)ခုကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဆက်လက် ဆောင်ရွက်ရန် ဥပဒေကြမ်း (၂၁)ခု ကျန်ရှိပါတယ်။ ဒါ့အပြင် ပြည်သူ့ လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီ(၁၄)ခုရဲ့ သက်တမ်း တိုးမြှင့်ခြင်းနဲ့ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ အစီရင်ခံစာကို အတည်ပြုခြင်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား- 

          လွှတ်တော်ဟာ ဒီမိုကရေစီရဲ့ အခြေခံ အုတ်မြစ်၊ ဒီမိုကရေစီရဲ့ ပြယုဒ်၊ ဒီမိုကရေစီရဲ့ လက္ခဏာရပ် ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်မှာ ဒီမိုကရေစီစနစ် ပီပြင်ဖို့အတွက် လွှတ်တော်များရဲ့ အခန်းကဏ္ဍဟာ အရေး ကြီးပါတယ်။ လွှတ်တော်များ ခိုင်မာအားကောင်းမှသာ ပြည်သူလူထုရဲ့ ယုံကြည်အားကိုးမှု ပိုမိုမြင့်တက် လာပြီး ဥပဒေပြုရေး မဏ္ဍိုင်နဲ့ ပြည်သူလူထုအကြား အပြန်အလှန် ဆက်ဆံရေးတိုးတက်ကောင်းမွန်နေမှာ ဖြစ်ပါတယ်။ ယခု သတ္တမပုံမှန် အစည်းအဝေးကာလအတွင်း မိမိတို့ လွှတ်တော်ကို လာရောက်လေ့လာ ခဲ့ကြတဲ့ လူငယ်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၈၆၂)ဦး ရှိပြီး၊ ဒုတိယ အကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကနေ ယနေ့အထိ ဆိုလျင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၈၈၈၄) ဦး လာရောက် လေ့လာခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါဟာ လွှတ်တော်ကို လူငယ်များ  စိတ်ဝင်စား လာကြတယ်ဆို တာကို ပြသနေခြင်းပဲ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား- 

          ဒီမိုကရေစီရှင်သန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်များက အစဉ်ကြိုးပမ်းဆောင်ရွက်နေကြရမှာ ဖြစ်ပါတယ်။ မိမိတို့ကို ပေးအပ်ထားတဲ့ ဥပဒေပြုရေး လုပ်ငန်းတာဝန် တွေကိုလည်း ဒီမိုကရေစီကျင့်စဉ်များနဲ့အညီ ဆောင်ရွက်နေကြရတာ ဖြစ်ပါတယ်။ လွှတ်တော်မှာ ဆွေးနွေးဆောင်ရွက်ကြတဲ့အခါ မိမိနဲ့ သဘောထားမတိုက်ဆိုင်တာတွေ အမြင်မတူတာတွေ ရှိနေမှာ ဖြစ်ပေမယ့်လည်း ဆုံးဖြတ်တဲ့အခါမှာတော့ အများဆန္ဒနဲ့အညီ ဆောင်ရွက်ကြရခြင်းဟာ ဒီမိုကရေစီ အခြေခံ အလေ့အကျင့် ကောင်းတွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါ လွှတ်တော်တွင်းမှာသာမက ပြည်သူတွေကြားမှာလည်း ဒီမိုကရေစီအလေ့အကျင့်ကောင်းတွေ ခိုင်မာအားကောင်းစေဖို့ လွှတ်တော် ကိုယ်စားလှယ်များက လက်တွဲကူညီ ဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်။ ကိုယ်စားလှယ်များက မိမိ ကိုယ်ကိုကောင်းအောင် ကြိုးစားရင်းနဲ့ မိမိပတ်ဝန်းကျင်နဲ့ ပြည်သူလူထုရဲ့ စံနမူနာပြ ကျင့်ကြံ ဆောင်ရွက် နိုင်မှသာ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက် နိုင်ကြမှာ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

          ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဟာ အဓိကအရေးကြီးဆုံး ဆောင်ရွက်ကြရမယ့် တာဝန်တစ်ရပ် ဖြစ်ပါတယ်။ နိုင်ငံသားအားလုံး         ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရိုင်းပင်းသည့် စိတ်ဓာတ်ရှိမှသာ ပြည်ထောင် စုဆိုတဲ့ အဓိပ္ပါယ်က ပိုပြီးပြည့်စုံ လာတာဖြစ်ပါတယ်။ ယနေ့အချိန်အခါဟာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာတဲ့ နိုင်ငံရေးနည်းလမ်းများကို လက်ကိုင်ထားပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဖော်ဆောင်နေတဲ့ ကာလ ဖြစ်ပါတယ်။ တစ်ပြိုင်တည်းမှာ မိမိတို့ နိုင်ငံတော်ရဲ့ စီးပွားရေး၊ လူမှုရေးစတဲ့ ကဏ္ဍပေါင်းစုံမှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း တည်ဆောက်နေတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ မိမိတို့ လွှတ်တော်ကိုယ်စား လှယ်များရဲ့ အခန်း ကဏ္ဍဟာလည်း ဥပဒေပြုရေး မဏ္ဍိုင်ကို ကိုယ်စားပြုပြီးပါဝင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်များရဲ့ အတွေးအခေါ်၊ အယူအဆ၊ အမူအကျင့် တွေဟာလည်းခေတ်နှင့် လိုက်လျောညီထွေတဲ့ အတွေးအခေါ်မျိုး ထားရှိရမှာဖြစ်ပါတယ်။  အပြောင်းအလဲတိုင်းဟာ အချိန်ကာလ တစ်ခု လိုအပ်စမြဲဖြစ်တဲ့အတွက် ကျွန်တော်တို့ အားလုံးဟာ သံသယကင်းတဲ့ အကြွင်းမဲ့ ယုံကြည်မှု၊ ခိုင်မာ တဲ့ စည်းလုံးမှု၊ ပြတ်သားတဲ့ သန္နိဋ္ဌာန်စိတ်တို့နဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကိုဆက်လက် ကြိုးပမ်းဆောင်ရွက် သွားကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား- 

          နိဂုံးချုပ်အနေနဲ့ မှာကြားလိုတာကတော့ လွှတ်တော်ရဲ့ အဓိကလုပ်ငန်း တာဝန်(၃)ရပ်ဖြစ်တဲ့ ဥပဒေပြုခြင်း (Legislation)၊ စောင့်ကြည့်ထိန်းညှိခြင်း (Oversight) နဲ့ ကိုယ်စားပြုခြင်း(Representation) တာဝန် (၃)ရပ်ကို ပီပြင်စွာ ထမ်းဆောင်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်များဖြစ်အောင် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်ကြပါ။ ပထမတာဝန်ဖြစ်တဲ့ ဥပဒေပြုခြင်း လုပ်ငန်း တာဝန်များ ထမ်းဆောင်နိုင်ဖို့ အတွက် အရည်အချင်းပြည့်ဝတဲ့ လွှတ်တော် ကိုယ်စားလှယ်များ အဖြစ် တည်ဆောက်ပြီး နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားကို  ကာကွယ်မြှင့်တင်ပေးနိုင်တဲ့ ဥပဒေများ ပြဋ္ဌာန်းနိုင်ဖို့အတွက် ဆောင်ရွက် ကြပါ။ ဒုတိယတာဝန်ဖြစ်တဲ့ စောင့်ကြည့် ထိန်းညှိခြင်းလုပ်ငန်း တာဝန်အတွက် ဒေသနယ်ပယ်အလိုက် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ကဏ္ဍတွေ တည့်မတ်မှန်ကန်အောင် (Parliamentary Oversight) အဖြစ် စောင့်ကြည့် ထိန်းညှိပေးကြပါ။ တတိယတာဝန်ဖြစ်တဲ့ ကိုယ်စားပြုခြင်း လုပ်ငန်းတာဝန်အတွက် မဲဆန္ဒရှင် ပြည်သူလူထုထံ ပြန်လည် ရောက်ရှိတဲ့အခါ ပြည်သူ့အသံနဲ့ ပြည်သူတွေရဲ့ တင်ပြချက်တွေကို အလေး ထားမှတ်သား နားထောင်ကြပါ။ ပြည်သူကို ကိုယ်စားပြုပြီး “ပြည်သူ့အသံ၊ လွှတ်တော်အသံ” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဆောင်ရွက်ကြပါ။ ရပ်ရွာအေးချမ်း သာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စတွေမှာ ပြည်သူနဲ့အတူ ပူးပေါင်း ဆောင်ရွက်ကြပါ။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ဖို့ ပြည်သူအားလုံး ပူးပေါင်းပါဝင်တဲ့ (All Inclusive Democracy) ဖော်ဆောင်ရေးကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါ။ ကိုယ်စားလှယ်များရဲ့ လိုရာခရီးများ သာယာဖြောင့်ဖြူးကြပါစေ။ ဘေးအန္တရာယ် ကင်းဝေးကြပါစေ။ မိသားစုများနဲ့ ပျော်ရွှင်ချမ်းမြေ့စွာ ပြန်လည် ဆုံဆည်းကြပါစေ။ ဆက်လက်ကျင်းပမယ့် အဋ္ဌမပုံမှန် အစည်းအဝေးမှာလည်း ကျန်းမာရွှင်လန်းစွာနဲ့ ပြန်လည်တွေ့ဆုံ နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။

၂၀၁၈ ခုနှစ်၊ မတ်လ ၂၉ ရက်