Skip to main content

ဦးအေး(ဟုမ္မလင်းမဲဆန္ဒနယ်) က ဒေါ်နန်းဝါနု၊ ကွန်ဟိန်း မဲဆန္ဒနယ်၏ အဆိုကို ထောက်ခံ ဆွေးနွေးခြင်း

လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေး ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၂၆) ရက်မြောက်နေ့ အစီအစဉ်မှ ကွန်ဟိန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုရဲ့ အဆိုမှာပါရှိတဲ့ အတိုင်း ပုဒ်မ ၂၆၄ ပုဒ်မခွဲ(ဃ)မှာ သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်း သတ်မှတ်ရမည်လို့ ပါရှိပါတယ်။ အခုဆိုရင် ဒီမိုကရေစီ အစိုးရသစ်ရဲ့ သက်တမ်းဟာ တစ်နှစ်ခွဲခန့်ကြာရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပုဒ်မ ၂၆၄ (ဃ) ကို အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပါ။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းခဲ့တဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့ဥပဒေမှာ အခန်း ၆ ခန်းနှင့် ပုဒ်မပေါင်း ၆၃ ခု ပါရှိပါ တယ်။ ဒါပေမယ့်လို အဲဒီဥပဒေပြဋ္ဌာန်းချက်မှာ ဝန်ကြီးချုပ်ရဲ့ လုပ်ပိုင်ခွင့်များ၊ လုပ်ငန်းတာဝန်များ၊ ဝန်ကြီးများရဲ့ လုပ်ပိုင်ခွင့်များကို လုပ်ငန်းတာဝန် တိတိကျကျ မပါရှိသေးပါ။ နောက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကို အခန်း ၅ ခန်း၊ ပုဒ်မပေါင်း ၂၅ ခုနှင့် ထုတ်ပြန်ခဲ့ပါတယ်။ ချီးမြှင့်ငွေနှင့် အဆောင် အယောင်များဆိုင်ရာ ဥပဒေပုဒ်မ ၁၇ တိုင်းရင်းသားရေးရာဝန်ကြီးများရဲ့ ခံစားခွင့်များကို ဖော်ပြထား ပါတယ်။ ဒါပေမယ့် ပုဒ်မ ၁၇ မှာ အခြားဝန်ကြီးများထက် တိုင်းရင်းသားဝန်ကြီးများကို တစ်ဆင့် နိမ့် ဖော်ပြထားတာ တွေ့ရှိရပါတယ်။ တစ်နိုင်ငံလုံးမှာ တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦး ရှိပါတယ်။ ယနေ့ ကာလဟာ ပြည်ထောင်စုတိုင်းရင်းသားတွေ စည်းလုံးညီညွတ်ရေး အရေးကြီးသော လိုအပ်တဲ့ အချိန်မှာ တိုင်းရင်းသားရေးရာဝန်ကြီးတွေကို နိမ့်ချခွဲခြားဆက်ဆံထားတာဟာဖြင့် သင်‌့တော်မယ်လို့ မထင်ပါဘူး။ အဲဒီတော့ တိုင်းရင်းသားရေးရာဝန်ကြီးတွေက မကျေနပ်တဲ့အတွက် ဒေါက်တာ အေးမောင်နှင့် ၂၃ ဦး ၁၄-၁၂-၂၀၁၁  အခြေခံဥပဒေခုံရုံးကို တင်သွင်းခဲ့ပါတယ်။ အဲဒီတင်သွင်းချက် အပေါ် ခုံရုံးက ၆၁/တ/၂၀၁၁ တင်သွင်းလွှာအမှတ် ၂/၉၀ ဆုံးဖြတ်ချက်မှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်များအရ တိုင်းရင်းသားရေးရာဝန်ကြီးသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ဝန်ကြီး ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေစရိတ် နှင့် အဆောင်အယောင်ဆိုင်ရာ ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(ဂ) တွင် အကျုံးဝင်သည့် ပုဂ္ဂိုလ်များဖြစ်ပြီး ယင်း ဥပဒေပုဒ်မ ၅၊ ပုဒ်မ ၁၇ ပါ ပြဋ္ဌာန်းချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိကြောင်း အနက်အဓိပ္ပာယ်ဖွင့်ဆိုလိုက်ပါတယ်။ အဲဒီလို အခြေခံဥပဒေက အဆုံးအဖြတ် ပေးခဲ့ပြီး ဖြစ်ပါတယ်။ ယနေ့အချိန်အထိ တိုင်းရင်းသားရေးရာဝန်ကြီးများဟာ နိုင်ငံတော်သမ္မတမှ ဥပဒေပြဋ္ဌာန်းဆောင်ရွက် ပေးခြင်းမရှိတဲ့အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများရဲ့ အဆင့်အတန်း မရရှိသေးပါ။ တာဝန်ခွဲဝေမှုမှာ အလွန်ကြီးမားကျယ်ပြန့်တဲ့ အခြေခံပညာရေးကိစ္စတွေမှာတောင် အနိမ့်ဆုံးလုပ်ငန်း မူလတန်း ကျောင်းခွဲလေးတစ်ကျောင်း