Skip to main content

တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များနှင့် သက်ဆိုင်သည့် အဆိုကို ဒေါ်ခင်ဌေးကြွယ် (မော်လမြိုင် မဲဆန္ဒနယ်) က ဆွေးနွေးခြင်း

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ် ပါတယ်ရှင်။ ကျွန်မကတော့ မွန်ပြည်နယ်၊ မော်လမြိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ် ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ကွန်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု တင်သွင်းသော အဆိုကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၇ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် အခေါ်အဝေါ်နှင့် အစိုးရအဖွဲ့ အခေါ်အဝေါ်တို့ကို လည်းကောင်း၊ ပုဒ်မ ၂၄၈ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ ဖွဲ့စည်းခြင်းကို လည်းကောင်း ပြဋ္ဌာန်းထားပါတယ်။ ၎င်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၄၉ မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ၏ အုပ်ချုပ်မှုအာဏာသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်က ဥပဒေ ပြုနိုင်သော ကိစ္စရပ် များကို သက်ရောက်ပျံ့နှံ့သည်။ ထို့အပြင် ပြည်ထောင်စုဥပဒေ တစ်ရပ်ရပ်အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအား ဆောင်ရွက်ခွင့်ပြုသည့် ကိစ္စရပ်များသို့လည်း သက်ရောက် ပျံ့နှံ့သည်ဟု ပြဋ္ဌာန်း ထားပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရရဲ့ အုပ်ချုပ်မှုအာဏာကို ပြဋ္ဌာန်း ပေးထားကြောင်း ပေါ်လွင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈၈ တွင် ဇယား(၂) ပါ ဥပဒေပြု ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ဝန်းလုံးတွင် လည်းကောင်း၊ တစ်စိတ်တစ်ဒေသတွင် လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြဋ္ဌာန်းခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါတယ်။ နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၂)မှာလည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းကို ပြဋ္ဌာန်းထားရာ ဥပဒေပြုနိုင်သော ကဏ္ဍ ၈ ခုနှင့် ဥပဒေပေါင်း ၃၁ မျိုးကို ဖော်ပြထားပါတယ်။ အလားတူပဲ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၆ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရသည် ပုဒ်မခွဲ(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးဌာနများနှင့် ၎င်းတို့၏ လက်အောက် အစိုးရဌာနများ၊ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ ဖြစ်စေရန် လည်းကောင်း၊ စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း ပြုရမည်ဟုလည်းကောင်း၊ ပုဒ်မခွဲ(ခ)တွင် မိမိ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နယ်ဘက်ဝန်ထမ်းများ၊ အဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်း ပြုနိုင်သည်ဟု ပြဋ္ဌာန်းထားရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရကို လုပ်ပိုင်ခွင့် ပေးထားပြီး ဖြစ်ကြောင်း ထင်ရှားနေပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးများဖြင့် ဖွဲ့စည်းထားရာ ဝန်ကြီးများ၏ တာဝန်၊ လုပ်ပိုင်ခွင့်သည် အစိုးရ အဖွဲ့၏ တာဝန်၊ လုပ်ပိုင်ခွင့်အတွင်း သက်ရောက်ပြီး တာဝန်နှင့် လုပ်ပိုင်ခွင့်ရှိကြောင်းလည်း ထင်ဟပ် ပေါ်လွင်နေပါတယ်။ ထိုမျှပင်မကသေး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ် ၁၆/၂၀၁၀ ဖြစ်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဥပဒေကိုလည်း ပြဋ္ဌာန်း ထားရှိပါတယ်။ ယင်းဥပဒေပုဒ်မ ၂၃ မှ ၂၇ အထိ ဝန်ကြီးချုပ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို သတ်မှတ် ပြဋ္ဌာန်းထားပါတယ်။ အစိုးရအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်ကို ပုဒ်မ ၂၈ မှ ၄၅ အထိ ပြဋ္ဌာန်း ထားပါ တယ်။

