Skip to main content

သူရဦးအောင်ကို တင်သွင်းသည့် စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ ကန့်သတ်ချက်အချို့ကို ပြင်ဆင် ပယ်ဖျက်ပေးပါရန် အဆိုနှင့်စပ်လျဉ်းပြီး ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမဲဆန္ဒနယ်) က ဆွေးနွေးခြင်း

လေးစားရသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ သူရဦးအောင်ကိုရဲ့ စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ ကန့်သတ်ချက်အချို့ကို ပြင်ဆင် ပယ်ဖျက်ပေးပါရေး အဆိုနှင့်ပတ်သက်ပြီး အကြံ ပြုချက်များနှင့် ကျွန်တော် ထောက်ခံပါတယ်။ အရင်တုန်းကတော့ သူရဦးအောင်ကို တင်သွင်းထားတဲ့ အဆိုမှာ ဒီစာချွန်တော် အမိန့်တွေကို တရားသူကြီး ၂ ဦး၊ ၃ ဦးပါတဲ့အဖွဲ့နှင့် စစ်ဆေး သင့်တယ်ဆိုတဲ့ တင်ပြချက်ဟာ လက်တွေ့မှာ အင်မတန်မှ လိုအပ်နေပါတယ်။

လေးစားအပ်သော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ အကျဉ်းချုံးပြီးတော့ ကျွန်တော့်ကိုယ်တွေ့ အတွေ့အကြုံတစ်ခု တင်ပြပါရစေ။ ဒီတတိယအကြိမ် လွှတ်တော် မတက်ခင်အချိန်မှာ သင်္ဃန်းကျွန်းမြို့နယ်က ဆင်းရဲတဲ့မိသားစု ၃၀၀ ကျော်အတွက် တရားရုံးချုပ်ကို စာချွန်တော် လျှောက်လွှဲချက် လာတင်ပါတယ်။ ဘယ်နှစ်ရက်ကြာပြီးတော့ ငွေသိန်း နှင့်ချီပြီးတော့ ကုန်ခဲ့တဲ့အကြောင်းကိုတော့ မပြောလိုပါဘူး။ သို့သော် ပြောချင်တဲ့အချက်က လာကြည့် ပါဆိုတဲ့နေ့မှာ အမှုသည်က ကျွန်တော် လွှတ်တော်တက်နေတဲ့အချိန်မှာ ကိုယ်စားတစ်ယောက် သွားကြည့်ပါတယ်။ အဲဒီ အချိန်မှာပဲ မူလထုတ်ပြန်ထားတဲ့ အမှုစာရင်းထဲမှာ ကျွန်တော့်အမှုဟာ ထပ်ပြီးတော့ စာရင်းထဲမှာ သီးခြားတစ်စောင် ထည့်ခဲ့ပါတယ်။ ၁၀-၂-၂၀၁၂ (သောကြာနေ့) တရားမ အထွေထွေလျှောက်ထားမှု စာချွန်တော် ၁၁/၂၀၁၁ ရန်ကုန်၊ ရန်ကုန်တိုင်း ဦးမဝင်းပါ ၂၃ လျှောက်ထားသူ ရှေ့နေ ဦးသိန်းညွန့် ဆိုပြီးတော့ သို့သော် လွှတ်တော်တက်နေကြောင်း ကျွန်တော့် အမှုသည် တင်ပြပါလျက်နှင့် အဲဒီနေ့မှာပဲ အမိန့်ချပြီးတော့ စာချွန်တော်လွှာကို ငြင်းပယ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအမိန့်မှာ ကျွန်တော်အတွက် ကြီးမားတဲ့၊ ရထိုက်တဲ့ ဒီအရေးကြီးဆုံး အချက်က တရားလွှတ်တော်ချုပ်က စာချွန်တော်အမိန့်နှင့် ပတ်သက်ပြီးတော့ ဘယ်လိုသဘောထားရှိတယ်ဆိုတာ သိသွားပါတယ်။ အဲဒါက ဘာလဲဆိုတော့ အဲဒီအမိန့်ထဲမှာ ပြည်ထောင်စု တရားစီရင်ရေး အာဏာမတည်မီကဖြစ်တဲ့ အမိန့်ဒီဂရီအပေါ် ဤရုံးတော်အနေဖြင့် စာချွန်တော်အမိန့် ထုတ်ခွင့်မရှိ၊ ရှိမည်မဟုတ်ကြောင်း မြင်သာသည်ဆိုပြီးတော့ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို စီရင်ချက်မှာ ဥပဒေ ပြဋ္ဌာန်းပြီးတော့ ငြင်းပယ်လိုက်တာပဲ။  ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေးထားတဲ့ စာချွန်တော်လွှာ ကိစ္စများဟာ သာမန်အမှုများနှင့် မတူပါဘူး။ အင်မတန်မှ ထူးကဲတဲ့ကုစားမှုကို ပြည်သူတွေရရှိဖို့ ပေးထားတဲ့ စာချွန်တော်လွှာတွေ ဖြစ်ပါတယ်။ စာချွန်တော်လွှာ တစ်ခုချင်းမှာလည်း ရှေ့တော်သွင်း၊ တားမြစ်စေ၊ အမှုခေါ်၊ အာဏာပိုင်ပေး ဒီစာချွန်တော်အားလုံးဟာ နိုင်ငံသားတွေရဲ့ အခွင့်အရေး ကို ရဖို့အတွက် ပေးထားတဲ့အခွင့်အရေးတွေဖြစ်ပါတယ်။ အခုအဲဒီအခွင့်အရေးတွေ အခုလို နင့်နာရတာ ဘာကြောင့်ပါလဲ။ ခုနက ကျွန်တော့်အထက်က ဆွေးနွေးသွားတဲ့ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးနဲ့ ကျွန်တော်နဲ့ သဘောတူတာ တစ်ခုရှိပါတယ်။ အခုကိစ္စက လုပ်ထုံးလုပ်နည်း ပြင်ရုံနဲ့ မရတော့ပါဘူး။ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကြီးကို ပြန်ပြင်ရပါတော့မယ်။

လေးစားအပ်သော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီလွှတ်တော်မှ စာချွန်တော်လွှာနဲ့ ပတ်သတ် ပြီးတော့ လမ်းမတော် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းရဲ့ မေးခွန်းကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင် ဖြေကြားတဲ့ အထဲမှာ အင်မတန်မှ law ကို ရှင်းလင်းတဲ့ ‌ဖြေကြားချက်တစ်ခု ရလိုက်ပါတယ်။ အဲဒါဟာ ဘာလဲဆိုတော့ ဒီစာချွန်တော် အခွင့်အရေးဟာ ဟိုဘက်ခေတ် မပြောတော့ပါဘူး။ လွတ်လပ်ရေးရပြီးတဲ့ အချိန်ကနေ ၁၉၆၂ခုနှစ် အထိ ဖွဲ့စည်းပုံအ‌ွခေခံဥပဒေအရ ပေးအပ်ထားတဲ့အခွင့်အရေး ဖြစ်ပါတယ်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဒီနေ့တော့ ရပ်ဆိုင်းထားပါတယ်။ အဲဒီမှာ စာချွန်တော်လွှာကို ဘယ်နေရာမှာ ထည့်ထားလဲ ဆို‌တော ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပဒေအရ ကာကွယ်နိုင်ရယူနိုင်သော အခွင့်အရေး များဆိုပြီးတော့ ပုဒ်မ ၂၅ အရ သီးခြားဖော်ပြထားပါတယ်။  အခု ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈မှာ ကတော့ ဒီစာချွန် တော်လွှာကို ထူးထူးခြားခြား အခြေခံဥပဒေ တစ်ခုမှာ ထူးထူးခြားခြားတွေ့ရတာ  ၂၉၆ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ ထုတ်ပြန်ခွင့်အာဏာရှိတဲ့ ပုဒ်မမှာလည်း ထည့်သွင်း ထားပါတယ်။ နောက် ဒုတိယ တစ်ချက်ကတော့ နိုင်ငံသားများ အခွင့်အရေးကာကွယ်တဲ့ ဥပဒေ ပုဒ်မ ၃၇၈မှာ စာချွန်တော်အမိန့်ကို ထပ်မံပြီးတော့ ပြဋ္ဌာန်းထားပါတယ်။ အဲဒါဟာ ဘာလည်းဆိုတော့ နိုင်ငံသားတွေဆီက ပေးထားတဲ့ အခွင့်အရေးကို နိုင်ငံသားတွေအတွက် သတ်သတ်မှတ်မှတ် လုပ်ရမယ့် အခွင့်အရေးကို တရားလွှတ်တော်ချုပ်ရဲ့ အာဏာစက်အောက်ကို ပြန်ပြီးတော့ ပို့လိုက်တာပါပဲ။ အဲတော့ပို့မယ်ဆိုရင်လည်း ကျွန်တော်တို့ကတော့ ဘာဖြစ်စေချင်လဲ  အဲဒီတုန်းက ကျင့်သုံးခဲ့တာရှိ တယ်။ ဒါကဘာလည်း ဆိုတော့ ၁၉၄၈ခုနှစ် တရားစီရင်ရေး ပုဒ်မ ၁၀ အရဆိုရင် ၁၉၄၈ခုနှစ် တရားလွှတ်တော်ချုပ် နည်းဥပဒေ၊ ၁၉၅၃ ခုနှစ် တရားလွှတ်တော်ချုပ် နည်းဥပဒေများကို ပြင်ဆင်တဲ့ နည်းဥပဒေ၊ အမိန့်၁၉၊ အမိန့် ၂၀၊ အမိန့်၂၁ တို့မှာ စာချွန်တော်လျှောက်ထားခြင်းနဲ့ စစ်ဆေးခြင်း ဆိုင်ရာတွေကို ကျင့်ထုံးကျင့်စဉ်တွေကို ဥပဒေနဲ့ ပြဋ္ဌာန်းခဲ့ပါတယ်။ အခုတော့ နည်းဥပဒေမပြဋ္ဌာန်းဘဲနဲ့ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းပြီးတော့ ဆောင်ရွက် နေတာက ပွင့်ပွင့် လင်းလင်း တင်ပြရမယ်ဆိုရင်တော့ လွှတ်တော်ကို ရက်ပေါင်း ၉၀အတွင်း နည်းဥပဒေနဲ့တင်လာမယ့် ကိစ္စကို ရှောင်လွှဲလိုက်ခြင်း ဖြစ်ပါတယ်။ သေသေချာချာ လေ့လာကြည့်ရင် ဒီစာချွန်တော် လုပ်ထုံး  လုပ်နည်း အားလုံးအပုဒ်များသည် နည်းဥပဒေဖြင့်တင်သွင်းရမယ့် အပုဒ်တွေပဲ ဖြစ်ပါတယ်။ ၆၂ပုဒ်လုံး။ ပြီးတော့ ဒါဟာလည်း ၃-၅-၂၀၁၁မှာ ဒီစာချွန်တော်လုပ်ထုံးလုပ်နည်းကို ထုတ်ပြန်တယ် ဆိုတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်တဲ့ အချိန်မှာ ထုတ်ပြန်ခဲ့တဲ့ လုပ်ထုံးလုပ်နည်းတွေ ဖြစ်ပါတယ်။

လေးစားအပ်သော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ပြီးခဲ့တဲ့နှစ်တွေနဲ့ ပတ်သက်လို့ သင်ခန်းစာယူပြီးတော့ ပြောရတဲ့အခါကျလို့ရှိရင် အင်မတန်ဝမ်းနည်း ကြေကွဲဖွယ်ကောင်းတဲ့ အချက် တစ်ချက်ကတော့ ကျွန်တော်တို့တိုင်းပြည်မှာ ပညာရှင်တို့ရဲ့ရိုးသားမှု ကွယ်ပျောက်ခဲ့တယ်လို့ ခံစားရ ပါတယ်။ ပညာရှင်ဆိုတာ ဘယ်အာဏာရှင်လက်အောက်မှာပဲဖြစ်ဖြစ် မိမိပညာရပ် နဲ့ပတ်သက်ရင် ရိုးရိုးသားသား ပညာအတိုင်းပဲ ပြောရမှာ နှစ်ပေါင်း ၆၀ နီးပါး ရပ်ခဲ့တဲ့ စာချွန်တော်လွှာ ပြန်ပေးသည် နိုင်ငံသားတွေ အတွက် အင်မတန်ကောင်းပါတယ်။ အားလုံးက မျှော်လင့်နေပါတယ်။ ပေးတဲ့ စာချွန်တော်ကို နိုင်ငံသားတွေရဖို့ နည်းဥပဒေ ပြဋ္ဌာန်းရပါတယ်။ ပြည်သူ့ကိုယ်စားလှယ် ပေါ်လာပါပြီ။ လွှတ်တော် အာဏာစက် သက်ဝင်လာပါပြီ။ အဲဒီအချိန်မျိုးမှာ အခုလို လွှတ်တော်အာဏာစက် လျှောင်လွှဲပြီးတော့ ပြည်သူ့အခွင့်အရေးကို ဟန့်တားမယ့် အပုဒ်မျိုးပြဋ္ဌာန်းတာဟာ အင်မတန်မှ မလုပ်သင့်၊ မလုပ်ထိုက်တဲ့ အချက်ပါ။ အကျိုးဆက်တွေဟာ ဒီအမိန့်ဒီဂရီတွေကြောင့် ဒီနေ့ အကျိုးဆက်တွေခံရလို့ ဒါတွေပြင်ဖို့ စာချွန်တော်လွှာကို အားကိုးတာ။ ဟိုတုန်းက ပြဋ္ဌာန်း ခဲ့တဲ့ ဥပဒေသည် မတရားမှု၊ မမျှတမှုတွေ ခံရတဲ့ပြည်သူတွေအတွက် စာချွန်တော်လွှာဟာ အားကိုးရာ လက်နက်ဖြစ်ပါတယ်။ အခုတော့ အာဏာမတည်မီက အချက်အလက်များကို လက်မခံဘူးဆိုပြီးတော့ ပယ်ချလိုက်ခြင်းများသည် အင်မတန် ပြည်သူလူထုရဲ့ ပေးထားတဲ့ စာချွန်တော်လွှာ အခွင့်အရေးကို ရုပ်သိမ်း နေခြင်းဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ အလျဉ်းသင်‌့လို့ အချက်တစ်ချက် တင်ပြချင်ပါတယ်။ ဒါကလဲဘာလည်း ဆိုတော့  ကြိုတင်ပြီးတော့ ပညာရှိပုဂ္ဂိုလ်များကို ကြိုတင်ပြချင်တဲ့ အချက်ပါ။ ဒါကဒီနေ့ Eleven ဂျာနယ်မှာ ဖတ်ရပါတယ်။ လွှတ်တော်အနေနဲ့  ဖွဲ့စည်းပုံ အခြေခံဥပဒေချိုးဖောက်သည့် ဆောင်ရွက်ချက်များ ပြုလုပ်သည်ဆိုကာ နိုင်ငံတော် ဖွဲ့စည်းပုံအ‌ွခေခံဥပဒေဆိုင်ရာ ခုံရုံးက ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့ စာချွန်တော် လျှောက်ထားရတယ်ဆိုတဲ့သတင်းပါပဲ။ ဖွဲ့စည်းပုံအ‌ွခေခံဥပဒေမှာ ပေးထားတဲ့ တရားလွှတ်တော်ချုပ်ရဲ့ အာဏာသည် ဥပဒေပြုရေး အာဏာဖြစ်တဲ့ လွှတ်တော်တွေကို၊ အမိန့်တွေကို စာချွန်တော်လွှာတွေနဲ့ တားမြစ်နိုင်တဲ့အပုဒ် တစ်ပုဒ်မှ မပါပါဘူး။ အဲတော့ အရင်ဆုံးပြောရရင် ဒီစာချွန်တော်လွှာတွေဟာ နိုင်ငံသား၊ နိုင်ငံသားများရဲ့ မူလအခွင့်အရေးတွေ အတွက် ပေးထားပါတယ်။ ၃၄၅ ကနေ ၃၇၆ အထိ အဲဒီအခွင့်အရေးတွေ နစ်နာတယ်ဆိုရင်တောင် နိုင်ငံသားတွေဟာ စာချွန်တော်လွှာလျှောက်ပိုင်ခွင့် ရှိပါတယ်။  အာဏာ ၃ ရပ်မှာပါတဲ့ နိုင်ငံတော်ရဲ့ ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရဲ့ဆောင်ရွက်ချက်ကို တရားစီရင်ရေးမှာ ပါတဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အ‌ခြေခံဥပဒေခုံရုံးက တရားစီရင်ရေးမှာပဲပါတဲ့ ပြည်ထောင်စုတရားလွှတ် တော်ချုပ်ရှိ စာချွန်တော် တက်ရောက်လာတယ်ဆိုတဲ့ အခြေအနေမျိုးဟာ၊ ဖြစ်ရပ်မျိုးဟာ ကျွန်တော်တို့ တိုင်းပြည်မှာ ပညာရှင်များရဲ့၊ အထူးသဖြင့် ဥပဒေပညာရှင်များရဲ့ ရိုးသားမှုကို စမ်းသပ်နေပြီလို့ ထင်မြင်ပါတယ်။

ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော် စီရင်ထုံးတစ်ခုတော့ ဖတ်ကြားကိုးကားပါရစေ။ ဘာကြောင့်လည်းဆိုတော့ ဥပဒေပြုဆောင်ရွက်ပိုင်ခွင့်အာဏာ၊ တရား စီရင်ရေးအာဏာဆိုတာ အကန့်အသတ် တွေရှိပါတယ်။  ဥပဒေပြုရေးက ဆောင်ရွက်ရမယ့် အာဏာကို တရားစီရင်သလိုလိုနဲ့ ဥပဒေပြုသွားတဲ့ အဖြစ်မျိုးဟာ မလုပ်သင့်ဘူးဆိုပြီးတော့ အရင်တရားရုံးချုပ် တရားသူကြီးများက စီရင်ထုံးပြုထားပါတယ်။ စိန်ရတနာမိုး ယက်ကန်းစက် လီမီတက်နှင့် ကုန်သွယ်ရေးလုပ်ငန်းခွန် မင်းကြီးပါ (၃) ၁၉၆၉ခုနှစ် တရားရုံးချုပ်စီရင်ထုံး စီရင်ထုံးမှာ ဘယ်လိုလမ်းညွှန်ထားလဲဆိုတော့ ရှင်းလင်းထင်ရှားသော ဥပဒေစကားရပ်တို့ကို  တရားရုံးများက သော်လည်းကောင်း၊ အခြားအုပ်ချုပ်ရေးဆိုင်ရာ ဌာနများက သော်လည်းကောင်း အဓိပ္ပါယ်ဖွင့်ရန်၊ ဋီကာချဲ့ရန် မလိုပေ။ ယင်းသို့ပင်လျှင် အဓိပ္ပါယ်ချဲ့သလိုလိုနှင့် ဥပဒေချဲ့ထွင်ခြင်း၊ ချုံ့ခြင်း၊ ထွင်ခြင်း စသည်တို့ကို ပြုလုပ် မိတတ်ကြတယ်။ ချဲ့ရန်၊ ချုံ့ရန်၊ ထွင်ရန်လိုတယ်။ ဥပဒေပြု အဖွဲ့အစည်းကသာ လိုအပ်သလိုပြုလုပ်နိုင်တယ်။ ဥပဒေစကားရပ်များက မထင်မရှား မသဲမကွဲ ဖြစ်နေမှာသာလျှင် လက်ငင်းအားဖြင့် ဥပဒေပြုအဖွဲ့အစည်း၏ ရည်ရွယ် ချက်ဖြစ်မြောက်စေအောင် ဥပဒေစကားနှင့် လက်တွေ့ အ‌ခြေအနေ စပ်ဟပ်မိနိုင်အောင် လိုအပ်သလောက်သာ အဓိပ္ပါယ်ဖွင့်ဆိုရမည် ။

ဥက္ကဋ္ဌ။           ။ ဦးသိန်းညွန့် တချို့ မသဲကွဲလိုက်ဘူး၊ စပြီးတော့ ခုနက ပြန်ပြီးတော့ ဖတ်ကြား တင်ပြပေးပါ။

ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမဲဆန္ဒနယ်)။     ။ စီရင်ထုံးကတော့ စိန်ရတနာမိုး ယက်ကန်းစက် လီမီတက်နှင့် ကုန်သွယ်ရေးလုပ်ငန်းခွန် မင်းကြီးပါ (၃) ၁၉၆၉ခုနှစ် တရားရုံးချုပ်စီရင်ထုံး စီရင်ထုံးရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းလင်း ထင်ရှားသော ဥပဒေစကားရပ်တို့ကို  တရားရုံးများ ကသော်လည်း ကောင်း၊ အခြားအုပ်ချုပ်ရေးဆိုင်ရာဌာနများကသော်လည်းကောင်း အဓိပ္ပါယ်ဖွင့်ရန်၊ ဋီကာချဲ့ရန် မလို ပေ။ ယင်းသို့ပင်လျှင် အဓိပ္ပါယ်ဖွင့်သလိုလိုနှင့် ဥပဒေချဲ့ထွင်ခြင်း၊ ချုံ့ခြင်း၊ ထွင်ခြင်းစသည်တို့ကို ပြုလုပ်မိတတ်ကြတယ်။ ချဲ့ရန်၊ ချုံ့ရန်၊ ထွင်ရန်လိုတယ်။ ဥပဒေပြုအဖွဲ့အစည်းကသာ လိုအပ်သလိုပြု လုပ်နိုင်တယ်။ ဥပဒေ စကားရပ်များက မထင်မရှား မသဲမကွဲ ဖြစ်နေမှာသာလျှင် လက်ငင်းအားဖြင့် ဥပဒေပြုအဖွဲ့အစည်း၏ ရည်ရွယ်ချက် ဖြစ်မြောက်စေအောင် ဥပဒေစကားနှင့် လက်တွေ့အ‌ွခေအနေ စပ်ဟပ်မိနိုင်အောင် လိုအပ်သလောက်သာ အဓိပ္ပါယ်ဖွင့်ဆိုရမည်။ ယင်းသို့ အဓိပ္ပာယ်မဖွင့်လျှင် မဖြစ်သော အခြေအနေမျိုးနှင့် တွေ့ကြုံရလျှင် အမြင့်ဆုံးတရားရုံးကလည်း အထူးသတိထား၍ စည်းကမ်းစောင့်ထိန်းကာ မိမိစီရင်ပိုင်ခွင့်ကို မလိုစေဘဲ ညီညွတ်သော ထုံးပြုရ မည်။ အဲဒီတော့ ဒီမှာ စီရင်ထုံးအရဆိုရင် တရားရုံးချုပ်ရဲ့ စီရင်ပိုင်ခွင့်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကတင်သွင်းလာတဲ့ စာချွန်တော်လွှာ၊ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို စိန်ခေါ်နိုင်တဲ့ အခွင့်အရေးစီရင်ပိုင်ခွင့် ပေးမထားပါ ဘူး။ အဲဒါကြောင့် အရင်တုန်းကလည်း ပြည်သူ့တွေရဲ့ အခွင့်အရေးကို ထိပါးတဲ့အချက်မျိုးကို စာချွန်တော်လွှာအရ ဆောင်ရွက်ရမှာကို မဆောင်ရွက်ခဲ့ဘူး။ အခုတစ်ကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက တင်လာတဲ့ စာချွန်တော်လွှာသည် တရားရုံးချုပ်ရဲ့ စီရင်ပိုင်ခွင့်မှာ မရှိဘူး။ အခြေခံဥပဒေက လည်း နိုင်ငံသားတွေကိုပဲ တင်နိုင်တယ်။ နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမှာ ပါတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေပါဝင်တဲ့ အမြင့်ဆုံးဥပဒေပြုနိုင်တဲ့  လွှတ်တော်ရဲ့ ဆောင်ရွက်မှုဥပဒေ ပြုခြင်းကို တားဆီးနိုင်တဲ့ စီရင်ပိုင်ခွင့်မရှိဘူး ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် ကိုယ်စားလှယ်အားလုံးကို ရှင်းလင်းတင်ပြလိုပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီစာချွန်တော်လွှာနှင့် ပတ်သက်ပြီး တော့ အခု သူရဦးအောင်ကိုရဲ့အဆိုကို ထောက်ခံတဲ့အချိန်မှာ တူညီတဲ့ အချက်ကတော့ ပြည်ထောင်စု  တရားစီရင်ရေးဥပဒေ ပြန်လည် ပြင်ဆင်ရပါမယ်။ တရားစီရင်ရေး ဥပဒေမှာကိုက ဒီပြစ်မှုဆိုင်ရာ ဒီဥပဒေနှင့်အညီ နည်းဥပဒေထုတ်တယ်။ အရင်ဆုံးနည်း ဥပဒေထုတ်ရပါတယ်။ နည်းဥပဒေပြီးမှ ကျင့်ထုံးထုတ်ရပါမယ်။ သို့သော် မိမိကိုယ်တိုင်စီရင်ရေးနှင့်  ဥပဒေပြုရေး နယ်ပယ်ကို ထိပါးတဲ့လုပ် ဆောင်မှုမျိုးကို ဒီနေ့အခြေခံဥပဒေမှာ သတ်မှတ်ချက်အရ စည်းမကျော်ဖို့ လိုပါတယ်။ ဘောင်ကျော် စည်းကျော်ခဲ့ရင်လည်း ပြန်ပြင်ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင်တော့ ပြည်ထောင်စု တရားစီရင် ရေးပုဒ်မ ၇၂ မှာကိုက ပြည်ထောင်စုလွှတ်တော်က ရုပ်သိမ်းခြင်းမပြုသ၍ ဤဥပဒေအတည် ဖြစ်ပါတယ်။

