Skip to main content

တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များနှင့် သက်ဆိုင်သည့် အဆိုကို ဒေါ်ခင်စောဝေ (ရသေ့တောင် မဲဆန္ဒနယ်)က ဆွေးနွေးခြင်း

မင်္ဂလာပါ ရိုသေလေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် တကွ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဧည့်သည်တော်များ အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ ရှေဦးစွာ နှုတ်ခွန်း ဆက်သအပ်ပါတယ်။ ကျွန်မကတော့ ရခိုင်ပြည်နယ် ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် ကွန်ဟိန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနု၏ အဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးရှင့် နိုင်ငံတစ်နိုင်ငံရဲ့ ဖွ့ဲစည်းပုံအခြေခံ ဥပဒေမှာ အုပ်ချုပ်ရေးဆိုင်ရာ မူဝါဒများပါရှိပြီး ၎င်းမူဝါဒအတိုင်း အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားများကို လည်ပတ်ဆောင်ရွက် စေရပါတယ်ရှင်။ ဥပမာအားဖြင့် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အုပ်ချုပ်ရေး ဆိုင်ရာမူဝါဒမှာ ဗဟိုက ဦးစီးဦးဆောင်ပြု၍ ဒေသအလိုက်စီမံခန့်ခွဲ ဆောင်ရွက်သည်ဟု ပြဋ္ဌာန်းခဲ့ပါသော် လည်း ဗဟိုချုပ်ကိုင်မှု များသွားတဲ့အတွက် အရှေ့တောင်အာရှမှာ ချမ်းသာသောနိုင်ငံကနေ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံသို့ ရောက်ရှိသွားတာဟာ အားလုံးလက်တွေ့ပဲ ဖြစ်ပါတယ်။ ယခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အခန်း(၅) အုပ်ချုပ်ရေး ကဏ္ဍရှိ ပုဒ်မ ၂၁၆မှ ၂၂၈အထိ ပြည်ထောင်စုအစိုးရ၏ လုပ်ပိုင်ခွင့်အာဏာများ ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၂၂၅တွင် ပြည်ထောင်စုအစိုးရသည် တိုင်းဒေသကြီး အစိုးရ (သို့မဟုတ်) ပြည်နယ်အစိုးရတို့ကလည်းကောင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့က လည်းကောင်း၊ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ထိရောက်အောင်မြင်မှု ရရှိစေရေး အတွက် ပေါင်းစပ်ညှိနှိုင်းပေးသည်ဟု ပြဋ္ဌာန်းထားပါတယ်။ တိုင်းဒေသကြီး အစိုးရ (သို့မဟုတ်) ပြည်နယ်အစိုးရ အုပ်ချုပ်ခွင့် အာဏာကိုလည်း ပုဒ်မ-၂၄၉မှ ၂၅၉အထိ ပြဋ္ဌာန်းပေးအပ် ထားတာကို တွေ့ရှိရပါတယ်။ ပုဒ်မ-၂၄၉တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင် လျင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်က တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရ ၏ အုပ်ချုပ်မှုအာဏာသည် ဥပဒေပြုနိုင်သော ကိစ္စရပ်များသို့ သက်ရောက်ပျံ့နှံ့သည်ဟုလည်း ပြဋ္ဌာန်း ထားပါတယ်။

