Skip to main content

ဒေါက်တာ ခင်မောင်ဆွေ (ကျောက်တံခါး မဲဆန္ဒနယ်) က အဆိုတစ်ခု တင်သွင်းခြင်း

ရိုသေလးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအားလုံး အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ကျွန်တော်က ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်မောင်ဆွေ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်သော အဆိုတစ်ခု တင်သွင်းလိုပါတယ်။ ကျွန်တော်တင်သွင်းမှာ ကတော့ မြို့ပြနှင့် ကျေးလက် ကျန်းမာရေး စောင့်ရှောက်မှု ကွာဟချက်ကို နည်းနိုင်သမျှ နည်းအောင် ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးရေး အဆိုကို တင်သွင်းမှာဖြစ်ပါသည်။

လက်ရှိ အခြေအနေအရ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဒေသအတွင်း နိုင်ငံအိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြို့ပြနှင့် ကျေးလက် ကျန်းမာရေး စောင့်ရှောက်မှု့ ကွာဟချက်မှာ ပို၍ မြင့်မားလွန်းနေပါတယ်။ ယခင်က ထိုသို့ကွာဟရခြင်းမှာ ကျွန်တော်တို့နိုင်ငံရဲ့ ကျန်းမားရေးအတွက် ရရှိသော ဘတ်ဂျတ်မှာ တစ်နိုင်ငံလုံး ဘတ်ဂျတ်ရဲ့ ဝ.၉% သာ ရှိတဲ့အတွက် တခြား အိမ်နီးချင်း ဒေသတွင်းနိုင်ငံများ၏ ကျန်းမားရေး ဘတ်ဂျတ်နှင့် စာလျှင် လွန်စွာမှ နည်းခဲ့ရသောကြောင့် ဖြစ်ပါတယ်။ ယခုအခါတွင်မူ ကျွန်တော်တို့ နိုင်ငံရဲ့ ကျန်းမားရေး ဘတ်ဂျတ်မှာလည်း ယခင်ထက် ၄ ဆခန့် တိုး၍ ရရှိခဲ့သည်ဖြစ်သောကြောင့် ကွာဟချက်ကို နည်းနိုင်သမျှ နည်းအောင် ဝိုင်းဝန်း ဆောင်ရွက် ပေးကြရမှာ ဖြစ်ပါသည်။

ဥက္ကဋ္ဌကြီးခင်ဗျား၊ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ပြည်ထဲရေး စာရင်းပေါက် ကျေးရွာပေါင်း ၆၄,၀၀၀ ကျော် ရှိသည်ဟု သိရပါသည်။ ထိုအထဲတွင် ကျန်းမားရေး စောင့်ရှောက်မှု လုံးဝ မရရှိနိုင်သေးသော ကျေးရွာပေါင်း များစွာ  ကျန်ရှိနေသေးသည် ဟုလည်း သိရပါသည်။ ထိုကဲ့သို့ ဖြစ်ရခြင်းကို လေ့လာတဲ့အခါမှာ (၁) ကျန်းမာရေး ဝန်ထမ်းအဆင့်ဆင့်ဖြစ်သော ဆရာဝန်၊ သူနာပြု၊ သားဖွာ၊ အစရှိသော ဝန်ထမ်းများကို မွေးထုတ်ပေးရန်အတွက် သင်တန်းကျောင်းများ တက္ကသိုလ်များ၊ လုံလောက်စွာ တည်ဆောက်ပေးနိုင်မှု မရှိခြင်းကြောင်း လည်းကောင်း၊ (၂) သင်တန်းဆင်း ဝန်ထမ်းများအတွက် ခန့်ထားပေးနိုင်ရန် ဘတ်ဂျတ် မလုံလောက်ခြင်းကြောင်း လည်းကောင်း၊ (၃) ဝန်ထမ်းများက သွားရောက် တာဝန် ထမ်းဆောင်ရမည့် ကျေးရွာများတွင် ဆေးပေးခန်းနှင့် ဝန်ထမ်းများနေထိုင်ရန်အတွက် ဆောက်လုပ်ပေးနိုင်ခြင်း၊ မရှိခြင်းကြောင့် လည်းကောင်း၊ (၄) အစစ အရာရာပြည့်စုံအောင် ဆောက်လုပ်ပေးထားသော ကျေးရွာများသို့ သွားရန်အတွက်လည်း ဝေးလံခေါင်သီမှုကို အကြောင်းပြု၍ သွားရောက်ခြင်းမရှိသည့် ဝန်ထမ်းများကြောင့် လည်းကောင်း၊  နိုင်ငံတော်နှင့် အခြား လူမှု အဖွဲ့အစည်းများက ပေးအပ်လှူတန်း ထားသော ဆေးဝါးနှင့် ဆေးပစ္စည်းများကို ကျေးရွာအရောက် ဟန်ချက်ညီညီ ပေးပို့ခဲ့ခြင်းမရှိသည့်အတွက် အချို့သော ကျေးရွာများတွင် ဝန်ထမ်းနှင့် ဆေးပေးခန်းရှိသော်လည်း လိုအပ်သော ဆေးဝါးနှင့် ဆေးပစ္စည်းများ မပြည့်စုံခြင်း စသည့် အချက်များကြောင့် ဖြစ်နေရကြောင်း လေ့လာသိရှိရပါသည်။