ဖွင့်ဖို့လုပ်ငန်းတောင်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးတွေ ဟာ ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူး။ တိုင်းဒေသကြီး အစိုးရအဖွဲ့ဆီကို ပြန်သယ်သွား၊ Cabinet ထိုင်၊ အဲဒီကနေမှ ဘယ်ကိုပို့၊ အခြေခံ(၂) ကိုပို့၊ အခြေခံ(၂)ကနေတစ်ခါ ဆက်ပြီး ပြည်ထောင်စုဝန်ကြီးကို ပို့ဆိုတော့ မူလတန်းကျောင်း တစ်ကျောင်းရဖို့ဟာ အဆင့်ဆင့်သွားနေရပြီးတော့ အချိန်ကာလ ကြာညောင်းပါတယ်။ အချိန်ကာလ ကြာညောင်းတာဟာ ဘာဖြစ်သလဲလို့ ဒါတွေးတောစရာရှိ ပေမယ့်လို့ ၅ လကြာရင် ၅ လအလိုက် ကျောင်းဆရာငှားနေရတဲ့ ကျေးရွာက မိဘတွေဟာ ယနေ့ အချိန်မှာ မူလတန်းပြ ဆရာတစ်ယောက်ကို ၈၀၀၀၀ ကနေ ၁၀၀၀၀၀ အထိ ပေးပြီးငှားနေရပါတယ်။ ၅ လကြာရင် ၅ လ၊ ၆ လကြာရင် ၆ လ မိဘတွေမှာ ဝန်ထုတ်ဝန်ပိုး ဖြစ်သွားပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှာလည်းပဲ ဒီလိုကိစ္စတွေကို အခြေခံပညာဦးစီးဌာနမှာ ဆောင်ရွက်နေ ကြရပါတယ်။ အုပ်ချုပ်ရေးအာဏာခွဲဝေမှုဟာ ဗဟိုနှင့် တိုင်းဒေသကြီးမှာ မမျှမတရှိနေပါတယ်။ စောစောပိုင်းက ကျွန်တော်တို့ တိုင်းရင်းသားကိုယ်စားလှယ်တွေ အသီးသီးကလည်း တင်ပြသွားပြီး ဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းကြောင်းနှင့် လျှောက်လှမ်းနေတဲ့ကာလမှာ ပြည်သူ့ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍမြှင့်တင်ပေးဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ နှင့် ပြည်ထောင်စုဝန်ကြီးအကြား ကြားခံနေတဲ့ အခြေခံပညာဦးစီးဌာန ၁၊ ၂၊ ၃ တို့ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ အဖွဲ့အောက် သွတ်သွင်းခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း ပြုလုပ်သင့်တယ် လို့ ယူဆပါတယ်။ ဘာကြောင့်မို့လဲဆိုရင် ပြည်သူလူထုနှင့်အနီးစပ်ဆုံးနေရာမှာရှိတဲ့ ပြည်သူ့ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားတဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်အစိုးရတို့နှင့် တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်မှ ဒီမိုကရေစီနည်းလမ်းကျမယ်၊ သဟဇာတဖြစ်မယ်ဆိုတဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖြစ်သင့်တယ်လို့ ယူဆပါတယ်။ ဒါနှင့်ဆက်စပ်ပြီးတော့ နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးများအား နိုင်ငံ့တာဝန်ကို ဝန်ကြီးဌာနအလိုက် ပြည်သူလူထုအကျိုးအတွက် ရဲရဲ ဝံ့ဝံ့ မိမိဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ကြဖို့၊ မှားရင်လည်း ရဲရဲဝံ့ဝံ့ မိမိဘာသာ ခံယူကြဖို့ မိန့်ကြားခဲ့တယ်လို့ ကြားသိရပါတယ်။ အဲဒီလိုပဲ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ကလည်းပဲ မိမိအစိုးရ အဖွဲ့ဝင်များကို သမ္မတရဲ့ လမ်းညွှန်ချက်အတိုင်း ဗဟိုစနစ်ကို လျော့ပေါ့ပြီးတော့ လုပ်ငန်း တာဝန်များ ခွဲဝေပေးသင့်တယ်လို့ ယူဆပါတယ်။ ကွန်ဟိန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုရဲ့ အနည်းငယ်ဖြည့်စွက်ပြီးတော့ ဆွေးနွေးချင်ပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ကို တိုက်တွန်းခြင်းမဟုတ်ဘဲနှင့် နိုင်ငံတော်သမ္မတကို မေတ္တာရပ်ခံ တိုက်တွန်းကြောင်း ဖြစ်သင့်တယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုဆွေးနွေးတင်ပြရင်း ဒေါ်နန်းဝါနုရဲ့အဆိုကို ထောက်ခံတင်ပြအပ်ပါ တယ်ခင်ဗျား။