ဥက္ကဋ္ဌကြီးရှင့် ပုဒ်မ-၂၅၀တွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက နိုင်ငံတော် တည်ငြိမ်ရေး ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး တို့ကို ထိမ်းသိမ်း စောင့်ရှောက်ရာတွင် ကူညီရန် တာဝန်ရှိသည်ဟု လည်းကောင်း၊ ပုဒ်မ ၂၅၁တွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက ချမှတ်ထားသော မူဝါဒများ နှင့်သော်လည်းကောင်း ပြည်ထောင်စုဥပဒေများကိုသော်လည်းကောင်း မဆန့်ကျင်စေပဲ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနဲ့ စပ်လျဉ်းတဲ့ စီမံကိန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် သဘောတူညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမယ်လို့ အကျယ်တဝင့် ပြဋ္ဌာန်းထားပါတယ်။ ယခုအခါ ပြည်ထောင်စု အစိုးရဝန်ကြီးဌာန ၃၃ဌာန ဖြစ်နေပြီးတော့ တကယ့် အကောင်အထည်ဖော်ရတဲ့ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် အစိုးရမှာ ဝန်ကြီးဌာနဟာ အနည်းဆုံး ၅ဌာနနဲ့ အများဆုံး ၁၀ ဌာနသာ ဖြစ်နေပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဗဟို ချုပ်ကိုင်မှုများနေပြီးတော့ အောက်ခြေ၌ အကောင်အထည်ဖော်တဲ့ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရ၏ ဆောင်ရွက်နိုင်မှုအားနည်း နေတာကို တွေ့မြင်နေရပါတယ်။ ဒါ့အပြင် ဇယား ၅ပါ အခွန်အခများအား တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရမှ ကောက်ခံရယူမည်ဟု ပါသော်လည်း အချို့သော အခွန်အခများဟာ ယခင်အစိုးရ အတိုင်းပဲ ပြည်ထောင်စုအစိုးရ ဌာနမှ တိုက်ရိုက်ကောက်ခံရယူမှုတွေ ရှိနေပါတယ်။ ဥက္ကဋ္ဌကြီးရှင့် ။ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ရှိ ရေးရာဝန်ကြီးများ အုပ်ချုပ်ရေးရာ ကိစ္စများမှာ ပစ်ပယ်ထား သကဲ့သို့ဖြစ်နေသည်မှာလည်း တိုင်းရင်းသား ညီညွတ်ရေးကို အထူးထိခိုက်နေပါတယ်။ တိုင်းရင်းသား ရေးရာဝန်ကြီးများ အုပ်ချုပ်ရေးဆိုင်ရာ အစည်းအဝေးများ လုံးဝဖိတ်ကြားခြင်းမရှိပဲ ပစ်ပယ်ထားခြင်းများ မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ အခြေခံမူ ပုဒ်မ ၁၇(ဂ)ပါ တိုင်းရင်းသားရေးရာ ဝန်ကြီးများအား အုပ်ချုပ်ရေးတွင် ပါဝင်စေရမည်ဟူသော အခြေခံမူနဲ့ ဆန့်ကျင်နေပြီးတိုင်းရင်းသား ညီညွတ်ရေးကို ထိခိုက်စေသလို ဖြစ်နေပါတယ်။တိုင်းဒေသကြီး နဲ့ ပြည်နယ်ဝန်ကြီးများဖြစ်တဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးများဟာ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးများ၏ ခံစားခွင့်နဲ့ အဆင့်တူသတ်မှတ်ပေးရမည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးမှာ  ဆုံးဖြတ်ခဲ့ပါတယ်။ နိုင်ငံတော် သမ္မတကိုယ်စား ရှေ့နေချုပ်မှ ပြင်မှုအား တင်သွင်းသော်လည်း ခုံရုံးမှ မူလစီရင်ချက်ကို အတည်ပြုခဲ့ပါတယ်။ သို့သော်လည်း တိုင်းရင်းသား ရေးရာဝန်ကြီးများအား ယနေ့အထိတိုင် တိုင်းဒေသကြီး နဲ့ ပြည်နယ်ဝန်ကြီးများ၏ ခံစားခွင့်များအနက် သတိမူဆောင်ရွက်ပေးခြင်း မရှိသေးတာကို တွေ့ရှိနေရပါတယ်။ ဒီလိုဆောင်ရွက်ချက်များဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုလည်း ထိခိုက်သလို ဖြစ်နေတာကို တွေ့ရပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်များ မည်ကဲ့သို့ ချုပ်ကိုင်ရမည် ဗဟိုမှ အောက်ခြေအထိ မည်ကဲ့သို့ကိုင်တွယ် ထားရမည်လို့ စဉ်းစားနေတာထက် ၎င်းတို့ ဘာသာလွတ်လပ်စွာ လုပ်ကိုင်နိုင်စေရန် မည်ကဲ့သို့ လမ်းဖွင့် ပေးရမည် ဒီမိုကရေစီ မဏ္ဍိုင်များကဲ့သို့ ပြည်ထောင်စုနဲ့ ပြည်နယ်၊ တိုင်းဒေသကြီးများဟာ သူ့ကဏ္ဍနှင့်သူ လွတ်လပ်စွာ တည်ရှိနေခြင်းကိုသာ စဉ်းစားခြင်းဟာ ပြည်ထောင်စုစနစ်ရဲ့ အနှစ်သာရ လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ ပြည်နယ်၊ တိုင်းဒေသကြီးအာဏာဟာ အနည်းဆုံးအိမ်နီးချင်း နိုင်ငံတစ်ခုရဲ့ ကျင့်သုံးနေသော ပြည်နယ်များအပေါ်ထားရှိတဲ့ အဆင့်လောက်တော့ ရရှိသင့်ပါတယ်။ ရရှိသင့်ပါတယ်လို့ နှစ်ပေါင်းခြောက်ဆယ်ကျော် အရင်းအနှီးကြီးကြီးမားမား ပေးဆပ်ထားသော ပြည်တွင်းစစ်သမိုင်းက ပြောပြ နေပါတယ်ရှင်။

ဒါကြောင့်တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများကို ၎င်းတို့နဲ့သက်ဆိုင်တဲ့ လုပ်ပိုင်ခွင့်တာဝန်ရပိုင်ခွင့်နဲ့ ပတ်သတ်တဲ့ ဥပဒေကြမ်းတစ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ အညီရေးဆွဲကာ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း ပြဋ္ဌာန်းမှသာလျှင် မြန်မာနိုင်ငံရှိ တိုင်းနဲ့ ပြည်နယ်အသီးသီး၌ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပြီး တန်းတူညီမျှရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စု တည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေးဟူသော တို့တာဝန် အရေးသုံးပါးနှင့်အညီ ဖြစ်ထွန်းလာမည် ဖြစ်ပြီးတော့ ထာဝရငြိမ်းရေးကိုလည်း တည်ဆောက် လာနိုင်မည်ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ၊ ပြုပြင် ပြောင်းလဲရေးကိုလည်း ထင်ရှားစွာ သက်သေပြရာရောက်ပါတယ်။ သို့ဖြစ်ပါ၍ ကွန်ဟိန်း မဲဆန္ဒနယ်မှ ဒေါ်နန်းဝါနု တင်သွင်းထားတဲ့ အဆိုကို လေးလေးနက်နက် ထောက်ခံပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။