Skip to main content

သူရဦးအောင်ကို တင်သွင်းသည့် စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ ကန့်သတ်ချက်အချို့ကို ပြင်ဆင် ပယ်ဖျက်ပေးပါရန် အဆိုနှင့်စပ်လျဉ်းပြီး ဦးကျော်နိုင်ဌေး (အင်းတော်မဲဆန္ဒနယ်) က ဆွေးနွေးခြင်း

မင်္ဂလာပါ။ လေးစားအပ်ပါသော  ဥက္ကဋ္ဌကြီးနှင်‌့  လူကြီးမင်းများအပေါင်း လေးစားဂါရဝထားကြောင်းပါခင်ဗျား။ ကျွန်တော် အင်းတော် မဲဆန္ဒနယ်မှ ဦးကျော်နိုင်ဌေးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေ့ ကန်ပက်လက်မဲဆန္ဒနယ် သူရ ဦးအောင်ကိုရဲ့ စာချွန်တော်အမိန့်လျှောက်ထားမှုဆိုင်ရာ ကန့်သတ်ချက်အချို့ကို ပြင်ဆင်ပယ်ဖျက်ပေး ပါရန်အဆိုနှင့်ပတ်သက်ပြီးတော့မှ ဆွေးနွေးမှာဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ အဆိုရှင်က စာချွန်တော် အမိန့်လျှောက်ထားတဲ့ နေရာနဲ့ပတ်သက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လုပ်ထုံးလုပ်နည်းပြဋ္ဌာန်းခဲ့ရာမှာ အပိုဒ် သုံးပိုဒ်ကို ပယ်ဖျက်ပေးဖို့ရာ အဆိုတင်သွင်းခြင် းဖြစ်ပါတယ်။ နောက်ထပ်တစ်ချက်အနေနဲ့ အဆိုရှင်က ဖြည့်စွက်ဖို့ရာတစ်ချက်ကို လုပ်ထုံးလုပ်နည်းမှာထည့်ဖို့ လည်းပဲ အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အဆိုရှင်တင်သွင်းခဲ့တဲ့ ပြင်ဆင် လိုတဲ့ အချက်လေးချက်အနက်မှ စာချွန်တော်လျှောက်ထားသူများဆိုင်ရာ လုပ်ထုံးလုပ်နည်းအပိုဒ် ၄၇ နှင့်ပတ်သက်ပြီးတော့ ဆွေးနွေးမှာဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ စာချွန်တော်အမိန့်ဟာ နိုင်ငံသား များအတွက် မူလအခွင့်အရေး နိုင်ငံသားတွေရဲ့ ဖော်နယ်မင်တယ် ရက်စ် တွေကို ပေးနိုင်အောင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းပေးခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံတော်ဟာ နိုင်ငံသားများအပေါ်မှာ ဥပဒေရာမှာတန်းတူဖြစ်စေမှာဖြစ်ပါတယ်။ ထိုအတူပဲ ဥပဒေရဲ့အကာအကွယ် Legal Production ကို လည်းပဲ အညီအမျှရစေရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၇ မှာ ပြဋ္ဌာန်းထားချက်ရှိပါတယ်။ သို့အတွက် နိုင်ငံသားများရဲ့မူလအခွင့်အရေးအရ နိုင်ငံသားတစ်ဦးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇၇ အရ စာချွန်တော်ကိုလျှောက်ထားပိုင်ခွင့်ရှိပါတယ်။ ထိုအတူပဲ ပုဒ်မ ၇၈ အရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကလည်း စာချွန်တော်အမိန့်ထုတ်ပေးခွင့်ရှိပါတယ်။ ဒီလိုထုတ်ပေးဖို့ရာ လျှောက် ထားလာတဲ့အခါမှာ အကန့်အသတ်အဖြစ်နဲ့ ဖြစ်နေတဲ့ အဆိုရှင်အဆိုပြုသော လုပ်ထုံးလုပ်နည်းအပိုဒ် ၄၇ မှာဖြစ်ရင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးသည် မိမိသဘောအရဖြစ်စေ၊ လျှောက်ထားသူအားကြားနာပြီးဖြစ်စေ၊ လျှောက်ထားခံရသူ သို့မဟုတ် လျှောက်ထားသူများထံ အကြောင်းပြရန် ကနဦးဆုံးဖြတ်ချက်ပေးနိုင်သည် သို့မဟုတ် ငြင်းပယ်နိုင်သည်ဆိုတဲ့အချက်ပါရှိတာကို အဆိုရှင်က ပယ်ဖျက်လိုခြင်းဖြစ်ပါတယ်။ မှန်ပါတယ်ခင်ဗျား။ နိုင်ငံသားများရဲ့မူလအခွင်‌့အရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအကျပြဋ္ဌာန်းဖွင့်ဆိုပြီး စာချွန်တော်လျှောက်ထားခွင့်ကို ပေးတဲ့နေရာ မှာ စာချွန်တော်အမိန့်ကိုလက်ခံရရှိတဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တရားသူကြီးတစ်ဦးဟာ မိမိရဲ့သဘောနဲ့ အမှုကိုကြားနာခြင်းမပြုပေးပါပဲလျက် စာချွန်တော်အမိန့်လျှောက်ထားခြင်းနှင့် မသင့် လျော်ဟု ပလပ်လိုက်ခြင်းဟာ တရားစီရင်ရေးလောကမှာ အမှန်တရားကို စီရင်ယုံကာမျှနှင်‌့မပြီး ထိုသို့ စီရင်ကြောင်းကို အများသိစေရသည်ဆိုတဲ့ ထုံးဖွဲ့ထားတာရှိပါတယ်။ စာချွန်တော်အမိန့်လျှောက်ထား ခြင်းကို လျှောက်ထားသူကို ခေါ်ယူကြားနာပြီးပါမှ စာချွန်တော် အမိန့်လျှောက်ထားခြင်းဟာ မသင့်လျော်ကြောင်း ဆုံးဖြတ်မယ်ဆိုရင်ဖြင့် အထက်က ကျွန်တော်တင်ပြခဲ့သလို အမှန်တရားစီ ရင်ကြောင်း အများသိနေကြမှာဖြစ်ပါတယ်။ သို့အတွက်လည်းပဲ အဆိုရှင်က အဲဒီအပိုဒ် ၄၇ ကိုပယ်ဖျက်ပြီးတော့ စာချွန်တော် အမိန့်လျှောက်ထားမှုများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးနှစ်ဦး သို့မဟုတ် သုံးဦး ပါဝင်သည့် ကြီးကြပ်ကွပ်ကဲမှု အာဏာရှိသော ခုံအဖွဲ့ဖြင့်သာ လက်ခံ၍ ပြန်လည်စိစစ်ကြားနာရန်နှင့် မည်သည့်နည်းနှင့်မျှ စာချွန်တော်လျှောက်ထားမှုများအား ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး တစ်ဦးဦးထဲက ကြားနာခြင်း မပြုရန်တားမြစ်သည်လို့ ပြင်ဆင်လိုကြောင်း အဆိုပြုတာ ဖြစ်ပါတယ်ခင်ဗျား။

အဆိုရှင်ရဲ့ အဆိုပြုချက်ဟာ အလွန်အင်မတန် သင့်လျော်ကြောင်းပါခင်ဗျား။ သို့သော်လည်းပဲ လက်ရှိ ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၂၁ မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဟာ တရားသူကြီးတစ်ဦးတည်းကိုပဲဖြစ်စေ၊ တစ်ဦးထက်ပိုတဲ့ တရားသူကြီးများဖြစ်စေ စစ်ဆေးစီရင်နိုင်တယ်လို့ ပြဋ္ဌာန်းထားတဲ့အတွက် လက်ရှိတည်ဆဲဥပဒေအရ ပြည်ထောင်စုတရားသူကြီးတစ်ဦးတည်းက အမှုများကို စစ်ဆေးစီရင်နိုင်တာဖြစ်နေတဲ့အခါ ကျွန်တော်တို့ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၂၁ ကို ကျွန်တော်တို့ ပြင်ဆင်ပေးဖို့လိုလာ တာဖြစ်ပါတယ်။ တစ်ဦးတည်းဖြစ်စေဆိုတဲ့ စကားရပ်ကို ကျွန်တော်တို့ ပြင်ဆင်မှသာလျင် အဆိုရှင် လိုလားသလို တရားမျှတစွာစီရင်ကြောင်း အများသိမြင်လာကြမှာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ဒီနေ့အဆိုရှင်ဟာ ရည်ရွယ်ချက်ကောင်းနဲ့ စေတနာကောင်းနဲ့ တင်ပြခဲ့တာဖြစ်ပါတယ်။ ဒီလိုတင်ပြတဲ့နေရာမှာ ပြည်ထောင်စုတရားစီရင်ရေးဥပဒေအရ ဥပဒေပုဒ်မ ၇၃ အရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က လိုအပ်တဲ့ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနဲ့ လက်စွဲများကို ထုတ်ပြန်နိုင်သည်ဆိုပြီးတော့ အထက်က ကျွန်တော်တင်ပြခဲ့တဲ့ စာချွန်တော်အမိန့်လျှောက်ထားမှုများ ဆိုင်ရာ လုပ်ထုံးလုပ်နည်း များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ဒီလုပ်ထုံးလုပ်နည်းကို ကျွန်တော်တို့ လွှတ်တော်က အဆိုတင်သွင်း၊ ပယ်ဖျက်ခြင်း ရ၊ မရဆိုတဲ့ ကိစ္စရှိပါတယ်။ ဒီပြည်ထောင်စု တရားစီရင်ရေးဥပဒေဟာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းထားတဲ့ဥပဒေဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၃၇ (ခ) မှာ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း သို့မဟုတ် စည်းကမ်းတစ်ရပ်ရပ်က သက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုမရှိကြောင်းတွေ့ရှိပါက ယင်းနည်းဥပဒေ စည်းမျဉ်း သို့မဟုတ် စည်းကမ်းကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်ရန် နည်းဥဒေ၊ စည်းမျဉ်းစည်းကမ်း သို့မဟုတ် နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း ဖြန့်ဝေတင်ပြသော နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းနိုင်သည်လို့ ပါရှိပါ တယ်။ အထက်က ကျွန်တော်တင်ပြခဲ့သလို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ လုပ်ထုံးလုပ်နည်း များဟာ ပြည်ထောင်စု တရားစီရင်ရေးဥပဒေအရ ထုတ်ပြန်တာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၃၇ (က) မှာတော့ဖြင့် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေအရ ပြုသည့် နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း သို့မဟုတ် နည်းဥပဒေ စည်းမျဉ်း သို့မဟုတ် စည်းကမ်းတစ်ရပ်ရပ်ကို ထုတ်ပြန်ပြီးသည့်အခါ သက်ဆိုင်ရာ အဖွဲ့အစည်းသည် မိမိထုတ်ပြန်သည့် နည်းဥပဒေ စည်းမျဉ်း သို့မဟုတ် စည်းကမ်းကို အနီးကပ်ဆုံးကျင်းပသော ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကာလတွင် လွှတ်တော်ဥက္ကဋ္ဌက ခွင်‌့ပြုသည့်အစီအစဉ်ဖြင့် လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေရမည်။ (ခ) ကျွန်တော်အထက်ကတင်ပြသလို ထိုနည်းဥပဒေ စည်းမျဉ်း စည်းကမ်းများဟာ ဥပဒေပါပြဋ္ဌာန်းချက် များနှင့် ညီညွတ်မှုမရှိလျင် ရက်ပေါင်း ၉၀ အတွင်း ကိုယ်စားလှယ်များဟာ ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းနိုင်တယ်လို့ ပါရှိပါတယ်။

သို့အတွက် ယခုအဆိုရှင်တင်သွင်းခဲ့တဲ့ စာချွန်တော်အမိန့် များလျှောက်ထားမှုဆိုင်ရာ လုပ်ထုံး လုပ်နည်းအပေါ်မှာ မိမိတို့ ဆွေးနွေးကြခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၃၇(က)(ခ)တို့နှင့် ကွဲလွဲနေတယ်လို့ ကျွန်တော့်အနေနဲ့ ထင်မြင်ယူဆပါတယ်။ ဒါကြောင့် မိမိတို့အနေနဲ့ ဦးစွာပထမ ဆောင်ရွက်သင့်သည်မှာ ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေပြဋ္ဌာန်းဖို့ဖြစ်ပါတယ်။ ထိုသို့ပြဋ္ဌာန်းပြီးပါမှ ပြဋ္ဌာန်းပြီးသည့်နောက် ဥပဒေအရ လုပ်ထုံး လုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပြဋ္ဌာန်းတဲ့အခါကျမှ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကွဲလွဲမှုရှိရင် ကျွန်တော်တို့ လွှတ်တော်က ပြင်ဆင်ရန်ပယ်ဖျက်ရန် အဆိုတင်သွင်း ဆောင်ရွက် ကြမှာဖြစ်ကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။