လေးစားအပ်သော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ သူရဦးအောင်ကိုရဲ့အဆိုဟာ စာချွန်တော်လွှာ နှင့်ပတ်သက်တဲ့ ရောဂါလက္ခဏာကို တင်ပြခဲ့တဲ့အဆိုဖြစ်တဲ့အတွက် ကျွန်တော်တို့ ကျေလည်း ကျေနပ် တယ်။ ဒီအဆိုကို ထောက်ခံတယ်။ သို့သော်ရောဂါကုထုံးကတော့ လုပ်ထုံးလုပ်နည်း ၄ပိုဒ်လောက်ကို ပြင်ရုံနှင့်မရတော့ပါဘူး။ ပြည်သူကပေးထားတဲ့ အခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးတွေကို ကာကွယ်ဖို့အတွက် ပြည်ထောင်စုတရား စီရင်ရေး ဥပဒေတွေကို ဥပဒေနှင့်သက်ဆိုင်တဲ့သူ အားလုံးက နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တာဝန်ပါ။ ဒီတာဝန်ကို ကျွန်တော်တို့ တိတိကျကျထမ်းဆောင်နိုင်ဖို့အတွက် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေတွေကို ပြင်ဆင်တဲ့နည်းလမ်းသာလျှင် ကုထုံးအတွက် အမှန်အကန်ဆုံးဖြစ်မယ်လို့ တင်ပြလိုပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒီဥပဒေဆိုင်ရာမူများကို ပေးထားတဲ့ အခြေခံဥပဒေနှင့်အညီ နိုင်ငံသားတွေ မရဘူးဆိုရင် ဒီစာချွန်တော် ဆိုတာ အများကြီး ပြန်စဉ်းစားရပါမယ်။ ဒီမိုကရေစီနိုင်ငံဖြစ်တယ်၊ မဖြစ်ဘူး။ ကျွန်တော်တို့ တိုင်းပြည် ဟာ ဒီမိုကရေစီစံနှုန်းတွေရှိလား၊ မရှိဘူးလားဆိုတာ တိုင်းတာတဲ့အခါမှာ စာချွန်တော်လွှာဟာ အချက် တစ်ချက်ဖြစ်ပါတယ်။ စာချွန်တော်လွှာ အချက်တွေကို ပြည်သူတွေ တကယ်ခံစားနိုင်မှ အဲဒီအခွင့်အရေး တွေကို ပြည်သူတွေလက်တွေ့ရနိုင်မှ ဒါဒီမိုကရေစီစနစ်နဲ့ ညီညွတ်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ပြည်သူတွေကရော၊ နိုင်ငံတကာကရော မြင်လာပါလိမ့်မယ်။ ဒါကြောင့် အခုအခြေအနေမှာ သူရဦးအောင်ကို တင်သွင်းတဲ့ စာချွန်တော်အမိန့်ဆိုင်ရာ ကန့်သတ်ချက်ကို ပြင်ဆင် ပယ်ဖျက်ပေးဖို့ အတွက်ဆိုရင်တော့ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကြီးကို ပြင်ပြီးတော့ အခုစာချွန်တော်လွှာနှင့် ပတ်သက်ပြီး ပြည်ထောင်စု တရား လွှတ်တော်ချုပ်က ချမှတ်လိုက်တဲ့ စီရင်ချက်တွေ အားလုံးကို လွှတ်တော်က ပြန်လည်လေ့လာ သုံးသပ်ပြီးတော့ နိုင်ငံသားတွေရဲ့အခွင့်အရေးကို ကာကွယ်ပေးရမယ့် အခြေအနေ ရောက်လာပြီလို့ လေးလေးစားစား လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အားလုံးကို အစီရင်ခံတင်ပြအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။