ဥက္ကဋ္ဌကြီးခင်ဗျား၊ ထို့ကဲ့သို့ ကျေးရွာများတွင် ကျန်းမာရေး အသိပညာနည်းပါးခြင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ပြည့်ဝစွာ မပြုလုပ်ပေးနိုင်ခြင်းတို့ကြောင့် မိခင်သေနှုန်း၊ ကလေးသေနှုန်း မြှင့်တက်ခြင်း၊ ကြိုတင်ကာကွယ်နိုင်သော ရောဂါများ ကူးစက်နိုင်သော ရောဂါများနှင့် အခြားသော ရောဂါဆိုး အမျိုးမျိုးတို့ကို မြို့ပြများထက်ပို၍ ခံစားနေရပါသည်။ သို့ဖြစ်ပါ၍ မြို့ပြနှင့် ကျေးလက် ကျန်းမာရေး စောင့်ရှောက်မှု ကွာဟ ချက်ကို နည်းနိုင်သမျှ နည်းစေရေးအတွက် ကျေးလက်နေ ပြည်သူများ၏အကျိုးကို မျော်ကိုး၍ ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးနိုင်ကြပါရန် ဤအဆိုကို တင်သွင်းရင်းနဲ့ နိဂုံးချုပ်လိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။  ။ ဒေါက်တာ ခင်မောင်ဆွေရဲ့ အဆိုကို ထောက်ခံမည့် ကိုယ်စားလှယ်တစ်ဦးအား ဖိတ်ခေါ်ပါတယ်။

ဦမင်းဆွေ (ဒိုက်ဦး မဲဆန္ဒနယ်)   ။         ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျာ၊ ကျွန်တော်ကတော့ ဒိုက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦမင်းဆွေ ဖြစ်ပါတယ်။ ကျောက်တံခါးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်မောင်ဆွေရဲ့ အဆိုမှာ နိုင်ငံတော်အတွင်း မြို့ပြနှင့် ကျေးလက် ကျန်းမာရေး စောင့်ရှောက်မှု အမှန်တကယ် ကွာဟနေသည်ကို ကျဉ်းမြောင်းသွားစေရန် ရည်ရွယ်၍ တင်သွင်းသည့် အဆိုဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍  ဤအဆိုအား ပြည်သူ့လွှတ်တော်မှ လက်ခံဆွေးနွေးနိုင်ပါရန် လေးလေးနက်နက် ထောက်ခံ တင်ပြအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။  ။ လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား ကျောက်တံခါး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်မောင်ဆွေတင်သွင်းတဲ့ အဆိုကို ကိုယ်စားလှယ်တစ်ဦးက ထောက်ခံသွားပါတယ်။ ဒီအဆိုကို လက်ခံဆွေးနွေးရန် သင့်မသင့် လွှတ်တော်ရဲ့ ဆန္ဒရယူပါမယ်။ ဒေါက်တာ ခင်မောင်ဆွေတင်သွင်းတဲ့ အဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူပါသလားခင်ဗျား။

                   [ သုံးကြိမ်တိုင်တိုင် မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

ဥက္ကဋ္ဌ။  ။ သဘောမတူတဲ့ သူရှိပါသလားခင်ဗျား။ လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား ကျောက်တံခါး မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်ဆွေ တင်သွင်းတဲ့ အဆိုနဲ့ စပ်လျဉ်းပြီး လွှတ်တော်က သဘောမတူ သူ မရှိသည့်အတွက် လက်ခံ ဆွေးနွေးရန် အတည်ဖြစ်ကြောင်း ကြေညာပါတယ်။

ဥက္ကဋ္ဌ။  ။ အဆိုနှင့် စပ်လျဉ်းပြီး ဆွေးနွေးလိုတဲ့ လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ  ၃ ရက်၊ ၁၃း၀၀ နာရီအချိန်လောက် ပြည်သူ့လွှတ်တော် ဒုတိယ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းရန် ဖြစ်ပါတယ်။