ဥက္ကဋ္ဌကြီးရှင့်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များအတွက် ရပိုင်ခွင့်နှင့် ပတ်သက်ပြီးတော့လည်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ဥပဒေအမှတ် ၃/၂၀၁၁ ဖြင့် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင် ဆိုင်ရာဥပဒေကို ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၄၆ တွင် တည်ဆဲဥပဒေများသည် ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းမပြုသေးမီ ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်ဟု လည်းကောင်း၊ ပုဒ်မ ၄၄၇ တွင် တည်ဆဲဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့် ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများသည် ပြည်ထောင်စု အစိုးရ အဖွဲ့ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းမပြုမီ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ် သည်ဟု ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့်မို့ အထက်ပါဥပဒေပုဒ်မ ၄၄၆ နှင့် ၄၄၇ အရ နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ ထုတ်ပြန်ထားသော ဥပဒေအမှတ် ၁၆/၂၀၁၀ နှင့် ၃/၂၀၁၁ တို့က အတည်ဖြစ်လျက်ရှိကြောင်း တင်ပြအပ်ပါတယ်။

ဥက္ကဋ္ဌကြီးရှင့်။ သို့ဖြစ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် လက်ရှိဝန်ကြီးများ အတည် ဖြစ်သော  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့် အညီ စီမံဆောင်ရွက်ခွင့်ရှိပါတယ်။ ယင်းသို့ လက်တွေ့စီမံဆောင်ရွက်သည့် အတွေ့အကြုံများအရ ပေါ်ပေါက်လာသော တွေ့ရှိချက်များအပေါ် လိုအပ်သည့်ဥပဒေများ ထပ်မံပြဋ္ဌာန်းပေးရန် လိုအပ်လာ လျှင် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၈ အရ သမ္မတက တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးဌာန အသစ်ကို ပြင်ဆင်၊ ဖြည့်စွက်ခြင်း ပြုနိုင်သည်ဟုလည်း ပြဋ္ဌာန်းထားပါသည်။ ၎င်းအပြင် အတွေ့အကြုံများအရ ပေါ်ပေါက် လာသော တွေ့ရှိချက်များအပေါ်မှာ လိုအပ်တဲ့ဥပဒေများ ထပ်မံပြဋ္ဌာန်းနိုင်ရန်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေအရ ပြဋ္ဌာန်းထားပြီး ဖြစ်သဖြင့် သက်ဆိုင်ရာ ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတနှင့် ချိတ်ဆက် ဆောင်ရွက်ရန် လမ်းကြောင်းလည်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ သို့မှသာ လိုအပ်ချက်နှင့်အညီ မည်သည့်အခြေခံ အကြောင်းများကြောင့် မည်သည်‌့ဥပဒေကို မည်သို့ ပြဋ္ဌာန်းရမည့် ဆိုသည်မှာ ပီပြင်ပြီး လက်တွေ့ကျရမည်ဖြစ်ပါတယ်။ ယခုအဆိုရှင်က မည်သည့် အကြောင်းကိစ္စ၊ အချင်းအရာအတွက် မည်သည့်ဥပဒေဟု လိုအပ်ချက်ကို ထောက်ပြခြင်းမရှိဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၄(ဃ)ပါ ပြဋ္ဌာန်းချက်တစ်ခုကို ထောက်ရှု ကာမျှဖြင့် ပြည်ထောင်စု အစိုးရက ဥပဒေ၊ နည်းဥပဒေ၊ မူကြမ်းများ ပြည်ထောင်စု လွှတ်တော်သို့ စောလျင်စွာ တင်သွင်းရေး ဆိုသည်မှာ လက်တွေ့ကျသည်ဟု ဆိုရန် ခက်ခဲ လှပါတယ်။ သို့ဖြစ်ပါသော်ကြောင့် အဆိုရှင် တင်သွင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၄(ဃ) အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များ တိကျစွာသတ်မှတ်၍ ဥပဒေ၊ နည်းဥပဒေ၊ မူကြမ်းအဖြစ် ပြည်ထောင်စု လွှတ်တော်သို့ စောလျင်စွာ တင်သွင်း၍ ပြည်ထောင်စုအစိုးရအား မေတ္တာရပ်ခံ တိုက်တွန်းကြောင်း အဆိုသည် အဆိုရှင်တင်သွင်းသကဲ့သို့ ဥပဒေတစ်ရပ်အနေဖြင့် ထပ်မံပြဋ္ဌာန်းပေးရန် သင့်၊ မသင့် ထည့်သွင်း စဉ်းစားရန် များစွာ လိုအပ်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။