Skip to main content

တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များနှင့် သက်ဆိုင်သည့် အဆိုကို ဦးစိုင်းသိန်းအောင် (တာချီလိတ် မဲဆန္ဒနယ်) က ဆွေးနွေးခြင်း

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ တာချီလိတ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကျွန်တော် ဦးစိုင်းသိန်းအောင်မှ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ် ပါတယ်။ ကွန်ဟိန်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုရဲ့ အဆိုကို ထောက်ခံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အဆိုရှင်ရဲ့ အဆိုပြုချက်ထဲမှာပါတဲ့ တိကျပြတ်သားမှုမရှိဘူးဆိုတဲ့ စကားလုံးကို အနည်းငယ်ဆွေးနွေးလိုပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား တိကျပြတ်သားမှု မရှိဘူးဆိုတာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ပဲ ကျွန်တော်ယူဆပါတယ်ခင်ဗျား။ သာဓကအားဖြင့် ပြရရင် တာချီလိတ်က ဝမ်ပုံလမ်းတံတား ငွေကောက်ခံခြင်းနဲ့ ပတ်သတ်ပြီး ဥပဒေနဲ့ လုံးဝညီညွတ်ခြင်းမရှိကြောင်း၊ ၁၀-၈-၂၀၁၂ ရက်နေ့မှာ ပြည်နယ်အစိုးရထံ တင်ပြခဲ့ပါတယ်။ ပြည်နယ်လမ်းပမ်းဆက်သွယ်ရေး ဝန်ကြီးက ပြည်နယ်လုပ်ပိုင်ခွင့် အညွှန်းပြမြေပုံထဲမှာ မရှိဘူး။ ပြည်ထောင်စုကိုသာ တင်ပြပါလို့ နှုတ်ဖြင့်ဖြေကြား လာတဲ့အတွက် ၂၀၁၁ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ ရက်စွဲဖြင့် ကြယ်ပွင့်ပြမေးခွန်းလွှာကို ပြည်သူ့လွှတ်တော်ရုံးသို့ ကျွန်တော်တင်သွင်းခဲ့ပါတယ်။ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဤကိစ္စဟာ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်သာဖြစ်တယ်လို့ လွှတ်တော်ထဲမှာ ဖြေကြားသွားခဲ့ပါတယ်။ ဤကိစ္စဟာ ပြည်နယ်အဆင့်ကို ကျွန်တော်တင်ပြခဲ့ပါတယ်။ ပြည်နယ်က ပြည်ထောင်စုကို တင်ပြပါလို့ ပြန်ကြားခဲ့ပါတယ်။ ပြည်ထောင်စုကို တင်ပြတဲ့အခါကျတော့ အခုက ပြည်နယ်ရဲ့လုပ်ပိုင်ခွင့်ပါဆိုပြီးတော့ ပြန်လည်လွှဲအပ်ပေးခဲ့တယ်။ သံသရာလည်နေပါတယ်။ ခင်ဗျာ။ ဒါကို ကြည့်ခြင်းအားဖြင့်  ပြည်နယ်အစိုးရအဖွဲ့က သူတို့ရဲ့ လုပ်ပိုင်ခွင့် လုပ်ငန်းတာဝန်များဟာ အောက်ပါ အတိုင်းဖြစ်သည်ဆိုတဲ့ တိကျတဲ့ စာသားဒါမှမဟုတ်  နည်းဥပဒေ လိုအပ်နေတာကြောင့်ဖြစ် တယ်လို့ ကျွန်တော်ယူဆပါတယ်။

နောက်တစ်ချက်က ပြတ်သားမှု မရှိဘူးဆိုတဲ့ စကားလုံးပါ။ ဘာကြောင့်လည်းဆိုတော့ ဝန်ကြီးချုပ်ရဲ့ တာချီလိတ်ခရီးစဉ်မှာ ကျွန်တော်က ခရီးထွက်နေတဲ့အတွက် တာချီလိတ် ခရိုင်အုပ်ချုပ်ရေးမှူးကို ဒီဝမ်ပုံလမ်းတံတားကိစ္စနဲ့ ပတ်သတ်ပြီးတော့ ဝန်ကြီးချုပ်ထံတင်ပြ ပေးပါလို့ ကျွန်တော်တယ်လီဖုန်းဖြင့် ညှိနှိုင်း အကူအညီ တောင်းခံခဲ့ပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးက မိုင်သုံးဆယ်ကျော်ရှည်တဲ့ တာချီလိတ်၊ တာလေမြို့နယ်ခွဲ လမ်းမမှာ ဆိုင်ကယ်တစ်စီးကို ထိုင်းဘတ်ငွေ ၅ ဘတ်ပဲ ကောက်ပါတယ်ခင်ဗျ။ ဒီလမ်းကတော့ ၂ မိုင်နဲ့ ၂ ဖာလုံ ပဲရှိပြီးတော့ ဘတ် ၂၀ ကောက်တယ် ဆိုတာ နှိုင်းယှဉ်ပြီးတော့ တင်ပြတဲ့အခါမှာ ဝန်ကြီးချုပ်က အရင်အတိုင်းပဲကောက်ပါဆိုပြီးတော့ မှတ်ချက်ပေးသွားခဲ့ပါတယ်။ ဝန်ကြီးချုပ်က အရင်အတိုင်းပဲ ကောက်ပါလို့ မှတ်ချက်ပေးသွားရတာ ဘာကြောင့်မို့လို့ ကောက်ပါသလဲ။ ဥပဒေပုဒ်မ ဒီလောက်၊ ဒီလောက်နဲ့ ညီညွတ်တဲ့ အတွက်ကြောင့်မို့လို့ ကောက်ပါဆိုတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိပဲ မှတ်ချက်ပေးသွားခြင်းဟာ ပွင့်လင်းမြင်သာမှုမရှိဘူး လို့ ကျွန်တော်ယူဆပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ ဝန်ကြီးချုပ်က ဥပဒေနဲ့ညီအောင် မလုပ်ပေးချင်တဲ့ စိတ်ဆန္ဒနဲ့ကြောင့်မဟုတ်ပဲ ဖြေရှင်းဆောင်ရွက်ပေးလိုတဲ့ စိတ်ဆန္ဒတော့ရှိမှာပါလို့ ကျွန်တော် ထင်မြင်မိ ပါတယ်။ မဆောင်ရွက်ပေးနိုင်တဲ့အကြောင်းအရင်းကတော့ ဒီနည်းဥပဒေတွေ၊ ဒီလိုလုပ်ပိုင်ခွင့်အာဏာ တွေ ပြည့်ပြည့်ဝဝ မိမိတို့ဆီမှာ ရှိတယ်ဆိုတဲ့ ဒီနည်းဥပဒေတွေ တိကျစွာတရားဝင်ထုတ်ပြန်ထားခွင့် သင့်တယ်လို့ကျွန်တော် ယုံကြည်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျာ။ ကျွန်တော် အခုတင်ပြသွားတဲ့ သာဓကအနေနဲ့ တင်ပြသွားတဲ့ ကိစ္စဟာ ယခုအချိန်အထိ အဆမတန်များပြားလွန်းတဲ့ ဈေးနှုန်းနဲ့ ကောက်ခံနေလျက်ရှိပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့လည်း စီစစ်ဆောင်ရွက်ပေးပါလို့ ဥက္ကဋ္ဌ ကြီးမှ တဆင့် ထပ်မံမေတ္တာရပ်ခံအပ်ပါတယ်။ စီစစ်ဆောင်ရွက်ရန်အတွက်သိလိုတဲ့ အချက်အလက်များ ရှိရင်လည်း ကျွန်တော်ကို မေးမြန်းနိုင်ပါတယ်လို့ တင်ပြအပ်ပါတယ်။ဥက္ကဋ္ဌကြီးခင်ဗျား လမ်းတံတား BOTကောက်ခံမှုနဲ့ ဆောက်လုပ်ရေးဝန်ထမ်းများရဲ့ ကိစ္စရပ်များကို ပြည်နယ်လမ်းပမ်းဆက်သွယ်ရေး ဝန်ကြီးက လုပ်ပိုင်ခွင့် မရှိသလောက် နည်းပါးခြင်း၊ လယ်ယာနှင့် ဆည်မြောင်းဝန်ကြီးဌာနကလည်းပဲ ၎င်းဌာနမှာရှိတဲ့ ကိစ္စရပ်များကို ပြည်နယ် လယ်လာစိုက်ပျိုးရေး ဝန်ကြီးက ခန့်ခွဲပိုင်ခွင့် မရရှိခြင်း စသည်ဖြင့် ရှိနေကြပါတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများဟာ  သက်ဆိုင်ရာ ဝန်ကြီးဌာနအပေါ်၌ ကြီးကြပ်ကွတ်ကဲ စီမံခန့်ခွဲနိုင်ခွင့် နည်းနေပါတယ်။ မရှိသလောက် နည်းနေပါတယ်။ ပြည်နယ်ဝန်ကြီး တစ်ဦးရဲ့ လက်အောက်မှထားရှိတဲ့ ဝန်ထမ်းများဟာ ၎င်းတို့ရဲ့ မိခင်ဋ္ဌာနဖြစ်တဲ့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ ဒုဝန်ကြီးများ ညွှန်ကြားရေးမှူးချုပ်တို့ရဲ့ အမိန့်ညွှန်ကြားချက်များကိုသာ လိုက်နာနေကြပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများဟာ  ညွှန်ကြားရေးမှူးချုပ် ညွှန်ကြားရေးမှူးတစ်ဦးရဲ့ အမိန့်ညွှန်ကြားချက်များကိုသာ လိုက်နာဆောင်ရွက်နေ ရတဲ့ သဘောဖြစ်နေပါတယ်။ ပြည်နယ်ဝန်ကြီးတစ်ဦးက သာမန်ဌာနတစ်ခုရဲ့ ဦးစီးမှူးတစ်ဦး အဆင့်လောက် သာရှိနေပါတယ်။ ဒါဟာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စရပ်ပါ ခင်ဗျား။ အိန္ဒိယ နိုင်ငံမှာ ဆိုရင် ပြည်ထောင်စု အဆင့်ဟာ ပေါ်လစီများရေး ဆွဲပေးပြီး တကယ့် လက်တွေ့အကောင်အထည် ဖော်တဲ့နေရာမှာ ကျတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးရဲ့ဝန်ကြီးများက ဆောင်ရွက်ရပါတယ်။ ထိုနည်းလည်းကောင်းပဲ အခြားနိုင်ငံများမှာလည်း ဒီလိုကျင့်သုံးတာများပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကျတော့ ပြည်နယ်ဝန်ကြီးများဟာ သူတို့ဌာနရဲ့ လုပ်ဆောင်ချက်တွေကို သိရှိရတယ်ဆိုတဲ့အကြောင်း သက်သေလက်မှတ်ရေးထိုးပေးတဲ့ ပုဂ္ဂိုလ်တစ်ဦးသာဖြစ်နေပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား နောက်တစ်ချက် ကတော့ ပြည်နယ်ဝန်ကြီးများရဲ့ ချီးမြှင့်ငွေပါ။ ချီးမြှင့်ငွေသည် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ အဆောင်အယောင်များ ဆိုင်ရာ ဥပဒေပါ သတ်မှတ်ထားတဲ့ အတိုင်း ခံစားနိုင်ရန်အတွက် (သို့မဟုတ်) သူတို့ဆန္ဒအတိုင်း အပြည်ယူမည်/ မယူမည်ဆိုတာကို ဆုံးဖြတ်ပိုင်ခွင့် (သို့မဟုတ်) ရွေးချယ်ပိုင်ခွင့်ပေးပါလို့ တင်ပြချင်ပါတယ်။ ကျွန်တော်တို့ ရှမ်းပြည်နယ် မှာဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၈ နှင့် ၂၀၈ တို့အရ ပြည်နယ်ဝန်ကြီးချုပ်ဝန်ကြီးများ ဥပဒေချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ တရားသူကြီးများကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့ ရှမ်းပြည်နယ် လွှတ်တော်ပုံမှန် အစည်းအဝေးရဲ့ တတိယနေ့မှာ အတည်ပြုပေးခဲ့ပါတယ်။ ယနေ့ဆိုရင် ပြည်နယ်ဝန်ကြီးများဟာ လပေါင်း ၁၉ လခန့်အတွင်းမှာ မိမိတို့ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်များ ကို သက်ဆိုင်ရာမှတိကျစွာ မဖော်ပြနိုင်တဲ့ အတွက်ကြောင့်မို့လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ အတွက် မေးခွန်းများ၊ အဆိုများ၊ တင်သွင်းဆွေးနွေးကြရာမှာ အခက်အခဲ ဖြစ်နေပါတယ်။ မတင်သွင်းနိုင် ကြပါဘူး။ တင်သွင်းလည်းပဲ ဖြေဖို့အားနည်းနေတဲ့ အတွက်ကြောင့်မို့လို့ ဖြစ်ပါတယ်။ ထိုကဲ့သို့ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ဒီပြည်ထောင်စုမှာ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များက ပြည်နယ်အဆင့်မှာ ဆွေးနွေးရမယ့်ဥစ္စာကို ပြည်နယ်အဆင့်မှာ တင်လာရတဲ့အတွက် ကျွန်တော်တို့တွေ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတွေ၊ မေးခွန်းတွေ၊ များပြားလာရခြင်းဖြစ်တယ်လို့ ကျွန်တော်သုံးမိပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျာ နိဂုံးအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၄ ပုဒ်မခွဲ (ဃ) ကို  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ညွှန်းထားတယ်လို့ မှတ်ယူတဲ့အတွက် အတည်ပြု ပေးသင့်ပါကြောင်း ထောက်ခံဆွေးနွေး တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။